← Chapters

မဟာတီထွင်သူကြီးတစ်ယောက် ဘဝရဲ့နေ့တစ်နေ့

Vol. 16 Ch. 232

မဟာတီထွင်သူကြီးတစ်ယောက် ဘဝရဲ့နေ့တစ်နေ့

Vol. 16 Ch. 232

သိပ်မကြာခင် ဟူရှောင်း လိုအပ်သည့် စီစဥ်မှုများကို ဆောင်ရွက်ပြီးပါပြီ။

ဖေးဟွမ်လုပ်ငန်းက ဗီဒီယိုအသစ်တစ်ပုဒ်ကို တင်လိုက်တာနဲ့ Review သမား အတုအယောင်များက ချက်ချင်း အပြေးသွားပြီး ကောမန့်အကန့်တွင် Review များ Like များဖြင့် သောင်းကျန်းကြလိမ့်မည်။

UP မာစတာ အသစ်တစ်ယောက်ဆို ပိုပြီး သိသာနိုင်သည်။ UP မာစတာ အသစ်တစ်ယောက်တွင် ပရိသတ်အများကြီး မရှိနိုင်သောကြောင့် ဖြစ်ပါသည်။

သို့သော် ဖေးဟွမ်လုပ်ငန်းတွင် နဂိုကတည်းက ဖော်လိုဝါများစွာ ရှိနေပြီးသားဖြစ်၏။ Review သမား အတုများ၏ ကောမန့်များကလည်း သိပ်ပြီး မထင်ရှားလောက်ပါ။

သို့သော် အရေးမကြီးပေ။ ဗီဒီယိုသစ်ကို တင်လိုက်ပြီး ချက်ချင်းဆိုသလို Review သမားအတုများက အုပ်လိုက်ကြီး Review ပေါင်းဆယ်နဲ့ချီပြီး 'ဒီပစ္စည်းကို အရင်ကသုံးဖူးတယ်။ ဒီပစ္စည်းက အရမ်းအသုံးဝင်ပြီး အများကြီး ထောက်ခံပေးချင်ပါတယ်" ဟူ၍ ရေးသားပါက တခြားသူတွေ သေချာပေါက် ရိပ်မိနိုင်ပါလိမ့်မည်။

ဟူရှောင်းက ဒီကိစ္စကို စောင့်ကြည့်နေချင်သဖြင့် ဖေးဟွမ်လုပ်ငန်း၏ Page ကို သူ Follow လုပ်လိုက်ပါသည်။ မကြာခဏ Update တင်မလား စောင့်ကြည့်ရန် Page ကို Refresh လုပ်မည်ဖြစ်သည်။

နောက်ဆုံးတော့ ဒုတိယမြောက်နေ့တွင် ဖေးဟွမ်လုပ်ငန်းက တကယ်ပဲ ဗီဒီယိုတစ်ပုဒ်ကို တင်ခဲ့ပါသည်။

"ဘယ်ဆိုးလို့လဲ ဒီအမာခံဝေဖန်ချက်များရဲ့ သတင်းက ယုံလို့ရသားပဲ။ ဖေးဟွမ်လုပ်ငန်းရဲ့ လှုပ်ရှားမှုတွေကို တကယ်ကြီး ရှင်းရှင်းလင်းလင်း သိနေတာပါလား။ သတင်းအချက်အလက် နှိုက်ထုတ်မှုကြီးက ကြောက်ဖို့တောင် ကောင်းတယ်။"

အမာခံဝေဖန်ချက်များ နောက်ကွယ်က UP မာစတာမှာ အထင်သေးသင့်သည်လူ မဟုတ်မှန်း ဟူရှောင်း ဖြည်းဖြည်းချင်း ခံစားလာရပါသည်။

သူ အနီးကပ် ကြည့်ရှုလိုက်သောအခါ ဗီဒီယို၏ အမည်က 'မဟာတီထွင်သူကြီးတစ်ယောက်၏ ဘဝရဲ့ နေ့တစ်နေ့' ဖြစ်မှန်း မြင်လိုက်ရသည်။ ဗီဒီယို၏ ခေါင်းစဥ်တွင်လည်း 'review' ဟူသည့် ကီးဝေါ့တစ်လုံး ပါနေပါသည်။

