← Chapters

အလွန် ရွံရှာစရာကောင်းခြင်း

Vol. 36 Ch. 526

အလွန် ရွံရှာစရာကောင်းခြင်း

Vol. 36 Ch. 526

“မင်း ကလေးကို ရှာတွေ့နိုင်သရွေ့ ငါ့ကို ပြောသာပြောပါ၊ ငါ သေချာပေါက် ပူးပေါင်းပါ့မယ်”

အဘွားအိုက ချက်ချင်း သူမသဘောထားကို ဖော်ပြပြီး စိတ်အားထက်သန်စွာ မေးလေသည်။

“ဘယ်လောက် လိုတာလဲ၊ မင်း ဘယ်မှာ ရှာနိုင်မလဲ”

“အခုချိန်မှာ အဲ့လောက်ထိ စိတ်မပူပါနဲ့ဦး”

ထိုလူက အသာအယာ ပြုံးနေသည်။ သူ ငါးစာချနိုင်မည့် အချိန်ကို ရောက်လာလေပြီ။ သို့မှသာ သူတို့အားလုံးကို သူ အမိဖမ်းနိုင်ပေမည်။ ယခုအချိန်၌ သူသည် ပိုက်ဆံကို ဘေးချိတ်ထားပြီး သူ၏ ကုမ္ပဏီကို စတင်၍ မိတ်ဆက် လေသည်။

“ကျွန်တော်တို့ ကုမ္ပဏီကို တည်ထောင်ခဲ့တာ ငါးနှစ်ရှိသွားပါပြီ၊ ပြီးတော့ ကျွန်တော်တို့ လူတွေကို ပျောက်ဆုံး ပစ္စည်း အနည်းဆုံး သုံးထောင်လောက် ကူညီပြီး ရှာဖွေနိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အမှုသည်ကို ဝန်ဆောင်မှုပေးဖို့ပါ၊ အမှုသည်တွေ မကျေနပ်မချင်း ကျွန်တော်တို့ ရပ်တန့်မှာ မဟုတ်ပါဘူး၊ ကျွန်တော် လိမ်နေတာ ဟုတ်၊ မဟုတ်ကို အင်တာနက်ပေါ်မှာ ရှာကြည့်လို့ ရပါတယ်၊ ကျွန်တော်တို့ရဲ့ URL လိပ်စာကို ကဒ်မှာ ရေးထားပါတယ်၊ ခင်ဗျားတို့ ဆိုဒ်ထဲကို ဝင်ကြည့်လို့ ရပါတယ်”

“ရပါတယ်၊ ငါ မင်းကို ယုံတယ်၊ ဘာတွေ လုပ်ဖို့လိုလဲဆိုတာကိုပဲ ပြောပါ”

အဘွားအိုသည် တွေးခေါ်မြော်မြင်နိုင်စွမ်း လုံးလုံး ပျောက်ဆုံးနေလေပြီ။ လက်ရှိတွင် သူမ အလိုချင်ဆုံးမှာ သူမ မြေးကို ရှာတွေ့ရန် ဖြစ်ပြီး အခြားအရာအားလုံးက သူမအတွက် အဆင်ပြေလေသည်။ ကလေးက သူမရှေ့၌ ပေါ်လာသရွေ့ သူမ ပိုင်ဆိုင်သမျှ အရာအားလုံးကို ထုတ်ပေးရန် ဆန္ဒရှိနေသည်။

“လူငယ်လေး ပွင့်ပွင့်လင်းလင်း ပြောပါ၊ ငါတို့ကို ယဉ်ကျေးနေစရာ မလိုဘူး၊ မင်း ကလေးကို ရှာပေးနိုင်သရွေ့ ကျန်တာအားလုံး အဆင်ပြေတယ်”

“ဟုတ်တယ်၊ ဒီလောကမှာ အလကား စားရတာ မရှိဘူးဆိုတာ ငါတို့အားလုံး သိတယ်၊ မင်း ဘာလိုချင်လဲ ဆိုတာကိုသာ ပြောပါ”

“မင်းက တကယ်ပဲ စုံထောက်တစ်ယောက်ဆိုရင် အဆင်ပြေပြီ၊ တစ်ချို့စုံထောက်တွေက သိပ်တော်တာ”

