← Chapters

'ဖုတု'

Vol. 16 Ch. 236

'ဖုတု'

Vol. 16 Ch. 236

ဖေးချမ့်တစ်ယောက် လက်နက်အားလုံးကို ခြုံငုံပြီး စစ်ဆေးခဲ့သည်။

လက်နက်တစ်လက်၏ Stats များကို ပြောင်းလဲချင်သည်ဆိုသော်လည်း လက်နက်၏ မူလ Stats များကို တတ်နိုင်သမျှ ထိန်းသိမ်းထားချင်ပါသေးသည်။ လက်နက်ကို ပြောင်းလဲပြီးနောက် လက်နက်၏ ထူးခြားသည့် လက္ခဏာများနှင့် ပုံစံတို့နှင့် ကိုက်ညီမှု ရှိရပါဦးမည်။

မဟုတ်ပါက ဂိမ်းက စုတ်ပြတ်လာနိုင်သည်။

ဖေးချမ့် လက်နက်အားလုံးကို စစ်ကြည့်လိုက်သည်။

တစ်ဖက်ကိုင် ဓားတစ်လက်ကို ရွေးချင်မိ၏။ သို့သော်လည်း ခေတ္တစဥ်းစားကြည့်လိုက်မှ တစ်ဖက်ကိုင်ဓားများက အသုံးဝင်သော်လည်း တိုက်ခိုက်စွမ်းအားများကို အများကြီး ပြောင်းလဲလို့ မရပေ။ ထို့အပြင် တိုက်ခိုက်နိုင်သည့် အကွာအဝေးကလည်း တိုတောင်းသဖြင့် အန္တရာယ်များပါသည်။

နောက်ဆုံးတော့ ဖေးချမ့်က ပိုရှည်သည့် လက်နက်များအပေါ် အာရုံစိုက်လိုက်သည်။ သိပ်ပြီး ရေပန်းမစားသည့် လက်နက်တစ်ခုကို မြင်လိုက်ရပါသည်။ တောင်ဝှေးတုတ်တစ်ချောင်းဖြစ်၏။

ဖေးချမ့်လက်နက်၏ ID ကိုရှာကြည့်လိုက်ရာ ထိုလက်နက်က ဘုရားကျောင်းဆောင်ပျက်ကြီးတစ်လုံးထဲက ပစ္စည်းတစ်ခုဖြစ်မှန်း မြင်လိုက်ရပါသည်။

လူသစ်ရွာထဲက ထွက်လာပြီး အနီးအနားရှိ မြို့တစ်မြို့ကို ဦးတည်လိုက်ပါက ဘုရားကျောင်းဆောင်ပျက်ကြီးမှာ ထိုမြို့၏ အနားတွင် တည်ရှိသည်။ ရူးသွပ်နေသည့် ဘုန်းတော်အိုကြီး တစ်ပါးက ကျောင်းဆောင်ထဲတွင် ရှိနေပါသည်။ သူ့ကို Miniboss (ဘော့စ်အသေးစား) တစ်ကောင်ဟု သတ်မှတ်နိုင်သည်။

ရူးသွပ်နေသည့် ဘုန်းတော်အိုကြီးကို နှိမ်နင်းပြီးနောက် ဒီတောင်ဝှေးကျန်ခဲ့လိမ့်မည်။ ထိုကျောင်းဆောင်ပျက်ကြီးထဲတွင် ပျက်စီးနေသော ဗုဒ္ဓပုတီးစေ့များ ပါဝင်သည့် ရတနာ သေတ္တာတစ်လုံး ရှိသည်။

ထိုဗုဒ္ဓပုတီးစေ့များက ဂိမ်း၏ အစောပိုင်းတွင် အထူးလက်နက်တစ်မျိုးဖြစ်သည်။ မွန်းစတားများကို ယာယီထိန်းချုပ်နိုင်ပြီး အချိန်တစ်ခုရောက်သည့်အခါ ပြန်ရှင်နိုင်သည့် Item တစ်ခုအဖြစ် အသုံးပြုနိုင်ပါသည်။ ဂိမ်းအစောပိုင်းတွင် အတော်လေးအရေးကြီးသည့် လက်နက်ဟု ဆိုနိုင်သည်။

