သားရဲမိစ္ဆာ
Vol. 22 Ch. 319
ဆူဇီမိုက သူ၏ တတိယမြောက် မရီးဒါန်ကို ဖွင့်လှစ်ဖို့ ကြိုးစားနေတုန်းဖြစ်၏။ မြေပြင်ကွင်းမှာတော့.. နတ်ဆေးအဆင့်သတ်မှတ်စာရင်းအတွက် ယှဉ်ပြိုင်နေကြပြီဖြစ်၏။
ဒီတစ်ခေါက်မှာတော့ ဆန်းကြယ်တောင်ထွတ်သည် မည်သည့်တပည့်ကိုမျှ မစေလွှတ်ခဲ့ပေ။ သို့သော်လည်း အဇူရာနှင်းမြူလွှာဂိုဏ်းမှ ဆူရှောင်းနင်ကတော့ ဝင်ရောက်ယှဉ်ပြိုင်နေလေသည်။
အစတုန်းကအတိုင်းဆိုလျှင်တော့.. ဆူရှောင်းနင်၏ ဆေးဖော်စပ်စွမ်းရည်က နတ်ဆေးအဆင့်သတ်မှတ်စာရင်းတွင် နာမည်တစ်ခု ချန်ရစ်နိုင်ဖို့ လုံလောက်မှုမရှိပေ။
သို့သော်လည်း သူမသည် လျှို့ဝှက်ဆန်းကြယ်သော ဆေးမီးဖိုကို ရရှိပြီးကတည်းက ဆူရှောင်းနင်သည် ဆေးလုံးဖော်စပ်တိုင်းတွင် အာရုံစူးစိုက်နိုင်စွမ်း အရမ်းကောင်းလာပြီး သူမ၏ အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိလာခဲ့၏။
ဒီတစ်ခေါက် ဂိုဏ်းပေါင်းစုံပြိုင်ပွဲတွင် ဆူရှောင်းနင်သည် ပကတိအဆင့်ဆေးလုံးတစ်လုံးကို သန့်စင်ဖော်စပ်နိုင်ခဲ့ပြီး မထင်မှတ်ထားလောက်အောင် အံ့အားသင့်တုန်လှုပ်ဖွယ်ရာပုံစံနှင့် နတ်ဆေးအဆင့်သတ်မှတ်စာရင်းတွင် နံပါတ်တစ်နေရာကို ရရှိခဲ့လေသည်။
ရှေဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ခွင့်ရသည့် ကျင့်ကြံသူသုံးဆယ်ကို ရွေးချယ်ပြီးသွားလေပြီ။
တစ်ကယ်တော့ ဂိုဏ်းပေါင်းစုံပြိုင်ပွဲတွင် လူစိတ်ဝင်စားမှုအမြင့်ဆုံး၊ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးက စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းအတွက် ပြိုင်ပွဲပင် ဖြစ်လေသည်။
စိတ်ဝိညာဉ်ပြိုင်ပွဲက တစ်ယောက်-တစ်ယောက်ချင်း တိုက်ခိုက်ရသည်မျိုး မဟုတ်ပေ။ အဲ့ဒါကို သီးခြားနယ်မြေတစ်ခုထဲမှာ ကျင်းပမည်ဖြစ်ပြီး ထိုအထဲတွင် ကျေးငှက်များ၊ တောကောင်များနှင့် အန္တရာယ်များက စောင့်ကြိုနေမည် ဖြစ်လေသည်။ ထိုကြီးမားသည့် တိုက်ပွဲအပြီးတွင် ဗိုလ်စွဲကျန်ရစ်သူဆယ်ယောက်ကို ရွေးချယ်ဆုံးဖြတ်မည်ဖြစ်လေသည်။
စိတ်ဝိညာဉ်ပြိုင်ပွဲ၏ တည်နေရာက အလွန်တရာ သီးခြားဆန်၏။
အဲ့ဒါကို ဧကရာဇ်၏ မူပိုင်လက်နက်ဖြစ်သည့် ဒြပ်စင်ငါးမျိုးထီးထဲမှာ ကျင်းပမည်ဖြစ်လေသည်။ ဒြပ်စပ်ငါးမျိုးထီးအတွင်း၌ သူ့ကိုယ်ပိုင်သီးခြားလောကတစ်ခု ရှိလေသည်။ အဲ့လောကတွင် သက်ရှိပေါင်း သိန်းနှင့်ချီ၍ ဝင်ဆံ့လေသည်။
