ယုတ္တိမရှိတဲ့အရာတိုင်းမှာ အဓိပ္ပာယ်ကြီးကြီးမားမားရှိတယ်
Vol. 16 Ch. 237
ဂိမ်းရဲ့ Content ကို ဘော့စ်ဖေးက နည်းနည်းပြောင်းလိုက်တယ် ဟုတ်လား။
လီယာ့တာ အနည်းငယ် တွန့်ဆုတ်သွား၏။
ဘော့စ်ဖေးအပေါ် သူမ၏ နားလည်ချက်အရဆို ဂိမ်းတွေကို သူကိုယ်တိုင် ပြောင်းလဲမှု လုပ်တာမျိုး ရှားပါးသည်။ တစ်ခုခုပြောင်းလဲလိုပါက လုမင်လျန်ကိုသာ ပြောမည်ဖြစ်ပြီး လုမင်လျန်ကလည်း တောင်းဆိုထားသည့် ပြောင်းလဲမှုကို ပြီးပြည့်စုံအောင် လုပ်ပေးလိမ့်မည်။
ဒီတစ်ခေါက်ကျတော့ ဘော့စ်ဖေးက ဘာလို့ သူကိုယ်တိုင် အပြောင်းအလဲတွေ လုပ်လိုက်ရတာလဲ။ ငါ့ကို မယုံလို့များလား။
လီယာ့တာ ခေတ္တစဥ်းစားကြည့်လိုက်သည်။ အဓိပ္ပာယ်မရှိဘူး။ ဘော့စ်ဖေးသာ ငါ့ကိုမယုံဘူးဆိုရင် ဘာလို့အစကတည်းက အစီစဥ်ဆွဲသူချုပ်အဖြစ် ရာထူးတိုးပေးခဲ့မှာလဲ။
ဒွိဟတချို့ဖြင့် လီယာ့တာတစ်ယောက် သူမ အလုပ်စားပွဲသူမ ပြန်သွားလိုက်ပြီး ပြောင်းလဲလိုက်သည့် ဂိမ်း၏ အစိတ်အပိုင်းများကို ကြည့်ရှုလိုက်သည်။
အများကြီးတော့ မပြောင်းလဲထားပါ။ ပြုပြင် ပြောင်းလဲမှုများက လက်နက်တစ်ခုတည်းကိုသာ ဦးတည်ထားသည်။
သာမန် Filler တောင်ဝှေးတစ်ချောင်းကို ခွန်အားတိုးလိုက်ပြီး ယခု မီးလင်း Effect ထည့်ထားသည်။ ထို့အပြင် ဒီအဆင့်မြှင့်တင်ထားသည့် လက်နက်ကိုရရှိနိုင်ဖို့အတွက် အထူးမစ်ရှင်တစ်ခုကိုလည်း ထည့်သွင်းလိုက်သည်။
လီယာ့တာက 'ဖုတု' ဟုခေါ်သည့် လက်နက်ကို သေချာကြည့်လိုက်သည်။
၎င်း၏ Stats များကို ကြည့်လိုက်သောအခါ ဂိမ်း၏ အစောပိုင်းအဆင့်များတွင် အတော်လေး ရှိန်လောက်သော လက်နက်မျိုး ဖြစ်၏။ အလွန်အကြူး အားကောင်းလွန်းသည်ဟုပင် ဆိုနိုင်သည်။ သို့သော်လည်း ၎င်း၏ သာမန် တိုက်ခိုက်မှု အမြန်နှုန်းကတော့ မူလအတိုင်းပဲဖြစ်ပြီး တစ်ချက်ချဖို့အတွက် အတော်လေး လွှဲယူရသည်။ လေးလံလွန်းပါသည်။
အမှန်ပင်။ ဒီလက်နက်အတွက် ဒီဇိုင်းဆွဲတုန်းက တခြား နှစ်ဖက်ကိုင်လက်နက်တွေလိုပဲ ခုန်တိုက်ကွက် ဆက်တင်များ ပါရှိသည်။ တိုက်ကွက်အတွဲလိုက်တစ်ခုကို ပြုလိုက်ပြီးပါက ပိုမြန်သည့် တိုက်ကွက်တစ်ကွက်အား ဖန်တီးနိုင်ပါသည်။
