သမိုင်းဝင် အတုအယောင် Review သမားများ
Vol. 16 Ch. 231
ထို့အပြင် ဖေးဟွမ်လုပ်ငန်း၏ ပရောဂျက်အသစ်လည်း ရှိနေသေးသည်။
'ဂုဏ်သတင်းအခြေခံ ဆုလာဘ်' စနစ်၏ စည်းမျဥ်းများကို ရေးဆွဲပြီးတာနဲ့ ဂိမ်းဌာနပဲဖြစ်ဖြစ် ဖေးဟွမ်လုပ်ငန်းရှိ ဗီဒီယိုအတိုဌာနပဲဖြစ်ဖြစ် ထိုဌာနများ၏ ဦးတည်ချက်အပေါ် သေချာပေါက် ချိန်ညှိမှုများ ဆောင်ရွက်ရပါမည်။
သို့သော်လည်း သိပ်မလိုတော့သည့် အနာဂတ်တွင် ဖေးဟွမ်လုပ်ငန်းက စပွန်ဆာများစွာ ရလာနိုင်ဦးမည်ဖြစ်သည်။
ထို့ကြောင့် ဖေးချမ့်က ဖေးဟွမ့်လုပ်ငန်းကို 'ကူညီ' ပေးဖို့ စဥ်းစားပေးသင့်သည်ဟု ခံစားမိသည်။ စပွန်ဆာပါတနာများ၏ အနုတ်သဘောဆောင်သည့် ရှုထောင့်များကို အသိပေးပြီး လူထု၏ တုန့်ပြန်မှုကို ပြသလိုက်မည်။ ဒီလိုသာဆို လုပ်ငန်းမော်ဒယ်ကို အမြတ်ရဖို့ ဦးစားပေးခြင်းထက် ဂုဏ်သတင်း ပိုမွှေးဖို့ ဦးစားပေးရန် ပြောင်းလဲပေးနိုင်လိမ့်မည်။
မုန်တိုင်းကို မဖြတ်ကျော်လျှင် သက်တံ့ကိုမြင်နိုင်လိမ့်မည် မဟုတ်ဟူသော ဆိုရိုးစကားအတိုင်းပင်။ ဖန်လုံအိမ်ထဲ၌ ပန်းများ ပွင့်ဖူးအောင် လုပ်ဖို့က မလွယ်ကူပါ။
ဖေးချမ့်က သူတို့ကို စပွန်ဆာပါတနာများ လျှော့ပြီး လက်ခံစေချင်ရုံသာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် လာမည့် ငွေစာရင်းရှင်းချိန်ရောက်ဖို့အတွက် ၂ လသာလိုတော့သည်။ စနစ်၏ အထူးဆုလာဘ်ကို ရဖို့ ဖေးချမ့် ဘာကိုမှ မှားယွင်းခွင့် မပေးနိုင်ပါ။
ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲဆိုတာကတော့...
