← Chapters

ဘောနပ်စ်ပေးနည်းအသစ်

Vol. 16 Ch. 230

ဘောနပ်စ်ပေးနည်းအသစ်

Vol. 16 Ch. 230

ကျန်းကျုထျင်ကို လိုက်ပို့ပြီးသွားသောအခါ ရှန်းယန်ဂိမ်းမှ လူအားလုံး သူတို့ရရှိလိုက်သည့် ဗီဒီယိုဖိုင်အား သင့်တော်မည့် ကြော်ငြာဖြစ်လာအောင် စတင်တည်းဖြတ်ရင်း အလုပ်ရှုပ်ကြသည်။

ဝက်ဘ်ဆိုက်စာမျက်နှာများ၊ ဗီဒီယိုဝက်ဘ်ဆိုက်များနှင့် တခြားနေရာများတွင် ကြော်ငြာ၏ စတိုင်နှင့် ကြာမြင့်ချိန်လိုအပ်ချက်တို့က ခြားနားကြသည်။ ဥပမာအားဖြင့် တချို့ဝက်ဘ်ဆိုက်များက ကြော်ငြာများအတွက် အလျားလိုက်နေရာကိုသာ သတ်မှတ်ပေးထားသည်။ တချို့က pop-up မျက်နှာပြင်များနှင့် တချို့ကတော့ ဗီဒီယီုကို စက္ကန့်ပိုင်းလောက်သာ ခွင့်ပြုပါသည်။

ထို့ကြောင့် ဗီဒီယိုတစ်ခုတည်းကို စတိုင်အမျိုးမျိုး ပြန်လည်ပြုပြင်ရ၏။

သူတို့ စက္ကန့်ဆယ်ကျော် ဗီဒီယိုတစ်ခုကို စက္ကန့်ပိုင်း အနည်းငယ်လောက်အထိ ဖြတ်တောက်ရမည်ဆိုပါက ဗီဒီယို၏ အရေးအကြီးဆုံး အပိုင်းများကိုသာ ရွေးချယ်ရမည်။

ထိုအချိန်တွင် ဘော့စ်ဖေးဘယ်လောက်တောင် ရှေ့ရေးကို ကြိုတွေးတတ်သလဲဆိုတာ အားလုံး နားလည်သဘောပေါက်သွားကြခြင်းဖြစ်သည်။

သူတို့ ရိုက်ကူးလိုက်သည့် ဗီဒီယိုက ပြုပြင်မှု အနည်းငယ်လောက် ပြုလုပ်လိုက်ရုံနဲ့ ပြီးပြည့်စုံသည့် ဝက်ဘ်ဆိုက် ကြော်ငြာတစ်ခုအဖြစ် ပြောင်းလဲနိုင်ပါသည်။

ကျန်းကျုထျင်၏ စာသားများက အတော်တိုတောင်းသည်။ ထို့အပြင် အကြောင်းအရာလည်း များများစားစား မပါဝင်ပါ။ ဗီဒီယိုကို အကြမ်းဖျင်း ဖြတ်တောက်ပစ်ပြီး ပြန်လည် ပေါင်းစပ်လိုက်ခြင်းဖြင့် ဗီဒီယို၏ မူရင်း အဓိပ္ပာယ်ကို သက်ရောက်မှု မရှိစေပါ။ ထို့ကြေင့် အယ်ဒီတာများကို ဗီဒီယိုအား စမ်းသပ်ကစားကြည့်ဖို့ အခွင့်အလမ်းများစွာ ပေးပါသည်။

ကစားသမားများက နောက်ပိုင်း ကြော်ငြာတစ်ခုတည်းကို ကြည့်ရတာ ငြီးငွေ့လာပါက သူတို့ လုပ်ဖို့ လိုတာဆိုလို့ ဗီဒီယိုကို ထပ်ဖြတ်တောက်ပြီး ကြော်ငြာအသစ်စက်စက်တစ်ခုဖြစ်အောင် ဖန်တီးလိုက်ရုံပင်။

