အားညိုကို လိုချင်သလား
Vol. 38 Ch. 567
ရွှီချင်းသည်လည်း ယောင်ယွင်ဟွေ့ကို တွေ့သည်။ သူက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သို့သော်လည်း သူက နတ်မိမယ်ကျစ်ရွှမ်နှင့်အတူ ဖြစ်သောကြောင့် သူမနှင့်တစ်ခုခုပြောရန် အဆင်မပြေပေ။
စံအိမ်နှင့်နီးလာသည်နှင့်အမျှ တော်ဝင်ဝတ်စုံဝတ်ထားသောအမျိုးသမီးနှင့် တာအိုဝတ်စုံဝတ်ထားသော အမျိုးသမီးတို့၏ အကြည့်များက သူတို့ဆီ တစ်ချိန်ထဲ ကျရောက်လာသည်။
ရွှီချင်းတို့နှစ်ဦးသားက ထီးတစ်ချောင်းအောက်ထဲတွင် ဖြစ်သည်ကို သတိပြုမိသောအခါ သူတို့၏ အကြည့်များက သိချင်စိတ်များနှင့် ပြည့်သွားသည်။ သူတို့က ပြုံးလိုက်သော်လည်း ဘာမျှမပြောချေ။
ရွှီချင်း တိတ်ဆိတ်သွားသည်။ တစ်ချိန်ထဲတွင်ပင် ရွှီချင်းက ယောင်ယွင်ဟွေ့မှလွဲ၍ အခြားနှစ်ယောက်၏ ကျင့်ကြံဆင့်များကို အာရုံခံလိုက်သည်။
ကျစ်ရွှမ်ကဲ့သို့ပင် ထောင်နှင့်ချီသော တာအိုအငွေ့အသက်တို့က သူတို့၏ မျက်လုံးများတွင် ကြယ်ရောင်ကဲ့သို့ တလက်လက်ဖြစ်နေသည်။ သူတို့သည် ဗလာနတ္ထိပထမဆင့်၌ ရှိကြသည်။
ရွှီချင်း အကဲခတ်နေစဉ် ကြာပန်းကဲ့သို့ ကျစ်ရွှမ်၏ခြေလှမ်းများသည် ညင်သာစွာဖြင့် ရွေ့လျားနေပြီဖြစ်သည်။ သူမသည် စံအိမ်တွင်းသို့ ဝင်လိုက်ပြီး ပြုံးပြလိုက်သည်။
“ညီအစ်မဖေးဟယ် ညီအစ်မရှစ်တောက်၊ မတွေ့ရတာကြာပြီ”
တော်ဝင်ဝတ်စုံဖြင့်အမျိုးသမီးနှင့် တာအိုဝတ်စုံဖြင့်အမျိုသမီးတို့က ချိုသာစွာပြုံးလိုက်ကြသည်။ နောက်မှတစ်ဦးက ရွှီချင်းကို အကဲခတ်နေစဉ် ရှေ့တစ်ဦးမှာ ကျစ်ရွှမ်ကို ပြုံးပြလိုက်သည်။ သူမ၏ အနီရောင်နှုတ်ခမ်းသားများက ဟသွားပြီး ချိုသာသောရယ်သံ ထွက်ပေါ်လာသည်။
“ညီအစ်မရွှမ်၊ ဒီသူငယ်ချင်းလေးက ဘယ်သူများပါလိမ့်”
“သူက ငါကြိုက်တယ်ဆိုတဲ့ ရွှီချင်းပဲ”
ကျစ်ရွှမ် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ သူမ ပြောပြီးပြီးချင်းတွင် ရွှီချင်း ဆွံ့အသွားသည်။
သူ အနည်းငယ် မျက်နှာပူသွားသည်။
သူသာမက တော်ဝင်ဝတ်စုံအမျိုးသမီးနှင့် တာအိုဝတ်စုံအမျိုးသမီးတို့သည်လည်း အမူအရာ အနည်းငယ် ပြောင်းသွားကြသည်။ သူတို့မျက်လုံးထဲရှိ ဝိညာဉ်အငွေ့အသက်များက ပြင်းထန်လာသည်။
ယောင်ယွင်ဟွေ့တစ်ဦးသာ ထိုစကားကြားသောအခါ အနည်းငယ်ထွေပြားသွားသည်။
ကျစ်ရွှမ်၏လှပသောမျက်လုံးများသည် သူမ၏သူငယ်ချင်းနှစ်ဦးပေါ်သို့ ဝေ့ဝိုက်သွားပြီး ရွှီချင်းကို သူမ၏ဘေးတွင်ထိုင်ရန် ညွှန်ပြလျက် ပြုံးလိုက်သည်။ ထို့နောက်တွင် သူမသည် တာအိုဝတ်စုံနှင့်အမျိုးသမီးကို ညွှန်ပြပြီး ရွှီချင်းကို ပြုံးပြလိုက်သည်။
