ဓာတ်ပုံရိုက်လိုက်တာနဲ့ အရသာပြောင်းသွားမယ်
Vol. 16 Ch. 228
"အဲ့တော့... ကျန်းကျုထျင်ဆိုတာ ဘယ်သူလဲ။"
လင်းဝမ်၏ မက်ဆေ့ချ်ချ်ကိုဖတ်ပြီး ဖေးချမ့် ပထမဆုံး ခံစားလိုက်ရသည်က စိတ်ရှုပ်ထွေးမှု ဖြစ်၏။
သူ ဒီလူ့အကြောင်း တစ်ခါမှ မကြားဖူးပါ။
Qiandu ပေါ်မှာ ရှာဖွေကြည့်မှ ကျန်းကျုထျင်က ဒိတ်အောက်နေသည့် ဟောင်ကောင်နာမည်ကြီးတစ်ယောက်ဖြစ်တာကို သိလိုက်ရပါသည်။
လင်းဝမ်က နောက်ထပ် မက်ဆေ့ချ်တစ်စောင်ကို ပို့လိုက်သည်။ "ဘော့စ်ဖေး ကျွန်မတို့ တခြား ဟောင်ကောင်နာမည်ကျော်တချို့ကိုလည်း ရွေးကြည့်ပါသေးတယ်။ တချို့က စျေးနှုန်းတောင်းတာ နည်းနည်းများနေလို့ ယွမ် ၅ သန်းကျော်တောင် တောင်းတယ်။ သူတို့ရဲ့ စျေးနှုန်း-အရည်အသွေး အချိုးက အဲ့လောက် မကောင်းဘူးလို့ ကျွန်မ ထင်မိလို့။ အဲ့တာကြောင့်ပဲ ကျွန်မ ကျန်းကျုထျင်ကို ဖိတ်လိုက်ရတာပါ။ သူက အရင်တုန်းကလောက် နာမည်မကြီးတော့ပေမယ့် သူ့ကို ယွမ် ၂ သန်းလောက်နဲ့ ငှားလို့ရတယ်။”
ဖေးချမ့် မပျော်တော့ပါ။
သူမကို သင်ပေးခဲ့ပေါင်းလည်း ထပ်နေပါပြီ။ ဘာလို့ သူ့အတွက် ယွမ် သန်းပေါင်း ၂ သန်း ၃ သန်းလောက် သက်သာအောင် လုပ်ပေးနေသေးတာလဲ။
ယွမ် ၅ သန်းကုန်လည်း ကုန်ပါစေ။
သို့သော်လည်း နောက်တစ်ခေါက် ပြန်စဥ်းစားကြည့်လိုက်သောအခါ သူခွင့်လွှတ်ပေးလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် စျေးနှုန်းပိုတောင်းလေလေ ထိုနာမည်ကျော်က ပိုပြီး ရေပန်းစားလေလေပဲ မဟုတ်လား။ ၎င်းတို့တွင် ကိုယ်ပိုင်ပရိသတ်များ ရှိကြလိမ့်မည်။ ဂိမ်းအတွက်် ကစားသမားအသစ်များ တကယ်ကြီးခေါ်ပေးနိုင်ပါက ဖေးချမ့် အရှုံးပေါ်တာ နည်းသွားနိုင်ပါသည်။ သူ့အတွက်လည်း အားနည်းချက်ဖြစ်သွားနိုင်၏။
ကျန်းကျုထျင်က ယွမ် ၂ သန်းပဲ တောင်းလည်း ရှိပါစေတော့။ ကျန်ငွေကို ဖြုန်းဖို့ နောက်ထပ် နည်းလမ်းများ စဥ်းစားလိုက်ရုံသာ ရှိသည်။
လင်းဝမ်က နောက်ထပ် မက်ဆေ့ချ်တစ်ခု ပို့ပြန်၏။ "ဘော့စ်ဖေး ကျန်းကျုထျင်က မနက်ဖြန် သဘက်ခါလောက်ဆိုရင် ကျင်းကျိုးမြို့ကို ရောက်လာလိမ့်မယ်။ ကြော်ငြာရိုက်ကူးရေးကို လာကြည့်ချင်လား။"
