မရီးဒါန်သုံးခု ပွင့်သွားခြင်း
Vol. 22 Ch. 318
ထိုကိစ္စပြီးစီးသွားပြီးနောက် ဆူဇီမိုသည် ဂိုဏ်းပေါင်းစုံပြိုင်ပွဲကို လျစ်လျူရှုထားလိုက်၏။ သူ့လက်နှစ်ဖက်သည် စိတ်ဝိညာဉ်ကျောက်တုံးများကို ဆုပ်ကိုင်ထားပြီး စိတ်ကိုတည်ငြိမ်စေလိုက်ကာ စိတ်ဝိညာဉ်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းလိုက်၏။
သူသည် သွေးသောက်သူကို သန့်စင်သွန်းလုပ်ရာတွင် စိတ်ဝိညာဉ်နှင့် စိတ်စွမ်းအင်အမြောက်အများကို သုံးစွဲခဲ့ရသော်လည်း.. သူ့ကျင့်ကြံမှုအဆင့်က ရပ်တန့်နေခဲ့သည်မှာ အတော်ကြာပြီဖြစ်သောကြောင့် ယခုအခါ ချိုးဖျက်တက်ရောက်တော့မည့် လက္ခဏာများ ပြလာ၏။
လက်ရှိမှာ ဆူဇီမိုသည် နောက်ပိုင်း-အခြေတည်အဆင့်ဖြစ်ပြီး ပကတိအခြေတည်အဆင့်သို့ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့လေသည်။
မွန်းတည့်ခါနီးတွင် နတ်ပန်းပဲပြိုင်ပွဲသည် အဆုံးသတ်သွားပြီး နတ်ပန်းပဲအဆင့်သတ်မှတ်စာရင်းက ပေါ်ထွက်လာခဲ့လေသည်။
ရွှယ်ယိသည် နတ်ပန်းပဲအဆင့်သတ်မှတ်စာရင်းတွင် မဝင်ရောက်နိုင်ခဲ့ပေ။ သို့သော်လည်း သူသည် ဆူဇီမို၏ လက်နက်သွန်းလုပ်ခြင်းကို ကြည့်ရှုခြင်းမှ အမြင်တချို့ ရရှိခဲ့ပြီး အလယ်အလတ်အဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို အောင်မြင်စွာ သွန်းလုပ်နိုင်ခဲ့လေသည်။ ထိုသည်နှင့်ပင် သူသည် အလွန်တရာ ရွှင်ပျအူမြူးနေပြီဖြစ်၏။
နောက်ဆယ်နှစ်အကြာတွင် သူသည် နတ်ပန်းပဲအဆင့်သတ်မှတ်စာရင်းသို့ ဝင်ရောက်ဖို့ အခွင့်ရှိလာနိုင်လေသည်။
အနောက်မြောက်ထောင့်စွန်းရှိ နတ်ပန်းပဲအဆင့်သတ်မှတ်စာရင်းကျောက်စိမ်းတိုင်ကြီးမှ လျှို့ဝှက်ဆန်းကြယ်သော အလင်းများက ဖြာထွက်လာပြီး.. ကျောက်စိမ်းတိုင်ကြီး၏ မျက်နှာပြင်တွင် နာမည်များက တစ်ခုပြီးတစ်ခု ပေါ်လာ၏။ ထိပ်ဆုံးမှာ.. ဆူဇီမို၏ နာမည် ဖြစ်လေသည်။