ဆိုလိုရင်းက စကေးရှိသည့် ဂိမ်မာတစ်ယောက် ဒီလက်နက်ကို ရရှိသွားလျှင် ဂိမ်း၏ အစောပိုင်းအဆင့်များရှိ တိုက်ပွဲများ၏ ခက်ခဲမှုကို တော်တော်လေး လျှော့ချပေးနိုင်ပါလိမ့်မည်။
တစ်ချိန်တည်းမှာပဲ ဒီလက်နက်တွင် ပြင်းထန်သော ကန့်သတ်ချက်များလည်း ရှိသေးသည်။ ပြန်လည်မွေးဖွားခြင်းနှင့် ဖြစ်တည်မှု ဇာတ်သိမ်းအလွန် ဂိမ်း Content အတွက် အသုံးပြုမည်ဆိုပါက တခြားလက်နက်တွေထက် သိသိသာသာ ကောင်းမည်မဟုတ်တော့ပေ။ ထို့အပြင် ဒီလက်နက်ကို ကစားသမားတစ်ယောက် ဒုတိယအကြိမ် အသုံးပြုရာတွင် ၎င်း၏ အထူး အဆင့်မြှင့်တင်မှုများ ဆုံးရှုံးသွားလိမ့်မည်။
လီယာ့တာ အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။
ဘော့စ်ဖေး ဘာလို့ ဒီလက်နက်ကိုမှ အထူးတလည် ဖန်တီးခဲ့တာလဲ။ ဂိမ်းထဲမှာ ဘော့စ်ဖေး နိုင်အောင် မဆော့နိုင်လို့ သူ့အတွက်သူ လွတ်ပေါက် ဖန်တီးလိုက်တာလား။
အာ... မဖြစ်နိုင်ပါဘူး။
ဘော့စ်ဖေးသာ ဂိမ်းကို ခက်လွန်းတယ်လို့ ခံစားမိရင် ခက်ခဲမှုအဆင့်ကိုပဲ ဘာလို့မလျှော့လိုက်တာလဲ။ ပြီးတော့လည်း ဒီဇိုင်နာ တစ်ယောက်အနေနဲ့ ဂိမ်းတစ်ဂိမ်းလုံးကိုလည်း ဘော့စ်ဖေး ပြီးအောင် ဆော့ဖို့မှ မလိုအပ်တာ။
ထို့ကြောင့် ဒီအကြောင်းအရင်းကိုတော့ သူမ ပယ်ချနိုင်ပါသည်။ တခြား အကြောင်းအရင်း တစ်ခုခုတော့ ရှိရမည်။
မဟုတ်မှလွဲရော ဒီလုပ်ရပ်နောက်ကွယ်မှာလည်း အဓိပ္ပာယ် ကြီးကြီးမားမား တစ်ခု ရှိနေဦးမလား။
လီယာ့တာ လေးလေးနက်နက် စဥ်းစားကြည့်လိုက်သည်။ ဒီဂိမ်း၏ လက်ရှိ ခက်ခဲမှုအဆဆင့်က တကယ်ပဲ သာမန်ကစားသမားများအတွက် ခက်ခဲလွန်းပါသည်။ ဂိမ်း၏ အစပိုင်းရှိ သာမန် မွန်းစတားလေးများကတောင် ဂိမ်မာများကို ၂ ချက်တည်းနဲ့ သတ်ပစ်နိုင်သည်။ ဆိုလိုရင်းက ကစားသမားအများစုက တိုက်ချက် မထိရအောင် အကောင်းဆုံး ကြိုးစားရလိမ့်မည်။
သူတို့ အသက်များကို ပြန်ပြည့်စေနိုင်သည့် Item များ သိပ်မကြာခင်ရလိမ့်မည် ဆိုသော်လည်း ကစားသမားတစ်ယောက် အသက်မြန်မြန်ဆုံးရှုံးရပုံနဲ့ ယှဥ်ရင်တော့ ထို Item များက အနည်းငယ် မလုံလောက်နိုင်ပါ။
နောက်ဆုံးတော့လည်း ကစားသမားများ၏ လှုပ်ရှားမှုနှင့် အက်ရှင်များက ပြီးပြည့်စုံမှဖြစ်ပါလိမ့်မည်။
