← Chapters

ဘော့စ်ဖေးလှုပ်ရှားဖို့ အချိန်

Vol. 16 Ch. 234

ဘော့စ်ဖေးလှုပ်ရှားဖို့ အချိန်

Vol. 16 Ch. 234

သြဂုတ်လ ၁၈ ရက်နေ့ ဗုဒ္ဓဟူးနေ့...

အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်း၏ Demo က အသင့်ဖြစ်နေပါပြီ။

Demo ဆိုသည်မှာ ဂိမ်း၏ 'သရုပ်ပြ' 'ပုံဖော်' 'နမူနာ' ဖြစ်ပြီး ၎င်း၏ Beta ဗားရှင်းဟုခေါ်နိုင်သည်။

အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ကဲ့သို့ ဂိမ်းမျိုးအတွက် ဇာတ်ကောင်မော်ဒယ်၊ အက်ရှင်နှင့် တိုက်ခိုက်စနစ် အစရှိသည်တို့က အနည်းနဲ့ အများ ပြီးဆုံးသွားပြီဆိုလျှင် ဇာတ်ဝင်ခန်း နည်းနည်းလောက် ထည့်လိုက်တာနဲ့ Beta ဗားရှင်းတစ်ခု ဖန်တီးပြီးသားဖြစ်သွားပါလိမ့်မည်။

ပုံမှန်အားဖြင့် Beta ဗားရှင်း ထုတ်လုပ်ခြင်းနှင့် ပန်းချီအရင်းအမြစ်များ ဖန်တီးမှုတို့က အတူတကွ ဖြစ်ပေါ်လေ့ရှိသည်။ ဇာတ်ဝင်ခန်းအသစ်များ၊ မွန်းစတာများနှင့် ဆက်တင်များကို ဖန်တီးပြီး အချောသပ်နေစဥ် ဇာတ်ကောင်များ၏ လှုပ်ရှားမှုများ၊ တိုက်ခိုက်မှုများနှင့် တခြား အသေးစိတ်များကိုလည်း အဆင့်မြှင့်နိုင်ပါသည်။ ဒီလိုဆို ဂိမ်းဖန်တီးမှုလည်း ပိုမြန်ဆန်သွားမည်။

ဘော့စ်ဖေး၏ ရုံးခန်းတွင်...

လီယာ့တာက ဖေးချမ့်၏ ကွန်ပျူတာထဲတွင် ဂိမ်းကို စမ်းသပ်နေ၏။ စနစ်၏ ဒီဇိုင်း အချက်အလက်များက တိကျပြီး ပြင်ဆင်မှုများ ပြီးဆုံးသွားကြောင်း အတည်ပြုပြီးတာနဲ့ ဘော့စ်ဖေးကို ဂိမ်းစမ်းကစားကြည့်ခိုင်းတော့မည်ဖြစ်သည်။

ဖေးချမ့်က ဘေးတွင် ရပ်နေပြီး လီယာ့တာ ဂိမ်း၏ အသေးစိတ်အချက်အလက်များအား ပြင်ဆင်နေတာကို စောင့်ကြည့်နေပါသည်။

အက်ရှင်ဂိမ်းများ၏ ထုတ်လုပ်မှုအကန့်အသတ်များက အလွန်အမင်းမြင့်မားလွန်းပါသည်။

ပြည်တွင်းထုတ် ဂိမ်းတွေရဲ့ တိုက်ပွဲအက်ရှင်တွေက ဒီလောက်စိတ်ပျက်ဖို့ ကောင်းနေပြီး ကစားသမားတွေအတွက် သည်းမခံနိုင်စရာဖြစ်နေပေဘဲ နိုင်ငံခြား AAA ဂိမ်းအကြီးစားတွေကတော့ လူတွေကို နစ်မြောသွားစေပြီး ကစားရတာ စိတ်ကျေနမှု ဘာကြောင့် ပေးစွမ်းနိုင်တာလဲ။

အားလုံးက အချက်တစ်ချက်တည်းအပေါ်မှာသာ မူတည်နေပါသည်။ အသေးစိတ်ကျမှုဖြစ်၏။

ဥပမာအားဖြင့် ဇာတ်ကောင်တစ်ကောင်က ဓားမြောင်၊ ဓားရှည်၊ ဧရာမ တူကြီး သို့မဟုတ် တခြား လက်နက်များကို ကိုင်ဆောင်ထားပါက ၎င်းတို့၏ ရွေ့လျားမှုနဲ့ အက်ရှင်များက သေချာပေါက် ခြားနားလိမ့်မည်။ လှုပ်ရှားမှုတိုင်း၏ ဖရိန််တိုင်းမှာ အာရုံစိုက်မှုများစွာ လိုအပ်ပါသည်။