"တကယ်ကြီး ပစ္စည်း Review ဗီဒီယိုဟ"

ပစ္စည်း Review ဗီဒီယိုဟုတ်မဟုတ် သေချာအောင် စစ်ပြီးနောက် ဟူရှောင်း ချက်ချင်းပဲ သူ့ Group Chat တစ်ခုထဲတွင် မက်ဆေ့ချ်တစ်ခု ရေးတင်လိုက်ပြီး သူ့ အတုအယောင် Review သမားများကို လှုပ်ရှားကြဖို့ ညွှန်ကြားလိုက်ပါသည်။ Review အားလုံး၏ စာသားက တစ်ပုံစံတည်း ဖြစ်သည်။ အားလုံးက 'ဒီပစ္စည်းကို အရင်က သုံးဖူးတယ်။ ဒီပစ္စည်းက အရမ်းအသုံးဝင်လို့ အများကြီး ထောက်ခံပေးချင်ပါတယ်' ဟူသော စာကြောင်းကိုသာ Copy Paste လုပ်နေကြပါသည်။

ထိုမက်ဆေ့ချ်များက ဆက်တိုက် တက်လာသည်။

ဖေးဟွမ်လုပ်ငန်းမှာလည်း နဂိုကတည်းက ပရိသတ်များစွာရှိနေပြီးသားဖြစ်သဖြင့် ပုံမှန်ပရိသတ်များ၏ တခြား ကောမန့်များကလည်း ရောနှောနေပါသည်။ ဥပမာအားဖြင့် -

"ဒါ အိပ်မက်မက်နေတာလား။"

"တကျော့ပြန်လာကြပြီပေါ့။"

"ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ နောက် Season ဘယ်တော့ ထုတ်ကြမှာလဲ။"

"မြန်ချက်ပဲ။"

ထိုကဲ့သို့ ကောမန့်များကိုလည်း မြင်ရပါသည်။

သို့သော်လည်း အများစုကတော့ အတုအယောင် Review သမားများ၏ ကောမန့်များသာ ဖြစ်သည်။ ထို့အပြင် ထို Review သမားအတုအယောင်များက တခြား Review သမားအတုများ၏ ကောမန့်တွေကိုလည်း ဆက်တိုက် Like လုပ်ပေးနေသည်။ ဒီလိုနဲ့ ထိပ်ဆုံးရှိ ကောမန့်များအားလုံးက Review အတုများသာ ဖြစ်လာခဲ့ပါသည်။

ဟူရှောင်းတစ်ယောက် သူ့အတုအယောင် Review သမား စစ်တပ်ကြီး၏ အာနိသင်ကို မြင်ပြီး ဂုဏ်ယူဝံ့ကြွားသွားခဲ့ပါသည်။

သူ့မှာ ပရိသတ်တွေ အများကြီး ရှိပြီးသားဆိုလည်း ဘာဖြစ်လဲ။ အဲ့ပရိသတ်တွေလည်း ငါ့ Review သမားအတုတွေရဲ့ ဝါးမြိုတာကို ခံရမှာပဲကွ။

ဒီကောမန့် ဗုံးကြဲခြင်းက အတော်လေး အာနိသင်ရှိပါသည်။

ဒီလို ပစ္စည်း Review ဗီဒီယိုများက အိုင်လီကျွန်း၏ မက်လုံးပလန်ကိုပဲ အားကိုးပြီး ငွေမရနိုင်ပါ။ ၎င်းတို့၏ ရှူးဂါးဒယ်ဒီသဖွယ် စပွန်ဆာပါတနာများကိုသာ အဓိက အားကိုးကြရပါသည်။

သို့သော်လည်း ဗီဒီယိုတစ်ခုတွင် Review သမား အတုအအယောင်များစွာက ကောမန့်များ ရေးသားနေကြပြီး တစ်ပြိုင်တည်း ပေါ်လာကြပါက စပွန်ဆာ ပါတနာများအပေါ် သက်ရောက်မှု ရှိနိုင်သည်။