"ဘော့စ်ဖေး ကျန်းကျုထျင်ရဲ့ မန်ဒရင်းလေသံက မကောင်းဘူးနော်။ သူ့အသံက တော်တော် ဆိုးတယ်။ ကျွန်တော်တို့ သူ့အသံကို ဖုံးဖို့ ပရော်ဖက်ရှင်နယ် အသံသရုပ်ဆောင် တစ်ယောက်လောက် ငှားလိုက်ရမလား။ ဘာပဲဖြစ်ဖြစ် အဲ့လောက်လည်း စျေးကြီးမှာ မဟုတ်ဘူးလေ" ယဲ့ကျစ်ကျိုးက အကြံပေးလိုက်သည်။

ဖေးချမ့် ချက်ချင်းပဲ ခေါင်းခါပစ်လိုက်၏။ "မလုပ်နဲ့။ ဒီတိုင်းပဲ ထားလိုက်ရအောင် ရုပ်ရှင်ဘုရင်ကြီးရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ စာသား တင်ဆက်ပုံတွေကို ယုံကြည်လိုက်စမ်းပါ။ ပြီးတော့လည်း ဒီကြော်ငြာရဲ့ အကြမ်းဖျင်းဆန်မှုက သူနဲ့ ပရိသတ်တို့ကြားက ကွာဟမှုကို ဆက်သွယ်ပေးနိုင်တယ်။ သူ့အသံကိုဖုံးဖို့ သူများကို ငှားလိုက်ရင် ကြော်ငြာက အသက်ဝိညာဥ် ဘယ်ရှိပါတော့မလဲ။ မင်း နားလည်လား။"

"အာ..." ဘော့စ်ဖေး၏ ပြောစကားက တစ်ခုခုမှားနေသည်ဟု ယဲ့ကျစ်ကျိုး မသဲမကွဲ ခံစားမိသည်။

သို့သော်လည်း ထပ်စဥ်းစားကြည့်ခါမှ သူတို့ ဒီလောက် ခွကျသည့် ဗီဒီယိုကိုတောင် ရိုက်ကူးပြီးခဲ့ပြီ ဖြစ်သည်။ ဘာကြောင့် စိတ်ရှုပ်ခံ ထပ်ပြီး တည်းဖြတ်နေဦးမှာလဲ။

သာမန် ဝက်ဘ်ဆိုက်ဂိမ်မာများအား ဒီဂိမ်းကစားဖို့ ဆွဲဆောင်နိုင်ရန်အတွက် ဒီလိုခွကျသည့် ဗီဒီယိုကို ရိုက်ကူးဖို့ ဒိတ်အောက်နေသည့် ဟောင်ကောင်နာမည်ကျော်တစ်ယောက်ကို ဘော့စ်ဖေး တမင်သက်သက် ရှာဖွေခဲ့သည်ဟု ဒါရိုက်တာလင်းက ခန့်မှန်းသည်။

ဒီလိုဆိုမှတော ကြော်ငြာက အဆင့်အတန်းတွေ ဘာတွေနဲ့ မသက်ဆိုင်တော့ပါ။ ဒီလိုပိုပြီး ခွကျသည့်ပုံစံနဲ့ ကြော်ငြာကို ထုတ်လုပ်မှ အဓိိပ္ပာယ်ရှိပါလိမ့်မည်။

ထိုအတွေးဖြင့် ယဲ့ကျစ်ကျိုးတစ်ယောက် ဘာမှ မပြောတော့ပေ။ ထို့အစား မားကတ်တင်း ကိစ္စများကို ညွှန်ကြားချက်အတိုင်းပြင်ဆင်လိုက်သည်။ ဂိမ်း၏ ဖန်တီးလေ့လာမှုအပိုင်း ပြီးမြောက်သွားတာနဲ့ ကြော်ငြာကို နေရာတိုင်းမှာ ချဖို့ အသင့်ဖြစ်နေပါပြီ.

အခုချိန်ဆို သူတို့ Bloody Battle Song : ပိုကြမ်းသည့် ဗားရှင်းအား ဖန်တီးနေခဲ့သည်မှာ ၁လနဲ့ လဝက်လောက် ကြာမြင့်ခဲ့ပါပြီ။

သူတို့က ဂိမ်းကို သုညမှ စတင်ဖန်တီးခဲ့ကြသော်လည်း Bloody Battle Song ၏ ဂိမ်းကစားပုံကို အနည်းနဲ့ အများဆိုသလို ကော်ပီကူးခဲ့ကြရသည်။ သုံးစွဲရမည့် ပန်းချီအရင်းအမြစ်တွေအကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း နားလည်သည်။ သူတို့ Update တင်လိုက်ရုံသာ ဖြစ်သည်။