နတ်ပန်းပဲအဆင့်သတ်မှတ်စာရင်းအတွက် ပြိုင်ပွဲပြီးဆုံးသွားပြီးနောက်.. အဆောင်လက်ဖွဲ့အဆင့်သတ်မှတ်စာရင်းအတွက် ပြိုင်ပွဲမစခင် ခဏတဖြုတ် နားကြလေသည်။
လမ့်ရိုက ဆန်းကြယ်တောင်ထွတ်ကို ကိုယ်စားပြု၍ အဆောင်လက်ဖွဲ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လေသည်။
သူမသည် အစကတည်းက အားမနည်းလှဘဲ.. မရီးဒါန်သုံးခုအခြေတည်အဆင့်တစ်ယောက် ဖြစ်လေသည်။ ဒါ့အပြင် သူမသည် အဆောင်လက်ဖွဲ့များ ပြုလုပ်ခြင်းတွင် အလွန်တရာ ပါရမီပါလေသည်။
တစ်ကယ်တမ်း အဆောင်လက်ဖွဲ့ပြိုင်ပွဲ ပြီးဆုံးသွားသည့်အခါမှာလည်း လမ့်ရိုသည် အခြားသော ကျင့်ကြံသူများအားလုံးကို ဖိနှိမ်နို်ငခဲ့ရုံသာမက.. အနောက်တောင်ထောင့်ရှိ ကျောက်စိမ်းတိုင်ကြီး၏ ထိပ်ဆုံးတွင် သူမ၏နာမည်ကို ချန်ရစ်နိုင်ခဲ့လေသည်။
လမ့်ရိုသည် အစကတည်းက သူမ၏ အေးစက်စက်အမူအယာနှင့် ခပ်ချေချေရုပ်ရည်သွင်ပြင်ကြောင့် လူအများ၏ အာရုံကို ဆွဲဆောင်နိုင်ပြီး မော်တယ်ဘုံသို့ ဆင်းသက်လာသော နတ်သမီးလေးတစ်ပါး ထင်နေရ၏။ ယခု သူမသည် အဆောင်လက်ဖွဲ့အဆင့်သတ်မှတ်စာရင်းတွင် ပထမနေရာကို ရရှိလိုက်သောအခါ လူတိုင်းလိုလိုက သူမကို အလွန်တရာ ချီးကျူးထောမနာပြုလိုက်ကြ၏။
ရွှယ်ယိက ပြုံးလိုက်၏။
“ဂုဏ်ယူပါတယ်.. ဂျူနီယာအစ်မလမ့်”
“အစ်မက အရမ်းမိုက်တယ်ဗျာ.. အစ်မလဲ နောင်ကြီးလိုပဲ နံပါတ်တစ်ဖြစ်သွားပြီပေါ့” ဖက်တီးလေးက ချီးကျူး၍ လက်မထောင်ပြလိုက်၏။
“အင်း” အဆောင်လက်ဖွဲ့အဆင့်သတ်မှတ်စာရင်းတွင် နံပါတ်တစ်ရရှိခဲ့ခြင်းက သူမအတွက် ဘာမှမဟုတ်သလို.. လမ့်ရိုက ထူးမခြားနားပုံစံနှင့် ပြန်ဖြေလိုက်၏။
ဘာကြောင့်ရယ်မသိ.. ထိုမြင်ကွင်းကိုကြည့်ပြီး ရှန်မန်းကီသည် စိတ်ထဲဝမ်းနည်းလာ၏။
ပွဲကြည့်စင်ပေါ်တွင်..