သာမန်ပရိသတ်များ၏ ရှုထောင့်ကကြည့်လျှင် သူတို့ အာရုံစိုက်ထားကြသည့် ပစ္စည်း Review ဗီဒီယိုများက Review သမားအတုအယောင်များကို သုံးစွဲနေပါက သေချာပေါက် Review ဗီဒီယိုများကို ထိခိုက်မှု ရှိပါလိမ့်မည်။ တချို့ပရိသတ်တွေဆို ဒီပလက်ဖောင်းကိုတောင် စွန့်ခွာသွားနိုင်ပါသည်။

ရှူးဂါးဒယ်ဒီနှင့် စပွန်ဆာများကတော့ ပစ္စည်း Review ပလက်ဖောင်းများမှ ငှားထားသည့် ဒီလို အတုအယောင် Review သမားများကို အလွန် သတိထားကြသည်။ ထိုအခါ ထိုပလက်ဖောင်းများ၏ လူအဝင်အထွက် ကိန်းဂဏန်းအချက်အလက် မှားယွင်းမှုများဆီသို့ ဦးတည်သွားနိုင်သည်။ သူတို့ ထိုပလက်ဖောင်းများနှင့် စပွန်ဆာပါတနာလုပ်မိပါက ပြောင်းပြန်အကျိုးသက်ရောက်မှုဖြစ်ကာ သူတို့ ကိုယ်ပိုင် ထုတ်ကုန်ပစ္စည်းတွေကို နာမည်ပျက်မသွားစေနိုင်ဘူးလား။

ထိုသံသယတွေအားလုံးက အနုတ်သဘောဆောင်သည့် သက်ရောက်မှုကို ဖန်တီးလိမ့်မည်။

အမှန်ပင်။ Review သမားအတုအယောင် အနည်းငယ်လောက်နဲ့ ဖေးဟွမ်လုပ်ငန်းကို ခပ်နာနာ ရိုက်ချက်ဖြင့် ရိုက်နိုင်မည်မဟုတ်ပေ။ သို့သော်လည်း ဒါက သူတို့အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာနှင့် ရှုပ်ထွေးသည့် ပြဿနာတစ်ခု ဖြစ်လာနိုင်ပါသည်။

ဟူရှောင်း စိတ်ရှည်ရှည်ဖြင့်ခေတ္တစောင့်နေလိုက်ပြီး ဗီဒီယိုအပေါ် လူတွေရဲ့တုန့်ပြန်ချက် ဘယ်လိုရှိသလဲ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

ဟူရှောင်း၏ ခန့်မှန်းချက်အရဆို ရလဒ်က ဖြစ်နိုင်ချေ ၂ ခုသာ ရှိပါသည်။

ပထမ တစ်ခုက Review သမားအတုအယောင်များ၏ ကောမန့်များက ထင်ရှားလွန်းသဖြင့် ကြည့်ရှုသူအားလုံးပါ လိုက်အရူးထပြီး ကောမန့်အကန့်တစ်ခုလုံးကို ညစ်နွမ်းသွားစေလိမ့်မည်။

ဒါက ဟူရှောင်းမြင်ချင်သည့် မြင်ကွင်းမျိုး ဖြစ်သည်။

ဒုတိယတစ်ခုကတော့ ထို Review သမားအတုအယောင်တွေ များပြားလာတာကို ဖေးဟွမ်လုပ်ငန်း ချက်ချင်း သတိထားမိသွားပြီး ၎င်းတို့၏ မန့်များကို ဖျက်ပစ်လိုက်နိုင်သည်။

သို့သော်လည်း သူတို့ ဘယ်လောက်ပဲ ဖျက်နေပါစေ လူတွေကတော့ ထို Review သမားအတုများကို သေချာပေါက် သတိထားမိဦးမည်ဖြစ်သည်။ ထို့အပြင် Review သမားအတုအယောင်များက အလွန်လျှင်မြန်စွာဖြင့် ရေးသားနေကြပြီး ဖေးဟွမ်လုပ်ငန်းအား ပို့စ်နှင့် ကောမန့်များကို တမင်သက်သက် ဖျက်ပစ်နေခြင်းကြောင့် စွပ်စွဲမှုများပင် လုပ်လို့ရနိုင်ပါသည်။

၂ နာရီခန့်ကြာသောအခါ...