“ကိုယ့်ပိုက်ဆံကို သုံးတာက အယုံကြည်ရဆုံး နည်းလမ်းပဲ၊ နေရာကို ရှာဖို့ ရဲခွေးတွေကိုပဲ သုံးမယ်ဆိုရင် မျှော်လင့်ချက် အစအနလေးတောင် ရှိမှာ မဟုတ်ဘူး”

“ငါ ဒါကို အရင်က မတွေးခဲ့မိဘူး၊ ငါ အစကတည်းက စုံထောက်တစ်ယောက် ငှားခဲ့သင့်တာ၊ ငါ အချိန်တွေ အများကြီး ဖြုန်းခဲ့မိတာပဲ”

လူတိုင်း တစ်ယောက်တစ်ပေါက် ပြောလာပြီး ထိုလူအား တောက်ပသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

တကယ်တမ်းတွင် အဘွားအိုနှင့် ထိုလူ စကားပြောနေကတည်းက လူတိုင်း အာရုံစိုက်နေကြခြင်း ဖြစ်သည်။ လက်ရှိတွင် သူတို့သည် ကလေးများနှင့် ပတ်သက်၍ အလွန် အထိမခံနိုင် ဖြစ်နေကြပြီး ထိုလူသည် ကလေးကို ကူညီ၍ ရှာပေးနိုင်ချိန် ပေါက်နေလေသည်။

“အားလုံး ဘယ်လို ခံစားနေရလဲဆိုတာကို ကျွန်တော် သိပါတယ်”

ထိုလူ၏ နှုတ်ခမ်းက အလွန် ကော့တက်သွားသည်။

“တကယ်တော့ ကျွန်တော့်မှာ ကလေးကတည်းက အိပ်မက်တစ်ခု ရှိခဲ့တာပါ၊ အဲ့အိပ်မက်က လောကကြီးကို ကူညီဖို့ပါပဲ၊ ကလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကို ကျွန်တော် နားလည်ပါတယ်၊ အမှန်အတိုင်း ပြောရရင် ခင်ဗျားတို့ကို အလကား ကူညီပေးနိုင်ဖို့က ကျွန်တော့်ရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ပါ”

သူသည် တစ်ခဏမျှ ရပ်လိုက်ပြီးမှ သက်ပြင်းချ၍ ဆက်ပြောလေသည်။

“စိတ်မကောင်းစရာက ဒီကုမ္ပဏီမှာ ကျွန်တော် တစ်ယောက်တည်း မဟုတ်တာပဲ၊ ကျွန်တော်တို့လဲ ခင်ဗျားတို့ ကလေးတွေကို ရှာဖို့ ပိုက်ဆံတွေ အများကြီး ပေးဖို့ လိုတယ်၊ အထူးသဖြင့် အဆင့်မြင့် နည်းပညာသုံး ပစ္စည်းတွေပေါ့၊ အဲ့ဒါတွေက တကယ် အကုန်အကျ များတယ်၊ ပြီးတော့ ကျွန်တော် တကယ် …”

“မင်း ဘာမှထပ်ပြောစရာ မလိုဘူး၊ ငါတို့ လုံးဝ နားလည်တယ်၊ မင်း ကလေးကို ရှာပေးနိုင်သရွေ့ မင်း ဈေးသာ ပြောလိုက်”

လူတစ်ယောက်က ချက်ချင်း ပြောလေသည်။

“ကျွန်တော့်နာမည်က လျှိုစန်းရွှေပါ၊ ခင်ဗျားတို့ရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ခင်ဗျားတို့ကို မြန်မြန် ကူညီနိုင်ဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားမယ်လို့ ကတိပေးပါတယ်”

ထိုလူသည် အချိန်အတော်ကြာအောင် ဝေ့လည်ကြောင်ပတ် ပြောနေပြီးနောက် လိုရင်းကို ပြောလာသည်။

