သွေးမှမွေးဖွားလာခြင်း
Vol. 22 Ch. 316
စိတ်ဝိညာဉ်အင်းကွက်ငါးခု.. ပကတိအဆင့် စိတ်ဝိညာဉ်လက်နက်..
ဆူဇီမိုရှေ့မှ တဖျတ်ဖျတ်တလက်လက်အလင်းက ခမ်းနားကျက်သရေရှိသော အာရုံဦးလင်းရောင်ခြည်လို ပွဲကြည့်စင်နှင့် လေးထောင့်ကွင်းကြီးကိုဖြတ်၍ ထိန်ထိန်လင်းသွား၏။
ခဏမျှ ရပ်တန့်ပြီးနောက် ထိုအလင်းတန်းကြီးက ဓါးသွားထဲသို့ လျှင်မြန်စွာ ပြန်လည်ဝင်ရောက်သွား၏။
မည်သူမှ စကားမပြောနိုင်ကြပေ။ ပြိုင်ပွဲကွင်းနှင့် ပွဲကြည့်စင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
လူတိုင်းသည် လေထဲတွင် ရစ်ခိုနေသော ဧရာမစိတ်ဝိညာဉ်ဆေဘာကြီးကို ပါးစပ်အဟောင်းသားနှင့် အံ့ဩတုန်လှုပ်စွာ ငေးကြည့်နေမိကြ၏။
ဤစိတ်ဝိညာဉ်ဆေဘာက ဘယ်လိုပင် ကိုင်တွယ်လို့ အဆင်မပြေပါဘူးပြောပြော ဘာပဲဖြစ်ဖြစ် အဲ့ဒါက ပကတိအဆင့်လက်နက်ပင် ဖြစ်လေသည်။
နှစ်ပေါင်းရာနှင့်ချီ၍ ရှင်သန်နေထိုင်လာခဲ့သော ရွှေအမြုတေများပင်လျှင် သူတို့အသက်သေဆုံးသည့်တိုင်အောင် ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခု မွေးဖွားလာတာကို မြင်ရကြုံရဖို့ မလွယ်ပေ။
အခုဆို သူတို့ဘယ်လောက်ကံကောင်းလိုက်သလဲ.. အဲဒါကို သူတို့ မြင်တွေ့ခွင့် ရခဲ့ပေပြီ။
ပကတိသက်ရှိယွင်ရှန်၏ အကြည့်က ပြင်းပြလောင်မြိုက်နေ၏။
တောင်ပိုင်းတောင်တန်းဂိုဏ်းက သူတို့၏ ကိုယ်ကာယခွန်အား၊ ခန္ဓာမီးဆေးနည်းစနစ်နှင့် အနီးကပ်တိုက်ခိုက်ရည်ကြောင့် ကျော်ကြားလေသည်။ အခြားသူများလက်ထဲမှာဆို ထိုစိတ်ဝိညာဉ်ဆေဘာက ကောင်းကောင်းအသုံးတည့်ချင်မှ တည့်ပေလိမ့်မည်။ သို့သော် အဲ့ဒါက သူ့လက်ထဲရောက်လာလျှင်တော့ တစ်ကယ့်အံ့မခန်း သတ်ဖြတ်ခြင်းစက်တစ်ခုလို ဖြစ်လာပေလိမ့်မည်။
ထိုပကတိစိတ်ဝိညာဉ်ဆေဘာက သူ့ကို သေလောက်အောင် ဆွဲဆောင်နေ၏။
အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ လူတိုင်းသည် တုန်လှုပ်သွား၏။ ထို့နောက် ဇဝေဇဝါဖြစ်ကုန်ကြ၏။
လက်နက်သွန်းလုပ်ခြင်းအရာတွင် နှစ်ပေါင်းများစွာ နစ်မြုပ်ထားသော နတ်ပန်းပဲဆရာများဖြစ်ကြသည့် စီမာကျီနှင့် အကြီးအကဲကျန်းတို့သည် ကြောင်တောင်တောင်ဖြစ်၍ ဘာလုပ်ရမည်မသိ ဖြစ်ကုန်ကြ၏။
