ကျန်းကျုထျင်ကို ကျင်းကျိုးသို့ ဖိတ်ကြားခြင်း
Vol. 16 Ch. 227
ထို့စကားလုံးများကို လီရှိထံမှ ကြားလိုက်ရသောအခါ ဖေးချမ့် နားလည်သဘောပေါက်သွားခဲ့ပါသည်။ အမှန်ပင်။ ယွီအင်တာနက်ကဖေး၏ ဝန်ထမ်းများကို လာဘ်ထိုးဖို့ ကြိုးစားခဲ့သူက ဘော့စ်လီပဲ ဖြစ်သည်။
ဖေးချမ့်က လီရှိကို အစောပိုင်းက သူ ထုတ်လွှင့်ခဲ့သည့် သတင်းတုများဖြင့် တစ်ပတ်ရိုက်ခဲ့ခြင်း ဖြစ်သည်။
ဒီတစ်ခေါက်တော့ လီရှိက ယွီအင်တာနက်ကဖေးကို ဖိအားပေးဖို့လည်းမဟုတ်၊ ရင်းနှီးမြှုပ်နှံရန် ကြိုးစားဖို့လည်း မဟုတ်ပေ။ ထို့အစား လီရှိက ဖေးချမ့်၏ ရင်းနှီးမြှုပ်နှံမှုများ ရေပန်းစားလာနိုင်ခြေအပေါ် အလောင်းအစား လုပ်နေခြင်း ဖြစ်သည်။ ထိုရင်းနှီးမြှုပ်နှံမှုမှ သူလည်း အကျိုးအမြတ်ရဖို့ ကြိုးစားနေခြင်းသာ ဖြစ်သည်။
ယွီအင်တာနက်ကဖေး ပင်မဆိုင် ရေပန်းစားလာပြီးနောက် ကတ်စတမ်မာများက ထိုလမ်းကို ပိုပြီး လည်ပတ်လာကြသည်။ ဘေးပတ်လည် ဆိုင်များက ယွီအင်တာနက်ကဖေးလောက် နာမည်မကြီးသော်လည်း ထိုအောင်မြင်မှုမှ အမြတ်အစွန်းကို ရနိုင်ကြသေးသည်။
ထို့နောက် ဘော့စ်လီတောင် အမြတ်အစွန်းတချို့ ရခဲ့သည်။ သို့သော် အများကြီး မဟုတ်ပါ။
တခြားနယ်မြေများတွင် ရင်းနှီးမြှုပ်နှံပါက ဒီ့ထက် ပိုက်ဆံတွေ အများကြီး ပိုရနိုင်သဖြင့် ထိုအပိုင်းက သူ့အတွက် အရှုံးဖြစ်ခဲ့ပါသည်။
ဘေးပတ်လည်ဆိုင်များကို ပရိုမိုးရှင်းပွဲများ ကျင်းပဖို့ ဘော့စ်ဖေး ရင်းနှီးမြှုပ်နှံမှုတချို့ ပြုလုပ်ခဲ့သော်လည်း အများကြီး မဟုတ်ပါ။ ပရိုမိုးရှင်းများက အများကြီး မကုန်ကျပါ။ ဘော့စ်လီက မျှော်လင့်ချက်မြင့်မြင့်ထားသဖြင့် စိတ်ကျေနပ်မှု မရရှိခဲ့တာ သိသာပါသည်။
ဒီအခြေအနေကလည်း သိပ်မကွာပေ။
မင်ယွမ်ဗီလာများအနီးတွင် ကတ်စတမ်မာ နည်းပါးလွန်းလှ၏။ ထို့ကြောင့်လည်း ဒီနယ်မြေထဲမှာ ဘယ်သူမှ ဆိုင်မငှားချင်ခဲ့ကြခြင်း ဖြစ်သည်။ ဆိုလိုရင်းက ဘော့စ်လီလည်း ရင်းနှီးမြှုပ်နှံမှု အများကြီး မလုပ်ခဲ့ရပါ။
မင်ယွမ်ဗီလာက ဘော့စ်ဖေးပြောသလိုမျိုးပဲ တကယ်ရေပန်းစားလာပါက ထိုဆိုင်အနည်းငယ်က ငွေပင်ကြီးတွေလို ဖြစ်လာကြပါလိမ့်မည်။ ဘယ်သူ့လက်ထဲမှာပဲ ရှိနေ ရှိနေ အကျိုးအမြတ် များလာလိမ့်မည်။ ဘော့စ်လီ ချက်ချင်း ပြန်ရောင်းလိုက်ရင်တောင် အမြတ်ရနိုင်ပါသေးသည်။