ထို့အပြင် တောင်ဝှေး၏ Stats များက အရမ်းကြီး အားမကောင်းပါ။ ဂိမ်း၏ အစောပိုင်း အဆင့်ဒီဇိုင်းတွင် သာမန်လက်နက်တစ်လက်အဖြစ် မြင်နိုင်ပါသည်။

ဒါကလည်း ပုံမှန်ပဲဖြစ်ပါသည်။ ဂိမ်းထဲတွင် လက်နက် ဆယ်ချီပြီးရှိသည်။ တချို့က အသုံးဝင်ပြီး တချို့ကတော့ သိပ်အသုံးမဝင်လှပါ။ ပြီးပြည့်စုံသည့် မျှခြေတစ်ခုကို ဖန်တီးဖို့ကတော့ ခက်ခဲပါသည်။

ဒီတောင်ဝှေးကလည်း လက်နက်ပမာဏ ပြည့်ဖို့ သက်သက် ဖြည့်ထားသည့် အမှိုက်သရိုက်လက်နက်မျိုး ဖြစ်ပါသည်။

"မင်းကို ရွေးလိုက်ပြီကွ"

ရှိနေမှန်း မသိနိုင်သည့် နာမည်သိပ်မကြီးသော လက်နက်တစ်လက်ကို ရွေးချယ်လိုက်ခြင်းဖြင့် ဂိမ်းအပေါ် ဖေးချမ့်၏ ပြောင်းလဲမှုများအား အလွယ်တကူ ရှာမတွေ့နိုင်အောင် လုပ်နိုင်ပါလိမ့်မည်။

ဖေးချမ့်က လက်ရှိ တောင်ဝှေး၏ Stats များကို မပြောင်းလဲဘဲ မူလ တောင်ဝှေး၏ Stats များကို ပုံတူကူးထားသော လက်နက်အသစ် တစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် တောင်ဝှေးအသစ်၏ အခြေခံတိုက်ခိုက်မှုနဲ့ Level တက် တိုက်ခိုက် Stats များကို အမြောက်အများ မြှင့်တင်ပေးလိုက်ပါသည်။

ထို့နောက် တောင်ဝှေး၏ တိုက်ကွက်များကို စစ်ဆေးကြည့်လိုက်သည်။

တိုက်ကွက်များက အနည်းနဲ့အများ ထင်ထားသလောက်ပဲဖြစ်ပါသည်။ သာမန်တိုက်ကွက်များက ရေပြင်ညီ လှည့်ရိုက်ချက်များဖြစ်ပြီး လေးလံပြီး နှေးကွေးလွန်းပါသည်။ သို့သော်လည်း ခုန်တိုက်ကွက်နှင့် ရှောင်တိုက်ကွက်များက ပိုပြီး မြန်မြန်တိုက်ခိုက်နိုင်သည့် တိုက်ကွက်များ ဖြစ်ပါသည်။

ထို့နောက် ဖေးချမ့်က ဒီတောင်ဝှေးကို ရရှိနိုင်မည့် လုပ်ငန်းဆောင်တာများကို စီစဥ်ရသည်။

ဖေးချမ့်က အရမ်းကြီးရှုပ်ထွေးအောင်လုပ်ဖို့ မရည်ရွယ်ထားပါ။ ဆက်တင်အသစ်တစ်ခု ဖန်တီးခြင်း သို့မဟုတ် မစ်ရှင်ကို အလွန်အမင်း ရှုပ်ထွေးအောင် လုပ်လိုက်မိပါက ဇာတ်လမ်းအသစ်တစ်ခုလုံးကို Custom-made ပြန်လုပ်ရပြီး ပရောဂျက်အဖွဲ့တစ်ခုလုံးပါ ဝင်ပါရပါလိမ့်မည်။