ယုတ္တိကျကျပြောရလျှင် ဆူဇီမိုပြောသည့် ပန်းပဲမီးဖိုကို ဖယ်ထုတ်ရသည်ဆိုသော အကြောင်းပြချက်က သောက်အဓိပ္ပါယ်လုံးဝမရှိပေ။
သို့သော်လည်း ထိုအရာက သူတို့မျက်စိရှေ့မှာတင် အမှန်တရားတစ်ခုကဲ့သို့ ချက်ချင်းလက်ငင်းဖြစ်လာပြီး သူတို့ ရင်သပ်ရှုမော မအံ့သြဘဲ မနေနိုင်ပေ။
ပန်းပဲမီးဖိုကို ဖယ်ထုတ်လိုက်ခြင်းက လူတစ်ယောက်ရဲ့ ကံကောင်းမှုကို အမှန်တစ်ကယ်တိုးလာစေပြီး စိတ်ဝိညာဉ်စုဆောင်းခြင်းအောင်မြင်မှုနှုန်းကို အမှန်တစ်ကယ် မြင့်တက်လာစေနိုင်တာများလား။
ဘာပဲပြောပြော သည့်အရင်က အဲ့ဒါကို ဘယ်သူမှ စမ်းမကြည့်ဖူးကြပေ။ အဲ့ဒါက နတ်ပန်းပဲလောကမှာ အခုချိန်ထိ မည်သူမှ မဖော်ထုတ်ရသေးသော လျှို့ဝှက်ချက်တစ်ခုများ ဖြစ်နေမလား။
သို့သော်လည်း သေချာထပ်တွေးကြည့်မည်ဆိုလျှင် ကိစ္စက ဤလောက်ရိုးရှင်းနေမှတော့ ဆူဇီမိုက အဲ့ဒါကို လူအများသိအောင် အလွယ်တကူ ထုတ်ပြပါ့မလား။
သူတို့ ဘယ်လိုပင် တွေးတွေး.. တစ်ကယ့်အကြောင်းရင်းအမှန်ကို ဖော်ထုတ်လို့မရပေ။
သို့သော်လည်း မငြင်းနိုင်သည့်အချက်တစ်ခုကတော့ ဆူဇီမိုသည် နတ်ပန်းပဲမီးဖိုကို ဖယ်ထုတ်၍ စိတ်ဝိညာဉ်အင်းကွက်ငါးခုကို စုဖွဲ့ပြခဲ့လေသည်။
လေထဲမှာ ရစ်ခိုနေသော စိတ်ဝိညာဉ်ဆေဘာကိုကြည့်ပြီး ဆူဇီမိုသည် သက်ပြင်းတစ်ချက်ချ၍ တောက်ပစွာ ပြုံးလိုက်၏။
ဤသွန်းလုပ်မှုအတွက် သူသည် စိတ်ဝိညာဉ်စွမ်းအင်နှင့် ကိုယ်ကာယစွမ်းအင် ပမာဏ အတော်များများကို သုံးစွဲခဲ့ရ၏။ အခုဆို သူသည် အတော်လေး ပင်ပန်းနွမ်းနယ်သွားပြီဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း ချွေးများရွှဲနေ၏။
နောက်ဆုံးအဆင့်ပြီးလျှင် စိတ်ဝိညာဉ်ဆေဘာက ပကတိပြီးပြည့်စုံသွားတော့ပေမည်။
ဆူဇီမိုသည် သူ့အင်္ကျီလက်စကို ဝေ့ရမ်း၍ စိတ်ဝိညာဉ်ဆေဘာကို စောစောက ပြင်ဆင်ထားသော ရေအေးထဲသို့ ရွှေ့ထည့်လိုက်၏။
ဆဋ္ဌမမြောက်အဆင့်.. အအေးခံခြင်း။
ပုံမှန်အားဖြင့်ဆိုလျှင် နီရဲနေအောင် အပူပေးထားသော စိတ်ဝိညာဉ်ဆေဘာကို ရေအေးထဲသို့ ထည့်လိုက်သောအခါ လျှင်မြန်စွာ အပူအအေးကူးပြောင်းမှုကြောင့် တရှဲရှဲမြည်သံနှင့်အတူ မီးခိုးစိမ်းများက တလိပ်လိပ်အူထွက်လာရပေမည်။ စိတ်ဝိညာဉ်ဆေဘာ၏ အတွင်းပိုင်းထဲတွင် အပူမှအအေးသို့ ရုတ်တရတ် ပြောင်းလဲမှုက ထိုလက်နက်ကို ပိုမိုခိုင်မှာလာစေပေမည်။ တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ်အင်းကွက်များသည် ဆေဘာနှင့် တစ်သားတည်းကျအောင် ရောနှောပေါင်းစပ်သွားပေမည်။