ဒြပ်စင်ငါးမျိုးထီးထဲရှိလောကကို သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေဟူ၍ အဓိကနယ်မြေကြီးငါးခု ပိုင်း၍ခွဲခြားထားလေသည်။
နယ်မြေတစ်ခုချင်းစီကို အဆင့်၄ သတ်ဖြတ်ခြင်းဝင်္ကပါက ပိုင်းခြားထားပြီး တစ်ခုကိုတစ်ခု ဖြတ်သန်းလို့ မရပေ။
မျှခြေကို ထိန်းသိမ်းရန်အတွက် စိတ်ဝိညာဉ်ပြိုင်ပွဲတွင် ဂိုဏ်းတစ်ဂိုဏ်းချင်းစီက အများဆုံး ကျင့်ကြံသူငါးယောက်ထိသာ စေလွှတ်နိုင်လေသည်။
ပါဝင်ယှဉ်ပြိုင်သူများသည် ဒြပ်စင်ငါးမျိုးထီးထဲသို့ ဆွဲယူသွင်းခြင်းခံရမည်ဖြစ်ပြီး သက်ဆိုင်ရာနယ်မြေတစ်ခုစီတွင် ကျင့်ကြံသူနှစ်ယောက်သာလျှင် ကျန်ရှိသည့်အထိ တိုက်ခိုက်ရမည် ဖြစ်လေသည်။
နယ်မြေငါးခုစလုံး၏ တိုက်ပွဲပြီးဆုံးသွားသည့်အခါ နယ်မြေတစ်ခုချင်းစီရှိ ကျင့်ကြံသူနှစ်ယောက်စီ၏ နာမည်များသည် စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းကျောက်စိမ်းတိုင်တွင် ပေါ်လာမည် ဖြစ်လေသည်။
စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းတွင် ဝင်ရောက်ခွင့်ရသည့် ကျင့်ကြံသူဆယ်ယောက်သည် ရှေးဟောင်းနယ်မြေထဲသို့ ဝင်ရောက်ကြရမည်ဖြစ်သောကြောင့် သူတို့တစ်ယောက်ချင်းစီကို ဆက်လက်တိုက်ခိုက်ခိုင်းတော့မည် မဟုတ်ပေ။ ထို့ကြောင့် စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းတွင် ဝင်ရောက်သူများကို နံပါတ်တစ်၊ နံပါတ်နှစ်... နံပါတ်တစ်ဆယ် စသည်ဖြင့် ခွဲခြားတော့မည် မဟုတ်ပေ။
ဒြပ်စင်ငါးမျိုးထီးထဲသို့ မဝင်ရောက်မီ.. ကျင့်ကြံသူတစ်ယောက်စီသည် အဆောင်တစ်ခုစီ လက်ခံရရှိမည် ဖြစ်လေသည်။
ထိုအဆောင်ကို သူတို့ချိုးဖျက်လိုက်သည်နှင့် သူတို့ကို ဒြပ်စင်ငါးမျိုးထီး၏ သီးခြားလောကထဲမှ အပြင်လောကသို့ ချက်ချင်း ပြန်ထုတ်ပစ်လိုက်မည် ဖြစ်လေသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူတို့သည် ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည် ဖြစ်လေသည်။
ဒီတစ်ခေါက် ဂိုဏ်းပေါင်းစုံပြိုင်ပွဲတွင် မရီးဒါန်ခြောက်ခုအခြေတည်အဆင့် တစ်ယောက်မျှ မပါဝင်ပေ။
ဂိုဏ်းကြီးငါးဂိုဏ်းမှ မရီးဒါန်ငါးခုအခြေတည်အဆင့် တစ်ယောက်စီ၊ အခြားဂိုဏ်းများမှ နှစ်ယောက်၊ တစ်ကိုယ်တော်ကျင့်ကြံသူများထဲမှ တစ်ယောက်.. အားလုံးပေါင်း မရီးဒါန်ငါးခုအခြေတည်အဆင့် ရှစ်ယောက်ပါဝင်လေသည်။