ဖေးချမ့် ချက်ချင်း စာပြန်လိုက်ပါသည်။ "အင်းကြည့်မယ်။ ဒီလူက ဝါရင့်သရုပ်ဆောင်ကြီးလို့ ပြောကြတယ်။ တစ်ခါက 'ရုပ်ရှင်ဘုရင်' ဆိုတဲ့ ဘွဲ့ကိုတောင် ရခဲ့တဲ့လူ။ သူ့သရုပ်ဆောင်စွမ်းရည်ကို အနီးကပ်ကြည့်ချင်သေးတယ်။"
"နေပါဦး သူ့ကို ကြိုဆိုဖို့အတွက် ပြင်ဆင်မှုတွေ ဘယ်လိုလုပ်ထားလဲ။"
လင်းဝမ်က စာပြန်လိုက်သည်။ "စိတ်မပူပါနဲ့ ဘော့စ်ဖေး။ အားလုံး ရှင်းပြီးပါပြီ။ သီးသန့် လုပ်ငန်းကားနဲ့ သူနဲ့ သူ့မန်နေဂျာကို လိုက်ပို့ပေးမှာပါ။ ကြယ်ငါးပွင့် ဟိုတယ်မှာလည်း နေရမယ်။ သူတို့ကို ဆိုးဆိုးဝါးဝါး မဧည့်ခံပါဘူး။"
"စားသောက်ဖို့တွေကကော" ဖေးချမ့်က မေးလိုက်သသည်။
လင်းဝမ်က စာပြန်၏။ "အာ... သူတို့ကို ဟိုတယ်မှာပဲ စားသောက်ခိုင်းဖို့ ကျွန်မတို့ စီစဥ်ထားပါတယ်။ သူတို့ ရိုက်ကူးရေးလုပ်နေရင်း စားဖို့အတွက်လည်း စံနှုန်းမြင့်အစားအစာတွေ အော်ဒါ မှာထားပါသေးတယ်။"
"အဲ့တာဆို အကျည်းတန်လွန်းသွားမှာပေါ့။ သူက အဝေးကြီးက လာရတဲ့ ဧည့်သည်လေ။ ငါတို့မှာ သာမန်အလုပ်ဆက်ဆံရေး တစ်ခုပဲ ရှိမှာ ဆိုပေမယ့် သူ့ကို ငါတို့ တတ်နိုင်သလောက် ယဥ်ကျေးသမှုနဲ့ ဧည့်ခံရမယ်။ ဒီလိုလုပ်လိုက်ပါလား။ ငါနင့်ကို မင်ယွမ်စားဖိုဆောင်ရဲ့ မန်နေဂျာလင်း ဖုန်းနံပါတ် ပေးလိုက်မယ်။ ကျန်းကျုထျင် ရောက်လာရင် ငါတို့ သူ့ကို မင်ယွမ်စားဖိုဆောင်ဆီ ခေါ်သွားပြီး ဧည့်ခံကြိုဆို စားသောက်ပွဲ ကျင်းပပေးမယ်။ ပြီးမှ ရိုက်ကူးရေးအကြောင်း ပြောကြတာပေါ့။"
ဖေးချမ့်အတွက်တော့ လုပ်ငန်းပါတနာတစ်ယောက်ကို ဧည့်ခံရခြင်းက မင်ယွမ်စားဖိုဆောင်တွင် စားဖို့သောက်ဖို့ တရားဝင် အကြောင်းပြချက်တစ်ခု ဖြစ်နေပါသည်။ အရမ်းကြီးတော့ အလွန်အကြူး မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား။
အမှန်ပင်။ လုပ်ငန်းပါတနာအားလုံးကို မင်ယွမ် စားဖိုဆောင်သို့ ခေါ်သွားပါက အန္တရာယ် တချို့တော့ ရှိပါသေးသည်။ ဥပမာအားဖြင့်... သူ့စားသောက်ဆိုင် ဘယ်လောက် ကောင်းမှန်း ပေါ်သွားနိုင်သည်။
သို့သော်လည်း ထိုအန္တရာယ်များကို လျော့နည်းအောင် လုပ်ဖို့ ဖေးချမ့် နည်းလမ်း တစ်ခုခု ရှာထားပြီးသား ဖြစ်ပါသည်။
လင်းဝမ်က စာပြန်လိုက်၏။ "သြော် ဟုတ်ကဲ့ပါ ဘော့စ်ဖေး ကျွန်မ ဒီကိစ္စ သေသေချာချာ မစဥ်းစားလိုက်မိဘူး။ အခုပဲ ဘိုကင်လုပ်လိုက်ပါ့မယ်။"
သြဂုတ်လ ၁၄ ရက်နေ့၊ စနေနေ့...