“ရွှီချင်း ဒါက ညီမလေးလီ၊ လီရှစ်တောက်ပဲ။ ပြည်ထဲရေးရုံးတော်ရဲ့ စီမံခန့်ခွဲရေးမှူး သုံးယောက်ထဲက တစ်ယောက်ပဲ”
“ဒါကတော့ အစ်မကြီးယောင်၊ ယောင်ဖေးဟယ်ပဲ။ သူမက အမတ်ကြီးယောင်ရဲ့ ညီမလေးဖြစ်တယ်”
အစမှအဆုံး ကျစ်ရွှမ်က ယောင်ယွင်ဟွေ့ကို တစ်ချက်မျှပင် မကြည့်ချေ။
ရွှီချင်း စိတ်ရှုပ်ထွေးနေပြီး သူ၏လက်များကို ယှက်၍ နှုတ်ဆက်ရန်သာ တတ်နိုင်တော့သည်။
လီရှစ်တောက်သည် သူမ၏ လှပသောမျက်လုံးလေးများကို မျက်တောင်ခတ်လိုက်ပြီး ပါးစပ်ကိုလက်နှင့်ကာလျက် ရယ်မောကာ ရွှီချင်းကို ကျီစားလိုက်သည်။
“ဒီတော့ မင်းက ရွှီချင်းပေါ့။ မင်းက ညီအစ်မရွှမ် ခုလိုမိတ်ဆက်ပေးတဲ့ ပထမဆုံးသူဆိုတာ သိရဲ့လား။ လာပါအုံး၊ ညီအစ်မရွှမ်ကို ဘယ်လိုများကျအောင် ရွှေ့လိုက်လဲ ငါတို့ကို ပြောပါအုံး”
ယောင်ဖေးဟယ်ကမူ လီရှစ်တောက်ထက် သိသိသာသာ ပို၍တည်ငြိမ်သည်။ သူမက ရွှီချင်းကို စနောက်မနေဘဲ သိမ်မွေ့သောလေသံဖြင့်ပင် စကားစလိုက်သည်။
“အရင်တုန်းက ငါက ညီအစ်မကျစ်ရွှမ်ရဲ့ မဟာမိတ်အဖွဲ့က တုနှိုင်းမဲ့ပါရမီရှင်တစ်ယောက် မွေးထုတ်လိုက်တာကို ကြားလိုက်တယ်။ ဒီနေ့တွေ့လိုက်ရတော့ သူက ကောလဟလတွေထက်တောင် ပိုပြီး ထက်မြက်နေတာပဲ”
ကျစ်ရွှမ်၏ တိုက်ရိုက်မိတ်ဆက်ပေးခြင်းက အမျိုးသမီးနှစ်ဦးကို ရွှီချင်းအပေါ် လုံးဝ စိတ်ဝင်စားသွားစေသည်။ သူတို့က အဆင့်မြင့်ကျင့်ကြံသူများကဲ့သို့ ပြုမူခြင်းမရှိကြဘဲ သူ့ကို တန်းတူကဲ့သို့ ဆက်ဆံကြသည်။ သို့သော်လည်း သူတို့၏ စနောက်ခြင်းများကမူ မလွှဲမရှောင်သာ ဖြစ်နေသည်။
“လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါတို့က ညီအစ်မရွှမ်ကို ဖိတ်ခေါ်ခဲ့ပေမဲ့ သူက ဆက်ငြင်းနေခဲ့တယ်လေ။ အခုတော့ အကြောင်းရင်းကို သိရပြီ။ ညီအစ်မရွှမ်က ငါတို့ကို အံ့အားသင့်သွားအောင် လုပ်ချင်နေတာပဲ”
“ခုငါ တွေးမိသွားတာက လွန်ခဲ့တဲ့တစ်လလောက်မှာ သူမက နတ်နန်းတော်ရဲ့ အင်ပါယာကျင့်ကြံခြင်းအတတ်အကြောင်း ငါတို့ကို မေးသေးတယ်။ ငါထင်တယ် ဒါကလဲ မင်းအတွက် ပြင်ဆင်ပေးတာပဲ မလား”
ရွှီချင်း ထိုစကားကို ကြားသောအခါ ခေါင်းညိတ်ပြရန်သာ တတ်နိုင်တော့သည်။ သူ၏အမူအရာမှာ နေရခက်နေပုံပေါ်သည်။