ဒီလိုသာဆို ဒီလက်နက်က လူသစ်ကစားသမားတွေအတွက် ဘောနပ်စ်လို့ ဘော့စ်ဖေး သတ်မှတ်ထားတဲ့ လက်နက်များလား။ ဒီလက်နက်ကိုရသွားတဲ့ အတွေ့အကြုံ မရှိတဲ့ ကစားသမားတွေက အနည်းဆုံးတော့ ဂိမ်းရဲ့ ဇာတ်သိမ်းတစ်ခုကို ရောက်နိုင်မယ် မဟုတ်လား။ ဒါမှမဟုတ် ဒါ ဘော့စ်ဖေးရဲ့ စေတနာလား။
ဖြစ်နိုင်တယ်...။
ဒါဆိုလည်း... ဘာလို့ ဒီလိုမျိုး ဖွက်ထားရတာလဲ။
တောင်ဝှေးပေးသည့် ဘုန်းတော်အိုကြီး၏ Stats များကိုလည်း ဘော့စ်ဖေးမှ ပြောင်းလဲထားမှန်း လီယာ့တာ သတိထားမိသွားသည်။ ဘုန်းတော်အိုကြီးက သာမန် မွန်းစတားလေးများလောက်တောင် မသန်မာတော့ပေ။
သူက မြို့ပြင်တစ်ခုမှာ တည်ရှိသည်။ ဒီနေရာကြီးကို ရောက်လာသည့် ကစားသမားတိုင်းက လမ်းတစ်လျှောက် အခက်အခဲပေါင်းစုံကို ကျော်ဖြတ်လာပြီး မွန်းစတားများစွာကို သတ်နိုင်ခဲ့ကြလိမ့်မည်။ ဒီဘုန်းတော်အိုကြီးကို တိုက်ခိုက်ဖို့ အကြောင်း မရှိပါ။
သူတို့ မတော်တဆ ရှုံးသွားရင်တောင် ၆ ကြိမ်ဆက််တိုက် ရှုံးနိမ့်ဖို့တော့ မဖြစ်နိုင်ဘူးမလား။
တမင်သက်သက် လုပ်မှသာ ရလိမ့်မည်။ ဘယ်လို ဂိမ်မာမျိုးက ဒီလိုဘုန်းတော်အိုကြီး၏ လက်ထဲ ၆ကြိမ်တိတိ သေမလဲဆိုတာ ခန့်မှန်းဖို့ ခက်ခဲပါသည်။
ထို့အပြင် ဒီဘုန်းတော်အိုကြီးကို သတ်လိုက်မိပါက သာမန် တောင်ဝှေးနှင့် ပုတီးစေ့တချို့ကိုသာ ရစေလိမ့်မည်။ ဒါတွေက လက်နက် စုဆောင်းရေးသမားနှင့် အစောပိုင်းအဆင့် လက်နက်ကုန်ခမ်းခြင်း ဘောနပ်စ်များကို ရရှိစေလိမ့်မည်။ ဒါက ကစားသမားတွေအတွက် အလွန်ဆွဲဆောင်မှုရှိပါလိမ့်မည်။
အနှစ်ချုပ်ပြောရလျှင် 'ဖုတု'ကို ဂိမ်းထဲတွင် အလွန်နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားပြီး ကစားသမား ၉၉.၉၉ ရာခိုင်နှုန်းလောက်က ရရှိဖို့ မဖြစ်နိုင်ပါ။
ဒီလက်နက်က ဘော့စ်ဖေးရဲ့စေတနာသာဆို ဘာကြောင့် အလွယ်တကူမတွေ့နိုင်အောင် ဝှက်ထားရတာလဲ။ လီယာ့တာ အတွေးများ နက်ရှိုင်းသွားပါသည်။
စီနီယာကြီး ပေါင်ရှု၏ တွေးပုံခေါ်ပုံအရဆို ယုတ္တိမရှိတဲ့အရာအားလုံးမှာ ကြီးကြီးမားမား အဓိပ္ပာယ်များ ရှိကြသည်။ လောလောာဆယ်တော့ ဒီလက်နက်က တကယ့်ကို ယုတ္တိမဲ့လွန်းနေပါသည်။