"အချိန်ကျပြီ ရလဒ်တွေ ဘယ်လိုလဲ ကြည့်ရအောင်"

ဟူရှောင်းက 'မဟာတီထွင်သူကြီးတစ်ယောက် ဘဝရဲ့နေ့တစ်နေ့' ဗီဒီယို၏ ကောမန့်အကန့်ကို ကြည့်လိုက်သည်။ သေချာကြည့်ပြီးသောအခါ သူ လုံးဝ စိတ်ရှုပ်ထွေးသွားရပါသည်။

ဘာတွေဖြစ်နေကြတာလဲ။

ဘာလို့ ဆူသံ ဆဲသံတွေ မမြင်ရတာလဲ။

'ဒီပစ္စည်းကိုအရင်ကသုံးဖူးတယ်။ ဒီပစ္စည်းက အရမ်းအသုံးဝင်လို့ အများကြီး ထောက်ခံပေးချင်ပါတယ်' ဟူသော စာကြောင်းကို ပို့စ်တင်နေသည့် လူတွေ ပိုလို့တောင် များလာသေးသည်။

ဟူရှောင်း ဆို့နင့်သွား၏။

ဘာလို့ Review သမားအတုတွေက ဆက်တင်နေကြသေးတာလဲ။

အဓိပ္ပာယ်မရှိတာ။ Review သမားအတုတွေက ပိုက်ဆံပေးပြီး ခိုင်းထားတာလေ။ သူတို့ကို ညွှန်ကြားထားသလောက်ပဲ ပို့စ်တင်ပြီး ငွေယူကြမှာ။ ဘာလို့ ဒီလောက် စိတ်အားထက်သန်နေကြမှာလဲ။

ဘာတွေဖြစ်နေတာလဲကွာ။

ဟူရှောင်း စိတ်ရှုပ်ထွေးနေဆဲဖြစ်ကာ ဘာမှ နားမလည်နိုင်သဖြင့် ထိုပစ္စည်း Review ဗီဒီယိုကို ဖွင့်ကြည့်ဖို့ နှိပ်လိုက်ပြီး ဒီဖြစ်ရပ်နောက်ကွယ်က အကြောင်းအရင်းကို စုံစမ်းဖို့ ဆုံးဖြတ်လိုက်သည်။

ဖန်သားပြင်ပေါ်တွင် ငြီးငွေ့စရာပုံစံဖြင့် လူငယ်တစ်ယောက်ပေါ်လာသည်။

"ကျွန်တော့်နာမည်က ဆွန်းအိုက်ထျစ်ဖြစ်ပြီး ကျွန်တော့်အင်္ဂလိပ်နာမည်ကတော့ အိုက်ထျစ်ဆွန်းပါ။ ကျွန်တော်က အရမ်းတော်တဲ့ တီထွင်သူတစ်ဦးဖြစ်ပြီး ဒါက ကျွန်တော့်ရဲ့ နောက်ဆုံးထွက် တီထွင်မှုဖြစ်တဲ့ လက်ကိုင် အိတ်ဆောင်အဝတ်လျှော်စက်လေးပါ။"

ကောင်လေး၏ လက်ထဲနှင့် ဖန်သားပြင်ပေါ်တွင် အဝတ်လျှော်စက်ပေါ်လာ၏။ ၎င်းမှာ အသေးစားစုတ်တံခေါင်းလေး၊ မော်တာ၊ ဘက်ထရီနှင့် ရေဗူးတို့ ပါဝင်သည့် ရေသန့်ဗူးအရွယ် ပစ္စည်းလေး ဖြစ်သည်။

"အထဲမှာ ထိရောက်မှုမြင့်မားတဲ့ မော်တာလေး တစ်လုံး ပါရှိပြီး စုတ်တံခေါင်းကို ဆက်တိုက် ရွေ့လျားစေပြီးတော့ ပစ်မှတ်ထားထားတဲ့ ညစ်ပေနေတဲ့ နေရာတွေကို သင့်လျော်တဲ့ ရေတွေ ပန်းထုတ်ပေးမှာ ဖြစ်ပါတယ်။"