များစွာသော ရွှေအမြုတေများသည် ရွှမ်ယီနှင့် လျှို့ဟွေ့တို့ကို တစ်ယောက်ပြီးတစ်ယောက် ဂုဏ်ပြုစကားများပြောကြား၍ ခွက်များကို မြှောက်လိုက်ကြ၏။
“ဂုဏ်ယူပါတယ်.. ဂုဏ်ယူစရာပါပဲဗျာ”
“ခင်ဗျားတို့ ဆန်းကြယ်တောင်ထွတ်ကတော့ဗျာ.. အဆင့်သတ်မှတ်စာရင်းနှစ်ခုစလုံးရဲ့ နံပါတ်တစ်နေရာတွေကို အပိုင်သိမ်းလိုက်ပြီပေါ့လေ”
ရွှမ်ယီက ဣန္ဒြေဆယ်ထိန်းချုပ်၍ နှိမ့်ချဟန်ဖြင့် ပြန်ဖြေလိုက်၏။
“အဲ့လောက်လဲ မဟုတ်ပါဘူးဗျာ.. ကံလေးလဲ ကောင်းသွားလို့ပါ.. ဟဲဟဲ”
ထိုသို့သူပြောလိုက်သော်လည်း သူ့မျက်နှာက အူမြူးရွှင်ပျဝမ်းသာအားရစွာနှင့် ပြုံးပျော်တောက်ပနေ၏။
လျှို့ဟွေ့က ထပ်ပြောလိုက်၏။
“ကျမတို့ ဒီတစ်ခေါက် တပည့်တွေသိပ်များများစားစား ပါမလာခဲ့ဘူး.. နတ်ဆေးနဲ့ စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းအတွက်တော့ မျှော်လင့်ချက်သိပ်မရှိတော့ပါဘူး”
“အဲ့လိုတော့ ပြောလို့မရဘူးလေ တာအိုရောင်းရင်းရဲ့.. အဆင့်သတ်မှတ်စာရင်းနှစ်ခုမှာ နံပါတ်တစ်နေရာတွေပဲ ရယူထားတယ်ဆိုတာနဲ့တင် ဆန်းကြယ်တောင်ထွတ်က မဟာကျိုးအင်ပါယာတစ်ခုလုံးမှာ ဂုဏ်သတင်းထင်ပေါ်ကျော်ကြားဖို့ လုံလောက်နေပြီ” ရွှေအမြုတေတစ်ယောက်က ကပျာကယာ ဝင်ပြောလိုက်၏။
တစ်ကယ်တော့ အဆင့်သတ်မှတ်စာရင်းနှစ်ခုတွင် နံပါတ်တစ်နေရာများ ရရှိခဲ့ခြင်းက ဤရွှေအမြုတေများ လာရောက်ဂုဏ်ပြုချီးကျူးရခြင်း အကြောင်းရင်း၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်လေသည်။ အဓိကအကြောင်းရင်းမှာ ဆူဇီမိုကြောင့်သာ ဖြစ်လေသည်။ ထိုသည်ကို ရွှမ်ယီနှင့် လျှို့ဟွေ့တို့သည်လည်း နားလည်သိရှိထားလေသည်။
ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်ကိုတောင် သွန်းလုပ်နိုင်သော နတ်ပန်းပဲဆရာတစ်ယောက်နှင့် ဆက်ဆံရေးကောင်းတည်ဆောက်ချင်ကြသည်မှာ သဘာဝကျလေသည်။
အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက ဆူဇီမိုကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိမ်ဖန်များစွာ ကြိုးစားခဲ့ဖူး၏။ သူတို့အကြား သွေးကြွေးရန်စက ဖြေရှင်းလို့ မဖြစ်နိုင်တော့ပေ။
ပကတိသက်ရှိကန်းလန်နှင့် ဆူဇီမို၏ ရန်ငြိုးကလည်း ပို၍ နက်ရှိုင်းခိုင်မာလာ၏။
ပကတိသက်ရှိကန်းလန်၊ စီမာကျီနှင့် အစစ်မှန်မီးစွမ်းအင်ဂိုဏ်းမှ လူများကတော့ မျက်နှာသေနှင့် ရှိနေကြ၏။ ဆူဇီမိုကို ကြည့်နေရင်း သူတို့၏ မျက်လုံးများထဲတွင် တစ်ချက်တစ်ချက် အေးစက်စက်အလင်းများက လက်သွား၏။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်ခုခုကို ကြံစည်အကွက်ချနေကြ၏။
တောင်ပိုင်းတောင်တန်းဂိုဏ်းမှ ပကတိသက်ရှိယွင်ရှန်က လေးလေးနက်နက်တွေးတော၍ မျက်မှောင်ကြုတ်လိုက်၏။
ထိုအချိန်မှာပင် အစတုန်းက မျက်စိမှိတ်၍ အနားယူနေသော ဆူဇီမိုသည် တသိမ့်သိမ့်တုန််ခါသွားပြီး သူ့အော်ရာက စူးရှပြတ်သားစွာ မြင့်တက်လာ၏။ သူ့ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများက တလိပ်လိပ်တက်၍ ဖြာထွက်လာ၏။
“ဟမ်”
ထိုသည်ကို လူတိုင်း သတိထားခံစားမိလိုက်ပြီး လှည့်ကြည့်လိုက်ကြ၏။
အဲ့ဒါက အဆင့်ချိုးဖျက်တက်လှမ်းနေတာလား..