ကျန်းကျုထျင် လေယာဥ်ပေါ်မှ ဆင်းလာပြီး ကျင်းကျိုးမြေပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ခြေချလိုက်ပါသည်။
ဒုတိယအဆင့်ရှိ မြို့တစ်မြို့ဖြစ်သောကြောင့် ကျင်းကျိုးမြို့က ကြီးကြီးမားမား အထင်ကြီးစရာတော့ မရှိပါ။ ကျင်းကျိုးမြို့အကြောင်း ကျန်းကျုထျင် မသိသည့် အရာများစွာလည်း ရှိနေပါသေးသည်။
သို့သော်လည်း ဒီခရီးစဥ်တစ်ခုတည်းနဲ့ ယွမ် ၂ သန်း ရရှိနိုင်သဖြင့် သူ့အတွက် ဒုက္ခမများပေ။
ကျန်းကျုထျင်က အသက် ၄၀ ကျော်နေပါပြီ။ အရင် ငယ်ရွယ်စဥ်က ခပ်နုနု ခပ်ချောချော ကြော်ငြာပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း အချိန်ကုန်လွန်မှုကိုတော့ မတွန်းလှန်နိုင်ခဲ့ပါ။ ယခုတော့ သူ့သရုပ်ဆောင်စွမ်းရည်များကို အာရုံစိုက်ပြီး သက်လတ်ပိုင်း ဝါရင့်သရုပ်ဆောင် တစ်ယောက်အဖြစ် အသွင်ပြောင်းနေပါပြီ။
အမှန်ပင်။ ရုပ်ရှင်လောကထဲတွင် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ ထို့ကြောင့် သူ့ကာလတုန်းက သရုပ်ဆောင်များမှာ ရေပန်းစားမှုများ အဆုံးရှုံးမြန်နေပါသည်။ သူတို့ဘာမှ မတတ်နိုင်တော့ဘဲ ပိုပိုပြီး ဒိတ်အောက်လာရုံသာ ရှိသည်။
ယခု ကျန်းကျုထျင်က ဒီလိုငွေရမည့် အခွင့်အရေးမျိုးကို ငြင်းဆန်ရခက်ခဲခဲ့ပါသည်။
ကျန်းကျုထျင်က ယခုလက်ရှိ အိမ်ကထွက်လိုက်တာနဲ့ လူအုပ်ကြီး လိုက်လာသည့် ရေပန်းစား နာမည်ကျော်ပုဂ္ဂိုလ်တွေလို မဟုတ်ပါ။ သူက ပိုပြီး ဇာတ်နိမ့်နေတတ်၏။ ဒီတစ်ခေါက် သူနဲ့ သူ့လက်ထောက်တစ်ယောက်ကိုသာ ခေါ်လာခဲ့ပါသည်။
ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက ကြော်ငြာကို တစ်ရက်တည်းနဲ့ ရိုက်ကူးပြီးစီးနိုင်သည်ဟု ပြောခဲ့သည်။ သူက ကျင်းကျိုးမြို့သို့ ၁၄ ရက်နေ့တွင် ရောက်လာခဲ့၏။ ထို့နောက် တစ်ညတာလောက် အနားယူပြီး နောက်တစ်နေ့ မွန်းတည့်ချိန်လောက်တွင် ရိုက်ကူးရေး အပြီးသတ်မည်။ နေ့လည်နေ့ခင်းလောက်ဆို ကျင်းကျိုးမြို့မှ လေယာဥ်ဖြင့် ပြန်နိုင်ပါပြီ။