အလုပ်အရှုပ်ဆုံးက ပန်းချီအရင်းအမြစ်များ ဖြစ်သည်။ ဒီအလုပ်ကို တခြားကုမ္ပဏီများစွာထံတွင် အပ်ခဲ့သဖြင့် ပန်းချီအရင်းအမြစ်များကို အလွန်လျှင်မြန်စွာဖြင့် ထုတ်လုပ်နိုင်နေပါသည်။

သူတို့ခန့်မှန်းခြေအတိုင်းဆို ဂိမ်းက စက်တင်ဘာလဆန်းပိုင်းလောက်တွင် ပြီးမြောက်သွားလိမ့်မည်။ ဒါက သူတို့မူလ အစီအစဥ်ထထက် အနည်းငယ် ပိုစောနေပါသည်။

သူတို့ ဂိမ်း၏ ဖန်တီးလေ့လာမှုအပိုင်းကို စောစော ပြီးမြောက်သွားမည်ဖြစ်သဖြင့် စမ်းကစားကြည့်ဖို့ အချိန်ပိုပေးနိုင်လိမ့်မည်။ ဂိမ်း၏ ကိန်းဂဏန်းအချက်အလက်များကို အာရုံစိုက်ပြီး တိုးတက်အောင် လုပ်နိုင်ပါလိမ့်မည်။ ဒီလိုဆို ပြိုင်ဘက်ဂိမ်းများအား ပိုအနိုင်ယူနိုင်ပါလိမ့်မည်...။

အနှစ်ချုပ်ပြောရလျှင် ဒီ့အတွက် အားသာချက်က များစွာရှိနေပါသည်။

ယခုသူတို့ ကြော်ငြာကဏ္ဍ ပြီးမြောက်လုနီးပါး ဖြစ်နေပြီဖြစ်သဖြင့် ယဲ့ကျစ်ကျိုးက သူ့အားအင်များကို ဂိမ်းဖန်တီးမှုအပိုင်းတွင်သာ အားစိုက်ထားဖို့ စီစဥ်ထား၏။ ဒါမှ ဂိိမ်းကို ကစားသမားများထံသို့ တတ်နိုင်သမျှ အမြန်ဆုံး ချပြပေးနိုင်မည်ဖြစ်သည်။

...

...

တစ်ချိန်တည်းမှာပင် ဖေးချမ့်လည်း အလုပ်များနေပါသည်။ ထန်းတာ့ဂိမ်း၏ ဂိမ်းဖန််တီးလေ့လာမှုကို ဆန်းစစ်ရသလို ဖေးဟွမ်လုပ်ငန်းကိုလည်း သတိထားနေရသည်။

အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်း၏ ဖန်တီးလေ့လာမှု အပိုင်းက ချောချောမွေ့မွေ့ အောင်မြင်နေပါသည်။ အခုဆို ဂိမ်း၏ ၆၀ ရာခိုင်နှုန်းလောက်ကို ပြီးမြောက်သွားပြီဖြစ်၏။ ၎င်းတို့၏ ပြီးမြောက်နှုန်းအရဆို ဂိမ်းကို အောက်တိုဘာလလယ်လောက်တွင် ထုတ်လုပ်ဖို့ အသင့်ဖြစ်နိုင်ပါသည်။ အစမ်းကစားမှုများ၊ ချိန်ညှိမှုများနှင့် ဟာကွက်များ ဖာထေးခြင်းတို့လည်း အပါအဝင်ဖြစ်သည်။

လီယာတာ့ကို တတ်နိုင်သမျှ အမြန်ဆုံး Demo ဗားရှင်းထုတ်ပေးဖို့ ဖေးချမ့်က ညွှန်ကြားထား၏။ သူ အရင်ဆုံး ကစားချင်သောကြောင့် ဖြစ်သည်။

တစ်ဖက်မှာတော့ ဂိမ်းက သူမျှော်လင့်ထားသလောက် ခက်ခဲမလားဆိုတာကို စစ်ဆေးဖို့ဖြစ်သည်။ နောက်တစ်ဖက်မှာတော့ ဂိမ်းထဲက 'ဘော့စ်ဖေး၏ အထူးလက်နက်'ကို ကစားသမားတွေ ရှာတွေ့ဖို့ အခက်ဆုံးနေရာမှာ ဖွက်ချင်သောကြောင့် ဖြစ်သည်။