သို့သော် အခုအခါမှာတော့ ဆူဇီမိုသည် စိတ်ဝိညာဉ်ဆေဘာကို ရေအေးထဲသို့ နှစ်လိုက်သော်လည်း မည်သည့်အသံမျှ ထွက်မလာသလို မီးခိုးများလည်း ထွက်မလာပေ။
ဘယ်လိုဖြစ်ရတာပါလိမ့်။
ဆူဇီမို၏ အမူအယာက နည်းနည်းပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်လိုက်၏။
ထိုအချိန်မှာပင် ရေအေးများသည် ပြောင်းလဲမှုတစ်စုံတစ်ရာ ဖြစ်လာ၏။
ရေနွေးငွေ့များ တထောင်းထောင်းထ၍ ရေက စတင်ပွက်လာ၏။
အဲ့ဒါက ဆူပွက်နေခြင်းပင်။
ရေဇလားထဲမှ ရေအေးများသည် စိတ်ဝိညာဉ်ဆေဘ၏ အပူကို နိုင်အောင်မငြိမ်းသတ်နိုင်ဘဲ ဆေဘာ၏ အပူက အနိုင်ယူကာ ရေများကို ဆူပွက်နေစေခြင်း ဖြစ်လေသည်။
ဗွက်..ဗွက်..
ရေများက ဆူပွက်လာသောအခါ များစွာသော ရွှေအမြုတေများသည် တစ်ယောက်ပြီးတစ်ယောက်ထ၍ ချောင်းကြည့်လိုက်ကြ၏။
“ဟဟ. ဟားဟား...”
ထိုအချိန်မှာပင် စီမာကျီက အားရပါးရ ရယ်ချလိုက်၏။ သူ့မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုမှုကို မြင်နေရ၏။
“ဆူဇီမို.. ဆူဇီမို.. အိုး ဆူဇီမိုလေးရယ်.. မင်းရဲ့ပကတိစိတ်ဝိညာဉ်လက်နက်ကတော့ သွားရှာတော့မယ်.. အဲ့ဒါကို မင်းပိုင်ဆိုင်ရမှာ မဟုတ်တော့ဘူး”
ဆူဇီမိုက မျက်နှာသေနှင့်ပင် တစ်ခုခုကို စဉ်းစားတွေးတောနေသလို ဆူပွက်နေသော ရေကို သုန်မှုန်စွာ စိုက်ကြည့်နေ၏။
“အဲ့ဒါ ဘာဖြစ်တာလဲ” တစ်ယောက်ယောက်က တီးတိုးမေးလိုက်၏။
စီမာကျီက အားရရွှင်ပျစွာ ပြန်ဖြေလိုက်၏။
“ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို ဖန်တီးချင်တယ်ဆိုရင်.. အဲ့လူက အဆင့်ခြောက်ဆင့်စလုံးမှာ ဘာအမှားအယွင်းမှ မရှိရဘူး.. စိတ်ဝိညာဉ်အင်းကွက်ငါးခု ပါတဲ့ ဆေဘာကို ရိုးရိုးသာမန်ရေလေးနဲ့ ဘယ်လိုလုပ် ငြိမ်းသတ်လို့ရပါ့မလဲ”
ဆူဇီမိုသည် ကြိတ်ပြီး သက်ပြင်းချလိုက်၏။
စီမာကျီပြောတာက မမှားပေ။ သူသည် အဲ့ဒါကို ထည့်ပြီး မစဉ်းလိုက်မိပေ။
နောက်ပြီး အဲ့ဒါက ဆူဇီမို၏ အမှားချည်းပဲတော့ မဟုတ်ပေ။ ဆန်းကြယ်တောင်ထွတ်က ရှေးဟောင်းကျမ်းစာများအားလုံးထဲတွင် ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို သန့်စင်သွန်းလုပ်ရာတွင် လိုအပ်သည့်အရာများအား လမ်းညွှန်ဖော်ပြထားတာ တစ်ခုမှ မရှိပေ။