အမှန်ပင်။ အက်ရှင်အမျိုးအစားတစ်ခုကိုသာ ပိုပိုင်နိုင်နိုင်လုပ်မည်ဆို အကူအညီဖြစ်လိမ့်မည်။ သို့သော် ဒါတောင် ပြင်ဆင်မှုတချို့ လိုအပ်ပါသေးသည်။

ဖရိန်တစ်ခု နည်းနည်းလေး လွဲချော်သွားခြင်း၊ မညီမညာဖြစ်သွားခြင်း၊ မြန်လွန်းသွားခြင်း၊ နှေးလွန်းသွားခြင်းတို့ ဖြစ်တာနဲ့ ကစားသမားတွေက ဂိမ်းထံမှ စိတ်ကျေနပ်မှုကို ခံစားရတော့မည်မဟုတ်ပေ။

ထို့အပြင် လက်နက်အမျိုးအစား အမျိုးမျိုးကို အသုံးပြုပြီး ရန်သူကို တိုက်ခိုက်ခြင်းကလည်း ရန်သူ့ထံမှ မတူညီသော တုန့်ပြန်ချက်ကို ရသင့်သည်။ ပတ်ဝန်းကျင်ကို ထိခိုက်စေသော Damage ကိုပါ ထည့်တွက်ရမည်။

ဥပမာအားဖြင့် ရန်သူကို ဓားမြှောင်တစ်လက် အသုံးပြု တိုက်ခိုက်ခြင်းနဲ့ ဧရာမ တူကြီးတို့ကို အသုံးပြုတိုက်ခိုက်ခြင်းတို့အကြား မဟာ ခြားနားချက်တစ်ခုရှိရမည်။ တိုက်ခိုက်မှု၏ အထိအတွေ့နဲ့ ရန်သူ၏ အသေးစိတ်တုန့်ပြန်ချက်တို့က အလွန်ခြားနားလိမ့်မည်။ ဧရာမ တူကြီးတစ်ခုနဲ့ ရန်သူတစ်ယောက်ကို ထုရိုက်လိုက်ပြီး ရန်သူက တွန့်တောင် မတွန့်ဆုတ်သွားပါက ထိုထိရိုက်မှုက လက်တွေ့မဆန်ဘဲ စုတ်ပြတ်သည်ဟု ကစားသမားများက ခံစားသွားရမည်။

ထို့ကြောင့် သင့်တော်သည့် အထိအတွေ့ကို ချိန်ညှိခြင်းက အနုပညာဆန်သလို ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခြင်းမျိုးလည်း ဖြစ်သည်။

သို့သော်လည်း ထိုပြဿနာအားလုံးကို ငွေသုံးပြီး ဖြေရှင်းနိုင်ပါသည်။

အရှုံးပေးပြီးကယ်တင်ခြင်းခံစေတွင် အကောင်းဆုံး အက်ရှင်နမူနာနှင့် ပုံရိပ်များ၊ အရင်းအမြစ် ဝက်ဘ်ဆိုက်ပေါ်ရှိ အကောင်းဆုံး 3D ပန်းချီများကိုလည်း အသုံးပြုထားပြီး အနည်းငယ် ပြုပြင်ထားသည်။ ထို့ကြောင့် ဂိမ်းထဲက အက်ရှင်များက အလွန်ချောမွတ်နေပြီး သာမန် ပြည်တွင်းထုတ်ဂိမ်းတွေထက်တော့ သိသိသာသာ ပိုကောင်းပြီး ခြားနားပါသည်။

ရှင်းရှင်းပြောရလျှင် ငွေရှိလျှင် အကုန်အဆင်ပြေပါသည်။

လှုပ်ရှားမှုများနှင့် ရွှေ့ကွက်များကို ချိန်ညှိခြင်းက အနုပညာဆန်သည့် ကိစ္စဖြစ်သဖြင့် လီယာ့တာ ဝင်မပါခဲ့ပါ။ သို့သော် စနစ်ဒီဇိုင်းနှင့် အသေးစိတ် အချက်အလက်များကို ပြုပြင်သည့်အခါမှာတော့ လီယာ့တာ အစွမ်းပြချိန်ရောက်ပါပြီ။