ဧကရာဇ်က ထိုမရီးဒါန်ငါးခုအခြေတည်အဆင့် ရှစ်ယောက်ကို နယ်မြေတစ်ခုစီခွဲ၍ ပို့ပေးမည် ဖြစ်လေသည်။
ကျန်မရီးဒါန် လေးခု၊ သုံးခု.. အခြေတည်အဆင့်များကိုတော့ ဒီတိုင်းပဲ သာမန်ကာလျှံကာ မျှ၍ ခွဲပို့ပေးမည် ဖြစ်လေသည်။
ဒြပ်စင်ငါးမျိုးထီးထဲရှိ ရှုပ်ထွေးကြမ်းတမ်းသော သဘာဝကြောင့် မရီးဒါန်ငါးခုအခြေတည်အဆင့်များတောင်မှ နောက်ဆုံးအချိန်ထိ ရှင်သန်နေနိုင်ပါမည်ဟု လုံးလုံး အာမမခံနိုင်ပေ။
“စိတ်ဝိညာဉ်ပြိုင်ပွဲမှာ ပါဝင်မယ့် ကျင့်ကြံသူတွေအကုန်လုံး ရှေ့ကိုတက်ခဲ့ကြပါ”
ဧကရာဇ်၏ အမိန့်သံအောက်၌ လူအုပ်ကြီးထဲမှ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက်ထွက်၍ မြေပြင်ကွင်းသို့ ဝင်ရောက်လာကြ၏။
အကြမ်းဖျင်းအားဖြင့် လူပေါင်းငါးထောင်ဝန်းကျင်လောက် ရှိပေမည်။
ဤကျင့်ကြံသူငါးထောင်သည် သက်ဆိုင်ရာဂိုဏ်းအသီးသီးမှ လက်ရွေးစင်ကျင့်ကြံသူများ ဖြစ်ကြ၏။ သို့သော် သူတို့ထဲမှ ဆယ်ယောက်ကိုသာလျှင် နောက်ဆုံးရွေးချယ်မည် ဖြစ်လေသည်။
အဇူရာနှင်းမြူလွှာဂိုဏ်းမှ ကျွင်းဟောက်၊ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ ဟယ်ကျင်း၊ ရောင်ဝါလင်းလက်တိမ်နန်းတော်မှ စစ်ယုထန်နှင့် ရှန်မန်းကီ၊ တောင်ပိုင်းတောင်တန်းဂိုဏ်းမှ ရှစ်ကျန့်နှင့် ဆန်းကြယ်တောင်ထွတ်မှ ကျိချန်းရှန်နှင့် ဖက်တီးလေးတို့သည်လည်း ထိုအထဲတွင် ပါဝင်လေသည်။
ဧကရာဇ်က သူ့အင်္ကျီလက်စကို ဝေ့ရမ်းလိုက်သောအခါ မြေပြင်ကွင်းရှိ ကျင့်ကြံသူငါးထောင်စီသို့ တောက်ပသော အလင်းစက်လေးများစွာက ပြန့်ကျဲကျဆင်းလာ၏။ အဲ့ဒါက ကျောက်စိမ်းအဆောင်လေးများပင် ဖြစ်လေသည်။
ကျောက်စိမ်းအဆောင်တစ်ခုစီပေါ်တွင် ‘အသက်’ဆိုသော စာလုံးကို ခပ်နှိပ်ထား၏။
အဓိပ္ပါယ်က ရှင်းပါသည်။ ဒြပ်စင်ငါးမျိုးလောက၌ အသက်အန္တရာယ်တစ်စုံတစ်ရာနှင့် ကြုံတွေ့လာလျှင် အသက်ရှင်လျက် ပြန်ထွက်ချင်ပါက ကျောက်စိမ်းအဆောင်ကို ချိုးဖျက်ရမည် ဖြစ်လေသည်။
ဧကရာဇ်က ခေါင်းညိတ်ပြလိုက်၏။ ပကတိအရှင်မင်းကျီက နားလည်သဘောပေါက်သွားပြီး အော်ပြောလိုက်၏။
“စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းပြိုင်ပွဲအတွက် တိုက်ပွဲကို ဒြပ်စင်ငါးမျိုးထီးထဲမှာ ယှဉ်ပြိုင်ခိုင်းရတဲ့ ရည်ရွယ်ချက်က.. ရှေးဟောင်းတိုက်ပွဲမြေက ဘာနဲ့တူလဲဆိုတာ မင်းတို့ကို ကြိုတင်ပြီးတော့ မြည်းစမ်းသိစေချင်တဲ့သဘောပဲ”
“စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သတ်ပြီး မင်းတို့ကို ငါသိပ်ရှည်ရှည်ဝေးဝေးရှင်းပြနေမှာ မဟုတ်တော့ဘူး.. ဒါပေမယ့် လူတိုင်းကို သတိပေးစရာ နည်းနည်းပါးပါးတော့ ရှိတယ်”
“ပထမတစ်ချက်.. နယ်မြေတွေကို ဖြတ်သန်းဖို့ မကြိုးစားပါနဲ့.. နယ်မြေတစ်ခုချင်းစီရဲ့ကြားမှာ အဆင့်၄ သတ်ဖြတ်ခြင်းဝင်္ကပါတွေ ခင်းကျင်းထားတယ်.. အဲ့ထဲရောက်သွားရင် ရွှေအမြုတေတွေတောင် သေသွားနိုင်တယ်”
“ဒုတိယတစ်ချက်.. ဒြပ်စင်ငါးမျိုးလောကက အရမ်းကို အန္တရာယ်များပါတယ်.. မင်းတို့ ယှဉ်ပြိုင်သူတွေအပြင် အဲ့မှာ တောကောင်တွေလဲ အများကြီး ရှိတယ်.. အတော်များများက ရိုးရိုးသာမန်စိတ်ဝိညာဉ်သားရဲတွေဆိုပေမယ့် တချို့ကောင်တွေကတော့ အဲ့ထဲမှာ ရှင်သန်နေထိုင်လာလာ နှစ်ပေါင်းသောင်းချီကြာနေပြီ.. သူတို့ရဲ့ခွန်အားက အခြေတည်အဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိတယ်.. အရှင်မင်းမြတ်ရဲ့ ဓမ္မစွမ်းအားရဲ့ ဖိနှမ်မှုကြောင့်သာ သူတို့က အူတိုင်မဖွဲ့နိုင်သေးတာပဲ”
(ဒီနေရာမှာ ဓမ္မဆိုတာ ဗုဒ္ဓဘာသာက ဓမ္မဆိုတဲ့ အဓိပ္ပါယ်နဲ့ မတူပါဘူး.. ကမ္ဘာမတူတဲ့အတွက် လောကသဘာဝစည်းမျဉ်းတွေကလည်း ကွဲပြားနိုင်ပါတယ်)
ထိုစကားကိုကြားသောအခါ များစွာသောကျင့်ကြံသူများ၏ ရင်သည် ဒုတ်ကနဲ ခုန်သွားကြ၏။
အခြေတည်အဆင့်၏ အထွတ်အထိပ်မှာရှိသော စိတ်ဝိညာဉ်သားရဲများသည် သူတို့ကို သတ်ဖြတ်ပစ်နိုင်စွမ်းရှိလေသည်။
ပကတိအရှင်မင်းကျီက ဆက်ပြောလိုက်၏။
“မင်းတို့အားလုံးမှာ ကျောက်စိမ်းအဆောင်တွေ ရှိကြတယ်ဆိုပေမယ့်လဲ.. ဒီအရင် ဂိုဏ်းပေါင်းစုံပြိုင်ပွဲတွေမှာတုန်းက ကျင့်ကြံသူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် တိုက်ခိုက်ခံရတဲ့အခါ သူတို့ရဲ့ ကျောက်စိမ်းအဆောင်တွေကိုတောင် မချိုးဖျက်နိုင်လိုက်ဘဲ တစ်ခါထဲတန်းပြီး အသတ်ခံလိုက်ရတဲ့ အဖြစ်အပျက်တွေလဲ ရှိခဲ့ဖူးတယ်”
ထိုနေရာအရောက်တွင် ပကတိအရှင်မင်းကျီသည် ခဏမျှရပ်နားလိုက်၏။
“ပြိုင်ပွဲကနေ နုတ်ထွက်ချင်တဲ့သူတွေရှိရင် အခုနေ အချိန်မီသေးတယ်နော်.. ဒြပ်စင်ငါးမျိုးလောကထဲ မင်းတို့ရောက်သွားရင်တော့...”