ဆန်းကြယ်တောင်ထွတ်မှ တပည့်တစ်ယောက်က ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို သွန်းလုပ်ဖန်တီးနိုင်လိမ့်မည်ဟု ဘယ်သူကရော တွေးခဲ့မိမှာလဲ။
စီမာကျီက ကျယ်လောင်စွာ လှောင်ပြောင်သရော်လိုက်၏။
“ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို ဒီအတိုင်း ကြုံသလို အပူငြိမ်းသတ်လို့ရမယ်လို့ မင်းကို ဘယ်သူက ပြောလဲ.. အဲ့လိုလုပ်ချင်ရင် မြောက်ပိုင်းနှင်းရေခဲတို့၊ ငွေပင်လယ်မိစ္ဆာဆီတို့ ဒါမှမဟုတ် ဇန်းနစ်နွေဦးရေတို့လိုမျိုး အရှားပါးဆုံး စိတ်ဝိညာဉ်အရည်တွေနဲ့မှပဲ ရလိမ့်မယ်..”
“ကံဆိုးတာကတော့ မင်းမှာ အဲ့ဒါတွေ တစ်ခုမှ ရှိမနေဘူးလေ.. ဟဟဟားဟား”
များစွာသော ရွှေအမြုတေများသည် တိတ်တဆိတ် တုန်လှုပ်မှင်တက်သွားကြ၏။ စီမာကျီဖော်ပြခဲ့သော ပစ္စည်းသုံးမျိုးသည် အလွန်တရာ ရှားပါးလှပြီး အဲ့ဒါတစ်ခုချင်းစီ၏ တန်ဖိုးက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်များအောက် မနိမ့်ကျပေ။
အအေးခံဖို့လေးအတွက် အဲ့လောက်တောင် လိုအပ်တာလား။
ဆူဇီမိုသည် ဆူပွက်နေသော ရေထဲမှ စိတ်ဝိညာဉ်ဆေဘာကို ဆွဲထုတ်လိုက်၏။ သူသည် မျက်နှာသေနှင့် ရှိနေပြီး တခြားဘာမှ ဆက်မလုပ်ဖြစ်တော့ပေ။
ထိုသည်ကို ကြည့်ခြင်းအားဖြင့် ဆူဇီမိုသည် ထိုပစ္စည်းများနှင့် ပတ်သတ်၍ ကြိုတင်ပြင်ဆင်ထားခြင်းမရှိကြောင်း လူတိုင်း နားလည်လိုက်ကြပြီး သက်ပြင်းချလိုက်မိကြ၏။
ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုက သူတို့မျက်စိရှေ့မှာတင် မွေးဖွားပေါ်ပေါက်လာတော့မလို့ပင်။ နှမြောစရာကောင်းသည်မှာ အဲ့ဒါက ဘာမဟုတ်ညာမဟုတ် နောက်ဆုံးအဆင့်ကလေးမှာ ကျရှုံးရပေတော့မည်။
“အာ”
ရွှမ်ယီသည် သူ့လက်ကောက်ဝတ်ကိုသူ တင်းတင်းဆုပ်ကိုင်လိုက်ပြီး နာကျင်ခံစားရသောအမူအယာနှင့် သက်ပြင်းရှည်ကြီးချလိုက်၏။
ကျိယောင်ရွှယ်သည် တိတ်ဆိတ်ငြိမ်သက်သွားသော ဆူဇီမိုကို ကြည့်ပြီး သူမ၏ နုလုံးသားထဲတွင် ဆို့နင့်လာ၏။ သူမသည် အနောက်သို့ ဖျတ်ကနဲလှည့်၍ အော်လိုက်၏။
“အဖေ.. သူ့ကို ကူညီပေးပါဦး...”