"အဲ့အချိန်ကျရင် ကြေးချွတ်ဆေးရည်နည်းနည်းလောက် ပြင်ထားပြီး ညစ်ပေနေတဲ့နေရာတွေကို တို့ပေးလိုက်ရုံပါပဲ။ အဲ့ဒီနေရာတွေကို အဝတ်လျှော်စက်သုံးပြီး ဆက်တိုက်လျှော်ပေးမယ်ဆိုရင် အချိန်တိုင်း နေရာတိုင်းမှာ သန့်ရှင်းစင်ကြယ်နေတဲ့ အဝတ်အစားတွေကို ဝတ်ဆင်နိုင်ပြီး ညစ်ပေမှာကိုလည်း မစိုးရိမ်ရတော့ဘူးပေါ့ဗျာ။"

"ဒီတီထွင်မှုအသစ်အတွက် မူပိုင်ခွင့်ချက်ချင်း လျှောက်ထားဖို့ ရည်ရွယ်ထားပါတယ်။ ဒီပစ္စည်းကို မကြာခင်မှာ အမြောက်အများ ထုတ်လုပ်သွားမှာဖြစ်ပြီး ရောင်းအားတွေ ထိုးတက်ရင်း Review ကောင်းတွေလည်း ရလာနိုင်ပါတယ်။ အဲ့ဒီနောက်တော့ ကုမ္ပဏီက စတော့လဲလှယ်မှုမှာ စာရင်းသွင်းခံရပြီး ကော်မာရှယ် အင်ပါယာကြီးတစ်ခု ဖြစ်လာပြီးတဲ့နောက် ဘဝရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားနိုင်ပြီပေါ့ဗျာ။"

ထို့နောက် မြင်ကွင်းက ပြောင်းလဲသွားပြီး စားသောက်ဆိုင်တစ်ဆိုင်ထဲ ရောက်သွားပြန်ပါသည်။

"ကျွန်တော် ဒီနေ့ လှပတဲ့ အမျိုးသမီးလေး တစ်ယောက်နဲ့ ညစာစားသောက်နေတာပါ။ ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကို ကျွန်တော့်ရဲ့ တီထွင်မှုတွေ ချပြလို့ ရတာပေါ့။ ဒါမှ သူ ကျွန်တော့်ကို သေချာပေါက် ချစ်မြတ်နိုးပြီး လေးစားသွားမှာ။ သူကျွန်တော်ပြောသမျှကို နားထောင်လိမ့်မယ်။"

အိုက်ထျစ်ဆွန်းက တမင်သက်သက် ခွက်ကိုကိုင်လျက် လက်ကို အားပြင်းပြင်း လှုပ်ခါလိုက်သည်။ ထို့ကြောင့် အရက်တချို့ မိန်းမလှလေး၏ စကတ်ပေါ် ကျကုန်ပါသည်။

"အောင်မယ်လေးတော့" မိန်းမလှလေးက ခပ်မြန်မြန်ပဲ လက်သုတ်ပဝါတစ်ထည်ကို ယူကာ အစွန်းအထင်းများကို သုတ်ဖို့ ပြင်လိုက်သည်။

"အလှလေး ကို့တာဝန်သာ ထားလိုက်စမ်းပါ။"

အိုက်ထျစ်စွန်းက ချက်ချင်းပဲ သူ့အိတ်ဆောင်အဝတ်လျှော်စက်ကို ထုတ်ကာဖွင့်လိုက်ပါသည်။ အိတ်ဆောင်အဝတ်လျှော်စက်၏ စုတ်တံခေါင်းက စတင်လှုပ်ခါလာပြီး ရေတွေလည်း ပန်းထွက်လာသည်။

ဖန်သားပြင် ရပ်တန့်သွားပြီး စားသောက်ဆိုင်ထဲက လူတွေအားလုံး၏ မျက်နှာထားများကို ပြသလိုက်သည်။

မိန်းမလှလေးလည်း ခေတ္တကြက်သေသေသွားသည်။ ထို့နောက် သူမ ဖုန်းကိုထုတ်ကာ ဖုန်းနံပါတ်တစ်ခုကို ဆက်လိုက်သည်။ "ဟယ်လို 110 ကလား မသိဘူး။”