ထိုအချိန်ကျလာသည့်အခါ ဘော့စ်လီရရှိခဲ့သည့် အမြတ်အစွန်းကို သေးငယ်သည်ဟု ဆိုနိုင်ပါဦးမလား။
သို့သော်လည်း ဒါတွေအားလုံးက မင်ယွမ်ဗီလာနယ်မြေ ရေပန်းစားလာခြင်း မစားလာခြင်းအပေါ်မှာ မူတည်နေပါသည်။
ဖေးချမ့် စိတ်မကောင်းဖြစ်သွားမိ၏။
ဘော့စ်လီ ဘော့စ်လီ... ခင်ဗျားရဲ့ လော့ဂျစ်က ပြီးပြည့်စုံတယ်။ ခင်ဗျားရဲ့ အကောင်အထည်ဖော်ပုံကလည်း အပြစ်အနာအဆာမရှိဘူး။ ဒါပေမယ့်... အရေးကြီးတဲ့ အချက်တစ်ချက်ကိုတော့ ခင်ဗျားလွဲသွားပြီ။ ဟုတ်ပါတယ်လေ။ ဒါကလည်း ခင်ဗျားကို အပြစ်တင်နေလို့မှ မရတာ ဘော့စ်လီ။ ဒီလိုလောကကြီးထဲမှာ ငွေဆုံးရှုံးရုံနဲ့ အမြတ်တွေ ဝင်လာမယ့် စနစ်တစ်ခု ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
ထိုအခိုက်အတန့်တွင် ဖေးချမ့်တစ်ယောက် ဘော့စ်လီကို ကရုဏာသက်သွားမိပါသည်။ တခြားတစ်ယောက်ယောက်သာဆို ဖေးချမ့် သနားမည် မဟုတ်ပေ။ သို့သော်လည်း ဒီစိတ်အားထက်သန်သည့် ဘော့စ်လီကို ဖေးချမ့် တစ်ခေါက် ညစ်ပတ်ထားပြီးသား ဖြစ်သည်။
သိုးတစ်ကောင်ကို စိတ်ရှိတိုင်း အမွှေးရိတ်ပစ်လို့ ဘယ်ဖြစ်ပါ့မလဲ။ အမွှေးပြောင်သွားရင် ဘယ်လိုလုပ်မလဲ။
ထို့ကြောင့် ဒီနယ်မြေထဲ အများကြီး ရင်းနှီးမြှုပ်နှံမှုမလုပ်အောင် ဘော့စ်လီအတွက် အရိပ်အမြွက်ပေးဖို့ ဖေးချမ့် ဆုံးဖြတ်လိုက်ပါသည်။
အခုချိန်တွင် ဘော့စ်လီက အင်တာနက်ကဖေးဆိုင်ခွဲတစ်ခု၊ ဘားတစ်ခု၊ ကဖေးတစ်ခုနှင့် ဘုတ်ဂိမ်းကဖေးတစ်ခုတို့တွင် ရင်းနှီးမြှုပ်နှံထားပြီးသားဖြစ်သည်။ ဖေးချမ့်အတွက် အတော်လေး အကူအညီဖြစ်ခဲ့ပါပြီ။
ဘော့စ်လီမှာ အိုင်ဒီယာတွေ ထပ်ရှိနေပြီး ငွေတွေထပ်ပြီး ရင်းနှီးမြှုပ်နှံနေရင် ဘယ်လိုလုပ်မလဲ။
တကယ်တော့ ဖေးချမ့် စိတ်တောင် ပူလာပါပြီ။ ဘော့စ်လီကို အခုကတည်းက အမွှေးအပြောင်ရိတ်လိုက်ပါက နောက်ပိုင်း သူတို့ရဲ့ ဆက်ဆံရေး ဆက်လက်ဖွံ့ဖြိုးတိုးတက်နိုင်တော့မှာ မဟုတ်ပါ။
ဘော့စ်လီ ခံစားရမည့် အရှုံးများကို လျှော့ချပေးနိုင်ပါက အလွန်အမင်း စေတနာကောင်းသည်ဟုပင် သတ်မှတ်နိုင်ပါပြီ။
ထိုသို့စဥ်းစားရင်း ဘော့စ်လီကို အရိပ်အမြွက်လေး နည်းနည်းလောက် ပေးဖို့ ဖေးချမ့်ဆုံးဖြတ်လိုက်ပါသည်။