ဧကရာဇ်က လေးနက်စွာ အတည့်အတံ့ပြောလိုက်၏။
“မင်းကျီ.. နန်းတော်ထဲက ရတနာသိုက်ကိုသွား.. အဲ့ထဲမှာ ဇန်းနစ်နွေဦးရေရှိတယ်”
“မရတော့ဘူး နောက်ကျသွားပြီ”
စီမာကျီက ဆူဇီမို၏ လက်ထဲက စိတ်ဝိညာဉ်ဆေဘာကို ညွှန်ပြပြီး လှောင်ရယ်လိုက်၏။
“နောက်ထပ် အသက်ငါးရှိုက်စာလောက်နေလို့မှ အအေးခံဖို့ပစ္စည်းမရဘူးဆိုရင်.. အဲ့ဆေဘာက ဘာမှသုံးစားလို့ရမှာ မဟုတ်တော့ဘူး”
လူတိုင်း အာရုံစိုက်ကြည့်လိုက်ကြ၏။ မီးကဲ့သို့ရဲရဲနီနေသော ဆေဘာပေါ်ရှိ စိတ်ဝိညာဉ်အင်းကွက်များက စတင်၍ အရောင်မှိန်စပြုလာလေပြီ။
အခုချိန်မှ ဇန်းနစ်ရေကို သွားယူမည်ဆိုလျှင် ဘယ်လိုမှ အချိန်မမီနိုင်တော့ပေ။
“ဆူဇီမို.. မင်းက တော်တော်ရိုးအသေးတာပဲ.. ဟီးဟီး”
စီမာကျီက ရယ်မောလိုက်၏။
ဆူဇီမို၏ ကျရှုံးမှုနှင့် ပတ်သတ်ပြီး သူက အတော်လေး သဘောကျကျေနပ်နေပုံရ၏။ ဆူဇီမိုအနေနှင့် ဤကဲ့သို့ ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခု နောက်တစ်ကြိမ်ပြန်လည်ဖန်တီးဖို့ဆိုသည်မှာ အတော်ခဲယဉ်းလေသည်။
ကျိယောင်ရွှယ်က ဆူဇီမိုကို နှစ်သိမ့်ပေးဖို့အတွက် ထိုင်ရာမှထကာ သွားဖို့ ပြင်ဆင်လိုက်၏။
ထိုအချိန်မှာပင် ဆူဇီမိုက သူ့မျက်လုံးကို မှေးကျဉ်းလိုက်ပြီး သူ့မျက်ဝန်းထဲတွင် ထူးဆန်းသည့် အလင်းရောင်က ဖျတ်ကနဲလက်သွား၏။ သူသည် ဆေဘာကို လက်နှစ်ဖက်ဖြင့်ကိုင်၍ သူ့ရင်အုပ်ရှေ့တွင် ဓါးသွားကို အပေါ်လှန်ကာ ကန့်လန့်ဖြတ်ထားလိုက်၏။
ထို့နောက် ဆူဇီမိုသည် သူ့လက်ဖဝါးတစ်ဖက်ကိုဖြန့်၍ ဓါးသွားပေါ် တင်လိုက်ပြီး ဖြည်းဖြည်းချင်းဖိ၍ အားသုံးကာ ပွတ်ဆွဲလိုက်၏။
သူ့မှာ မြောက်ပိုင်းနှင်းရေခဲတို့၊ ငွေပင်လယ်မိစ္ဆာဆီတို့၊ ဇန်းနစ်နွေဦးရေတို့ မရှိမှတော့ စိတ်ဝိညာဉ်ဆေဘာကို အအေးခံဖို့အတွက် သူ့သွေးကို အသုံးပြုရပေမည်။
စီမာကျီက အထင်အမြင်သေးသည့်ဟန်နှင့် ရယ်ချင်စိတ်ကို အောင့်အည်းဟန်လုပ်လိုက်၏။
“ဘယ်လို အရူးလဲဟ.. သူ့သွေးက ဘယ်လိုလုပ်ပြီး ဇန်းနစ်နွေးဦးရေနဲ့ နှိုင်း...”