ဖေးချမ့် အိုင်လီကျွန်းဝက်ဘ်ဆိုက်ထဲ တိုးတိုးတိတ်တိတ်ဝင်လိုက်ပြီး 'ရှောက်ဟူဝေဖန်ချက်များ' ဟု ခေါ်သည့် UP မာစတာတစ်ယောက်ကို သီးသန့်မက်ဆေ့ချ်တစ်ဆောင် ပို့လိုက်သည်။
အရင်တစ်ခေါက် မတော်တဆမှုဖြစ်ပြီးကတည်းက ရှောက်ဟူဝေဖန်ချက်များ နောက်ကွယ်က လူတွေက ရှိန်စရာကောင်းသည်ဟု အနည်းနဲ့ အများဆိုသလို ခန့်မှန်းမိပါသည်။ စပွန်ဆာပါတနာကိစ္စပဲဖြစ်ဖြစ် တချို့ ထုတ်ကုန်တွေကို နာမည်ဖျက်ဖို့ပဲဖြစ်ဖြစ် ရှောက်ဟူ ဝေဖန်ချက်များက ကျွမ်းကျင်သည်။
ဒီလို UP မာစတာက အတုအယောင် review သမားများနှင့် မသိဘူးဆိုတာမျိုး ဖေးချမ့် မယုံကြည်နိုင်ပါ။ ဒီလို အချိန်အခါမျိုးအတွက်ပဲ အရင်တုန်းက ဒီ UP မာစတာကို သေသေချာချာ မှတ်သားထားခဲ့သည်။
ဖေးချမ့်က အမာခံဝေဖန်ချက်များ၏ အိုင်လီကျွန်းအကောင့်ဖြင့် မက်ဆေ့ချ်ပို့လိုက်သည်။ သူလည်း တခြား chatbot အကောင့်တစ်ခုဖွင့်ထားပါသည်။ ဒီကိစ္စကြီး၏ နောက်ကွယ်တွင် သူကြိုးကိုင်ထားမှန်း ဘယ်သူမှ မသိအောင် သေချာဖုံးကွယ်မှ ဖြစ်မည်။
ခဏနေသောအခါ ရှောက်ဟူဝေဖန်ချက်များက သီးသန့်မက်ဆေ့ချ်ကို စာပြန်လာပြီး သူတို့နှစ်ယောက် အဆက်အသွယ်ရသွားကြသည်။
တစ်ဖက်မှာတော့ ဟူရှောင်းက အမာခံဝေဖန်ချက်များ၏ UP မာစတာက တကယ်ကြီး သူ့ကို ဆက်သွယ်လာလိမ့်မည်ဟု မထင်ထားခဲ့ပါ။
အရင်တစ်ခေါက် အမာခံဝေဖန်ချက်များကြောင့် ဟူရှောင်း တော်တော်လေး အထိနာထားသော်လည်း တိုက်ဆိုင်မှုတစ်ခုသာဖြစ်လောက်မှန်း သူသိပါသည်။ အမာခံဝေဖန်ချက်များ တတိယဗီဒီယိုကို တင်လိုက်တာက သူ့ကို ပစ်မှတ်ထားတာ မဟုတ်လောက်ပါ။
ထို့ကြောင့် ဟူရှောင်းက အငြှိုးမဖွဲ့ချင်ဘဲ မိတ်ဆွေသာ ဖွဲ့ချင်ပါသည်။ ဖေးချမ့်၏ တခြား အကောင့်တစ်ခုကို Add လိုက်၏။
ဟူရှောင်းနှင့် တခြား ပရော်ဖက်ရှင်နယ် review သမားများက သိပ်မသင့်မြတ်ကြပါ။ ပစ္စည်းများကို ပရိုမိုးရှင်းဆင်းဖို့ ခြားနားစွာ စပွန်ဆာရကြပြီး မကြာခဏ အချင်းချင်း ပြန်တိုက်ခိုက်ကြသည့် အချိန်မျိုးတောင် ရှိပါသေးသည်။
သို့သော်လည်း ဟူရှောင်း၏ ရှုထောင့်ကကြည့်ရင်တော့ အမာခံဝေဖန်ချက်များက UP မာစတာ အသစ်စက်စက်လေးတစ်ယောက်သာ ဖြစ်သည်။ ၎င်း၏ ပရိသတ်များက လတ်တလော လျှင်မြန်စွာ တိုးနေသော်လည်း အနှစ်ချုပ်အားဖြင့်တော့ ပမွှားလေးသာသာ ရှိသည်။