ဖေးချမ့်က ကော့တေးတစ်ငုံသောက်ရင်း တတ်နိုင်သလောက် နှစ်နှစ်ကာကာ ပြောလိုက်ပါသည်။ "ဘော့စ်လီ ကျွန်တော် အမှန်တိုင်းပြောမယ်နော်။"
"အရင်တစ်ခေါက် ယွီအင်တာနက်ကဖေး ပင်မဆိုင် ရေပန်းစားလာခဲ့တဲ့ထဲမှာ ကံတရားကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ မင်ယွမ်ဗီလာနယ်မြေထဲက ဒီဆိုင်ခွဲလည်း ပင်မဆိုင်ရဲ့ အောင်မြင်မှုလောက် ရဖို့ကတော့ မဖြစ်နိုင်သလောက်ကို ရှိတယ်။"
"ဒီနယ်မြေ ရေပန်းစားလာနိုင်ခြေက မများဘူး။ ကျွန်တော်က ဒီတိုင်း စမ်းသပ်ကြည့်နေတဲ့သဘောပါပဲ..."
ဖေးချမ့်က တတ်နိုင်သလောက် အရိပ်အမြွက်များပေးနေပြီဖြစ်သည်။
လီရှိက ပြုံးလိုက်၏။ သူ့မျက်နှာထားက 'နားလည်ပါပြီ' ဟု ပြောနေသည့်အလားပင်။
"ဘော့စ်ဖေး ခင်ဗျားက ရိုးသားလွန်းပါတယ်ဗျာ။ ခင်ဗျားရဲ့ အောင်မြင်မှုမှာ ကံတရားကြောင့်လည်း ပါတယ်လို့ အမြဲပြောတယ်နော်။ အဲ့တာ ပုံမှန်ပါပဲ။ ဒါပေမယ့် သာမန်လူတွေက ကံကောင်းမယ့်အချိန်ကို စောင့်နေပေမယ့် တကယ့်ပါရမီရှင်အစစ်တွေက သူတို့ရဲ့ ကံကြမ္မာကို သူတို့ဖန်တီးကြလိမ့်မယ်။ ကျွန်တော့်အတွက်တော့ ဘော့စ်ဖေးက ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်တဲ့လူတစ်ယောက်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။"
"ကျွန်တော်သိသလောက်တော့ ဘော့စ်ဖေး ဒီနယ်မြေထဲမှာ တော်တော်လေး ရင်းနှီးမြှုပ်နှံထားတဲ့ ပုံပဲနော်။"
"အင်တာနက်ကဖေးအပြင် လေဆန်ပို့ဆောင်ရေးရုံးလည်း ဖွင့်ထားသေးတယ် ပြီးတော့ သိပ်မကြာသေးခင်က ဘော့စ်မာတစ်ယောက် ဒီအနီးအနားက စီးပွားရေး အခြေအနေကိုလည်း စစ်တမ်းကောက်နေတဲ့ပုံစံပဲ။"
"ဒီနေရာကြီးက တကယ်ပဲ အလားအလာမကောင်းဘူးလို့ ထင်ရင် ခင်ဗျားအခုချိန်ထိ ဘယ်တောင့်ခံနေပါ့မလဲ။"
"ဘော့စ်ဖေး ခင်ဗျားရဲ့ စေတနာကိုတော့ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ခင်ဗျား ကျွန်တော့်ကို အထင်သေးလိုက်မိပြီထင်တယ်။ ဘယ်လိုရင်းနှီးမြှုပ်နှံမှုမျိုးမှာမဆို စွန့်စားမှုဆိုတာ ရှိတယ်။ ကျွန်တော် ရင်းနှီးမြှုပ်နှံမှုလောကထဲ ကျင်လည်နေတာ ကြာပါပြီဗျာ။ ကျွန်တော့်မှာ သဘောပေါက် နားလည်မှု ရှိပါသေးတယ်။"
ကောင်းပြီလေ။ ခင်ဗျားကိုပြောနေရတာ လေကုန်တာပဲ အဖတ်တင်တယ်။
ဖေးချမ့် စိတ်မကောင်းဖြစ်မိသွားပြန်သည်။