ထို့နောက် ဇာတ်ဝင်ခန်းက လမ်းဘေးအကင်ဆိုင်တစ်ဆိုင်အဖြစ် ထပ်မံပြောင်းလဲသွားပြန်သည်။

အိုက်ထျစ်ဆွန်းက အသားချောင်းတစ်ချောင်းကို ကိုင်ကာ သူ့ညီအစ်ကိုယောက်ဖများကို ငိုကာ ရင်ဖွင့်နေ၏။

သူ့ညီအစ်ကိုများက သူ့ကို နှစ်သိမ့်ပေးဖို့ အကောင်းဆုံး ကြိုးစားနေကြပါသည်။ "စိတ်မပူပါနဲ့ အိုက်ထျစ်ရာ။ အဲ့ဒီမိန်းမလှလေးက မင်းကို အထင်လွဲသွားတာပါ။ သူသေချာပေါက် မင်းကိုခွင့်လွှတ်မှာပါ။"

သူတို့ စားသောက်နေရင်း အသားဖတ်ကြီး တစ်ဖတ်က သူ့ညီအစ်ကိုတစ်ယောက်၏ အင်္ကျီလက်တွင် သွားကပ်နေ၏။

အိုက်ထျစ်ဆွန်း၏ မျက်လုံးများ ဝိုင်းစက်သွားပြီး ပြောလိုက်သည်။ "မလှုပ်နဲ့ ငါ့တာဝန်သာ ထားလိုက်"

နောက်တစ်ခေါက် သူ့အိပ်ထဲမှ အိတ်ဆောင်အဝတ်လျှော်စက်ကို ထုတ်လိုက်ပြီး ဆီပေနေသည့် အင်္ကျီလက်ကို ဖြန်းလိုက်သည်။

သူ့ညီအစ်ကိုတစ်ယောက်က အော်လိုက်၏။ "အိုက်ထျစ် ဒါ မင်းရဲ့ တီထွင်မှုအသစ်လား။ အိတ်ဆောင်အဝတ်လျှော်စက်လေးလား။ မြန်မြန် ငါ့ကို ကူပါဦး။ မြန်မြန် မြန်မြန် ငါ့ကို ကူပြီး သန့်ရှင်းရေး လုပ်ပေးပါဦး။"

အိုက်ထျစ်ဆွန်းက ချက်ချင်းပဲ အားအင် တက်ကြွသွားကာ အိတ်ဆောင်အဝတ်လျှော်စက်ကို ထုတ်လိုက်ပြီး ပို့စ်ပေးလိုက်သည်။

ခေတ္တကြာသောအခါမှ အိုက်ထျစ်ဆွန်း တစ်ခုခုကို တွေးမိသွားသည်။ "မင်းတို့... မင်းတို့ထဲက တစ်ယောက်ယောက် ကြေးချွတ်ဆေးရည် ယူလာသေးလား။"

သူ့ညီအစ်ကိုများ "?"

အိုက်ထျစ်ဆွန်း "ဒီလိုအစွန်းအထင်းမျိုးအတွက် ငါတို့ ကြေးချွတ်ဆေးလိုတယ်လေ။ မင်းတို့မှာ ရှိလားလို့။ ဒါမှမဟုတ်... ဆပ်ပြာကော"

သူ့ညီအစ်ကိုများ "?"

ဇာတ်ဝင်ခန်းတချို့ ပြီးဆုံးသွားပြီးနောက်...

အိုက်ထျစ်ဆွန်းတစ်ယောက် သူ့အိမ်က ဆိုဖာပေါ်မှာ ထိုင်နေပါသည်။

"ကျွန်တော့်နာမည်က ဆွန်းအိုက်ထျစ်ပါ။ ကျွန်တော့် အင်္ဂလိပ်နာမည်က အိုက်ထျစ်ဆွန်းပေါ့။ ကျွန်တော်က အရမ်းတော်တဲ့ တီထွင်သူတစ်ယောက်။ ကမ္ဘာကြီးကို ပြောင်းလဲနိုင်မယ့် တီထွင်မှုတစ်ခု ဖန်တီးခဲ့ပေမယ့် ဘယ်သူမှ နားမလည်ကြဘူး။"