ပကတိအရှင်မင်းကျီက သူ့စကားကို ဆက်မပြောတော့သော်လည်း သူ့ဆိုလိုရင်းက ရှင်းနေလေပြီ။
ထိုအချိန်မှာပင် အပြင်ဘက်မှ အေးစက်စက်အသံတစ်သံက ထွက်ပေါ်လာ၏။
“ဂိုဏ်းပေါင်းစုံပြိုင်ပွဲက ကျင်းပတော့မှာပဲ.. ငါတို့သွေးကျီးကန်းနန်းတော်က ဒီအခွင့်အရေးကို လက်လွတ်ခံလို့ ဘယ်ဖြစ်ပါ့မလဲ”
လူအုပ်ကြီးသည် ဘေးသို့ချဲ၍ လမ်းဖယ်ပေးလိုက်ကြ၏။
ကျင့်ကြံသူနှစ်ယောက်က ရှေ့ဆင့်နောက်ဆင့် လျှောက်လှမ်းလာ၏။ ရှေ့မှဦးဆောင်လာသူသည် နက်မှောင်နေသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်နက်များကို ဖရိုဖရဲ ဖြန့်ချထား၏။ သူ့မျက်လုံးများက လင်းယုန်တစ်ကောင်လို စူးရှနေပြီး ကြက်သွေးရောင်ဖြင့် တောက်ပနေ၏။
သွေးကျီးကန်းနန်းတော်..
ထိုစကားလုံးတွင် သွေးရနံ့တစွန်းတစပင် ရောယှက်နေပြီး များစွာသော ရွှေအမြုတေများ၏ အမူအယာက ပြောင်းလဲသွားလေသည်။ သူတို့၏ မျက်လုံးများထဲတွင် စိုးရွံ့လန့်ထိတ်မှုအနည်းငယ်ပင် ဖြတ်ပြေးသွား၏။
ဧကရာဇ်က မထီတရီမျက်နှာထားနှင့်ပင် ရှိနေပြီး သူ၏ မနောသိစိတ်ကို စေလွှတ်၍ သူ့ရှေ့မှလူကို စစ်ဆေးကြည့်လိုက်၏။ သို့သော်လည်း ဆင်တူသောစွမ်းအင်တစ်ခုက ရောင်ပြန်ဟပ်လာ၏။
“အမ်”
နိုးထဝိညာဉ်အဆင့်လား..
ဧကရာဇ်သည် မျက်မှောင်အနည်းငယ်ကြုတ်၍ သူ၏ နိုးထဝိညာဉ်နှင့် ထပ်မံစစ်ဆေးကြည့်လိုက်၏။ ထိုလူက သေချာပေါက် နိုးထဝိညာဉ်အဆင့်ပင်။
သို့သော်လည်း ဘာကြောင့်ရယ်မသိ.. ထိုလူ၏ ပုံစံက တစ်နည်းတစ်ဖုံ ထူးဆန်းနေပြီး တစ်ခုခု လွဲနေသည်ဟု သူခံစားရနေ၏။
ဧကရာဇ်သည် သူ့ခေါင်းကိုငဲ့၍ ပကတိအရှင်မင်းကျီကို လှမ်းကြည့်လိုက်၏။
ပကတိအရှင်မင်းကျီကလည်း ခေါင်းခါပြလိုက်၏။
ရုတ်တရတ်.. ဧကရာဇ်၏ စိတ်အာရုံထဲတွင် ညင်သာသည့်အသံတစ်သံက မြည်လာ၏။
“သူက သားရဲမိစ္ဆာတစ်ကောင်ပဲ.. သူ့ရဲ့ ပုံစံအစစ်က မဟူရာကျီးတောင်ကုန်းက ကျီးကန်းတစ်ကောင်ပဲ”
ရတနာကောင်းကင်လေလံအိမ်တော်၏ ဘဏ္ဍာစိုးခေါင်းဆောင်ဂူရှီက သူမ၏ မနောသိစိတ်ကိုသုံး၍ အသံတစ်ခု ပို့လွှတ်လိုက်၏။
အဲ့ဒါက နိုးထဝိညာဉ်အဆင့်များသာ အသုံးပြုနိုင်သော နည်းစနစ်တစ်ခုဖြစ်ပြီး ပို့လွှတ်သူရည်ရွယ်သော လက်ခံသူသာလျှင် ထိုအသံကို ကြားရနို်ငလေသည်။