ထို့ကြောင့် ဖေးချမ့် ခေတ္တစဥ်းစားပြီးနောက် ရှိနေပြီးသား ဂိမ်းဒီဇိုင်းကိုပဲ အသုံးပြုကာ လက်နက်ကို ဖွက်ထားဖို့ ဆုံးဖြတ်လိုက်ပါသည်။

မူရင်းဆက်တင်များအရဆို ဒီကျောင်းဆောင်ပျက်ကြီးက မြို့တစ်မြို့အနီးရှိ Filler (ဇာတ်လမ်းအရ မလိုအပ်ဘဲ ဂိမ်းကို ပိုရှည်အောင် ထည့်ထားသောအရာ) တစ်ခုသာဖြစ်ပြီး ကစားသမားတွေက ဝင်ပြီး တိုက်ခိုက်မလား မတိုက်ခိုက်ဘူးလား ရွေးချယ်လို့ ရပါသည်။ ရူးသွပ်နေသည့် ဘုန်းတော်အိုကြီး၏ ခွန်အားက လက်ရွေးစင် မွန်းစတားနှင့် ဘော့စ်အသေးစားတို့ကြားထဲလောက် ရှိနိုင်သည်။

ဒီဘုန်းတော်အိုကြီးကို နှိမ်နင်းနိုင်ပါက တောင်ဝှေးကို ရလိမ့်မည်။ ရတနာသေတ္တာထဲမှ ပျက်ယွင်းနေသည့် ဗုဒ္ဓပုတီးစေ့များကိုလည်း ရနိုင်ပါသည်။

ထို့နောက် ဖေးချမ့်က ဘုန်းတော်အိုကြီး၏ ဆက်တင်ကို ခိုးကြောင်ခိုးဝှက် ပြောင်းလဲလိုက်ပါသည်။

ဘုန်းတော်အိုကြီး၏ အနှစ်ချုပ် တိုက်ခိုက်စွမ်းအားကို အများကြီး ပိုအားနည်းသွားအောင် နှိမ့်ပစ်လိုက်ပါသည်။ သာမန် မွန်းစတားလေး တစ်ကောင်ထက်တောင် ပိုပြီး အားနည်းသွားသေးသည်။

ဒီလိုပြောင်းလဲမှုက ဖြစ်သင့်ပါသည််။ ဘာပဲဖြစ်ဖြစ် ဘုန်းတော်အိုကြီးကလည်း အလွန် အိုမင်းလွန်းနေပြီမဟုတ်ပါလား။ ဘော့စ်အသေးစား တစ်ကောင်၏ ခွန်အားမျိုး ပေးထားဖို့ မသင့်တော်လှပါ။ အားနည်းပြီး ချိတုန်ချိတုန် ဖြစ်နေသင့်သည်။

ဒီကို ရောက်လာသည့် လူတိုင်းက လူသစ်ရွာနဲ့ အနီးအနားရှိ မြို့မှ သွေးရေများ ချိုးလာကြသူတွေသာ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သူတို့ ဒီလို NPC တွေကို အလွန်အမင်းသတိထားတတ်ပြီး တိုက်ခိုက်ဖို့ သေချာပေါက် တွန့်ဆုတ်ကြလိမ့်မည်။

အမှန်ပင်။ ကစားသမားတွေက မလှုပ်ရှားရင်တောင် ဒီဘုန်းတော်အိုကြီးက တိုက်ခိုက်ရေး Mode ဖွင့်ထားသဖြင့် ကစားသမားတွေကို အရင်တိုက်ခိုက်လိမ့်မည်။

ဂိမ်မာတွေက ဘုန်းတော်အိုကြီးကို သတ်ပစ်လိုက်ပါက ပုံမှန်အတိုင်းပဲ မူလတောင်ဝှေးနဲ့ ဗုဒ္ဓပုတီးစေ့များကို ရနိုင်ပါလိမ့်မည်။