စနစ်က ဖေးချမ့်ကို သူ့ကိုယ်ပိုင် စွမ်းရည်ဖြင့် ဂိမ်းအား အနိုင်ယူဖို့ သတ်မှတ်ထားသည်။

ရိုးရိုးသားသား ပြောရလျှင် ဖေးချမ့်က ဂိမ်းကစားရာတွင် လုံးဝ ညံ့ဖျင်းသူတော့မဟုတ်ပေ။ အမှန်ပင်။ အရမ်းကြီးတော်နေသည်ဟုလည်း မဆိုလိုပါ။ သူက သာမန်ဂိမ်မာတစ်ယောက်သာဖြစ်သည်။ တန်းတူညီမျှ ညံ့ဖျင်းသည့် ဂိမ်မာတစ်စုထဲ ထည့်ပေးလိုက်သောအခါ တခြားသူတွေကို သူ အကူအညီပေးနိုင်ပါသည်။

ဟာကွက်များကို ဖေးချမ့် အခွင့်ကောင်းမယူစေဖို့သာ စနစ်က ထိုကဲ့သို့ ကန့်သတ်ချက်မျိုး လုပ်ရခြင်း ဖြစ်သည်။

ဥပမာအားဖြင့် ဖေးချမ့်က ဂိမ်းအစပိုင်းရှိ ပထမအဆင့် မွန်းစတားများကို ကစားသမားများထက် အများကြီး ပိုသန်မာအောင် လုပ်လိုက်ခြင်းမျိုး ဖြစ်သည်။ တိုက်ခိုက်အား၊ တိုက်ခိုက်နှုန်းနှင့် လှုပ်ရှားမှု အမြန်နှုန်းတို့အရ မွန်းစတားများက ကစားသမားများထက် အများကြီး သာလွန်နိုင်သည်။ ကစားသမား တစ်ယောက် ဘယ်လောက်ပဲ တော်နေပါစေ စက္ကန့်ပိုင်းတွင်း သေသွားလိမ့်မည်။ အလွန်ရှားပါးသည့် ဂိမ်းနတ်ဘုရားတချို့ကသာ ပထမ အဆင့်ကို အောင်နိုင်ရုံ အောင်မြင်ပါလိမ့်မည်။

ဒါက ကစားသမားတွေကို ရည်ရွယ်ချက်ရှိရှိ မောင်းထုတ်နေတာနဲ့ တူနေပါသည်။ ထို့ကြောင့် ယုတ္တိရှိမည် မဟုတ်ပါ။

သာမန်နှင့် သာမန်ထက် အနည်းငယ် တော်ပြီး ဂိမ်းအကြောင်း နားလည်မှုရှိသည့် (ဖေးချမ့်လည်း ဂိမ်းစနစ်အကြောင်း အတော်လေး နားလည်ထားပါသည်) လူများသာ အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက် ဂိမ်းကိုအောင်နိုင်ဖို့ စနစ်က ဒီကန့်သတ်ချက်ကို ဖန်တီးလိုက်ရခြင်း ဖြစ်သည်။

ဒီလိုမှ ဂိမ်းက ခက်ခဲနေဦးမည်ဖြစ်သော်လည်း ကစားသမားအများစုကတော့ နိုင်နိုင်သေးသည်ဟူသော မျှော်လင့်ချက်ဖြင့် ဆက်ကစားနေနိုင်မည်ဖြစ်သည်။

သို့သော်လည်း ဖေးချမ့်က အလွန်ဉာဏ်ကောင်းသဖြင့် ဒီပြဿနာကိုလည်း တစ်ပတ်ရိုက်နိုင်မည့် နည်းလမ်းတစ်ခု စဥ်းစားမိသွားပါသည်။

သူ့မှာ အဓိက စဥ်းစားစရာ ၃ ခု ရှိ၏။

ပထမတစ်ခုက စနစ်က ဖေးချမ့်ကို ဂိမ်းနိုင်ရမည်ဟု သတ်မှတ်ထားသော်လည်း ဖေးချမ့် ဘယ်လောက်အချိန်ယူရမည်ဟူ၍ သတ်မှတ်ထားတာ မရှိပါ။