ထို့အပြင် အမာခံ ဝေဖန်ချက်များ၏ လုပ်ထုံးလုပ်နည်းများကလည်း ရှောက်ဟူဝေဖန်ချက်များအတွက် အန္တရာယ် လုံးဝ မရှိချေ။ တကယ်တော့ လိုက်ဖက်မှုတောင် ရှိနိုင်ပါသေးသည်။
အမာခံဝေဖန်ချက်များ၏ ဗီဒီယိုများကို ကြည့်ခြင်းအားဖြင့် ၎င်း၏ UP မာစတာက စပွန်ဆာတွေကို သိပ်စိတ်မဝင်စားသည့်ပုံမျိုးပင်။ တကယ်တော့ UP မာစတာက ပိုက်ဆံမရှိသည့်လူမျိုးလည်း ဟုတ်မည်မထင်ပါ။ သူ လုပ်ခဲ့သည့် Review တိုင်းတွင် ၄,၀၀၀ - ၅,၀၀၀ လောက်တန်သည့် ဆဲလ်ဖုန်းများကို ရိုက်ခွဲနေသည်။ သာမန် Review ပလက်ဖောင်းတွေက ဒါမျိုးလုပ်နိုင်ပါ့မလား။
ဘယ်လိုပဲဖြစ်ဖြစ် အမာခံဝေဖန်ချက်များကို အထင်သေးလို့လည်းမရသလို လျစ်လျူရှုထားလို့လည်း မဖြစ်ပေ။
ထို့အပြင် ဟူရှောင်းက အမာခံဝေဖန်ချက်များကို အတုအယောင် Review များ ဝယ်ဖို့ ရောက်လာသည်ဟုလည်း စွပ်စွဲလို့ မရသေးပါ။
သူ့လက်ထဲတွင် အတုအယောင် Review သမား ဧရာမ အုပ်စုကြီးတစ်စု၏ အသေးစိတ် ဆက်သွယ်ရေးအချက်အလက်များရှိနေပြီး အိုင်လီကျွန်းပေါ်က တခြား UP မာစတာများကို ထို Review သမားများအား ဆက်သွယ်နိုင်ဖို့ မကြာခဏ ကူညီပေးလေ့ ရှိသည်။ ဒါက ဒီလောကထဲမှာ ကြီးကြီးမားမား လျှို့ဝှက်ချက် မဟုတ်ဘဲ ဧကန္တ အမာခံဝေဖန်ချက်များ၏ UP မာစတာကိုလည်း တစ်ယောက်ယောက်က ဟူရှောင်းဆီ ညွှန်းလိုက်တာများ ဖြစ်နေမလား။
သိပ်မကြာခင် Friend Request ကို လက်ခံလိုက်ပါသည်။
ဖေးချမ့်က ခေတ္တစဥ်းစားလိုက်ပြီး မေးလိုက်သည်။ "ကျွန်တော် ပြိုင်ဘက်တစ်ယောက်ကို တိုက်ခိုက်ချင်လို့ ကူညီပေးနိုင်မလား။"
ဟူရှောင်းက စကားအများကြီးမပြောဘဲ စျေးနှုန်းစာရင်းကို ပို့ပေးလိုက်ပါသည်။
ဖေးချမ့် ခပ်မြန်မြန်ပဲ အပေါ်ယံကြည့်လိုက်သည်။
ဝိုး... အမျိုးအစားတွေက မူးချင်စရာပါလား။
အခြေခံအဆင့် ပရိသတ်များ : အယောက် ၁,၀၀၀ = ၁၀ ယွမ်၊ အယောက် ၁၀,၀၀၀ = ၇၀ ယွမ်။ ပရိသတ်တွေက အမြဲတမ်း ရှိနေပြီး ပျောက်သွားမည်မဟုတ်ပါ။