ကျစ်ရွှမ်တစ်ဦးထဲကပင် သူ့ကို အာရုံများရန်အတွက် လုံလောက်နေပြီဖြစ်သည်။ အခုမူ သူမအချစ်ဆုံးသူငယ်ချင်းများ၏ကျီစားမှုများနှင့် နဖူးတိုက်ကြုံရသောအခါ ထိုကိစ္စ၌ အတွေ့အကြုံမရှိသလို အာဝဇွန်းလည်းမရွှင်သော သူ့အတွက် မည်သို့ရင်ဆိုင်ရမည် မသိတော့ပေ။
သူက ထိုသို့ဖြစ်လေ ညီအစ်မလီက သူ့ကိုကျီစားရသည်ကို ပိုပျော်လာလေဖြစ်သည်။
“အာ.. မောင်ငယ်လေး၊ ဘာလို့ စကားတစ်ခွန်းမှ မပြောတော့တာလဲ”
“အိုက်ယား၊ ညီအစ်မရွှမ် ရှင့်ရဲ့ ရွှီချင်းက အရမ်းရှက်နေပြီ”
ရွှီချင်းက ဘာပြောရမှန်းမသိ ဖြစ်နေသည်ကို နားလည်သွားသည်တွင် ကျစ်ရွှမ်၏ လှပသော မျက်လုံးလေးများ လက်သွားသည်။
“ဒီနှစ်ပိုင်းတွေ ရှင်ဘယ်ရောက်နေတာလဲ။ ရှင်နဲ့ ကမ္ဘာဦးမိုးကြိုးမျိုးနွယ်က စီနီယာအစ်ကိုချန်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်နေပြီလဲ”
“သူ့အကြောင်း မပြောစမ်းပါနဲ့”
လီရှစ်တောက်က သက်ပြင်းချလိုက်ပြီး ရွှီချင်းဆီသို့ အကြည့်ထပ်ရောက်သွားသည်။
“မောင်ငယ်လေး၊ မင်းဆီမှာ သူငယ်ချင်းကောင်းတွေ ရှိနေလား။ ငါ့ကို တစ်ယောက်လောက် မိတ်ဆက်ပေးလေ”
ရွှီချင်းက စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
“ကျွန်တော့်မှာ စီနီယာအစ်ကိုတစ်ယောက် ရှိတယ်”
ရွှီချင်းဆီမှ ထိုစကားကြားသောအခါ သူမသည် ချက်ချင်း ချောင်းဟန့်လိုက်ပြီး ယောင်ယွင်ဟွေ့ကို ကြည့်လျက် စကားလမ်းကြောင်း ပြောင်းသွားသည်။
“သူမက ..”
အခြားမည်သည့်အချိန်တွင်မဆို ယောင်ယွင်ဟွေ့က သေချာပေါက် နှုတ်ဆိတ်နေမည် မဟုတ်ပေ။ သို့သော် ယနေ့တွင်မူ သူမ၏အဒေါ်က ဤနေရာသို့ ခေါ်လာခြင်းဖြစ်သည်။ သူမ၏အဖေကပင် အလေးထားဆက်ဆံရသော သူမ၏အဒေါ်က တကယ်တမ်းတွင် နတ်မိမယ်ကျစ်ရွှမ်၏ ရင်းနှီးသောသူငယ်ချင်း ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားပေ။
သူမသည် တိတ်တခိုးသက်ပြင်းချလိုက်ပြီး ရှုပ်ထွေးနေသော ခံစားချက်တို့ကို ထိန်းချုပ်ကာ မတ်တပ်ရပ်လျှက် ကျစ်ရွှမ်ကို ဦးညွတ်လိုက်သည်။
“ယင်ဟွေ့က နတ်မိမယ်ကျစ်ရွှမ်ကို နှုတ်ဆက်ပါတယ်”
ကျစ်ရွှမ်က ထူးမခြားနားခေါင်းညိတ်လိုက်ပြီး ယောင်ဖေးဟယ်ကို ကြည့်လိုက်သည်။
“ညီအစ်မယောင် ဒါက ဘာအဓိပ္ပါယ်လဲ”
“ယင်ဟွေ့ရဲ့ အရင်တုန်းက အပြုအမူတွေက အလျင်စလို ဖြစ်သွားတယ်။ မင်းနဲ့ ရွှီချင်းကို တောင်းပန်ဖို့ ဒီနေ့ ငါက သူ့ကို တကူးတက ခေါ်ထားတာပဲ”
ယောင်ဖေးဟယ်က ကျစ်ရွှမ်၏ သူမအပေါ် အာရုံစိုက်မှုကို ပြောင်းလဲလိုက်သည်ကို သတိပြုမိသည်။ ကျစ်ရွှမ်သည် ထိုကဲ့သို့ကိစ္စမျိုးကို မကြိုက်ပေ။ ထို့ကြောင့် သူမက နူးညံ့စွာရှင်းပြလိုက်သည်။