ကောင်းပါပြီ ဘော့စ်လီ၊ ခင်ဗျားလုပ်နေတာတွေကို ခင်ဗျားနားလည်တယ်ဆိုတော့လည်း ကျွန်တော် လေကုန်မခံတော့ဘူး။ ခင်ဗျားကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။
ဖေးချမ့် ဒီနားက ဗီလာတစ်လုံးကိုဝယ်ပြီး စားဖိုဆောင် ဖွင့်ထားမှန်း ဘော့စ်လီ မသိသေးတာ ကံကောင်းပါသည်။ မဟုတ်ပါက သူ့ယုံကြည်ချက်တွေ ပိုပြီး ခိုင်မာလာနိုင်သေး၏။
ဖေးချမ့် လက်မြှောက်လိုက်ပြီး အနားရှိ စားပွဲထိုးတစ်ယောက်ကို ခေါ်လိုက်သည်။ "နောက်ပိုင်း ဘော့စ်လီ လာသောက်တဲ့အခါကျရင် အခမဲ့တိုက်လိုက်ချေ။”
ဘော့စ်လီ ဘော့စ်လီ။ ခင်ဗျား ကျွန်တော့်ကို ကူညီတာတွေ များပြီ။ ဒါတောင် ကျွန်တော့်ဘက်က ဘာမှ ပြန်လုပ်မပေးနိုင်ဘူး။ ကျွန်တော်လုပ်ပေးနိုင်တာဆိုလို့ ခင်ဗျားကို အရက်နည်းနည်းလောက် ဝယ်တိုက်ဖို့ပါပဲ။
လီရှိ၏ ရင်ထဲနွေးထွေးသွားပါသည်။ အမှန်ပင်။ လီရှိက အရက်ဝယ်သောက်ဖို့ ပိုက်ဆံနည်းနည်း ပိုသုံးရလည်း ကိစ္စမရှိပါ။ သို့သော်လည်း လီရှိအား အနာဂတ်တွင် ဖေးချမ့်က အလကားတိုက်မည့် အချက်မှာ သူ့စေတနာကို သက်သေပြနေခြင်း ဖြစ်သည်။
ဒီလိုခင်မင်ရင်းနှီးမှုမျိုးက တန်ဖိုးဖြတ်၍ မရနိုင်ပေ။
လီရှိ ဖေးချမ့်အား သူ့ရင်ထဲတွင် တိတ်တခိုး ချီးကျူးလိုက်မိသည်။ ဘော့စ်ဖေးက ငယ်ရွယ်၏။ သို့သော် အလုပ်လုပ်ရာတွင် ထက်မြက်သည်။
လီရှိ ဖန်ခွက်ကို မြှောက်လိုက်ပြီး ပြောလိုက်ပါသည်။ "ကျေးဇူးပါ ဘော့စ်ဖေး။ ကျွန်တော်တို့ အနာဂတ်မှာ အတူတူ အကျိုးအမြတ်တွေ ခံစားရင်း ငွေတွေအများကြီးရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။"
ဖေးချမ့်က လီရှိ၏ ဖန်ခွက်ကို သူ့ဖန်ခွက်ဖြင့် တိုက်လိုက်ပြီး လီရှိ၏ ကျိန်စာကို ပြုံးပြုံးကြီး ခံယူရင်း ရင်ထဲတွင် မကျေနပ်ချက်များစွာကို ချုပ်တည်းထားလိုက်ပါတော့သည်။
သြဂုတ်လ ၁၁ ရက်နေ့...။
ရှန်းယန်ဂိမ်းတွင်...။
"ဒါရိုက်တာလင်း ဒါဆို... ကျွန်တော်တို့ သူ့ကိုရွေးကြမှာလား" ယဲ့ကျစ်ကျိုးက အလွန်မသေချာ မရေရာသည့် လေသံဖြင့် မေးလိုက်ပါသည်။
"အင်း သူ့ကိုရွေးလိုက်ရအောင်" လင်းဝမ်ကလည်း တွန့်ဆုတ်စွာဖြင့် ပြန်ဖြေလိုက်သည်။ သို့သော် သူမတွင် တခြားရွေးချယ်စရာ မရှိပါ။