ဒီတစ်ခေါက် ကျင်းကျိုးမြို့သို့ ခရီးအား ကျန်းကျုထျင် မျှော်လင့်ချက်ကြီး မထား ထားပေ။
ဘာပဲဖြစ်ဖြစ် ကျင်းကျိုးမြို့မှာ ရှိတဲ့ ဂိမ်းကုမ္ပဏီတစ်ခုက ဘယ်လောက်ကြီးနိုင်မှာမို့လို့လဲ။
ဒီတစ်ခေါက် ကြော်ငြာရိုက်တာကလည်း လုပ်ရိုးလုပ်စဥ်တစ်ခုသာ ဖြစ်နိုင်ပါသည်။
"မစ္စတာကျန်း ကားပေါ်ကြွပါ။ ကျွန်မတို့ ဘော့စ်ဖေးက မစ္စတာကျန်းကို ကြိုဆိုဖို့အတွက် စားသောက်ပွဲ ပြင်ဆင်ထားပြီးပါပြီ။"
လင်းဝမ်က လုပ်ငန်းကားဘေးတွင် ရပ်နေရင်း ပြုံးကာ ပြောလိုက်ပါသည်။
မင်ယွမ်စားဖိုဆောင်တွင်...
ကားပြင်ထွက်လိုက်တာနဲ့ ကျန်းကျုထျင် ဇဝေဇဝါဖြစ်သွားသည့်ပုံပင်။
ဒါ ဘာသဘောလဲ။ ဒါ ဘယ်နေရာကြီးလဲ။
သူ့ရှေ့တွင် သာမန်ပုံစံဖြင့် ဗီလာတစ်လုံးသာ ရှိနေသည်။ ထိုဗီလာကြီးက အလွန်အမင်းကြီးမားပြီး လွန်လွန်ကြူးကြူး ပြုပြင်မွမ်းမံထားမှန်း ကျန်းကျုထျင် သတိထားမိသော်လည်း ဒီလို ဗီလာမျိုးက ဒီလိုနေရာမျိုးမှာ ပေါသောနေမှန်း သိပါသည်။ ဂိမ်းကုမ္ပဏီတစ်ခု၏ ဘော့စ်တစ်ယောက် ဒီလိုအိမ်မျိုး ဝယ်နိုင်တာ ဘာမှ အံ့သြဖို့ မကောင်းပေ။
သို့သော်လည်း မေးခွန်းက ဘာကြောင့် ဘော့စ်ဖေး သူ့ကို ဒီလိုနေရာမှာ ဧည့်ခံရတာလဲ။
ဘော့စ်ဖေးက ဘာကြောင့် ကျန်းကျုထျင်ကို သူ့အိမ်ဆီ ဖိတ်ကြားရတာလဲ။
ကျန်းကျုထျင် ခေါင်းထဲ မေးခွန်းများစွာ ရှိနေတုန်း လင်းဝမ်က ရှုခင်းအကောင်းဆုံး သီးသန့် အခန်းတစ်ခန်းထဲသို့ ခေါ်သွားပါသည်။ ထိုသီးသန့်အခန်းက ဗီလာ၏ တတိယထပ်တွင် ရှိနေပါသည်။ နံရံပြည့် ပြတင်းပေါက်တစ်ခုရှိနေပြီး ထိုပြတင်းပေါက်ကြီးမှ တဆင့် နေဝင်ဆည်းဆာကို ခံစားနိုင်သည်။
နေဝင်သွားသောအခါ ၎င်း၏ ရွှေရောင် အလင်းတန်းများက ဗီလာဘေးက အဆုံးမဲ့ ရေကန်အား တောက်ပသွားစေပြီး ရေကန်ကို ခပ်ဖျော့ဖျော့ ရွှေရောင်လေး လင်းလာစေသည်။