အဆင့်မြင့် ပရိသတ်များ : အယောက် ၁,၀၀၀ = ၁၂ ယွမ်... အကန့်အသတ်ဖြင့် ဦးခေါင်းပါသည့် ဓာတ်ပုံများနှင့် အခြေခံ အချက်အလက်များ ပါဝင်မည်။
ထိပ်တန်းအဆင့် ပရိသတ်အစစ်များ : အယောက် ၄၀၀ = ၁၀ ယွမ် ... ရာသက်ပန်ဖြစ်ပြီး Active ဖြစ်သည့် ပရိသတ်အစစ်များ ဖြစ်ကြသည်။
ပရီမီယံအဆင့် Active ပရိသတ်များ : အယောက် ၃၀၀ = ၁၀ ယွမ်... တစ်ယောက်ချင်းစီက နောက်ထပ် ပရိသတ် ဆယ်နဲ့ချီပြီး ရှာပေးနိုင်သည်။ စိစစ်ခြင်း မရှိ၊ ပြန်လည်ရှဲခြင်း၊ ကောမန့်ရေးခြင်း၊ Like လုပ်ခြင်းများ ပါဝင်မည်။
ဆက်တိုက် ရှဲခြင်း၊ ၁၀၀ ပြန်လည်ရှဲခြင်းအတွက် ၂ ယွမ်
ပရီမီယံအဆင့် ပြန်လည်ရှဲခြင်း အခု ၁၀၀ အတွက် ၁၃ ယွမ်... အခု ၁,၀၀၀ အတွက် ယွမ် ၁၀၀။
အမြောက်အများ Review ရေးခြင်း၊ ပရီမီယံအဆင့် Review ရေးခြင်း၊ အမြောက်အများ Like လုပ်ခြင်း၊ အစရှိသဖြင့်။
အနှစ်ချုပ်အားဖြင့် ဆိုရလျှင် အမျိုးအစားပေါင်းစုံရှိိပြီး လိုအပ်ချက်အတိုင်း ချိန်ညှိနိုင်ပါသည်။
ထို့အပြင် Package များလည်း ရှိသေးသည်။ ပရိသတ်များကို Package အဖြစ် ဝယ်ယူပါက ပရိသတ် အမျိုးအစား ရောနှောပါဝင်မည်ဟု အာမခံသည်။ ဒီလိုသာဆို ပရိသတ် တိုးပွားလာမှုက ပိုပြီး လက်တွေ့ဆန်ပါလိမ့်မည်။
ဒါတွေက Weibo အတွက် စျေးနှုန်းများ ဖြစ်သည်။ အိုင်လီကျွန်းအတွက်လည်း သီးခြားစာရင်း ရှိပါသေးသည်။
ကလစ်များ(Clicks)၊ Bullet ကောမန့်များ၊ Review များနှင့် ပရိသတ် အရေအတွက် တိုးမြှင့်ခြင်းများ အစရှိသဖြင့် ရှိကြသည်။ အားလုံးကို ရှင်းရှင်းလင်းလင်း ခေါင်းစဥ်တပ်ထားပေးပါသည်။
သို့သော်လည်း အိုင်လီကျွန်းအတွက် စျေးနှုန်းများက Weibo ထက် သိသိသာသာ ပိုမြင့်မားနေသည်။ အိုင်လီကျွန်း၏ အကောင့်စိစစ်မှု လုပ်ငန်းစဥ်များက ပိုတင်းကြပ်၍ သို့မဟုတ် အတော်လေး သစ်လွင်နေသေးသည့် ဒီဝက်ဘ်ဆိုက်၏ အတုအယောင် Review သမားများက ဝါမရင့်သေးတာကြောင့် ဖြစ်နိုင်ပါသည်။
စျေးနှုန်းစာရင်းကိုကြည့်ရင်း အတုအယောင် Review များကို ဝယ်ယူခြင်းက သူထင်တာထက် အများကြီး စျေးပေါနေတာကို ဖေးချမ့် သတိထားမိသွားပါသည်။