ဖေးချမ့် နိုင်ဖို့ အကြိမ် ၁၀၀ လောက် ကြိုးစားရင်တောင်၊ Demo စရရှိသည့် အချိန်ကစလို့ ဂိမ်းကို တရားဝင်ထုတ်လုပ်သည့် အဓိအထိ ကစားရမည်ဆိုရင်တောင် အနိုင်ရသည်ဟု သတ်မှတ်ခံရမည် ဖြစ်သည်။

ဒုတိယတစ်ခုက ဖေးချမ့်တစ်ယောက် ဘယ်ပုံဘယ်နည်းဖြင့် အနိုင်ရရမည်ဟူ၍ စနစ်က မကန့်သတ်ထားပါ။

အလွန်အမင်း စွမ်းအားကြီးသော လက်နက် တစ်ခုခုကို ဂိမ်းထဲက တစ်နေရာရာမှာ သူ ဖွက်ထားနိုင်သည်။ ဘယ်သူမှ မထင်လောက်မည့် နေရာမျိုးတွင် ဖြစ်၏။ ထိုလက်နက်ဖြင့် မွန်းစတားများကို အကုန်ရှင်းနိုင်ပါက အနိုင်ရသူအဖြစ် သတ်မှတ်ခံရဦးမည်ဖြစ်သည်။

နောက်ဆုံးတစ်ခုကတော့ ဖေးချမ့် ဘယ်ဇာတ်သိမ်းကို ရရမည်ဟူ၍ စနစ်က သတ်မှတ်ထားတာမျိုး မရှိပါ။

ဂိမ်းအတွက် ဇာတ်သိမ်းပေါင်းစုံကို သူ ဖန်တီးနိုင်သည်။ တစ်ခုက ကစားသမားများကို ဂိမ်း၏ ဇာတ်လမ်းအား ၃၀ ရာခိုင်နှုန်း ပွင့်ဖို့ လိုအပ်၏။ ဂိမ်း၏ ဇာတ်သိမ်းတစ်ခုကို ရရှိနိုင်ဖို့ အတိုဆုံးလမ်းကို ရွေးရင်တောင် အနိုင်ရသည်ဟု သတ်မှတ်ခံရမည် မဟုတ်ပါလား။

ထို့ကြောင့် ဖေးချမ့် သေသေချာချာ ပြင်ဆင်ထားပြီးပါပြီ။ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်း Demo ထွက်လာမည့်အချိန်ကို စောင့်နေလိုက်မည်။ ထို့နောက် သူ့အထူးလက်နက်ကို ဖွက်ဖို့ နေရာ တစ်ခုခု ရှာမည်။ ထို့နောက် သူ့လေ့ကျင့်မှုကို စတင်မည်။

Demo က နှစ်ရက်၊ သုံးရက်အတွင်း ထွက်လာနိုင်သည်။ ထိုအခါ ဘော့စ်ဖေး အလုပ်များရပေဦးမည်။

အားလုံးက ပင်ပန်းရမည့်ပုံစံပေါက်နေသော်လည်း 'အနာခံမှ အသာစံရ' ဟူသော ဆိုရိုးစကားအတိုင်း သူအရှုံးပေါ်ချင်လျှင် မကြိုးစားဘဲ နေလို့ရပါ့မလား။

အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းအတွက် ယွမ် ၂ သန်းနီးပါးလောက် သူရင်းနှီးမြှုပ်နှံထားသည်။ ဒါတွေအကုန်လုံးကို အလကားဖြစ်ခွင့်မပေးနိုင်ပါ။

...

...

ထို့အပြင် ကုမ္ပဏီ၏ အစဥ်အလာတချို့ကိုလည်း ပြုပြင်ဖို့ ဖေးချမ့် စဥ်းစားထားသည်။ လောလောဆယ် ထန်းတာ့ဂိမ်း၏ ပရောဂျက် ဆုလာဘ်များနှင့် ဘောနပ်စ်တို့ဖြစ်၏။ ဂိမ်းတိုင်း၏ အမြတ်အစွန်း ၁၅ ရာခိုင်နှုန်းတိုင်းကို ဝန်ထမ်းများအား ဘောနပ်စ်အဖြစ် ခွဲဝေပေးအပ်သွားမည်။