"ဘာလို့ ၆ ကြိမ်တိတိ သူ့လက်ချက်ကြောင့် သေပြီးမှ ဘုန်းတော်အိုကြီးက ရုတ်တရက်ကြီး ရန်မလိုတဲ့ NPC တစ်ယောက်ဖြစ်လာမှာလဲ။ အဲ့ဒီနံပါတ်က ဘာသဘောလဲ။"
လီယာ့တာ ချမ့်သုကို သွားပြီး သဲလွန်စတချို့ ရှာဖွေလိုက်သည်။
ရှာဖွေမှု ရလဒ်များက အမျိုးမျိုး အဖုံဖုံ ဖြစ်နေပြီး လီယာ့တာလည်း ဘော့စ်ဖေး ဘယ်ဆိုးရိုးကို မှီငြမ်းထားသလဲ သေချာမသိနိုင်သော်လည်း နံပါတ်များ၏ နောက်ကွယ်က အရေးပါမှုကိုတော့ အနည်းနဲ့ အများဆိုသလို ခန့်မှန်းမိပါသည်။
အမှန်ပင်။ အဆင့်မြင့် ဗုဒ္ဓတရားတော်များက လီယာ့တာကော၊ ချမ့်သုရှာဖွေမှုအင်ဂျင်ကော၊ ကစားသမားများကော နားလည်နိုင်တာထက် ပိုရှုပ်ထွေးသည်။ တချို့ တိကျသေချာသည့် အဓိပ္ပာယ်များကို အပေါ်ယံနားလည်နိုင်မှ ကစားသမားများအတွက် လက်ခံနိုင်စရာဖြစ်လိမ့်မည်။
'၇' နှင့် '၉' တို့က ဗုဒ္ဓသင်ကြားမှုများတွင် ပိုအရေးပါသော နံပါတ်များဖြစ်ကြသည်။ ဥပမာအားဖြင့် 'အဆင့်ကိုး ကြာပလ္လင်' ထဲက '၉' မှာ ကြီးမားသော အောင်မြင်မှုတစ်ခုကို ကိုယ်စားပြုသည်။
'၇'မှာလည်း အဓိပ္ပာယ်များစွာပိုရှိပါသည်။ သူလည်း ကြီးမားသော အောင်မြင်မှုကို ဆိုလိုသည်။ တချို့ကတော့ ဒီနံပါတ်ကို အသေးစားအောင်မြင်မှုများအဖြစ် မြင်ကြ၏။
ဒီလို အဓိပ္ပာယ်ကောက်တာတွေအပြင် ဗုဒ္ဓဒီကမ္ဘာကြီးထဲ ဖွားမြင်ခဲ့စဥ်က ဖွားမြင်ပြီးချင်းချင်း လမ်းလျှောက်နိုင်ပြီး ခြေလှမ်း ၇ လှမ်း လှမ်းခဲ့သည်ဟု ရာဇဝင်များက ဆိုသည်။ ပထမ ခြေလှမ်း ၆ လှမ်းက လောက ၆ ပါးကို ကိုယ်စားပြုပြီး ၇ လှမ်းမြောက် ခြေလှမ်းကတော့ ဉာဏ်အလင်းပွင့်မှုကို ကိုယ်စားပြု၏။ ထို့ကြောင့် နံပါတ် '၇'ကို ဉာဏ်အလင်းပွင့်မှုအာား ကိုယ်စားပြုသည်ဟုလည်း သတ်မှတ်နိုင်သည်။
"၇ ကြိမ်တိတိ သေရင် အောင်မြင်မှုရမယ်လို့ ဆိုလိုတာလား။ အဲ့လိုတော့ မဟုတ်ဘူးထင်တယ်။ တိတိကျကျပြောရရင် ကစားသမားတွေက ၆ ကြိမ်တိတိပဲ သေရမှာ။ အဲ့တာဆို.... သေဆုံးခြင်း ၆ ကြိမ်က ပြန်လည်မွေးဖွားခြင်းနဲ့ ဖြစ်တည်ခြင်း လောက ၆ ပါးကို ကိုယ်စားပြုပြီး ၇ ကြိမ်မြောက်ကတော့ ဉာဏ်အလင်းပွင့်ခြင်းကို ကိုယ်စားပြုတာလား။"