သူမ၏ မူလရည်ရွယ်ချက်သည် သူမ၏တူမလေးကို ကျစ်ရွှမ်အား တောင်းပန်ရန်ဖြစ်သည်။ ယနေ့တွင် တဖက်လူက ရွှီချင်းကို ဤကဲ့သို့ မိတ်ဆက်လာသောအခါ သူမက အရာအားလုံးကို ချက်ချင်းသဘောပေါက်သွားသည်။ ထို့ကြောင့် သူမ၏စကားလုံးများလည်း ပြောင်းလဲသွားသည်။
သူမက လီရှစ်တောက်နှင့် ကွာခြားသည်။ လီရှစ်တောက်က ပျော်ပျော်နေတတ်ကာ လူတိုင်းနှင့် မိတ်ဆွေဖွဲ့သည်။ သို့သော် အမတ်ကြီးယောင်၏ ညီမဖြစ်သည့်အားလျော်စွာ သူမက မိတ်ဆွေများ၏ အရည်အသွေးနှင့်ပတ်သက်၍ အလွန်အလေးထားသည်။
ဥပမာအနေနှင့် ကျစ်ရွှမ်၏မဟာမိတ်အဖွဲ့သည် ဝေးလံခေါင်ဖျားတွင်ရှိ၍ အဖွဲ့ကြီးဟု ပြောမရသော်လည်း ထက်မြက်ခြင်းနှင့် အကင်းပါးမှုတို့ကို ထည့်မတွက်လျှင်ပင် သူမက ထူးချွန်သူတစ်ဦး ဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက်၏ အနာဂတ်က မှန်းဆ၍ မရပေ။ သူမ၏ နောက်ခံကြောင့် သူမကို လျှော့တွက်လို့မရပေ။ အခွင့်အလမ်းတစ်ခုထဲဖြင့် သူမသည် မော်၍ပင် မကြည့်နိုင်သော နေရာတစ်ခုသို့ ရောက်သွားနိုင်သည်။
ထိုသတင်းအချက်အလက်သည် သူမအစ်ကိုက သူ၏ဂုဏ်သတင်းကို ဖုန်းဟိုင်ဒေသအတွက် စတေးထားသည်ဖြစ်ပြီး အလွန်အရေးကြီးသောကြောင့် သူမက မည်သူ့ကိုမျှ ပြောလို့မရပေ။ ယောင်မိသားစုက ကြီးမားလှသည်ဟု ထင်ရသော်လည်း အမှန်တွင် တည်ငြိမ်မှုမရှိပေ။
သူမက ယောင်မိသားစုကို ရန်သူထပ်များလာရန် ခွင့်မပြုနိုင်ပေ။ ဤသည်က ရန်ငြှိုးမှ ခင်မင်ရင်းနှီးမှုဆီသို့ ပြောင်းလဲချင်သည့် သူမ၏အဓိက အကြောင်းရင်းဖြစ်သည်၊။
သူမက ရွှီချင်းကိုလည်း ထိုသို့ သုံးသပ်သည်။ သို့သော်လည်း တစ်ဖက်လူက စစ်မှန်စွာ လူလားမြောက်၍ စွမ်းအားကြီးလာခြင်း မရှိသေးပေ။ သူမက အနာဂတ်တွင် သူ မည်သို့ဖြစ်လာမည်ကို ဆက်လက်စောင့်ကြည့်ရအုံးမည်။
သူမက ရှင်းပြပြီးနောက် ယောင်ယွင်ဟွေ့ကို လေးနက်စွာ ကြည့်လိုက်သည်။
ယောင်ယွင်ဟွေ့က ဦးညွတ်လိုက်သည်။ တကယ်တမ်းတွင် သူမသည် ရွှီချင်းအပေါ် ကောက်ကျစ်သော အတွေးများမရှိတော့ပေ။ ထိုအစား သူမ၏ခံစားချက်များက ပို၍ ပို၍ ရှုပ်ထွေးလာခဲ့သည်။ ယနေ့တွင် ရွှီချင်းက နတ်မိမယ်ကျစ်ရွှမ်နှင့်အတူ လျှောက်လာခြင်းကို မြင်လိုက်ရပြီး အထူးသဖြင့် နတ်မိမယ်ကျစ်ရွှမ်၏ မိတ်ဆက်ပေးမှုကြောင့် နားလည်ရခက်သော သဝန်တိုမှုကို ခံစားလိုက်ရသည်။
သူမသည် ထိုသဝန်တိုမှုက နားလည်ရခက်သည်ကို သိရှိထားသော်လည်း မထိန်းချုပ်နိုင်ပေ။