ဗုဒ္ဓပုတီးစေ့များက အလွန်အသုံးဝင်ပြီး တောင်ဝှေးကလည်း အထူးလက်နက်တစ်ခု ဖြစ်သောကြောင့် ကစားသမားအများစုက ဘုန်းတော်အိုကြီးကို သေချာပေါက် သတ်ပစ်ကြလိမ့်မည်။ ကျန်တာဘာမှ ဂရုစိုက်ကြမှာ မဟုတ်ပါ။

ဒီဘုန်းတော်အိုကြီးအတွက် ဖေးချမ့် ဂုဏ်သတ္တိတစ်ခုထည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ကစားသမားများ ဒီဘုန်းတော်အိုကြီး၏ လက်ချက်နဲ့ ၆ ကြိမ်တိတိသေဆုံးသွားပါက ၇ ကြိမ်မြောက်သူတို့ ပြန်ရှင်ပြီး ဒီကိုထပ်လာသည့်အခါ ဒီဘုန်းတော်အိုကြီးက ရန်မလိုသည့် NPCတစ်ယောက်ဖြစ်လာပြီး သူတို့ကို တိုက်ခိုက်တော့မှာ မဟုတ်ပါ။

ဒီလိုဂုဏ်သတ္တိကိုလည်း ရှင်းပြနိုင်ပါသည်။ ကစားသမားတွေ ဆက်တိုက်သေဆုံးနေသည့်အခါ ဘုန်းတော်အိုကြီးက ၎င်းတို့၏ ပျောက်ဆုံးသွားသော ဝိညာဥ်များကြောင့် သူ့စိတ်အခြေအနေကို ဖြည်းဖြည်းချင်း ပြန်ဖြည့်တင်းနိုင်ခဲ့သည်။

အမှန်ပင်။ ကစားသမားများက သူ့ကို သတ်ချင် သတ်နိုင်ပါသေးသည်။ သူတို့ ဘုန်းတော်အိုကြီးကို သတ်ပစ်လိုက်ပါက သာမန်ဆုလာဘ်တွေကိုသာာ ရမည်ဖြစ်သည်။

သို့သော် သူတို့ ဘုန်းတော်အိုကြီးကို စကားပြောကြည့်ပါက ဘုန်းတော်ကြီးက စကားတချို့ ပြောလိမ့်မည်။ ပျက်ယွင်းခြင်းခေတ် ရောက်ရှိလာတော့မည်ဖြစ်ပြီး ဗုဒ္ဓလမ်းစဥ်လည်း သုတ်သင်ရှင်းလင်းခံရတော့မည်ဖြစ်ကြောင်း၊ သူ့အဆုံးသတ်ချိန်ကို ရောက်လုနီးပါးဖြစ်နေပြီဖြစ်သော်လည်း ဗုဒ္ဓ၏ အကြွင်းအကျန်စွမ်းအားများ သူ့မှာ ရှိနေသေးကြောင်း၊ ဇာတ်လိုက်က ပြန်လည်မွေးဖွားခြင်းနှင့် ဖြစ်တည်ခြင်း ဘုံ ၆ ခုကို ဝင်ရောက်နိုင်မည်ဆိုပါက နာကျင်ခံစားမှုအားလုံးကို ချန်ရစ်ခဲ့နိုင်မည်ဖြစ်ကြောင်း ဆိုသည်။

ထိုအချိန်တွင် ဘုန်းတော်အိုကြီးက နတ်အလင်းရောင်ဖြင့် တောက်ပလာလိမ့်မည်။ ရတနာသေတ္တာထဲက ဗုဒ္ဓပုတီးစေ့များနဲ့ သူ့လက်ထဲက တောင်ဝှေးတို့က 'ဖုတု' ဟုခေါ်သည့် လက်နက်သစ်တစ်မျိုးဖြစ်လာလိမ့်မည်။ ထိုလက်နက်မှာ ဖေးချမ့် ကော်ပီကူးပြီး အဆင့်မြှင့်တင်ထားသည့် လက်နက်ပဲ ဖြစ်ပါသည်။