"ကျွန်တော့် တီထွင်မှုကို စိတ်ဝင်စားမယ်ဆိုရင် ကျွန်တော့်ကို ဆက်သွယ်ပေးကြပါလား။ ကျွန်တော်တို့ အမြန်ဆုံး ထုတ်လုပ်မယ့် အဆင့်ကို သွားလို့ရတယ်။ ပြီးရင် Review ကောင်းတွေ အုံလိုက်ကြီး ဝင်လာပြီး ရောင်းအားလည်း ထိုးတက်သွားမယ်။ စာရင်းသွင်းခံရမယ်။ ကော်မာရှယ် အင်ပါယာကြီးတစ်ခု တည်ဆောက်မယ်။ ဘဝရဲ့ အထွတ်အထိပ်ဆီ သွားကြမယ်။"

ထို့နောက် ဟူရှောင်းတစ်ယောက် Bullet ကောမန့်များနှင့် ကောမန့်အကန့်တို့ကို ကြည့်လိုက်သည်။

"ဒါ ဖေးဟွမ်လုပ်ငန်းရဲ့ အစီအစဥ်အသစ်လား။ ကြည့်လို့ကောင်းသားပဲ။"

"ဟားဟားဟား ဒါ အသစ်အဆန်းတော့ အသစ်အဆန်းပဲဟေ့"

"ဒီဗီဒီယိုရဲ့ ခေါင်းစီးမှာ ဘယ်သူက 'review' လို့ထည့်သွားတာလဲ။ ဟာသပဲ။"

"ဒီအဝတ်လျှော်စက်က တော်တော့်ကို အသုံးဝင်ပါလားဟေ့ ငါဘယ်မှာဝယ်လို့ရမလဲ။"

"မင်းတို့တွေကို ငါ follow လုပ်ထားတယ်နော်။ မင်းတို့ အသုံးမဝင်တာတွေပဲ ဆက်ပြီး တီထွင်နေမယ်ဆိုရင် မင်းတို့ကို ဆက်ပြီး follow လုပ်ထားရလိမ့်မယ်။"

"ဒီပစ္စည်းကို အရင်ကသုံးဖူးတယ်။ ဒီပစ္စည်းက အရမ်းအသုံးဝင်လို့ အများကြီး ထောက်ခံပေးချင်ပါတယ်။"

"ဒီပစ္စည်းကို အရင်က သုံးဖူးတယ်။ ဒီပစ္စည်းက အရမ်းအသုံးဝင်လို့ အများကြီး ထောက်ခံပေးချင်ပါတယ် +1"

Bullet ကောမန့်တွေဖြစ်ဖြစ် ကောမန့်အကန့်မှာပဲဖြစ်ဖြစ် တူညီသည့် ဒီမက်ဆေ့ချ်တစ်ခုတည်းက ဆက်တိုက်ပေါ်လာနေပြီး လူများစွာကလည်း ပါဝင်အရူးထကြသည်။

ဟူရှောင်းတစ်ယောက် မှင်သက်စွာဖြင့် ခေါင်းကိုခါနေမိသည်။

ဘာတွေဖြစ်နေတာလဲ။

ငါ့ Review သမားအတုတွေ ဘယ်ရောက်သွားလဲ။

ငါငှားထားတဲ့ Review အတု စစ်တပ်ကြီး ဘယ်ရောက်သွားလဲ။

ဘာလို့ သူတို့ကောမန့်တွေက သာမန် ပရိသတ်တွေရဲ့ ကောမန့်တွေနဲ့ လုံးဝ ပေါင်းစည်းသွားရတာလဲ။ သူတို့ကောမန့်တွေက ဘာလို့ ဘာသက်ရောက်မှုမှ မရှိရတာလဲ။

ဒါတွေကို ဆက်တိုက်ပြန်စဥ်းစားရင်း ဟူရှောင်းတစ်ယောက် လမ်းပျောက်ကာ စိတ်ရှုပ်ထွေးနေဆဲဖြစ်သဖြင့် အမာခံဝေဖန်ချက်များထံသို့ မက်ဆေ့ချ်တစ်စောင် ပို့လိုက်ပါသည်။

"ညီအစ်ကို... မင်း... မင်းက ဘယ်သူလဲ။”

All Chapters