ဥပမာအားဖြင့် ကစားသမားများက မွန်းစတား တစ်ကောင်ကိုချဖို့ မတူညီသည့် လက်နက်များကို အသုံးပြုပါက သွေးဘယ်လောက် ဆုံးရှုံးသွားမလဲ၊ မွန်းစတားကို သတ်ဖို့ ဘယ်နှချက် ချရမလဲ စသဖြင့် ရှိသည်။ မတူညီသည့် တိုက်ခိုက်မှုအမျိုးအစားများကလည်း မွန်းစတားအပေါ် မတူညီသော ထိခိုက်မှု ဖြစ်နိုင်ပြီး တစ်ချက်ကို သွေးဘယ်လောက် ဆုံးရှုံးသင့်သလဲ။ အတိအကျ ဘယ်လောက်လဲ။

ဒါတွေအားလုံးက စနစ်ဒီဇိုင်းနှင့်သက်ဆိုင်သည့် ပြဿနာအားလုံးသာဖြစ်သည်။

အထင်ကြီးစရာ ဂိမ်းကစားနည်းများရှိသည့် ဆင်တူ AAA ဂိမ်းများတွင်လည်း ဇာတ်ကောင် တစ်ကောင်၏ အသက်ဘားကို ဖော်ပြဖို့အတွက်် UI အမျိုးမျိုးကို အသုံးပြုကြသည်။ ဒါတွေကလည်း နောက်ကွယ်မှာ အသေးစိတ် စနစ်ဒီဇိုင်းများကို လိုအပ်ပါသည်။ ဒီလိုအချက်အလက်များကို ဂိမ်းကစားနေစဥ် စနစ်ဒီဇိုင်းက ဖွက်ထားမည်ဖြစ်သည်။

လီယာ့တာက စနစ်ဒီဇိုင်းများနှင့် အသေးစိတ် ဒေတာများကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ပြီး မတ်တပ်ရပ်ကာ ဖေးချမ့်ကို ဂိမ်း စမ်းကစားကြည့်ခိုင်းဖို့ ပြင်လိုက်သည်။

ထိုအချိန်တွင် ဖေးချမ့် သူမကို တားလိုက်၏။ "နေဦး ဆက်တင်ကို နည်းနည်း ကလိပြီး မွန်းစတားတွေရဲ့ Stats တွေကို နည်းနည်းလောက် မြှင့်လိုက်ဦး။"

လိယတာ ကြက်သေသေသွားသည်။ "ထပ်မြှင့်ဦးမှာလား။ အခုတောင် အရမ်းမြင့်နေပြီလေ။"

ဖေးချမ့်က ခေါင်းငြိမ့်၏။ "ထပ်မြှင့်လိုက်။ တိုက်ခိုက်စွမ်းအားကို ၂ ဆတင်။ နေဦး ၃ ဆသာ တင်လိုက်"

လီယာ့တာ "?"

ယခင်တုန်းက အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းမှာ အလွန်ခက်ခဲသည့် ဂိမ်းဖြစ်ရမည်ဟု ဘော့စ်ဖေး ပြောခဲ့ပါသည်။ ပရောဂျက်အဖွဲ့ထဲက လူတွေအားလုံး ကစားသမားတွေ မနိုင်အောင် လုပ်ဖို့ နည်းလမ်းပေါင်းစုံ မနည်း ကြိုးစားပြီး စဥ်းစားခဲ့ရပါသည်။

ကစားသမားတွေကို ဆက်ပြီးမကစားချင်တော့အောင် လုပ်ဖို့က ပရောဂျက်အဖွဲ့၏ နံပါတ် ၁ မစ်ရှင်သာ ဖြစ်သည်။

လုမင်လျန်က အမိန့်နာခံပြီး ဘော့စ်ဖေး၏ တောင်းဆိုချက်များကို တိတိကျကျ လိုက်နာခဲ့သည်။ ပေါင်ရှုကလည်း သူ့ရဲ့ အထောက်အကူဖြစ်သော ဝေဖန်ချက်များကို ကူညီထောက်ပြပေးခဲ့ပါသည်။

ဒါတောင် ဘော့စ်ဖေးက အားမရသေးဘူးတဲ့လား။

ဖေးချမ့်လည်း အများကြီး ရှင်းပြမနေပါ။ လုမင်လျန်က သူ့ဆန္ဒတွေအတိုင်းပဲ တိတိကျကျ လိုက်လုပ်ခဲ့ရင်တောင် သူတို့ရဲ့ စိတ်ကူးစိတ်သန်းက လိုအပ်ချက်ရှိနေသေးမှန်း ဖေးချမ့် သေချာသိသည်။ ဂိမ်းထဲက မွန်းစတားများ၏ တိုက်ခိုက်စွမ်းအားကို မြှင့်တင်လိုက်ခြင်းက သေချာပေါက် မှန်ကန်သည့် ရွှေ့ကွက် ဖြစ်ပါလိမ့်မည်။