သူတို့ ဘေးပတ်လည်ရှိ တောင်ကုန်းများတွင် သစ်ပင်ထူထူများရှိသည်။ သစ်ပင်များနောက်ကွယ်တွင် ပုန်းကွယ်နေသည့် မင်ယွမ်ဗီလာများအားလုံးကို မြင်နိုင်သည်။ အရာအားလုံးက တကယ့်အရွယ်အစားထက် သေးငယ်နေသည်ဟူသော ခံစားချက်ကို ပေးစွမ်းနေပါသည်။
သီးသန့်အခန်းအလယ်တွင် ဧရာမ ညစာ စားပွဲကြီးတစ်လုံး ရှိနေ၏။ လူ ၁၀ ယောက်ကျော်လောက် ဆံ့သော စားပွဲ မဟုတ်သော်လည်း လူ ၄ ယောက်လောက် ဝင်ဆံ့ပါသည်။
အခန်းကိုလည်း သိသိသာသာ စေ့စပ်စွာ အလှဆင်မြန်းထား၏။ အရာအားလုံးက တစ်ခုနဲ့ တစ်ခု လိုက်ဖက်မှု ရှိသည်။ စားပွဲခုံများ ထိုင်ခုံများကစလို့ အခန်းထဲရှိ အလှဆင်ပစ္စည်းများအထိ၊ စားပွဲပေါ်က လက်သုတ်ပဝါ၊ အလှဆင်ပန်းများအထိ ဖြစ်သည်။
ဘိုကင်တင်လိုက်တာနဲ့ မင်ယွမ်စားဖိုဆောင်ရှိ ဝန်ဆောင်မှု ဝန်ထမ်းများက ဒါတွေအကုန်လုံးကို တာဝန်ယူပြင်ဆင်ထားခြင်း ဖြစ်သည်။
ကျန်းကျုထျင် နားလည်သဘောပေါက်သွားခဲ့၏။ ဒါက သာမန် ဗီလာတစ်လုံး မဟုတ်ပါ။ ထူးခြားပြီး အဆင့်မြင့်သည့် စားသောက်ဆိုင် တစ်ခုသာ ဖြစ်သည်။
ဖေးချမ့်က မတ်တပ်ရပ်ကာ ကျန်းကျုထျင်နှင့် လက်ဆွဲနှုတ်ဆက်ပြီး ကြိုဆိုလိုက်ပါသည်။ "မစ္စတာကျန်း အဝေးကြီးလာခဲ့ရတာပဲ။ ကြိုဆိုပါတယ် ကြိုဆိုပါတယ်။ ကျင်းကျိုးမြို့က သေးသေးလေးပါ။ တခြား ထူးထူးခြားခြား သွားစရာ နေရာ မရှိဘူး။ အဲ့တာကြောင့် ရွေးချယ်စရာ မရှိဘဲ မစ္စတာကျန်းကို ဒီလိုနေရာမှာ ရိုးရိုးရှင်းရှင်း စားသောက်ဖို့အတွက် ဖိတ်ကြားလိုက်ရတာပါ။ ကျေးဇူးပြီး ထိုင်ပါဦး။"
ကျန်းကျုထျင်လည်း နွေးနွေးထွေးထွေး တုန့်ပြန်ကာ သူ့မန်နေဂျာနှင့် အတူတူ ထိုင်လိုက်ပါသည်။
ဖေးချမ့်၊ လင်းဝမ်၊ ကျန်းကျုထျင်နှင့် သူ့မန်နေဂျာတို့ ၄ ယောက်သား စားပွဲတွင် ထိုင်လိုက်ကြသည်။ စားပွဲထိုးများကလည်း အခန်းထဲ ဝင်လိုက်ထွက်လိုက်နှင့်။ သတ်မှတ်ထားသည့် အချိန်နှင့် အော်ဒါများအလိုက် သူတို့ ဟင်းလျာအုပ်စုများကို တည်ခင်းပေးကြပါသည်။