သူမအဒေါ်၏ စကားများကိုကြားသောအခါ သူမက ကျစ်ရွှမ်နှင့် ရွှီချင်းကို ခါးညွတ်လိုက်သည်။
“ယင်ဟွေ့က သနားစရာကောင်းပါတယ်။ သူမရဲ့ယောက်ျားက အစောကြီးကတည်းက ဆုံးပါးသွားပြီ။ ကလေးတစ်ယောက်နဲ့ မုဆိုးမဘဝက မလွယ်ကူဘူးလေ”
ယောင်ဖေးဟယ်က ကျစ်ရွှမ်ကို ကြည့်လျက် နူးညံ့စွာပြောသည်။
ကျစ်ရွှမ်၏ အမူအရာက တည်ငြိမ်နေသည်။ သူမက သဘောတူခြင်း၊ မတူခြင်း မရှိပေ။ ထိုအစား သူမက ယောင်ဖေးဟယ်၊ လီရှစ်တောက်တို့နှင့် ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုနေလိုက်သည်။ မကြာမီ သူတို့၏ရယ်သံများက စံအိမ်တစ်လျှောက် ပျံ့နှံ့သွားသည်။
သူမအဒေါ်၏ စီစဉ်မှုနှင့် ယောင်ယွင်ဟွေ့က ဘေးမှနေ၍ ဗျက်စောင်းကို တီးခတ်လိုက်သည်။ သံစဉ်သည် လေ၊ မိုးတို့နှင့် လိုက်ဖက်ညီနေပြီး တမူထူးသော သာယာမှုကို ပေးစွမ်းနေသည်။
အစမှအဆုံး ရွှီချင်းက သူ၏သဘောထားကို မပြသခဲ့ပေ။ သူက နတ်မိမယ်ကျစ်ရွှမ်နှင့် အမတ်ကြီးယောင် ညီမ၏ အမှန်တကယ်ဆက်ဆံရေးကို မသိရှိပေ။ ထို့ကြောင့် သူက ထိုကိစ္စအပေါ် မည်သည့်ရပ်တည်ချက်မှ မပြသခဲ့ခြင်းဖြစ်သည်။
လက်တွေ့တွင် ပြန်လည်သင့်မြတ်ခြင်း၊ မသင့်မြတ်ခြင်းက သူ့အတွက် အကြောင်းမဟုတ်ပေ။ ၎င်းက သူ၏ရွေးချယ်မှုကို သက်ရောက်လိမ့်မည် မဟုတ်ပေ။
အခွင့်ကြုံလာပါက သူသည် ထိုအမေနှင့်သား နှစ်ဦးသားကို ရှင်းလင်းကာ အရာအားလုံးကို အဆုံးသတ်လိုက်ပေမည်။
ထိုအတွေးကြောင့် ရွှီချင်း၏အကြည့်များက ယောင်ယင်ဟွေ့ဆီအရောက်တွင် အေးစက်သွားသည်။ တိုက်ဆိုင်စွာပင် ယောင်ယွင်ဟွေ့သည်လည်း ရွှီချင်းကို မော့ကြည့်လိုက်သည်။
အကြည့်များဆုံသွားသည်တွင် ယောင်ယွင်ဟွေ့က အလိုလို အကြည့်လွှဲသွားသည်။ ဗျက်စောင်းသံက အနည်းငယ် ဖရိုဖရဲဖြစ်သွားသည်။
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်ပြီး အံ့အားသင့်သွားသည်။ တစ်ချိန်ထဲတွင်ပင် သူက သတိကပ်သွားသည်။
တစ်ဖက်လူတွင် ဖုံးကွယ်ထားသော အကြောင်းရင်းများ ရှိရမည်ဟု သူ ခံစားမိသည်။ သူ၏နှလုံးသားထဲမှ သတ်ဖြတ်လိုစိတ်က အနည်းငယ် ထကြွလာသည်။ သို့သော်လည်း အကောင်းဆုံးထိန်းချုပ်လိုက်ပြီး အဆုံးထိ မထုတ်ဖော်ခဲ့ပေ။
ထိုကဲ့သို့ပင် အချိန်က ကုန်ဆုံးသွားပြီး ညနေချမ်းချိန်သို့ရောက်သောအခါ ကျစ်ရွှမ်က သူမ၏ အချစ်ဆုံးသူငယ်ချင်းနှစ်ဦးနှင့် စကားစဖြတ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။