လီယာ့တာလည်း သူမ၏ မျက်မှန်ကို ပင့်တင်ရင်း ဖေးချမ့် ညွှန်ကြားသည့်အတိုင်း ဂိမ်းထဲက မွန်းစတားများ၏ တိုက်ခိုက်စွမ်းအားကို ၃ ဆ တိုးလိုက်သည်။

ထို့ကြောင့် နဂိုကတည်းက မြင့်နေသည့် Error တက်နိုင်ခြေများ ပိုပြီး မြင့်သွားသည်။

ပြောင်းလဲမှုတချို့ ပြုလုပ်ပြီးနောက် လီယာ့တာ မတ်တပ်ရပ်လိုက်ပြီး ဂိမ်းခလုတ်ကို ဖေးချမ့်အား ပေးကာ ဘေးမှာ ရပ်ကြည့်နေလိုက်ပါသည်။

ဖေးချမ့် ဒီဂိမ်းကို ဘယ်လိုကစားမလဲ သူမ ကြည့်ချင်မိသည်။

ဂိမ်းထဲက မွန်းစတားတွေရဲ့ တိုက်ခိုက်စွမ်းအားကို ၃ ဆ တိုးခိုင်းတော့ ဘော့စ်ဖေးက အရမ်း ယုံကြည်ချက် ပြည့်ဝနေတာပဲ။ မဟုတ်မှလွဲရော ဂိမ်းရဲ့ခက်ခဲမှုအဆင့်က သူ့အတွက် စိန်ခေါ်မှုမရှိလို့များလား။

ဧကန္တ ဘော့စ်ဖေးကလည်း ပေါင်ရှုလို ဂိမ်း နတ်ဘုရားကြီးများလား။ ဂိမ်းတွေကို ခက်ခဲမှု အဆင့်မြင့်မြင့်နဲ့ ကစားမှ သဘောကျတတ်တဲ့ လူမျိုးလား။

လီယာ့တာက မျက်မှန်ကို ပင့်တင်ရင်း ရှိသမျှ အာရုံအကုန်စိုက်ကာ စောင့်ကြည့်နေလိုက်သည်။

ဖေးချမ့်က ဂိမ်းခလုတ်ကိုယူလိုက်ပြီး ထိုင်ခုံမှာ ထိုင်လျက် စတင်ကစားလေသည်။

စဦး ဆက်တင်က ရွာငယ်လေးတစ်ရွာမှာဖြစ်သည်။ ထိုရွာက အလွန်ငြိမ်းချမ်းသော ရွာလေး ဖြစ်ခဲ့သော်လည်း လူများစွာက ၎င်းတို့၏ ဝိညာဥ်များကို ဆုံးရှုံးကာ လေလွင့်ဝိညာဥ်များ ဖြစ်လာကြသည်။ ထိုလူတွေ၏ အဝတ်အစားများက စုတ်ပြဲနေကြပြီး မျက်နှာတွေက ဖောင်းကားနေကြသည်။လက်ထဲမှာလည်း ထူးထူးဆန်းဆန်း လက်နက်တချို့ကို ကိုင်ဆောင်ထားသေး၏။ တချို့က ဓားမကြီးများ၊ တူရွင်းများ၊ တံစဥ်များ၊ မြက်ခြောက်ခက်များနှင့် တခြား လယ်တွင်းသုံး ကိရိယာများကို ကိုင်ထားသည်။ တချို့တွေက လက်ဗလာဖြစ်ပြီး တချို့ကတော့ ကျောက်တုံးများ ကိုင်ထားကြသည်။

မွန်းစတားများက တစ်ရွာလုံးမှာ ပြန့်ကျက်နေကြပြီး ထူးထူးဆန်းဆန်း ပြုမူနေကြသည်။

ပုဆိန်ကိုင်ထားသည့် တချို့မွန်းစတားတွေက သစ်ငုတ်တိုများကို ခုတ်နေကြ၏။ သို့သော် အပေါ်မှာ ဘာသစ်သားမှမရှိပေ။ ၎င်းတို့၏ ပုဆိန်ကို ဆက်တိုက် မြှောက်လိုက် နှိမ့်လိုက်လုပ်နေကြသည်။ တချို့တွေက နံရံထောင့်များတွင် ဆောင့်ကြောင့်ထိုင်နေကြပြီး နံရံကို မျက်နှာမူကာ အဓိပ္ပာယ်မရှိသည့် စကားများကို ဆက်တိုက်ရွတ်နေသည်။