ရွှမ်ယီနှင့် လျှို့ဟွေ့တို့သည် ကျေနပ်နှစ်ခြိုက်သွားကြပြီး ခေါင်းတဆတ်ဆတ် ညိတ်လိုက်ကြ၏။
ဆူဇီမိုက မျက်လုံးမဖွင့်သေးပေ။ ခဏကြာပြီးနောက် ဖြာထွက်လာသော စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများသည် မုန်တိုင်းတစ်ခုကဲ့သို့ စုဖွဲ့အားကောင်းလာ၏။ အဲ့ဒါက ပြန်လည်တည်ငြိမ်သွားရမည့်အစား.. တဖြည်းဖြည်းပို၍ သိပ်သည်းအားကောင်းလာ၏။
“ဒါက..”
“သူက စိတ်ဝိညာဉ်မရီးဒါန်တွေကို တိုက်ရိုက်ဖွင့်လှစ်နေတာပဲ”
ပကတိအခြေတည်အဆင့်သို့ ချိုးဖျက်တမ်းလှမ်းသော အရှိန်အဟုန်ကို အသုံးချပြီး စိတ်ဝိညာဉ်မရီးဒါများကိုပါ ဖွင့်လှစ်နိုင်ခဲ့သော တစ်ကယ့်ရှားပါးအရည်အချင်းနှင့် မွန်းစတားပါရမီရှင်များက သမိုင်းတစ်လျှောက်တွင် ပေါ်ထွက်ခဲ့ဖူးလေသည်။
သို့သော်လည်း ထိုသို့ လုပ်နိုင်စွမ်းရှိခဲ့သူများက ရှားရှားပါးပါး အလွန်နည်းနည်းသာ ရှိလေသည်။
သူတို့က ကောင်းကင် သို့မဟုတ် ဗီဇပြောင်းစိတ်ဝိညာဉ်ရင်းမြစ်များကို ပိုင်ဆိုင်ထားလျှင်တောင် တစ်မူထူးခြားဆန်းပြားသော လျှို့ဝှက်နည်းစနစ်များကို မကျင့်ကြံမလေ့ကျင့်ထားလျှင် ထိုသို့လုပ်နိုင်ဖို့ အလွန်တရာ ခဲယဉ်းလေသည်။
ပကတိသက်ရှိကန်းလန်သည် အလွန်တရာ စိတ်လှုပ်ရှားသွား၏။
ဒါက အလွန်တရာ ရှားပါးသည့် အခွင့်အရေးပင်။ သူသာ ဆူဇီမို၏ အဆင့်ချိုးဖျက်တက်လှမ်းနေခြင်းကို တိတ်တဆိတ် နှောင့်ယှက်နိုင်ခဲ့လျှင် ထိုသူ၏ အခြေခံအုတ်မြစ်က ပျက်ဆီး၍ ထိုသူ၏ အနာဂတ်ကျင့်ကြံရေးလမ်းကြောင်းက ပျက်ဆီးသွားပေတော့မည်။
အခြေတည်အဆင့်မှာ ပြဿနာရှိသွားပါက ထိုသူ၏ ကျင့်ကြံမှုတစ်ဝက်က ပျက်ဆီးသွားခြင်းနှင့် တူလေသည်။