သူ့မျက်လုံးက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားပြီး ဆက်မပြောနိုင်တော့ပေ။
ဘယ်လို ဖြစ်နိုင်မှာလဲ.. ဆူဇီမိုရဲ့ မျိုးဆက်သွေးက...”
ဖူး..
ပြတ်ရှရာမှ သွေးများက ပန်းထွက်လာပြီး သွေးနီရောင် ဓါးသွားပေါ်သို့ စီးကျဖိတ်ကျလာ၏။
ရှဲ..
စူးစူးရှရှ မြည်သံနှင့်အတူ.. ဆေဘာမှ မီးခိုးများက အူထွက်လာ၏။
ဆေဘာ၏ အပူချိန်က အလွန်လျှင်မြန်စွာ ကျဆင်းသွားပြီး မှိန်ဖျော့တော့မည့် စိတ်ဝိညာဉ်အင်းကွက်များက တစ်ဖန်ပြန်လည် တည်ငြိမ်လာကာ ဓါးသွားနှင့် တစ်သားတည်း ပေါင်းစပ်လာ၏။
ဒါ့အပြင် စိတ်ဝိညာဉ်အင်းကွက်ငါးခုက ဆူဇီမို၏ သွေးများကို အငမ်းမရ ဝါးမျိုစုပ်ယူနေ၏။
ဆေဘာ၏ အပူချိန်က ကျဆင်းသွားတာတောင်.. ဓါးသွား၏ အရောင်က ကျဆင်းမသွားသည့်အပြင် တဖြည်းဖြည်း နက်ရှိုင်းတောက်ပလာ၏။ အဲ့ဒါက သွေးနီရောင်မီးတောက်ပုံစံမှ နတ်ဆိုးဆန်ဆန်သွေးရောင်ပုံစံသို့ ပြောင်းလဲသွား၏။
ဆဋ္ဌမမြောက်အဆင့်.. အအေးခံခြင်း.. အောင်မြင်သွားလေပြီ။
ဓါးသွားက တုန်ယင်လာပြီး သိပ်သည်းလေးနက်သော တဒင်ဒင်အသံ ထွက်ပေါ်လာ၏။ ထိုအသံက စူးရှသော သွေးရနံ့ဖြင့် ထုံမွမ်းနေပြီး ကြည့်နေသူများကို မအီမသာ ဖြစ်လာစေ၏။
ဆူဇီမိုက ဓါးသွားကို ညင်သာစွာ ပွတ်သပ်၍ တိုးတိုးပြောလိုက်၏။
“မင်းက ငါ့သွေးတွေကို သောက်ပြီးမှ ဖြစ်တည်လာတာဆိုတော့... အခုကစပြီး မင်းနာမည်က သွေးသောက်ဆေဘာပဲ”
ဆေဘာက အသိဉာဏ်ရှိသည့်အလား တိတ်ဆိတ်ငြိမ်သက်သွား၏။
သွေးကနေ ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုက မွေးဖွားလာလေပြီ။