"အဲ့တာကြောင့် ဒီလက်နက်ကို သုံးတဲ့လူတွေက ပြန်လည်မွေးဖွားခြင်းနဲ့ ဖြစ်တည်ခြင်း လောက ၆ ပါး ဇာတ်သိမ်းအထိ ရောက်အောင်ပဲ သုံးနိုင်ကြတာလား။"
လီယာ သူမ၏ ကောက်ချက်ချမှုအားလုံးကိုစုပေါင်းကြည့်လိုက်ပြီး ဒါက ယုတ္တိအရှိဆုံး ရှင်းလင်းချက် ဖြစ်လိမ့်မည်ဟု တွေးခဲ့မိပါသည်။
သေဆုံးခြင်း ၆ ကြိမ်က ပြန်လည်မွေးဖွားခြင်းနှင့် ဖြစ်တည်ခြင်း လောက ၆ ပါးကို ကိုယ်စားပြုသည်။ ဆိုလိုရင်းက ကစားသမားတွေလည်း ပြန်လည်မွေးဖွားခြင်းနှင့် ဖြစ်တည်ခြင်း လောက ၆ ပါးကို စောစော ရောက်နိုင်သည်ဟူသည့်သဘောပင်။ ဂိမ်မာတွေ ဘုန်းတော်အိုကြီးကို ၇ ကြိမ်မြောက် တွေ့ဆုံပြီး 'ဖုတု' လက်နက်ကို ရရှိလိုက်သည့်အခါ သူတို့ ပြန်လည်မွေးဖွားခြင်းနှင့် ဖြစ်တည်ခြင်း လောက ၆ ပါးဇာတ်သိမ်းကို တရားဝင် ရရှိသွားမည်ဖြစ်သည်။
သူတို့ မရဏလောကသို့အသွားလမ်းမှ ပြန်လည်မွေးဖွားခြင်းနှင့်ဖြစ်တည်ခြင်း လောက ၆ ပါး ဘော့စ်အထိ တန်းကျော်ပစ်လိုက်နိုင်ရုံသာမကဘဲ ဒီလက်နက်ကလည်း ထိုဘော့စ်အတွက် အထူးပြုပြင်ထားပြီးသား ဖြစ်သည်။
ကစားသမားတွေ တုန့်ပြန်ချက် ၂ ခုရှိလိမ့်မည်ဟု ခန့်မှန်းနိုင်သည်။
ပထမတစ်ခုကတော့ ဖုတုလက်နက်ကို ရရှိသွားသဖြင့် အပျော်လွန်ပြီး ဒီလက်နက်၏ မြင့်မားသော တိုက်ခိုက်မှုစွမ်းအားကို အသုံးပြုကာ လွယ်ကူသော တိုက်ပွဲများကို တိုက်ခိုက်ပြီး ပြန်လည်မွေးဖွားခြင်းနှင့် ဖြစ်တည်ခြင်း လောက ၆ ပါး ဇာတ်သိမ်းကို ပျော်ပျော်ကြီး ရရှိသွားလိမ့်မည်။
ဒုတိယကတော့ 'ဖုတု' လက်နက်ကို လက်လွှတ်ပြီး ကိုယ်ပိုင်အားထုတ်ကြိုးပမ်းမှုဖြင့် တိုက်ပွဲများကို ဆင်နွှဲကာ တခြားဇာတ်သိမ်းများကို ရှာဖွေဖို့ ဆုံးဖြတ်ကြလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ဂိမ်း၏မူလ ဆက်တင်များက ပြန်လည်မွေးဖွားခြင်းနှင့် ဖြစ်တည်ခြင်း လောက ၆ ပါး ဇာတ်သိမ်းကို ဇာတ်သိမ်းအတုအယောင်အဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။ ဇာတ်လိုက်က မျှော်လင့်ချက် ကင်းမဲ့နေသော ကမ္ဘာကြီးမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီဟု ထင်သွားလိမ့်မည်။ သို့သော် တကယ်တမ်းမှာတော့ သူတို့နောက် တစ်ကြိမ် ပြန်လည်မွေးဖွားလာကြခြင်းသာ ဖြစ်သည်။ ဒီဇာတ်သိမ်းကို ရဖို့ 'ဖုတု' လက်နက်ကို အသုံးပြုပါက ပို၍ပင် အထင်အမြင်လွဲသွားနိုင်ပါသည်။