ပကတိသက်ရှိကန်းလန်က စဉ်းစားတွေးတောနေတုန်းမှာပင် ဧကရာဇ်က ရုတ်တရတ် သူ့အင်္ကျီလက်စကို ဝေ့ရမ်းလိုက်၏။ ဆူဇီမိုသည် ထိုင်ခုံနှင့်တကွ ကြွတက်သွားပြီး ဧကရာဇ်၏ ဘေးနားသို့ ညင်သာစွာ သက်ဆင်းလာ၏။
ထိုရွေ့လျားမှုက အလွန်ညင်သာပြီး ဆူဇီမိုကို နည်းနည်းလေးတောင် အနှောင့်အယှက်မဖြစ်စေခဲ့ပေ။
ဧကရာဇ်၏ ရည်ရွယ်ချက်က ရှင်းရှင်းလေးပင်။ သူသည် ဆူဇီမိုအပေါ် မကောင်းသည့်စိတ်ထား ရှိနေသည့်သူတွေ အကုန်လုံးကို သတိပေးလိုက်ခြင်း ဖြစ်လေသည်။
ဧကရာဇ်က မှင်သေသေမျက်နှာထားနှင့် ရောင်ဝါလင်းလက်တိမ်နန်းတော်ဘက်သို့ လှည့်ကြည့်လိုက်၏။
ပကတိသက်ရှိကန်းလန်သည် စိတ်ထဲမလုံမလဲဖြစ်သွားပြီး ဧကရာဇ်၏ အကြည့်နှင့် ဆုံမိချိန် အဝေးသို့ ရှောင်လွှဲကြည့်လိုက်၏။
ဝုန်း..
ရုတ်တရတ် ဆူဇီမို၏ ခန္ဓာကိုယ်အတွင်းမှာ ခပ်ထိုင်းထိုင်းမြည်သံတစ်ခုက ထွက်ပေါ်လာ၏။ သူ၏ အစိမ်းရောင်ဝတ်ရုံအောက်မှ စိတ်ဝိညာဉ်မရီးဒါန်တစ်ခုက လင်းလက်တောက်ပလာပြီး မပီမသ မြင်လာရ၏။
စက္ကန့်အနည်းငယ်အတွင်းမှာပင် သူက စိတ်ဝိညာဉ်မရီးဒါန်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့လေပြီ။
ရွှမ်ယီက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
အဲ့ဒါက ဆန်းကြယ်အခြေတည်ဆောက်ခြင်းကို ကျင့်ကြံထားခြင်း၏ အကျိုးကျေးဇူးပင်။ အတိတ်သမိုင်းမှာတုန််းက ဆန်းကြယ်တောင်ထွတ်တွင် ပကတိအခြေတည်အဆင့်သို့ တက်လှမ်းရင်း စိတ်ဝိညာဉ်မရီးဒါန်နှစ်ခုကို တစ်ခါတည်း ဖွင့်လှစ်နိုင်ခဲ့သော လူများပင် ရှိခဲ့ဖူး၏။
ဧကရာဇ်က သဘောကျနှစ်ခြိုက်သလို ကြည့်ပြီး ခေါင်းညိတ်လိုက်၏။
ခဏကြာပြီးသော်လည်း ဆူဇီမို၏ ခန္ဓာကိုယ်ရှိ အော်ရာက တရိပ်ရိပ်တက်နေဆဲဖြစ်ပြီး.. သူ၏ စိတ်ဝိညာဉ်မရီးဒါန်ကိုဖြတ်၍ စိတ်ဝိညာဉ်စွမ်းအင်များက ဒီရေလှိုင်းများကဲ့သို့ ရုန်းကြွထွက်ပေါ်လာနေ၏။
“ဒါ...”