သားရဲမိစ္ဆာဟူသော အသံကို ကြားရချိန်တွင် ဧကရာဇ်၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုရိပ်က ပြည့်လာ၏။
လူလိုအသိဉာဏ်မရှိသေးသော သားရဲများကို တောရိုင်းကောင်များဟု ခေါ်လေသည်။
အသိဉာဏ်ဝင်လာပြီး ဘယ်လိုကျင့်ကြံရမလဲဆိုတာသိ၍ လူသားချီစုဖွဲ့စစ်သည်တော်များ၏ ခွန်အားနှင့် ညီမျှသော သားရဲများကိုတော့ စိတ်ဝိညာဉ်တောကောင်များဟု ခေါ်လေသည်။
အခြေတည်အဆင့်ကျင့်ကြံသူများ၊ ရွှေအမြုတေများနှင့် ခွန်အားချင်းတူညီသော သားရဲများကိုတော့ စိတ်ဝိညာဉ်သားရဲများဟု ခေါ်လေသည်။
သူတို့၏ ခွန်အားက ရွှေအမြုတေများထက် ကျော်လွန်ပြီး နိုးထဝိညာဉ်အဆင့် သို့မဟုတ် မူလနတ္ထိအဆင့်တို့နှင့်တောင် ညီမျှနေပြီဆိုလျှင်တော့ သူတို့ကို သားရဲမိစ္ဆာများဟု ခေါ်လေသည်။
သားရဲတစ်ကောင်က သားရဲအမြုတေကို ဖွဲ့တည်ပြီးသည်နှင့် သူတို့၏ အရိုးတည်ဆောက်ပုံက ပြောင်းလဲသွားပြီး လူသားသွင်ပြင်ကို ပြောင်းလဲနိုင်လာပေလိမ့်မည်။
သို့သော် သားရဲရွှေအမြုတေအဆင့်များသည် လူသားသွင်ပြင်ကို ပြောင်းလဲနိုင်သော်လည်း သူတို့၏ ခန္ဓာကိုယ်မှ သားရဲချီကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ဘဲ.. ကျင့်ကြံသူများက သူတို့ကို အလွယ်တကူ ခွဲခြားသိမြင်နို်ငလေသည်။
သားရဲတစ်ကောင်သည် ယင်စိတ်ဝိညာဉ်ကို ကျင့်ကြံ၍ နိုးထဝိညာဉ်အဆင့်နှင့် ဆင်တူသော အဆင့်ကို ရောက်မှသာလျှင် သူတို့သည် သူတို့၏ မနောဝိညာဉ်ကို ရရှိလာမည်ဖြစ်ပြီး ဓမ္မစွမ်းအားကိုသုံး၍ သူတို့၏ သားရဲချီကို ဖုံးကွယ်နိုင်မည် ဖြစ်လေသည်။
ထိုကဲ့သို့သော သားရဲများက လူသားသွင်ပြင်ပြေင်းလဲ၍ လူသားများကြားထဲ ရောနှောဝင်ရောက်နေလျှင်တောင် ကျင့်ကြံသူများက သိနိုင်လိမ့်မည် မဟုတ်ပေ။
တစ်မူထူးခြားသော မူပို်ငလက်နက်များ သို့မဟုတ် လျှို့ဝှက်အတတ်ပညာရပ်တစ်ခုခု မရှိဘူးဆိုလျှင် အဆင့်တူမှာရှိသော ကျင့်ကြံသူများသည် သူတို့၏ အစစ်အမှန်ပုံစံကို ထောက်လှမ်းသိရှိနိုင်လိမ့်မည် မဟုတ်ပေ။
ကျင့်ကြံသူများက ထိုကဲ့သို့သော သားရဲများကို သားရဲမိစ္ဆာများဟု ခေါ်ကြလေသည်။