'ဖုတု' လကနက်ကို ရွေးချယ်လိုက်ခြင်းအားဖြင့် ကစားသမားတွေက လွတ်မြောက်ခြင်းကို ရွေးချယ်လိုက်ပြီဟူသည့်သဘောသက်ရောက်သည်။ သူတို့ ခက်ခဲသည့်စိန်ခေါ်မှုများကို ရင်မဆိုင်ရဲဘဲ သက်သာမှုကိုသာ ရည်ရွယ်သည်။ 'ဖုတု' လက်နက်ကို လက်လွှတ်ပြီး သာမန်လက်နက်တွေကို အသုံးပြုကာ ပိုအားကောင်းသည့် ရန်သူများနှင့် ပိုခက်ခဲသည့် တိုက်ပွဲများကို ရင်ဆိုင်မှသာ နာကျင်ခံစားမှုများမှ အမှန်တကယ် လွတ်မြောက်စေလိမ့်မည်။
ဒီလိုစဥ်းစားမိသောအခါ လီယာ့တာ ချီးကျူးမိသွားသည်။
စဥ်းစားကြည့်မှ မူလ ဂိမ်းဆက်တင်များက မမှားသော်လည်း နက်နဲမှု အနည်းငယ် လိုအပ်နေသည်။
ဆက်တင်အရဆို ကျောင်းဆောင်ပျက်ကြီးထဲက ဒီဘုန်းတော်အိုကြီးမှာ ဘာမှမဟုတ်ဘဲ Filler သက်သက်တစ်ခုသာ ဖြစ်သည်။ ဒီဘုန်းတော်အိုကြိးကို ကစားသမားတွေ တိုက်ခိုက်သည်ဖြစ်စေ မတိုက်ခိုက်သည်ဖြစ်စေ နောက်ပိုင်း ဂိမ်းကစားမှုများအတွက် သက်ရောက်မှု မရှိပါ။ ပြန်လည်မွေးဖွားခြင်းနှင့် ဖြစ်တည်ခြင်း လောက ၆ ပါး ဇာတ်သိမ်းကလည်း တခြား ဇာတ်သိမ်းတွေနဲ့ယှဥ်ရင် ကစားသမားတွေအတွက် သိပ်ပြီး ထူးထူးဆန်းဆန်း ခြားနားမှု မရှိပေ။
သို့သော်လည်း ယခု ဘော့စ်ဖေးက ဒီလို ပြောင်းလဲမှုများ လုပ်လိုက်သောအခါ အားလုံး ခြားနားသွားလေပြီ။
ဒီ စူပါလက်နက် 'ဖုတု'ကို ထည့်လိုက်ခြင်းကြောင့် ကစားသမားအားလုံးအတွက် ခက်ခဲသည့်ရွေးချယ်မှု ၂ ခုကို ပေးလိုက်သည်။ သူတို့ အလွယ်နည်းလိုက်ပြီး ကိုယ့်ကိုယ်ကို လှည့်ဖြားကာ အတုအယောင်ဇာတ်သိမ်းကို ယူဆောင်မလား။ ဒါမှမဟုတ် အလွယ်နည်းကို စွန့်လွှတ်ပြီး အခက်အခဲတွေကို ကြံ့ကြံ့ခံပြီး ဒီကမ္ဘာကြီးရဲဲ့ အမှန်တရားတွေကို ရှာဖွေမလား။
ဒီလိုဆို ဂိမ်းထဲက ဇာတ်သိမ်းပေါင်းစုံအတွက် ကစားသမားများကလည်း ပိုပြီး လေးလေးနက်နက် ရှိကြလိမ့်မည်။ ထို့နောက် ဂိမ်းထဲတွင် ပိုနစ်မြောကာ ပိုပြီး ဆွဲဆောင်ခံကြရပါလိမ့်မည်။