“သူက ဒုတိယမြောက်စိတ်ဝိညာဉ်မရီးဒါန်ကို ဆက်ပြီး ဖွင့်ဖို့ ကြိုးစားနေတာလား”
“ဆန်းကြယ်တောင်ထွတ်ရဲ့ လျှို့ဝှက်ပညာရပ်သုံးခုက တစ်ကယ်အံ့မခန်းပဲဟေ့”
“ဘုန်း.. ဘုန်း..”
ဆူဇီမို၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲသံများက ဆင့်ကဲဆင့်ကဲ ထွက်ပေါ်လာ၏။
ဆူနာမီကဲ့သို့ ကြောက်စရာကောင်းသော သူ၏ စိတ်ဝိညာဉ်စွမ်းအင်များသည် ရုန်းကန်ထွက်ပေါ်လာပြီး ဒုတိယမြောက်စိတ်ဝိညာဉ်မရီးဒါန်ထဲသို့ အတင်းတိုးဝင်သွားကြ၏။
ဝုန်း..
နောက်ထပ်ခပ်ထိုင်းထိုင်းမြည်သံတစ်သံ..
ဒုတိယမြောက်မရီးဒါန်က ပေါ်လာ၏။
“သူလုပ်နိုင်သွားပြီ”
ရွှမ်ယီက လက်သီးကိုဆုပ်၍ ခပ်တိုးတိုးအော်ဟစ်အားပေးလိုက်၏။
ဆူဇီမို၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် တဖြည်းဖြည်းတည်ငြိမ်လာသောကြောင့် လူတိုင်း စိတ်သက်ရာရကာ သက်ပြင်းချလိုက်ကြ၏။
ရုတ်တရတ်ဆိုသလို...
ပိုလို့ပင် ကြောက်စရာကောင်းသော အော်ရာလှိုင်းက ပေါက်ကွဲထွက်ပေါ်လာပြီး တတိယမြောက်စိတ်ဝိညာဉ်မရီးဒါန်ကို အစိမ်းရောင်ဝတ်ရုံအောက်တွင် ခပ်ရေးရေး မြင်လာရ၏။
ဘုန်း ဘုန်း.. ဘုန်း..
စိတ်ဝိညာဉ်စွမ်းအင်များက ဆက်လက်ထွက်ပေါ်လာနေဆဲဖြစ်၏။
စောစောက ခေတ္တနောက်ဆုတ် ရပ်နားသွားခြင်းက ခွန်အားများကို ပြန်လည်စုဆောင်းနေခြင်း ဖြစ်ပုံရလေသည်။ စုဆောင်းမှုက ပြီးစီးသွားသည်နှင့် တတိယမြောက်မရီးဒါန်က ပို၍ကြမ်းကြုတ်သော အသွင်ဖြင့် ပေါက်ကွဲထွက်ပေါ်လာ၏။
ဒီတစ်ကြိမ်တွင်တော့ ရွှမ်ယီသည်ပင် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။
သူက မရီးဒါသုံးခုကို တစ်ခါတည်းနဲ့ ဖွင့်ဖို့ လုပ်နေတာလား..
ဧကရာဇ်၏ ပါးစပ်က အနည်းငယ်ပွင့်ဟသွားပြီး သူ့မျက်လုံးထဲတွင် တုန်လှုပ်မှုတချို့ ဝင်ရောက်လာ၏။
ဂူရှီသည်လည်း လှမ်းမျှော်ကြည့်လိုက်၏။ သူမ၏ လှပသော မျက်လုံးထဲတွင် အံ့အားသင့်မှု၊ စူးစမ်းသိလိုမှုတို့က ပြည့်လာ၏။
ဒီဆူဇီမိုက ဘယ်လိုစိတ်ဝိညာဉ်ရင်းမြစ်ကိုများ ပိုင်ဆိုင်ထားတာပါလိမ့်..
သူကျင့်ကြံထားတဲ့ စိတ်ဝိညာဉ်စွမ်းအင်က ဘယ်လိုကြောင့် ဒီလောက်တောင် သန့်စင်အားကောင်းနေရတာပါလိမ့်။