သူမ မထွက်ခွာမီ ပြန်ရန်ပြင်နေသော လီရှစ်တောက်သည် ရွှီချင်းကို ပြုံးပြပြီး ထပ်၍ စနောက်လိုက်သည်။
“မောင်ငယ်လေး စောနက မင်းရဲ့စီနီယာအစ်ကိုနဲ့ မိတ်ဆက်ပေးမယ်လို့ ပြောခဲ့တယ်နော်။ ငါက မှတ်ထားလိုက်မယ်”
ရွှီချင်းက တစ်ဖက်လူကို လေးနက်စွာနှင့် ခေါင်းညိတ်ပြလိုက်သည်။
လီရှစ်တောက် ကျေနပ်သွားသည်။ သူမက ကျစ်ရွှမ်ကို လက်ပြနှုတ်ဆက်လိုက်ပြီး အဝေးသို့ ဆင်မယဉ်သာ လျှောက်ထွက်သွားသည်။
ထိုအခိုက်အတန့်တွင် ပြင်ပတွင်ရွာနေသောမိုးက တိတ်ဆိတ်သွားသည်။ ဂိုဏ်းခွဲသို့အပြန်လမ်းတွင် ကျစ်ရွှမ်နှင့် ရွှီချင်းတို့သည် ဘေးချင်းယှဉ်လျှောက်လာကြပြီး စကားအနည်းငယ်ပြောလာကြသည်။
“ဒီနှစ်ယောက်က ဒေသမြို့တော်ငယ်မှာ ငါ့ရဲ့ သူငယ်ချင်းကောင်းနှစ်ယောက်ပဲ။ လီရှစ်တောက်က ပျော်ပျော်နေတတ်ပေမဲ့ တကယ်တမ်းတော့ သူမက အကြံကြီးတယ်။ ဒါပေမဲ့လည်း သူမက တာဝန်ယူတတ်ပြီး အရေးကြီးတဲ့အချိန်တွေမှာ ယုံကြည်ရပါတယ်”
“ယောင်ဖေးဟယ်ကတော့ ရည်ရွယ်ချက်ကြီးမားပြီး ဖုန်းဟိုင်ဒေသငယ်က ထိန်းထားနိုင်မဲ့သူ မဟုတ်ဘူး။ သူမမှာ သူငယ်ချင်းအများကြီးလဲ မရှိဘူး။ သူမက လက်တွေ့ဆန်သူဖြစ်ပေမဲ့ စံတွေ ရှိတယ်။ ဒီနေ့ သူမက ယောင်ယွင်ဟွေ့ကို ဦးဆောင်ခေါ်လာပြီး ပြန်လည်သင့်မြတ်စေတယ်။ မင်းဒါနဲ့ပတ်သက်ပြီး မစိုးရိမ်မိဘူးလား။ မင်းရဲ့မူအတိုင်း လုပ်လိုက်စမ်းပါ”
ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ ထိုကိစ္စက သူတွေးထားသည့်အတိုင်းပင်။
ကျစ်ရွှမ်က ဆက်မပြောတော့ပေ။ သူမ၏ ခြေလှမ်းများက သွက်လက်နေပြီး စိတ်အခြေအနေကောင်းနေကြောင်း ပေါ်လွင်နေသည်။
ရွှီချင်းက သူမနှင့် ဘေးချင်းယှဉ် လိုက်လာသည်။ လရောင်၏အောက်တွင် သူတို့၏အရိပ်များက ဂိုဏ်းခွဲသို့ရောက်သည်အထိ ရှည်မြောမြောနှင့် ဖြစ်နေသည်။
လေညှင်းလေးက ဖြတ်တိုက်သွားသည်။ ဆောင်း၏အငွေ့အသက် နီးကပ်လာပေပြီ။
“ဆောင်းဝင်လာပြီ။ ဆောင်းဦးမိုးက ကုန်တာမြန်လွန်းတယ်”
ကျစ်ရွှမ်က ရွှီချင်းကို နက်ရှိုင်းစွာတစ်ချက်ကြည့်လျက် ပြောသည်။ သူမ၏ တောက်ပသော မျက်လုံးလေးများက လရောင်ကို ရောင်ပြန်ဟပ်နေသည်။ လရောင်အောက်တွင် သူမသည် ထူးထူးခြားခြား လှပနေသည်။
သူမက လေဖြတ်တိုက်သွားသော ရွှီချင်း၏ အဝတ်များကို သေသေသပ်သပ်ဖြစ်ရန် ညင်သာစွာ ကူညီပေးသည်။ ရွှီချင်းက တောင့်တင်းလာသောကြောင့် သူမက နူးညံ့စွာ ပြုံးလိုက်သည်။
“ရွှီချင်း မင်း မြန်မြန်တိုးတက်မှ ဖြစ်မယ်”