“ကနဦး ကုန်ကျစရိတ်မှာ လုပ်အားခ၊ နည်းပညာကြေးနဲ့ အဆက်အသွယ်တွေနဲ့ ဆက်သွယ်တာတွေ ပါပါတယ်၊ ပြီးတော့ သတင်းအချက်အလက် စုံစမ်းဖို့အတွက် လမ်းပမ်းစရိတ်လည်း ပါပါတယ်၊ စုစုပေါင်း ယွမ်ငါးသောင်းပါ၊ ဒါပေမဲ့ ကျွန်တော် ခင်ဗျားတို့ကို နှစ်ဆယ် ရာခိုင်နှုန်း လျှော့ဈေး ပေးနိုင်ပါတယ်၊ အဲ့ဒါကြောင့် စုစုပေါင်း ယွမ်လေးသောင်းပဲ ကျပါမယ်”

“ဒါ ငါ့ကလေးရဲ့ ဓာတ်ပုံပါ၊ ငါ မင်းကို အခုချက်ချင်း ငွေလွှဲပေးမယ်၊ ကျေးဇူးတင်ပါတယ်”

ထိုလူ၏ စကားဆုံးသည်နှင့် တစ်စုံတစ်ယောက်က ပြောလာသည်။

“ဒါ ငါ့ကလေးရဲ့ ဓာတ်ပုံ၊ သူက ငါတို့မိသားစုရဲ့ အသက်သွေးကြောလေး၊ ကျေးဇူးပြုပြီး ငါ့ကို ကူညီပြီးတော့ သူ့ကို အရင် ရှာပေးပါ”

“မင်းရဲ့ ဘဏ်ကဒ်နံပါတ်က ဘာလဲ၊ ငါ အခုပဲ မင်းဆီ လွှဲလိုက်မယ်၊ ငါ့ကလေး ပျောက်နေတာ ငါးရက် ရှိပြီ၊ သူ ဘယ်လောက်ထိ ခံစားနေရပြီလဲ ငါ မသိဘူး၊ ဟင့်ဟင့်ဟင့်”

အခြေအနေက ရုတ်ချည်းဆိုသလို ဆူဆူညံညံ ဖြစ်လာသည်။

ဤလူများသည် ဆောက်တည်ရာမရဖြစ်ကာ ကူကယ်ရာမဲ့၍ သောကရောက်ကာ စိုးရိမ်ပူပန်နေခဲ့ကြပြီး ဖြစ်သဖြင့် မျက်စိရှေ့၌ မျှော်လင့်ချက် အရိပ်အယောင်ကို မြင်တွေ့လိုက်ရသောအခါ ရူးမတတ် ဖြစ်သွားကြလေသည်။ ထိုသို့သော လူများအတွက် အသိစိတ် လွတ်နေရန် လွယ်ကူပေသည်။

မြို့တော်မှ လူများအတွက် ယွမ်လေးသောင်းက သိပ်မများပါ။

ဤသို့သောအခြေအနေ၌ သူတို့သည် ထိုပမာဏကို တွေဝေမနေဘဲ ထုတ်ပေးကြလေသည်။ ယင်းက သူတို့ကလေးများအတွက် သူတို့ရင်ထဲမှ အပြစ်ရှိစိတ် ဖြစ်နေခြင်းကြောင့် သို့မဟုတ် ထိုငွေကို သူတို့၏ ပျောက်သွားသော ကလေးများအတွက် နစ်နာကြေးအဖြစ် သုံးပြီး သူတို့၏ နှလုံးသားအား စိတ်သက်သာရာ ရသွားအောင် လုပ်ခြင်း ဖြစ်နိုင်ပေသည်။

ထိုမိဘများအတွက် သနားစရာ ကောင်းလှပေသည်။ ထိုလူသည် လူတိုင်း၏ အတွေးကို အမိဖမ်း၍ ထိုလူများအား သူ၏ ပစ်မှတ်များသကဲ့သို့ ဆက်ဆံနေသည်။

ဤနေရာကို သူ မျက်စိကျနေသည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်သည်။ ရဲ့လင်းချန်က သူနှင့် လုပ်ငန်းတူပြီး သူ့လုပ်ငန်းကို လုယူရန် လာသည်ဟု အထင်မှားနေခဲ့သည်။

“ငါ့မှာလဲ ယွမ်လေးသောင်း ရှိတယ်”

အဘွားအိုသည် ပြောပြီး ဘဏ်ကဒ်ကို တုန်တုန်ယင်ယင်ဖြင့် ထုတ်လိုက်သည်။

“အရုဏ်တက်ချိန်ရောက်ရင် မင်းအတွက် ငါ ပိုက်ဆံ သွားထုတ်ပေးမယ်”