ကြည့်ရသလောက်တော့ Review ရာဂဏန်းလောက် ပေးမည့် Package တစ်ခုကို ဝယ်ဖို့ ရာဂဏန်းသို့မဟုတ် ထောင်ဂဏန်းလောက်သာ သုံးဖို့လိုက်သည်။ ထို Review များကို တခြားလူများ Like ပေးနိုင်သည့် ရွေးချယ်ခွင့်လည်းရှိပါသေးသည်။
အမှန်ပင်။ ဖေးချမ့်က တခြား ထုတ်ကုန်များကို နာမည်ဖျက််ဖို့ သို့မဟုတ် ဖရိုဖရဲတွေဖြစ်အောင် Ad တိုက်ခိုက်မှုများဖန်တီးပြီး သုံးဆွဲသူတွေကို အထင်လွဲအောင်လုပ်ဖို့ အစရှိသည့် ယုတ်မာသော ကိစ္စမျိုးတွေကိုလုပ်ဖို့ အတုအယောင် Review များကို ဝယ်ယူခြင်း မဟုတ်ပါ။
ထိုကိစ္စတွေကို ဘာမှလုပ်ဖို့ အစီအစဥ်မရှိပါ။
"ကျွန်တော် Review နဲ့ Like တချို့ကို Package နဲ့ ဝယ်ချင်ပါတယ်။"
ဖေးချမ့်က အရင်တုန်းကလိုမျိုး မာနထောင်လွှားပြီး သူ့ကြွယ်ဝမှုကို ကြွားဝါလို့ မရတော့ပါ။ စနစ်က ခွင့်မပြုပေ။
ယုတ္တိရှိသည့် အကြောင်းအရင်း မရှိပါက ဖေးချမ့် သူ့ကုမ္ပဏီငွေကို သုံးပြီး ဟူရှောင်းကို ငွေရှင်းလို့ မရပေ။ သူ့ကိုယ်ပိုင် ပိုက်ဆံကိုသာ သုံးရပါမည်။
ကံကောင်းစွာဖြင့် ဖေးချမ့်က ယခု ထင်သလောက် မမွဲပါ။ Review နဲ့ Like တချို့ဝယ်ဖို့ ထောင်ဂဏန်းလောက် သုံးရခြင်းက သူ လက်လှမ်းမမှီတဲ့အရာမျိုးလည်း မဟုတ်ပါ။
ဒီလိုသုံးလိုက်သည့် ငွေထောင်ဂဏန်းက ဖေးဟွမ်လုပ်ငန်းကို စပွန်ဆာပါတနာများ လက်ခံမှုလျော့နည်းသွားအောင် လုပ်နိုင်ပြီး ဝင်ငွေအမြတ်အစွန်းအား ၁ သန်း ၂ သန်းလောက် လျှော့ချနိုင်ပါက အလွန်တန်ပါလိမ့်မည်။
ဒီအစီအစဥ် အောင်မြင်နိုင်ချေက သိပ်ပြီး မမြင့်တာကိုလည်း ဖေးချမ့် နားလည်ပါသည်။ သို့သော်လည်း စမ်းကြည့်ဖို့ ငွေထောင်ဂဏန်းလောက် သုံးစွဲခြင်းက မထိခိုက်နိုင်ပါ။
ဟူရှောင်းက နောက်တစ်ခေါက် ကြည့်လိုက်သည်။ တကယ်ကြီး အလုပ်ဖြစ်သွားပါသည်။
"စိတ်မပူပါနဲ့။ ကျွန်တော်တို့ရဲ့ Review သမား အတုတွေက သေချာလေ့ကျင့်ထားကြပြီး အရည်အချင်း အတိုင်းအတာတစ်ခုထိရှိပါတယ်။ သေချာပေါက် ဒီတာဝန်ကို အောင်မြင်အောင် လုပ်နိုင်မှာပါ။ ခင်ဗျားက ခင်ဗျားကိုယ်ပိုင် အကောင့်ကို Review မြှင့်ဖို့ ရည်ရွယ်ထားတာလား။"