ဖေးဟွမ်လုပ်ငန်းလည်း ထိုနည်းလည်းကောင်းပင်။ အမြတ်အစွနး၏ ၃၀ ရာခိုင်နှုန်းကို ထိုလုပ်ငန်း၏ မန်ဘာများအား ဆုလာဘ်သဘောမျိုးဖြင့် ခွဲဝေပေးသွားပါမည်။

ဒီလိုနည်းစနစ်ကို စဥ်းစားမိရသည့် ဖေးချမ့်၏ မူလရည်ရွယ်ချက်ကတော့ သူရရှိထားသည့်ငွေများကို များနိုင်သမျှ များများဖြုန်းပစ်နိုင်ဖို့သာဖြစ်သည်။။ ဒါဆို စနစ်ငွေများ ဖြုန်းတီးနိုင်ဖို့ ခေါင်းခြောက်ခံ စဥ်းစားနေစရာ နည်းပါးသွားနိုင်ပါသည်။

သို့သော်လည်း သေချာပြန်စဥ်းစားကြည့်ပြီးမှ ဒီလိုနည်းစနစ်မျိုးတွင် ပြဿနာတစ်ခုခုကို တွေ့ရှိသွားသည်။

သူတို့ ဒီလိုမျိုး များပြားသည့် ပရောဂျက် ဘောနပ်စ်များ ရရှိကြပါက ဝန်ထမ်းတွေက များများထပ်ရဖို့ စိတ်အားထက်သန်သွားကြလိမ့်မည်။

ဥပမာဖေးဟွမ် လုပ်ငန်းကိုပဲနမူနာယူကြည့်ပါ။ သူတို့ အရင်ရုပ်ရှင်မှ ငွေများများစားစား ပြန်မရခဲ့ပေ။ ထို့ကြောင့် ဟွမ်စစ်ပေါ်နှင့် ကျူးရှောင်စဲတို့နှစ်ယောက် သူတို့အခြေခံလစာကိုသာ ဘောနပ်စ် တစ်ပြားတစ်ချပ်မှ မပါဘဲ ရရှိခဲ့ကြခြင်း ဖြစ်သည်။

ဖေးချမ့်က သူတို့ကို အစကတည်းက အခြေခံလစာမြင့်မြင့် ပေးထားကာ ဗီဒီယိုက ဝေဖန်မှုကောင်းများ ရရှိခဲ့သော်လည်း ၎င်းတို့၏ ဝင်ငွေကတော့ တကယ်ပဲ ထိခိုက်သွားခဲ့ပါသည်။

ထို့ကြောင့် ဒီတစ်ခေါက် သူတို့ ဒစ်ဂျစ်တယ် ထုတ်ကုန်ပစ္စည်း review များရိုက်ကူးပြီး ဗီဒီယိုအတိုများ ထုတ်လုပ်ဖို့ ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။ ဒီလိုဆို သူတို့စပွန်ဆာ ရနိုင်ခြေ တိုးမြင့်သွားနိုင်ပါသည်။ ဒီလိုလုပ်ရတာ သူတို့လစာနဲ့များ သက်ဆိုင်နေမလားဟု ဖေးချမ့် တွေးမိပါသေးသည်။

အမှန်ပင်။ သူတို့ဘော့စ်ဖေးကို စိတ်မပျက်စေချင်တာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေပါသည်။ ဘော့စ်ဖေး အမြဲတမ်း သူတို့အတွက် ဝင်ကူပေးစရာမလိုအောင် ဖေးဟွမ် လုပ်ငန်းကို အမြတ်အစွန်း ရစေချင်ခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့အတွက် ဘောနပ်စ် နည်းနည်းလောက်ပေးပြီး အားပေးဖို့လည်း လိုအပ်ပါသေးသည်။

ထို့ကြောင့် တစ်ခုခုမှားယွင်းနေသည်ဟု ဖေးချမ့် ဆက်တိုက်ခံစားနေရခြင်းပင်။

ဒီလိုဘောနပ်စ်ခွဲဝေပေးသည့် နည်းလမ်းမျိုးက ရေဆာလောင်မှုဖြေဖျောက်ဖို့ အဆိပ်သောက်လိုက်ခြင်းနှင့် တူညီနေ၏။