ဤနေရာရှိ လူတော်တော်များများတွင် ငွေသား ရှိသဖြင့် ယွမ်လေးသောင်းကို ချက်ချင်းထုတ်၍ ထိုလူကို ပေးကြသည်။

လျှိုစန်းရွှေ၏ မျက်လုံးများက အရောင်တောက်သွားပြီး ပျော်သွားသည့် အရိပ်အယောင် ပေါ်လာသည်။ သို့သော် သူ လက်ဆန့်လိုက်သည့်အခိုက်မှာပင် သန်မာသော စွမ်းအားတစ်ခုက သူ့ကို ဖမ်းချုပ်လာသဖြင့် သူ့လှုပ်ရှားမှုများ လုံးဝ ရပ်တန့်သွားသည်။

“မင်း ဘာလုပ်တာလဲ”

သူ၏ အမူအရာက ပြောင်းလဲသွားပြီး ရဲ့လင်းချန်အား ရန်လိုစွာ ပြန်ကြည့်လေသည်။

“အမှန်အတိုင်း ပြောရရင် ကျုပ် ခင်ဗျားကို ပိုသနားတယ်”

ရဲ့လင်းချန်၏ မျက်လုံးများက တည်ငြိမ်ပြီး အံ့ဩခြင်း မရှိချေ။

“ဘာ”

လျှိုစန်းရွှေ၏ ရင်ထဲ၌ မကောင်းသော ခံစားချက်တစ်ခုကို အလိုလို ခံစားမိလာသည်။

“ကျုပ် စိတ်မကြည်နေတုန်း ခင်ဗျားက တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာတယ်၊ ခင်ဗျား ကံဆိုးသွားတဲ့အတွက် ခင်ဗျားကိုယ် ခင်ဗျားပဲ အပြစ်တင်သင့်တယ်”

ထိုသို့ပြောပြီးနောက် သူသည် လက်ကို အနည်းငယ် ပိုအားထည့်၍ ညှစ်လိုက်သည်။

“အိ”

လျှိုစန်းရွှေ ချက်ချင်း ပင့်သက်ရှိုက်မိသွားသည်။ သူ့မျက်နှာက နီမြန်းလာပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။

သို့သော် ယင်းက မပြီးသေးချေ။ စွမ်းအင်လှိုင်းတစ်ခုက သံညှပ်ကဲ့သို့ တဖြည်းဖြည်း ပိုမို၍ တင်းကျပ်လာပြီး သူ့လက်ကို မခံစားမိတော့သည့်အထိ ဖြစ်လာစေသည်။ ပြင်းထန်သော ဝေဒနာကြောင့် နောက်ဆုံး၌ သူ အော်ဟစ်မိလေသည်။

“ဟေ့လူ၊ ဟေ့လူ၊ ခင်ဗျား ပြောချင်တာ တစ်ခုခု ရှိတယ်ဆိုရင် ဆွေးနွေးကြမယ်လေ”

လျှိုစန်းရွှေသည် ဝေဒနာကို အံကြိတ်ခံ၍ ခေါင်းငုံ့ကာ ရဲ့လင်းချန်ကို တီးတိုး ပြောလေသည်။

“ဟေ့လူ ငါတို့က တစ်နယ်ပယ်တည်းသားတွေပဲလေ၊ ဒီလိုလုပ်ဖို့ မလိုပါဘူး၊ ငါတို့ ပိုက်ဆံကို ညီတူမျှတူ ခွဲလို့ ရပါတယ်”

ရဲ့လင်းချန်က လွှတ်ပေးမည့် အရိပ်အယောင် လုံးဝ မပြသည်ကို မြင်ပြီး သူက အသည်းအသန် ဆက်ပြောလေသည်။

“ခြောက်ဆယ်-လေးဆယ် ခွဲမယ်ကွာ၊ မင်းက ခြောက်ဆယ်ယူ၊ ငါ လေးဆယ်ယူမယ်”

ရဲ့လင်းချန်၏ မျက်လုံးတွင် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီးနောက် လက်ကိုမြှောက်၍ ရုတ်တရက် လိမ်ချိုးလိုက်သည်။