ဖေးချမ့်က ပြန်ပြော၏။ "မဟုတ်ဘူး။ ကျွန်တော် တခြား အကောင့်တစ်ခုကို Review မြှင့်ချင်တာ။ ကျေးဇူးပြုပြီး ဖေးဟွမ်လုပ်ငန်းဆိုတဲ့ အကောင့်ကို ရှာကြည့်လိုက်ပါ။ သူတို့ သိပ်မကြာခင် ပစ္စည်း Review ဗီဒီယိုတစ်ပုဒ်ကို ထုတ်လိမ့်မယ်။ အဲ့အချိန်ကျရင် အဲ့ဒီဗီဒီယိုပေါ်မှာ review စာကြောင်း နည်းနည်းလောက် ရေးပေးပါ။ စာသားတွေက ဒီလိုမျိုး "ဒါမျိုး အရင်က သုံးဖူးတယ်။ ဒီပစ္စည်းက အရမ်း အသုံးဝင်လို့ အများကြီး ညွှန်းပေးချင်ပါတယ်။"
ဟူရှောင်းက 'မီးရထား၊ အဘိုးကြီး၊ ဆဲလ်ဖုန်း' အီမိုဂျီများကို ပို့ပေးလိုက်သည်။
ထို့နောက် 'မေးခွန်းမေးသည့်' အီမိုဂျီကို ထပ်ပို့လိုက်သည်။
ဒါ ဘာသဘောလဲ။
Review အတုတွေကို ဒီလိုမျိုးလာဝယ်တဲ့လူမျိုး သူ ပထမဆုံး တွေ့ဖူးတာ ဖြစ်ပါသည်။
Review စာကြောင်းများအားလုံးက အတူတူဖြစ်နေပါက ဒီအကောင့်က Review သမားအတုတွေ ဝယ်ထားမှန်း မသိသာသွားနိုင်ဘူးလား။ မသိနိုင်သည့်လူက အရူးသာ ရှိပါလိမ့်မည်။
သို့သော်လည်း ဟူရှောင်းက ပါးနပ်သူဖြစ်၍ ချက်ချင်းနားလည်သွားပါသည်။
သြော် ကိုယ့်ရဲ့ ပြိုင်ဘက်ကို ဖြုတ်ဖို့အတွက် Review သမားအတုတွေကို တန်ပြန်သဘောမျိုး ဝယ်လိုက်တာပဲ။
ကြည့်ရတာ အမာခံဝေဖန်ချက်များက ပမွှားလေးတော့ မဟုတ်လောက်တော့ပေ။ ဒါက ဆရာကျလွန်းပါသည်။
အင်တာနက်ပတ်ဝန်းကျင် ပြောင်းလဲလာသည့်အလျောက် Review အတု ဝန်ဆောင်မှုများ၏ စံနှုန်းလည်း မြင့်တက်လာခဲ့ပါသည်။
အရင်တုန်းက Netizen များကို အလွယ်လေး အရူးလုပ်လို့ရသည်။ အခုတော့ ဒီလိုမဟုတ်လောက်တော့ပေ။ Review အတုများအကြောင်း လူတိုင်း သိနေကြလေပြီ။ ထို့ကြောင့် Review အတုများ သုံးစွဲခြင်းက အတုနှင့် အစစ် ရောစပ်ဖို့ လိုအပ်လာလေပြီ။ ဒါမှ ယုံချင်စရာကောင်းလောက်မည်ဖြစ်သည်။
အမှန်ပင်။ ဒါက ကိုယ်ပိုင် ပစ္စည်းအတွက် review များ မြှင့်တင်သည့်နေရာတွင် ဖြစ်သည်။
ထို့အပြင် Review သမားအတုများကို ပိုပြီးခေတ်မှီသောနည်းဖြင့် အသုံးပြုနိုင်ပါသေးသည်။ တန်ပြန် Review အတု သုံးစွဲခြင်း ဖြစ်၏။
ပြိုင်ဘက်တစ်ယောက်၏ Review များကို မြှင့်တင်ပေးပြီး အရည်အသွေးနှင့် စံနှုန်းနိမ့်ပါးသော Review များ ထည့်ပေးလိုက်မည်။ ဒီလိုသာဆို ပြိုင်ဘက်က ၎င်း၏ ပစ္စည်းရောင်းအားကို မြှင့်တင်ဖို့အတွက် ဖြတ်လမ်းနည်း Review အတုသမားများကို သုံးစွဲနေသည်ဟု Netizen များက ထင်သွားကြပါလိမ့်မည်။