ဖေးချမ့် လတ်တလော ငွေများများ ပိုဖြုန်းနိုင်ဖို့ အကူအညီဖြစ်တာ မှန်သော်လည်း ဝန်ထမ်းတွေ ကုမ္ပဏီအတွက် ငွေများများပိုရှာပေးနိုင်အောင် စိတ်ဓာတ်မြှင့်တင်ပေးလိုက်သလိုလည်း ဖြစ်နေပါသည်။ ထို့ကြောင့် ဖေးချမ့်၏ ကံဆိုးမှုအရင်းအဖြစ်ဖြစ်သော စနစ်ရန်ပုံငွေထဲသို့ ငွေတွေ ပိုရောက်လာနိုင်ပါသည်။

ထို့ကြောင့် ဖေးချမ့် ဒီနည်းစနစ်ကို ပြောင်းလဲရဦးမည်။

အမှန်ပင်။ ဘောနပ်စ်စနစ်ကို ဖယ်ရှားလို့တော့မရပါ။ လူသားမဆန်ရာကျသွားမည်။ ထို့အပြင် ဘောနပ်စ်များကို သူ့အိပ်ထဲသူထည့်ပါကလည်း သူ့အတွက်သူ ဒုက္ခပေးရာကျဦးမည်။ စနစ်ရန်ပုံငွေများ ဖြုန်းတီးဖို့ ကြိုးစားရာတွင် ပိုစိတ်ညစ်ရလိမ့်မည်။

ထိုပြဿနာအားလုံးကို ဖြေရှင်းဖို့အတွက် ပြီးပြည့်စုံနေသော ဖြေရှင်းချက်တစ်ခုကိုဖေးချမ့် လိုအပ်နေသည်။

ငွေကိုလည်း ခွဲဝေပေးကာ ကုမ္ပဏီအတွက် ဝန်ထမ်းတွေ အမြတ်ပိုဝင်လာစေချင်သည့် စိတ်အားထက်သန်မှုမျိုး ဝင်မလာအောင်လည်း တားရမည်။

နည်းနည်းလောက် စဥ်းစားကြည့်လိုက်သောအခါ အကြံကောင်းတစ်ခုကို ဖေးချမ့် နောက်ဆုံးတော့ တွေးမိသွားပါသည်။

ဝန်ထမ်းများ၏ ဘောနပ်စ်ကို သူ ပုံသေထိန်းသိမ်းထားနိုင်သဖြင့် တိုးလာနိုင်မည့် မျှော်လင့်ချက်အရ ဘောနပ်စ်များကို ဝင်ငွေအမြတ်အစွန်းအစား ဂုဏ်သတင်းအပေါ် အခြေခံပြီး ခွဲဝေပေးလိုက်မည်။

တစ်နည်းအားဖြင့် အရင်တုန်းက ပရောဂျက်တစ်ခုစီ၏ ဝင်ငွေအမြတ်အစွန်းပေါ်မူတည်ပြီး ဘောနပ်စ်များ ခွဲဝေပေးခဲ့သော်လည်း အခုတော့ ပရောဂျက်၏ ဂုဏ်သတင်းအပေါ် မူတည်ပြီး ဘောနပ်စ်များ ခွဲဝေပေးသွားမည်။

ပရောဂျက်တစ်ခု၏ ဂုဏ်သတင်းပိုမွှေးလေလေ ဝန်ထမ်းများရမည့် ဘောနပ်စ််ပိုများလေလေ ဖြစ်သည်။ အရှုံးပေါ်ခဲ့သည့် 'ပိုးအိမ်ထဲမှ လိပ်ပြာအဖြစ် ပြန်လည်မွေးဖွားလာခြင်း' ကဲ့သို့ ပရောဂျက်မှာတောင် ဂုဏ်သတင်း မွှေးပါက ဝန်ထမ်းများ ဘောနပ်စ် အပြည့်အဝ ရနိုင်သေးသည်။

ပရောဂျက်၏ ဂုဏ်သတင်းသတ်မှတ်ဖို့အတွက် အဆင့်သတ်မှတ်ချက်စနစ်တစ်ခုကို စဥ်းစားမိ၏။ S အဆင့်၊ A အဆင့်၊ B အဆင့် ၊ C အဆင့်စသဖြင့် သတ်မှတ်ထားမည်။ ပရောဂျက်တစ်ခုထဲ ထည့်သွင်းထားသည့် ရင်းနှီးမြှုပ်နှံငွေအလိုက် ဖေးချမ့်က ပရောဂျက်၏ ဂုဏ်သတင်းကို အဆင့်သတ်မှတ်မည်။