သိပ်မကြာသေးခင်က ဘော့စ်ဖေးထံမှ ကြော်ငြာပလန်များကို လက်ခံရရှိပြီးနောက် ရှန်းယန်ဂိမ်းမှာ ဘော့စ်ဖေး၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ခဲ့သည်။ ဟောင်ကောင်နာမည်ကြီးတချို့ကို သူတို့ ဆက်သွယ်ခဲ့၏။ နာမည်ကြီးသူဖြစ်ဖြစ် ဒိတ်အောက်နေသူဖြစ်ဖြစ် ရှန်ယန်က အားလုံးကို ဆက်သွယ်ခဲ့ပါသည်။
သို့သော်လည်း နောက်ဆုံး စျေးကို ဆုံးဖြတ်ရာတွင် အခက်တွေ့နေကြ၏။
ရေပန်အတော်လေးစားသည့် ဟောင်ကောင် နာမည်ကြီးများကတစ်နှစ်ကို အနည်းဆုံး ယွမ် ၅ သန်းတောင်းဆိုကြသည်။ စျေးပေါသည့် နာမည်ကျော်တွေကတောင် ၂ သန်း ၃ သန်းလောက် တောင်းဆိုနေကြပါသည်။
Bloody Battle Song : ပိုကြမ်းသည့် ဗားရှင်း ဂိမ်း၏ ထုတ်လုပ်မှု ကုန်ကျစရိတ်ကတောင် ယွမ် ၅ သန်းလောက်သာ ရှိ၏။
ဘော့စ်ဖေး၏ မားကတ်တင်းဘတ်ဂျက်က ယွမ် ၃ သန်းဖြစ်သည်။ ပထမတော့ ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ နှစ်ယောက်သား အကန့်အသတ် မရှိရင်တောင် ထိုငွေအားလုံးကို သုံးကုန်တော့မည်မဟုတ်ဟု ထင်ခဲ့ကြသည်။ ကံမကောင်းစွာဖြင့် ဟောင်ကောင်နာမည်ကျော်တချို့ကို သူတို့ကြော်ငြာပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ဖို့အတွက် ဆက်သွယ်ပြီးသောအခါ သူတို့ အလွယ်နုနယ်ပြီး အတွေ့အကြုံ နည်းပါးသေးမှန်း သဘောပေါက်လိုက်ကြရပါသည်။
သူတို့ အရင်တုန်းကလည်း Bloody Battle Song ကို မားကတ်တင်းဆင်းဖူးပါသည်။ သို့သော် ဒီလို နာမည်ကျော်မျိုးတွေကိုတော့ မငှားခဲ့ကြပါ။ ကြော်ငြာခ အများဆုံး ယွမ် သိန်းဂဏန်းလောက်သာ သုံးခဲ့ကြပါသည်။
ထိုပမာဏနှစ်ခုကို ဘေးချင်းယှဥ်ကြည့်လိုက်သောအခ ဒီတစ်ခေါက် သူတို့သုံးတာ အလွန်များနေသည်ဟု ယဲ့ကျစ်ကျိုး ခံစားမိ၏။
လင်းဝမ်လည်း နားမည်ကျော်တွေတောင်းသည့် စျေးကို သဘောမတွေ့လှပါ။
အဓိကအားဖြင့် အရည်အသွေး-စျေးနှုန်း အချိုးက နိမ့်သည်ဟု ခံစားမိ၏။ ဂိမ်းတစ်ခုကို မှန်မှန်ကန်ကန် ကြော်ငြာပါက ရောင်းအားတက်သွားနိုင်သည်။ သို့သော်လည်း ထန်းဒါဂိမ်းတွင် လင်းဝမ် အလုပ်လုပ်ခဲ့စဥ်တုန်းက မားကတ်တင်းအတွက် ၁ ပြား ၁ ချပ်တောင် မသုံးစွဲဘဲ ဂိမ်းတွေ ရေပန်းစားလာတာကို မြင်ခဲ့ရပါသည်။
ဂိမ်းတစ်ခုရဲ့ ကြော်ငြာပုဂ္ဂိုလ်လုပ်ပေးဖို့အတွက် နာမည်ကျော်တစ်ယောက်ကို ယွမ် သန်းချီသုံးပြီး ငှားမယ်တဲ့လား။ အဲ့တာ ဘာအသုံးဝင်မှာလဲ။