ဖေးချမ့်က ပိုစားသောက်နိုင်ဖို့အတွက် လူနည်းနည်းလောက် ထပ်ခေါ်လာခိုင်းဖို့စဥ်းစားမိသော်လည်း လူတွေအများကြီးပါလာပါက စိတ်ရှုပ်စရာတွေ ဖြစ်လာနိုင်သည်။ ထို့အပြင် ကျန်းကျုထျင်လည်း ဖိအားပေးခံရသလို ခံစားသွားရနိုင်၏။ ထို့ကြောင့် ပြန်စဥ်းစားပြီးနောက် လူနည်းနည်းနဲ့ပဲ တင်းတိမ်ဖို့ ဖေးချမ့် ဆုံးဖြတ်လိုက်ပါသည်။ ဒီလိုမှ ကျန်းကျုထျင်လည်း စိတ်မဖိစီးဘဲ ဟင်းလျာများကို သုံးဆောင်နိုင်ပါလိမ့်မည်။
သူတို့အုပ်စု စားသောက်ကြရင်း ဟိုအကြောင်း ဒီအကြောင်း ပြောကြသည်။
ကျန်းကျုထျင်အကြောင်း ဖေးချမ့် ဘာမှ မသိပါ။ သူသရုပ်ဆောင်ဖူးသည့် ရှိုးတစ်ခုတစ်လေတောင် မသိပါ။ သို့သော်လည်း အရေးမကြီးပေ။ ကျန်းကျုထင်လည်း ဖေးချမ့် ဘယ်လိုဂိမ်းတွေ ထုတ်ထားသလဲ ဘာမှ မသိပါ။ သူတို့နှစ်ယောက်စလုံးက ၎င်းတို့၏ လုပ်ငန်း၌ အောင်မြင်မှုများကို ရန်စသည့်သဘောမပါဘဲ ကြွားဝါကြပါသည်။
ကောင်းတာတစ်ခုက လင်းဝမ် သူမ တာဝန်သူမ ကျေအောင်လုပ်ထားခြင်းပင်။ ကျန်းကျုထျင်၏ ငယ်စဥ်ဘဝက အောင်မြင်မှုများအကြောင်း သူမ ထုတ်ပြော၏။ ထို့ကြောင့် သူ စိတ်ကျေနပ်သွားပါသည်။
တစ်လုတ်နှစ်လုတ်လောက် စားသောက်ပြီးနောက် ဒီမှာ တည်ခင်းပေးထားသည့် အစားအစာများက အလွန်သားနားမှန်း သတိထားမိသွားသည်။ အရင်တုန်းကလည်း သူညစာစားပွဲများစွာ ဖိတ်ကြားခံခဲ့ရဖူးပါသည်။ သူ့မိတ်ဆွေများဖြစ်ဖြစ် သူ့လုပ်ငန်း ပါတနာများဖြစ်ဖြစ် သူ့ကို အတော်လေး ကောင်းမွန်းသော အစားအသောက်များဖြင့်သာ ဧည့်ခံကြသည်။
သို့သော်ဒီလောက် အရသာရှိသည့် အစားအသောက်မျိုးကိုတော့ မစားဖူးသလောက် ရှိပါသည်။