'ဖုတု'က သာမန်တောင်ဝှေးနဲ့ အလွန်ခြားနားသည့်ပုံမပေါက်ပါ။ တောင်ဝှေး၏ ခေါင်းထိပ်တွင် ဗုဒ္ဓ၏ ဉာဏ်အလင်းရောင်ဖြစ်သော ရွှေရောင်အလင်းတစ်ခုသာ တိုးလာပါသည်။

ဒီလက်နက်ကို ရရှိပြီးနောက် ကစားသမားများက ၎င်းတို့၏ တိုက်ခိုက်စွမ်းအားများ မြင့်တက်သွားရုံမကဘဲ မရဏလောကသို့အသွားလမ်းမှ မေ့လျော့ခြင်းတံတားကို တန်းဖြတ်သွားနိုင်ပြီး အသက်ကျောက်တုံး ၃ တုံးကိုဖြတ်ကာ ပြန်လည်မွေးဖွားခြင်းနှင့် ဖြစ်တည်ခြင်း လောက ၆ ခုထံသို့ရောက်ရှိနိုင်လိမ့်မည်။ ထိုဂိမ်မာတွေက ပြန်လည်မွေးဖွားခြင်း အဆုံးသတ်သို့ တန်းကျော်ပစ်နိုင်လိမ့်မည်။

ဂိမ်း၏ ဆက်တင်များအရဆို ပြန်လည်မွေးဖွားခြင်းနှင့် ဖြစ်တည်ခြင်း လောက ၆ ပါးက တကယ်တော့ အတုအယောင် ဇာတ်သိမ်း ဖြစ်ပါသည်။

ဂိမ်း၏ အစ ရွာထဲတွင် အဘိုးကြီးတစ်ယောက် ရှိသည်။ ကစားသမားတွေက ထိုအဘိုးကြီးကို သတ်ကာ သူ့ဝိညာဥ်နောက်ကိုလိုက်ရင်း မရဏလောကသို့အသွားလမ်းနှင့် ဆက်သွယ်ရမည်ဖြစ်သည်။ သို့သော်လည်း ဟိုနားဒီနား အရိပ်အမြွက်များရရှိပြီးနောက် ထိုအဘိုးကြီးမှာ တကယ်တမ်း ကစားသမားများ ပြန်လည်မွေးဖွားလာပြီးနောက် သူတို့ကိုယ်တိုင်ပဲဖြစ်နေတာကို သိလိုက်ရပါမည်။

ထိုဆက်တင်များကြောင့် ကစားသမားတစ်ယောက်၏ ဒုတိယအကြိမ် ကစားမှုတွင် ထိုအဘိုးကြီးက ပထမအကြိမ် ကစားမှုတွင် ကစားသမားများ၏ ပုံစံ၊ ချပ်ဝတ်တန်ဆာနှင့် လက်တနက်တို့အတိုင်း ပြန်ပေါ်လာလိမ့်မည်။ တစ်ခုတည်းသော ခြားနားချက်က ကစားသမား၏ ပုံစံမှာ အနည်းငယ် ပိန်လှီပြီး ရွတ်တွနေမည်သာဖြစ်သည်။

ထို့ကြောင့် ကစားသမားတစ်ယောက်က 'ဖုတု' လက်နက်ကို ကိုင်ဆောင်ထားပါက ထိုအဘိုးကြီး၏ လက်နက်ကလည်း 'ဖုတု'ပဲဖြစ်ကာ အထူး Effect များ ဂုဏ်သတ္တိများ မပါတော့ဘဲ သာမန် တောင်ဝှေးတစ်လက်သာ ပြန်ဖြစ်သွားပါလိမ့်မည်။