တချို့တွေက အိမ်များ၏ နံရံတွေဆီသို့ လမ်းလျှောက်နေကြသည်။ ၎င်းတို့အားလုံး စဥ်းစားဆင်ခြင်ဉာဏ် ဆုံးရှုံးသွားကြသော်လည်း မသိစိတ်ဖြင့် မရဏလောကသို့ အသွားလမ်းဆီ ဆက်လက် လျှောက်လှမ်းနေကြဆဲ ဖြစ်သည်။ သို့သော် သူတို့ နံရံတစ်ခုနဲ့ ကာနေမှန်း မသိကြခြင်း ဖြစ်သည်။

တချို့က ရွာထဲတွင် ဦးတည်ရာမဲ့ လေလွင့်နေပြီး စိတ်မှန်နေသေးသည့် လူတွေကို မြင်သည့်အခါ အရူးတွေလို အော်ဟစ်ကြသည်။

ဇာတ်လိုက်က သူတို့နဲ့ ဆင်တူ၏။ သူလည်း စုတ်ပြတ်နေသည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး လက်ထဲမှာလည််း မသေသပ်သော လက်နက်တစ်ခုကို ကိုင်ထားသည်။

ကစားသမားမွေးဖွားလာသည့် အိမ်၏ ခြံထဲတွင် ဓားမများ၊ ပုဆိန်များ၊ တုတ်ချောင်းများ၊ မြက်ခြောက်ခက်များ အစရှိသည်တို့ တည်ရှိနေသည်။ ဂိမ်းကစားနေစဥ် တခြားလက်နက်တွေကိုလည်း ကစားသမားများ ရနိုင်ပါသေးသည်။ လက်နက်အားလုံးကို သူ့ Stats များ လုံလုံလောက်လောက် မြင့်ပါက သဘောအတိုင်း အသုံးပြုနိုင်သည်။

ဖေးချမ့်က စတင်သူတစ်ယောက်အတွက် ကိုင်ရလွယ်သည့် လက်နက်တစ်ခုဖြစ်သော ဓားမတစ်လက်ကို ရွေးလိုက်ပြိး သူမြင်သည့် ပထမဆုံး မွန်းစတားထံသို့ အပြေးသွားလိုက်သည်။

ဒီမွန်းစတားလေးက မြက်ခြောက်ခက် တစ်လက်ကို ကိုင်ထားပြီး ဖေးချမ့် ချဥ်းကပ်လာတာကို ချက်ချင်း အာရုံရသွား၏။ ၎င်း၏ ရှည်လျားသော မြက်ခြောက်ခက်ကြီးက ဖေးချမ့်၏ ဓားမဖြင့် မခုတ်နိုင်ခင်မှာပင် ဖေးချမ့်အား ထိုးဝင်သွားသည်။ "ဇွပ်"ဟူသော အသံနှင့်အတူ သူ့ အသက်ဘားတန်း တစ်ဝက်ကျော်လောက်ထိ လျော့ကျသွားတာကို ဖေးချမ့် မြင်လိုက်သည်။

မြက်ခြောက်ခက်ကိုင်ထားသည့် မွန်းစတားက နောက်တစ်ခေါက် တိုက်ခိုက်ဖို့ ပြင်လိုက်စဥ် ဖေးချမ့်က ခလုတ်တစ်ခုကို အမြန််နှိပ်ပြီး ရှောင်လိုက်ပါသည်။ နောက်ထပ် တိုက်ချက် တစ်ချက်က ဖေးချမ့်ကို ထိသွားပြီး သူ့အသက်ဘားတန်း အကုန်ပြောင်သွားပါသည်။

"ဟားဟာားဟား...."

မွန်းစတားက ကြက်သီးထဖွယ်ရယ်သံကြီးနဲ့အတူ လှည့်ထွက်သွားတော့သည်။

ကျန်ခဲ့တာဆိုလို့ အနက်ရောင် ဖန်သားပြင် တစ်ခုသာ ဖြစ်လေ၏။

ဖေးချမ့် ". . ."

လီယာ့တာ ". . ."

အခန်းထဲမှာ အနည်းငယ် ခွကျသွားပါသည်။

All Chapters