အဆင့်တစ်ခုချင်းစီအလိုက် ထိုပရောဂျက်တွင် ပါဝင်လုပ်ဆောင်ခဲ့သည့် ဝန်ထမ်းများ မတူညီသည့် ဘောနပ်စ်များကို ရရှိမည်ဖြစ်သည်။

ဘောနပ်စ်ရာခိုင်နှုန်းက ပရောဂျက်အမျိုးအစားပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါသည်။

ဥပမာအားဖြင့် ဂိမ်းတွေက ပုံမှန်ဆို အချိန်ကြာမြင့်စွာ အမြတ်အစွန်းရနေတတ်သည်။ ထို့ကြောင့် ဘောနပ်စ် ခွဲဝေပေးမည့် ကာလကလည်း အနည်းငယ်ပိုပြီး ကြာမြင့်သွားလိမ့်မည်။ တစ်ဖက်မှာတော့ ဗီဒီယိုတွေက တင်ဆက်ပြီး ပထမ ၃ လအတွင်း ရေပန်းအစားဆုံး ဖြစ်သည်။ ဆိုလိုတာက ဘောနပ်စ်တွေကို တစ်ခါတည်းအပြီး ခွဲဝေပေးနိုင်ပါသည်။

ဒီလိုဆို ဝန်ထမ်းတွေလည်း အမြတ်အစွန်းအစား သူတို့ပရောဂျက် ဂုဏ်သတင်းမွှေးဖို့သာ အာရု့စိုက်ကြလိမ့်မည်။

ဖေးချမ့်က အားလုံးကို အမြတ်မရသော်လည်း အလွန်နာမည်ကြီးလာနိုင်မည့် ပရောဂျက်များဖန်တီးဖို့ တိုက်တွန်းမည်ဖြစ်သည်။ ဒီလိုမှသာ ဖေးချမ့် အမြတ်မရနိုင်ဘဲ ဝန်ထမ်းတွေလည်း ဘောနပ်စ်အများကြီး ရနိုင်ကြလိမ့်မည်။ မပြီးပြည့်စုံဘူးလား။

အမှန်ပင်။ နာမည်လည်းကြီး၊ အမြတ်အစွန်းလည်း ရလာနိုင်မည့် ပရောဂျက်များလည်း ရှိနိုင်ပါသေးသည်။

သို့သော်လည်း ဒါတွေက အနည်းစုသာဖြစ်၏။

အခြေအနေ အများစုအောက်တွင် ဂုဏ်သတင်းနဲ့ နာမည်က ပြောင်းပြန်အချိုးကျသည်။ နှစ်ခုစလုံးကို ရရှိနိုင်ဖို့ဆိုတာ ဝန်ထမ်းတွေအတွက် ခက်ခဲလွန်းပါလိမ့်မည်။

ထို့ကြောင့် ဒီအစီအစဥ်၏ လက်တွေ့အသုံးချနိုင်မှုအပေါ် ဖေးချမ့် စဥ်းစားဖို့ ဆုံးဖြတ်လိုက်၏။။ ဂိမ်းကို မထုတ်လုပ်ခင် စည်းမျဥ််း စည်းကမ်းများရေးဆွဲပြီး ဒီပလန်ကိုချပြမည်။ စည်းမျဥ်းများရေးဆွဲပြီးကာ သူ့ဝန်ထမ်းအားလုံး၏ ထောက်ခံချက်ကို ရပြီးတာနဲ့ အာနိသင်က နက်နဲပြီး ရေရှည်ခံလိမ့်မည်။ ဒီအစီအစဥ်၏ အသီးအပွင့်များကို အချိန်အကြာကြီး ခူးဆွတ်နိုင်လိမ့်မည်ဟု ဆိုနိုင်ပါသည်။

သူ့ဝန်ထမ်းများ အမြတ်အစွန်းအကြောင်းမေ့ပြီး သူတို့ပရောဂျက်များ၏ ဂုဏ်သတင်းမွှေးဖို့သာ အားထုတ်ကြလိမ့်မည်ဟူသော အတွေးဖြင့် ကုမ္ပဏီကြီးတစ်ခုလုံး အလွန်အမင်း မွန်မြတ်လာသလို ဖေးချမ့် ခံစားလိုက်ရပါတော့သည်။

All Chapters