သူမက တိုးတိုးလေးပြောပြီး ရွှီချင်းကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ဂိုဏ်းခွဲဆီသို့ လှည့်ပြန်သွားသည်။ သူမ၏ကျက်သရေရှိသော ကျောပြင်လေးနှင့် ခရမ်းရောင်ဝတ်စုံလေးက တဖြည်းဖြည်းဝေးသွားသည်။ ကိုယ်သင်းနံ့လေးသည်လည်း လွင့်ပြယ်သွားသည်။
နောက်မှလိုက်လာသော အခြွေအရံမိန်းကလေးများသည်လည်း ရွှီချင်းကို အရိုအသေပေးလိုက်ပြီး ထွက်ခွာသွားကြသည်။
ရွှီချင်းသည် ဂိုဏ်းခွဲအရှေ့တွင် ရပ်နေပြီး ထွက်ခွာသွားသော ကျစ်ရွှမ်ကို ကြည့်လိုက်သည်။ တဖက်လူ၏ နောက်ဆုံးပြောသွားသော စကားများသည် သူ၏ စိတ်ထဲတွင် ပဲ့တင်နေသည်။
အချိန်များစွာကြာပြီးနောက် သူက ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ကိုယှက်ကာ အရိုအသေပေးလိုက်သည်။ ထို့နောက် ထွက်ခွာသွားတော့သည်။
သူက ဓားခန်းဆောင်သို့ ပြန်မသွားသော်လည်း စစ်ရေးအကျိုးပြုမှတ်များရရှိရန် တာဝန်များကို လက်ခံခဲ့သည်။
နောက်ရက်အနည်းငယ်တွင် ရွှီချင်းသည် စစ်ရေးအကျိုးပြုမှတ်များကို ကြိုးစားပမ်းစား စုဆောင်းခဲ့သည်။ အလိုရှိရာဇဝတ်ကောင်များကို ဖမ်းခြင်းထက် စစ်ရေးအကျိုးမှတ်ပိုရသော နေ့စဉ်တာဝန် မရှိပေ။ ထို့ကြောင့် ရွှီချင်းက အလိုရှိရာဇဝတ်သားအများစုကို မှတ်ထားသည်။ သူတို့ထဲက တစ်ဦးပေါ်တွင် သူက လေးနက်သော ခံစားချက်များရှိပေသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းအလိုရှိ ရာဇဝတ်သားများတွင် အမည်ပြောင် ရှိသောကြောင့် ဖြစ်သည်။ သူ့ကို ကလေးဟု သိထားကြသည်။
ခုနစ်ရက်အကြာတွင် …
ရွှီချင်းသည် စစ်ရေးအကျိုးပြုမှတ်များကို ပမာဏတစ်ခုထိ စုဆောင်းပြီးနောက် အကျဉ်းထောင်ဌာန၏ ၉ထပ်မြောက်သို့ သွားခဲ့သည်။ ဤတွင် သူက အတော်များသော စစ်ရေးအကျိုးပြုမှတ်များကို အသုံးပြု၍ နယ်မြေဃ(၁) အစောင့်အရှောက်အကဲဖြတ်ခြင်း လျှောက်ထားရန် အသုံးပြုလိုက်သည်။
ဤအကဲဖြတ်မှုက နယ်မြေဃ နယ်ရုပ်များကို နယ်မြေဂ သို့ ရာထူးတိုးသည့် တစ်ခုထဲသော နည်းလမ်းဖြစ်သည်။
နယ်မြေဃ(၁)မှ ရာဇဝတ်သားများကို ဖိနှိပ်ခြင်းဖြင့်သာ တစ်စုံတစ်ဦးကို နယ်မြေဂ သို့ ရောက်ရှိစေပြီး အထပ်၈၉ အောက် အထပ်များကို သွားလာနိုင်မည့် အရည်အသွေး ရှိရမည်ဖြစ်သည်။
အကျဉ်းထောင်ဌာနတွင် နယ်မြေဃ နှင့် နယ်မြေဂသည် လုံးဝ ကွာခြားသော နေရာများ ဖြစ်ကြသည်။