“ဂျွတ်”

ဂျွတ်ခနဲ မြည်သံနှင့်အတူ လျှိုစန်းရွှေ၏ လက်သည် မုန့်ကြိုးလိမ်ကဲ့သို့ လိမ်ကောက်သွားသည်။ ထို့နောက် ရဲ့လင်းချန်သည် သူ၏ ကျန်လက်တစ်ဖက်ကိုပါ ဆွဲ၍ ထိုကဲ့သို့ လိမ်ချိုးလိုက်သည်။ လက်နှစ်ဖက်လုံးက ပျော့ပြောင်းစွာ တွဲလောင်းကျနေပြီး အရိုးနှင့် ကြွက်သားများက လုံးဝ နေရာလွဲသွားလေသည်။

“ဒူးထောက်စမ်း”

ရဲ့လင်းချန် အော်ငေါက်လိုက်ပြီးနောက် လျှိုစန်းရွှေ၏ ပခုံးကို ရိုက်ချလိုက်သဖြင့် လူအုပ်ရှေ့၌ ဒူးထောက်သလို ဖြစ်သွားလေသည်။

ထိုအဖြစ်အပျက်များသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ လျှိုစန်းရွှေ ဒူးထောက်ကျသွားသည့် အခါမှသာ လူတိုင်း သတိပြန်ဝင်လာကြသည်။ သူတို့သည် ရဲ့လင်းချန်အား ကြောက်ရွံ့၍ ဇဝေဇဝါ ဖြစ်နေသော မျက်လုံးများဖြင့် ကြည့်လာသည်။

“ဒီနေရာက ဘာလဲ မင်း သိလား၊ မင်းက ရဲစခန်းရှေ့မှာ ဥပဒေမဲ့ ပြုမူရဲတယ်ပေါ့ ဟုတ်လား၊ ငါ တရားမျှတမှု ရအောင် လုပ်မယ်”

လျှိုစန်းရွှေက ဟစ်ကြွေးလေသည်။ ပြင်းထန်သော ဝေဒနာက သူ့မျက်နှာအား ရှုံ့မဲ့နေစေပြီး ကြွက်သားများအား တဆစ်ဆစ် နာကျင်စေသည်။

“ဒီနေရာက ရဲစခန်းဆိုတာကို ခင်ဗျား သိသေးတာလား၊ ဒီနေရာမှာ ခင်ဗျားက လူတွေကို လိမ်ရဲတယ်ပေါ့လေ၊ ခင်ဗျား သတ္တိကောင်းနေတယ်ပေါ့”

ရဲ့လင်းချန်၏ မျက်လုံးတွင် အေးစက်စက် အလင်းတန်း ဖြတ်ပြေးသွားပြီး သူ့ရင်ထဲ၌ ရန်လိုသော အငွေ့အသက်တို့ ပေါ်လာသည်။ လူမျက်နှာနှင့် တိရစ္ဆာန်စိတ်ရှိသော ထိုလူ၏ မျက်နှာကို ကြည့်ပြီး သူ ရွံရှာသလို ခံစားနေရသည်။

လူသားများသည် သားရဲများနှင့် ကွဲပြားခြားနားရသည့် အကြောင်းပြချက်မှာ လူသားများ၏ ရင်ထဲ၌ ကိုယ်ကျင့်တရားကို ထိန်းသိမ်းထားနိုင်၍ ဖြစ်သည်ဟု ရဲ့လင်းချန် အမြဲတမ်း ခံစားမိသည်။

အခြေခံ အကျဆုံး သနားကြင်နာစိတ်လေးပင် မရှိဘဲ အခြားသူများကို လှည့်စားရန် နှိုင်းယှဉ်မရသော ဝမ်းနည်း ပူပန်မှုအပေါ် အသုံးချနေသည်က ထိုလူကို လူသားဟုပင် သတ်မှတ်နိုင်ပါမည်လော။

ရဲ့လင်းချန်သည် ယခင်က လူလိမ်များကို အလွန်အမင်း မနှစ်မြို့ခြင်း မရှိသော်လည်း ယခုအခါ၌ သူတို့သည် သူ့အတွက် အလွန် ရွံမုန်းဖွယ်ရာ ဖြစ်လာလေပြီ။

All Chapters