ဘယ်ဆိုးလို့လဲ။
ထို့အပြင် ဟူရှောင်းက သူ ဖော်ပြထားသည့် စာကြောင်းကို ကြည့်လိုက်ပြီး အချက်အလက်တစ်ခု ရလိုက်ပြန်သည်။
ဖေးဟွမ်လုပ်ငန်းက ပစ္စည်း Review ဗီဒီယိုတွေ ရိုက်တော့မှာလား။
သူလည်း ဖေးဟွမ်လုပ်ငန်းအကြောင်းကို သိပါသည်။ ဘာပဲဖြစ်ဖြစ် ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝအား အိုင်လီကျွန်းတွင် ပထမဆုံး ပြသခဲ့စဥ်က ပင်မစာမျက်နှာပေါ်တွင် အချိန်အကြာကြီးရှိနေခဲ့သည် မဟုတ်ပါလား။
သူတို့ တကျော့ပြန်လာဖို့ ပြင်ဆင်နေကြတာလား။
ပြီးတော့ ပစ္စည်းဝေဖန်ချက် အစီအစဥ်တွေ ရိုက်ဖို့ ပြင်နေကြတာလား။
ဟူရှောင်း အနည်းငယ် ပူပန်သွား၏။
ဖေးဟွမ်လုပ်ငန်းက ရှိန်စရာ ပြိုင်ဘက်တစ်ယောက်ဖြစ်ပြီး ငွေကြေးအပိုင်းလည်း ချို့တဲ့ပုံမပေါ်ပေ။ သူတို့လည်း ပစ္စည်း Review များ စတင်လုပ်ဆောင်လာပါက ရှောက်ဟူဝေဖန်ချက်များ၏ ထမင်းအိုးကို ရိုက်ခွဲသလို ဖြစ်လာနိုင်ပါသည်။
အမာခံဝေဖန်ချက်များ၏ UP မာစတာက ဒီလိုသတင်းမျိုး ဘယ်ကရလာမှန်း မသိသော်လည်း ကြည့်ရသလောက်တော့ ဒီအချက်အလက်က ယုံစရာကောင်းသည်။
တစ်စုံတစ်ယောက်က သူ့ပြိုင်ဘက်ကို တိုက်ခိုက်ဖို့ Review သမား အတုများ ဝယ်ချင်နေသည်။ ဟူရှောင်းက ဒီလို ကမ်းလှမ်းချက်မျိုးကို အတိုင်းထက်အလွန် လက်ခံချင်ပါသည်။
ဟူရှောင်းက Review သမား အတုများ ပိုငှားဖို့ သူ့ပိုက်ဆံကိုတောင် ထပ်ပေါင်းထည့်ချင်သေးသည်။
သို့သော်လည်း ထပ်စဥ်းစားကြည့်ခါမှ မလိုအပ်ဘူးဟု ခံစားလိုက်ရပါသည်။ ဘာပဲဖြစ်ဖြစ် ဖေးဟွမ် လုပ်ငန်း၏ ပစ္စည်း Review ရှိုးက ပေါ်တောင်ပေါ်မလာသေးပေ။ သူ့လုပ်ငန်းအတွက် အန္တရာယ် မရှိသေးပါ။ အလျှင်လိုဖို့ မလိုသေးပေ။
အတုအယောင် Review သမားများကို တာဝန်များ ပေးအပ်နေစဥ် သူတို့နဲ့ ကိုယ်ရေးကိုယ်တာအရ ရင်းနှီးမှုကို အသုံးချပြီး Review နည်းနည်းလောက် ပိုရေးခိုင်းလိုက်မည်။ ဒီလိုသာဆို သူ့ပြိုင်ဘက် အပေါ် ဖိအားပိုသက်ရောက်ပါလိမ့်မည်။
"ကိစ္စမရှိဘူး"
ဟူရှောက်က ဒီတောင်းဆိုချက်ကို အလွယ်လေး လက်ခံလိုက်ပါတော့သည်။