နယ်မြေဂသည် သိမ်မွေ့နက်နဲသည်။ ထိုနေရာရှိ နယ်ရုပ်များသည် ပို၍ပင် ကြမ်းသည်။ သူတို့အများစု၏ ကျင့်ကြံဆင့်များသည် ဝိညာဉ်သူငယ်အဆင့်တွင် ဖြစ်ကြသည်။ သူတို့၏ ကိုယ်ရည်ကိုယ်သွေးများနှင့် အဆင့်များသည် နယ်မြေဃ မှ နယ်ရုပ်များထက် အများကြီး သာလွန်သည်။
နယ်မြေဂတွင် နယ်ရုပ်ဖြစ်လာရန်က နယ်မြေဃမှ နယ်ရုပ်များအားလုံး တောင့်တနေသော အရာဖြစ်သည်။
ရွှီချင်း၏ လျှောက်ထားမှုက နယ်မြေဃမှ နယ်ရုပ်များ၏ အာရုံကို ချက်ချင်းဖမ်းစားလိုက်သည်။
ထိုကဲ့သို့ပင် နယ်မြေဃမှ များစွာသော နယ်ရုပ်များ၏ အကြည့်အောက်တွင် ရွှီချင်းသည် ၈၈ထပ်မြောက်ရှိ နယ်မြေဃထဲသို့ ဝင်လာခဲ့သည်။
နှစ်နာရီကြာပြီးနောက် နယ်မြေဃ၏ ထောင်ဝင်ပေါက်က ပွင့်လာပြီး သွေးချင်းနီနေသော ပုံရိပ်တစ်ခုသည် ကယိုင်ကထိုးနှင့် တစ်လှမ်းချင်း ထွက်လာသည်။
ထိုသူမှာ ရွှီချင်းပင်။
သူက အသက်ကို ညင်သာစွာရှူထုတ်လိုက်သည်။ သူ၏ ခြေထောက်တစ်ချောင်းက ကျိုးနေသည်။ သူ၏နောက်တွင် ကျန်ခဲ့သော လမ်းသွယ်လေးသည် သွေးကြောင်းရှည်ကြီး စွန်းထင်းနေသည်။
သူ၏ လက်မောင်းတို့သည်လည်း အဆစ်လွဲနေပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသော အစိတ်အပိုင်းတို့က များပြားလှသည်။
ဒဏ်ရာများသည် နက်ရှိုင်းလှပြီး အရိုးများပင် မြင်နေရသည်။ အထူးသဖြင့် သူ၏ ကျောဘက်ပင်။ သူ၏ ဂုတ်ပိုင်းမှ ခါးတစ်လျှောက် ကြီးမားသောဒဏ်ရာကြီး ရှိနေသည်။
သူ၏နဖူးမှ ညာဘက်နှုတ်ခမ်းထောင့် တလျှောက်တွင်လည်း ဒဏ်ရာရှိနေသည်။ အသားများပေါ်နေပြီး သွေးများသည် တစက်စက် ကျနေဆဲပင်။
နယ်မြေဃရှိ အချုပ်သားများသည် နန်းတော်ကိုးခုနှင့် ရွှေအမြုတေအဆင့်များ ဖြစ်ကြသည်။
နှစ်ပေါင်းများစွာ ဖိနှိပ်ထားမှုက သူတို့ကို ပြင်းပြင်းထန်ထန် အားနည်းသွားစေသော်လည်း သူတို့တစ်ဦးချင်းစီသည် တစ်ချိန်က သက်ဆိုင်ရာမျိုးနွယ်များ၏ ကောင်းကင်အရွေးချယ်ခံများဖြစ်ကြသည်။ ရွှီချင်းက တားမြစ်အဆိပ်ကို အသက်သွင်းခဲ့လျှင်ပင် သူပေးဆပ်ရသော တန်ကြေးက မနည်းပေ။
ထိုအခိုက်အတန့်တွင် ရွှီချင်းက အပြင်လျှောက်ထွက်လာပြီး ပါးစပ်ထဲတွင် ကိုက်လာသော အသားစကို ထွေးထုတ်လိုက်သည်။ ထို့နောက် အပြင်တွင် စောင့်နေသော လူတိုင်းကို ပြုံးပြလိုက်သည်။
“သူတို့အားလုံး သေကုန်ပြီ”
သူ၏နောက်ဘက်၊ ပွင့်နေသော ဃ၁၏ထောင်ခန်းတွင်းတွင် မြေပြင်သည် သွေးချောင်းစီးနေပြီး သွေးကန်တစ်လုံးကဲ့သို့ပင်ဖြစ်နေသည်။ အတွင်း၌ အလောင်းတစ်လောင်းမှ ရှိမနေပေ။
တားမြစ်အဆိပ်ကြောင့် အလောင်းအားလုံးက အရေပျော်သွားပြီး သွေးကန်ဖြစ်သွားခြင်း ဖြစ်သည်။