အမှန်ပင်။ ဒီအစားအသောက်အရသာရှိရခြင်းက ဟင်းခတ်မှုန့်များ၊ တခြားပစ္စည်းများကြောင့် မဟုတ်ဘဲ ပါဝင်ပစ္စည်းများကြောင့်သာ ဖြစ်သည်။ အရည်အသွေးအမြင့်ဆုံး အစားအသောက် ထုတ်ကုန်များကသာ ဒီလိုရလဒ်မျိုးကို ဖန်တီးပေးနိုင်သည်။ ကျန်းကျုထျင် ပိုပြီး စားမိလေလေ ပိုပြီး အံ့အားသင့်လာရလေလေ ဖြစ်သည်။ ဒီလို လျှို့ဝှက်စားသောက်ဆိုင်တစ်ခု ကျင်းကျိုးမြို့မှာ တည်ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပါ။
ဒီဘော့စ်ဖေးက ငါ့ကို ဒီလောက်စျေးကြီးတဲ့ ဟင်းလျာတွေနဲ့ ဧည့်ခံနေတာ။ သူ သဘောကောင်းမှန်း သိသာတယ်
ကျန်းကျုထျင်က ကြီးကြီးကျယ်ကျယ် ပြုမူတတ်သည့် နာမည်ကျော်မဟုတ်ပါ။ သူက ခင်တတ်ပြီး ဆက်ဆံရလွယ်ကူသော လူအဖြစ် နာမည်ကြီးသည်။ ယခုလည်း ပျော်ပျော်ရွှင်ရွှင် စားသောက်ပြီး ဖေးချမ့်နှင့်စကားပြောနေပါသည်။
သို့သော်လည်း သိပ်မကြာမီ အလွန်ကောင်းမွန်သည့် ဟင်းတစ်မည်ကို လာရောက် တည်ခင်းပေးပြန်သည်။
သူတို့အုပ်စု ပထမဆုံး ကောင်းမွန်လှသည့် ခံတွင်းမြိန်စာများ မြည်းစမ်းပြီးနောက် စားပွဲထိုးများက ဧရာမ ကဏန်းဘုရင်ကြီး တစ်ကောင်ကို တည်ခင်းပေးလိုက်သည်။ ထိုကဏန်း၏ ဦးခေါင်းကို ကြည့်ခြင်းအားဖြင့် အနည်းဆုံး ၅ ကီလိုဂရမ်လောက် ရှိလိမ့်မည်ဟု ကျန်းကျုထျင် ခန့်မှန်းမိပါသည်။ ဒီဟင်းလျာထဲက ပါဝင်ပစ္စည်းများ၏ ကုန်ကျစရိတ်တစ်ခုတည်းနဲ့ ယွမ် ၆,၀၀၀ - ၇,၀၀၀ လောက် ရှိနိုင်သည်။
ကျန်းကျုထျင်က အဆင်ပြေသည်။ သူ ကမ္ဘာကြီးကို လုံလုံလောက်လောက် မြင်ခဲ့ပြီးပါပြီ။ သို့သော် သူ့လက်ထောက်ကတော့ ဒီလောက် ကြွယ်ဝသည့်အရာမျိုးကို မမြင်ဖူးတာ သိသာပါသည်။ သူ့မျက်လုံးများက အရောင်လက်နေပြီး ဖုန်းကိုယူပြီး ဓာတ်ပုံရိုက်ချင်စိတ်များ အလွန်ပြင်းပြနေပုံရပါသည်။ သို့သော်လည်း အလွန် မသင့်တော်ပါ။
ဖေးချမ့်က အနည်းငယ်ပြုံးလိုက်ပြီး ပြောလိုက်သည်။ "အစားအစာရဲ့ အရသာကို သေချာလေး အာရုံစိုက်ထား။ အဲ့တာမှ သူ့ရဲ့ ရှုပ်ထွေးတဲ့ အရသာတစ်ခုချင်းစီကို ခံစားဖို့ အကူအညီဖြစ်စေမှာ။ ဓာတ်ပုံရိုက်လိုက်တာနဲ့ အရသာက ပြောင်းသွားလိမ့်မယ်။”