ထို့ကြောင့် အရည်အသွေး-စျေးနှုန်း အချိုးက နိမ့်သည်ဟု လင်းဝမ် ခံစားမိခြင်းဖြစ်သည်။
သို့သော်လည်း ဘော့စ်ဖေး၏ ကြော်ငြာပလန်က သူတို့ရှေ့တွင် ရှိနေပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့ နာမည်ကျော်တစ်ယောက်တော့ ငှားကို ငှားရပါလိမ့်မည်။ သူတို့သုံးယောက်သား အထင်အမြင်များကို အကျဥ်းချုံးရင်း နောက်ဆုံးတော့ အရည်အသွေး-စျေးနှုန်း အချိုးက အဆင်ပြေသည့် နာမည်ကျော် တစ်ယောက်ကို ရွေးချယ်လိုက်ကြပါသည်။
သူကတော့ ဒီနှစ်ထဲ အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ကျန်းကျုထျင်ဖြစ်သည်။ သူက အတော်လေး ဒိတ်အောက်နေပြီး မကြာသေးခင်က သူ့ရုပ်ရှင်များတွင် အခြေအနေ တော်တော်ဆိုးရွားခဲ့သော်လည်း ငယ်စဥ်တုန်းကတော့ ရေပန်းစားခဲ့သည်။ ရုပ်သံစီးရီး အတော်များများတွင် ပါဝင် သရုပ်ဆောင်ဖူး၏။ လူလတ်ပိုင်းအရွယ်များအကြား ပိုမိုနာမည်ကြီးပါသည်။
ယွမ် ၂ သန်းဖြင့် ဂိမ်း၏ ကြော်ငြာပုဂ္ဂိုလ်လုပ်ပေးဖို့ သဘောတူခဲ့ပါသည်။ ဒါတောင် လင်းဝမ်က စျေးကြီးနေသေးသည်ဟု ခံစားမိသည်။ သို့သော်လည်း တခြားနာမည်ကျော်တွေ တောင်းဆိုတာထက်တော့ စျေးနှုန်းက အများကြီး ပိုနည်းပါသည်။
ဒီလိုသာဆို ကျန်ငွေများကို ဝက်ဘ်ဆိုက်များစွာ၌ ကြော်ငြာနေရာများ ဝယ်ဖို အသုံးချနိုင်လိမ့်မည်။
ရှန်းယန်ဂိမ်းကလူတွေအားလုံး ဒီတစ်ခေါက် ရှုထောင့်ကဏ္ဍတိုင်းကို စဥ်းစားကြည့်ကြပြီးမှ နောက်ဆုံးတော့ သူ့ကို ငှားရမ်းဖို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြပါသည်။
နောက်တစ်ခုလုပ်ရမှာက ကျန်းကျုထျင်ကို ကျင်းကျိုးမြို့သို့ ဖိတ်ကြားပြီး စာချုပ်ချုပ်ကာ ကြော်ငြာရိုက်ကူးဖို့ဖြစ်ပါသည်။
အမှန်ပင်။ သူတို့ ကြော်ငြာကို ကျင်းကျိုးမြို့မှာ ရိုက်ဖို့မလိုပါ။ သို့သော်လည်း သူ့ကို ရိုက်ကူးရေးခ ဒီလောက် အများကြီး ပေးထားသဖြင့် သူ့အလုပ်လုပ်ပုံကို စောင့်ကြည့်သင့်သည်ဟု အားလုံး ထင်မိကြပါသည်။
သူက ဒိတ်အောက်နေပြီဖြစ်သည့် ကြယ်ပွင့်တစ်ယောက် ဖြစ်နေရင်တောင် သူနဲ့ ဓာတ်ပုံ အတူတူရိုက်ပြီး လက်မှတ်ထိုးခိုင်းလို့ ရသည်။ သူတို့သူငယ်ချင်းများကို ကြွားလို့ရပါသည်။
"ဒါဆို ဆုံးဖြတ်လိုက်ပြီနော်။ ကျွန်မတို့ ကျန်းကျုထျင်ကို ကျင်းကျိုးမြို့ဆီ ဖိတ်ကြားကြမယ်။”