ဂိမ်းအား ဒုတိယအကြိမ်ကစားမှုတွင် ဒီလက်နက်ကို Level မြှင့်တင်ခွင့်လည်း မပေးထားပါ။

ဖေးချမ့်၏ ရည်ရွယ်ချက်က ဂိမ်း၏ ဇာတ်သိမ်းတစ်ခုကို အမြန််ရောက်စေဖို့ဖြစ်သဖြင့် ဒီလက်နက်အား သူ့တာဝန်သူကျေစေချင်ပါသည်။

ဖေးချမ့်က နာကျင် ခံစားရတာကို သဘောကျသည့်လူမဟုတ်ပါ။ တခြား ဇာတ်သိမ်းတွေကို စမ်းမကြည့်ချင်သလို အကြိမ်ပေါင်းများစွာလည်း မကစားချင်ပါ။

ဖေးချမ့် နေ့လည်းခင်းတစ်ခုစာလောက်သာ အလုပ်ရှုပ်ခံခဲ့ပြီး နောက်ဆုံးတော့ လိုအပ်သည့် ပြောင်းလဲမှုတွေလုပ်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ ဆောင်ရွက်ခဲ့ပါသည်။ ထိုပြောင်းလဲမှုတွေက တကယ်တမ်း မရှုပ်ထွေးပါ။ ဂိမ်း Editor ကို အသုံးပြုပြီးပြောင်းလဲဖို့ မခက်ခဲလှပေ။ သို့သော်လည်း ဖေးချမ့် ဂိမ်း Editor ကိုမသုံးရတာ ကြာပြီဖြစ်သောကြောင့် သူအချိန်အတော်လေး ပေးခဲ့ရပါသည်။

စိစစ်မှုများပြုလုပ်ပြီးနောက် ဖေးချမ့် သူ့လက်ရာကို တစ်ချက်လောက် အကြမ်းဖျင်း ပြန်ကြည့်လိုက်သည်။

အသေးစိတ်လည်း စစ်ဆေးဖို့မလိုအပ်ပါ။ တကယ့် Bug တွေရှိနေပါက တခြားသူတွေ ဘော့စ်ဖေးကို ကူဖြေရှင်းပေးပါလိမ့်မည်။

ဖေးချမ့်က ပြောင်းလဲမှုများကို အတည်ပြုပြီး လီယာ့တာကို သွားတွေ့လိုက်သည်။

"ဂိမ်းရဲ့ Content ကို ငါနည်းနည်းပြောင်းထားတယ်။ ဂိမ်းကိုတော့ အရမ်းကြီး သက်ရောက်မှု မရှိပါဘူး။ နင်တို့လည်း အရမ်းကြီး ဂရုစိုက်စရာ မလိုဘူး။ ပြိးတော့ အဲ့ဒီပြောင်းလဲချက်တွေကို အထူးတလည် ထုတ်ပြောဖို့လည်း မလိုဘူးနော်။"

ထိုပြောင်းလဲချက်များကို ဒီဇိုင်းအဖွဲ့က သိသွားပါလိမ့်မည်။ အစီစဥ်ဆွဲသူချုပ်ဖြစ်သည့် လီယာ့တာကလည်း လက်နက်ကြီးတစ်ခုလုံး ထပ်ထည့်ထားတာကို သတိမထားနိုင်လောက်သည့်အထိ မတုံးလောက်ပါ။

သူတို့ သေချာပေါက် သတိထားမိနိုင်သဖြင့် ဖေးချမ့်က သူတို့ကို တဲ့တိုးပြောဖို့သာ ဆုံးဖြတ်လိုက်သည်။

ထို့အပြင် ဘော့စ်ဖေး၏ တောင်းဆိုချက်ဖြစ်သဖြင့် ဒီဇိုင်းအဖွဲ့ကလည်း သေချာပေါက် ဘော့စ်ဖေး၏ လျှို့ဝှက်ချက်ကို ကူညီထိန်းသိမ်းပေးပါလိမ့်မည်။

All Chapters