မင်းရဲ့ ခွေးအသက်ကို ငါယူရလိမ့်မယ်
Vol. 22 Ch. 320
သားရဲမိစ္ဆာများ ကျင့်ကြံသူများအကြား ရောက်ရှိလာမှုက လွန်စွာအန္တရာယ်များလေသည်။
ပုံမှန်အားဖြင့်ဆိုလျှင် သားရဲမိစ္ဆာတစ်ကောင်သည် အထူးသဖြင့် မဟာကျိုးမြို့တော်လို နေရာမျိုး၌ ပေါ်ပေါက်လာပါက ဧကရာဇ်သည် ဒေါသအမျက်ချောင်းချောင်းထွက်၍ ချက်ချင်းသတ်ပစ်ဖို့ လုပ်ပေလိမ့်မည်။
သို့သော်လည်း ယခုရောက်ရှိလာသော သားရဲမိစ္ဆာက သွေးကျီးကန်းနန်းတော်မှ ဖြစ်၏။
သွေးကျီးကန်းနန်းတော်သခင်က လျှို့ဝှက်ဆန်းကြယ်သော နောက်ခံရှိပြီး သူက ထျန်ဟွမ်ပြည်မကြီး၏ မြောက်ပိုင်းဒေသကြီး၏ တားမြစ်နယ်မြေမှလာတာ ဖြစ်ဖို့များလေသည်။
သူကသာ ထျန်ဟွမ်ပြည်မကြီး၏ တားမြစ်နယ်မြေမှ သက်ရှိတစ်ကောင်ဆိုလျှင် ယခုသူတို့ရှေ့မှ သားရဲမိစ္ဆာက သွေးကျီးကန်းနန်းတော်သခင်ထံမှာ အညံ့ခံထားပြီးလောက်ပေပြီ။ သူက မဟာကျိုးဧကရာဇ်ဖြစ်သော်လည်း အရမ်းကာရော မတိုက်ခိုက်ရဲတော့ပေ။
အနက်ရောင်ဝတ်ရုံဝတ်လူက လက်သီးဆုပ်လေးစားမှု မပြသလို ဦးလည်းမညွှတ်ပေ။ သူက ထီမထင်မျက်နှာပေးနှင့်သာ ပြောလိုက်၏။
“ကျုပ်နာမည်က ရွှယ်ယာ.. ကျုပ်တို့သွေးကျီးကန်းနန်းတော်ရဲ့ တပည့်ကြီးကို စိတ်ဝိညာဉ်ပြိုင်ပွဲမှာ ဝင်ပြိုင်ခိုင်းမလို့ ခေါ်လာတာ.. နောက်မကျသေးဘူးမလား”
ရွှယ်ယာဟူသော စကားကို ကြားပြီးနောက် ဂူရှီပြောတာ မမှားကြောင်း ဧကရာဇ်သည် နားလည်လိုက်၏။ သူက ယခင်မဟူရာကျီးတောင်ကုန်း၏ အရှင်၊ သွေးကျီးကန်းဘုရင်ပင် ဖြစ်လေသည်။
“မင်းတို့အနေနဲ့ စိတ်ဝိညာဉ်ပြိုင်ပွဲမှာ ဝင်ပြိုင်ချင်တယ်ဆိုရင် ကျောက်စိမ်းအဆောင်တစ်ခုယူပြီး ဒြပ်စင်ငါးမျိုးထီးထဲ လိုက်ဝင်သွားရုံပဲလေ”
ဧကရာဇ်က ခဏမျှ ချင့််တွက်စဉ်းစားပြီးနောက် ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ယူကာ အနက်ရောင်ဝတ်လူရှေ့သို့ ပစ်မြှောက်ချပေးလိုက်၏။
သွေးကျီးကန်းဘုရင်က ဘေးသို့ အနည်းငယ်လှည့်၍ သူ့နောက်က လူကို လှစ်ဟပြလိုက်၏။
ထိုသူက ရုပ်ရည်ချောမောလှပပြီး သူ့နှုတ်ခမ်းက အနည်းငယ်တွန့်ကွေးနေ၏။ သူက မောက်မာဟန်ရပြီး သူ့မျက်လုံးထဲတွင် ထိတ်လန့်ဖွယ်ရာ အစိမ်းရောင်ခပ်ဖျော့ဖျော့က တောက်နေ၏။
“အဲ့ဒါ ဖုန်ဟောက်ယွီပဲ”
ထိုအချိန်တွင် လေးထောင့်ကွင်းပြင်မှ ဒေါသတကြီး အော်ဟစ်သံတစ်သံက ထွက်ပေါ်လာ၏။
ဆန်းကြယ်တောင်ထွတ်မှ တပည့်များသည် ဒေါသတကြီးနှင့် စူးစိုက်ကြည့်လိုက်ကြ၏။ လမ့်ရို၏ မျက်လုံးထဲမှာတောင် သတ်ဖြတ်လိုစိတ်က တဖျပ်ဖျပ်လက်လာပြီး သူမ၏ အမူအယာက အေးစက်သည့်ထက် အေးစက်လာ၏။
သွေးကျီးကန်းဘုရင်၏နောက်မှ ရုပ်ချောချောနှင့်လူက ဆန်းကြယ်တောင်ထွတ်၏ သစ္စာဖောက်တပည့် ဖုန်ဟောက်ယွီပင် ဖြစ်လေသည်။
ဖုန်ဟောက်ယွီဟူသော အသံကို ကြားရချိန်တွင် ဧကရာဇ်ဘေးတွင် တတိယမြောက်စိတ်ဝိညာဉ် မရီးဒါန်ကို ဖွင့်နေဆဲ ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။ သို့သော် သူ့မျက်လုံးကိုတော့ ဖွင့်မကြည့်ပေ။
ရွှမ်ယီနှင့် လျှို့ဟွေ့တို့၏ အမူအယာကလည်း ပြောင်းလဲသွားပြီး သူတို့သည် စားပွဲကို ဘုန်းကနဲရိုက်ကာ မတ်တပ်ထရပ်လိုက်ကြ၏။
တန်လင်းတောင်ကြားမှတိုက်ပွဲက သုံးနှစ်ကြာခဲ့ပြီဖြစ်သော်လည်း.. သူတို့တိုက်ခိုက်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် အဖွဲ့အစည်းကို သူတို့အခုချိန်ထိ မဖော်နိုင်သေးပေ။
ယခုအခါ ဖုန်ဟောက်ယွီက ပေါ်လာပြီဖြစ်သောကြောင့် လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်း၏ မျက်နှာပြလာလေပြီ။
အဲ့ဒါက သွေးကျီးကန်းနန်းတော်၏ လက်ချက်ပင်။
ရွှမ်ယီ၏ မျက်နှာက ရေခဲလို အေးစက်လာ၏။
“သွေးကျီးကန်းနန်းတော်.. တန်လင်းတောင်ကြားမှာ ဆန်းကြယ်တောင်ထွတ်က တပည့်တွေကို ချောင်းမြောင်းလုပ်ကြံ တိုက်ခိုက်သတ်ဖြတ်ခဲ့တာအတွက် မင်းတို့ တာဝန်ယူဖြေရှင်းပေးရမယ်”
သွေးကျီးကန်းဘုရင်က ရွှမ်ယီကို မထီတရီ တစ်ချက်ကြည့်လိုက်ပြီး နှာတစ်ချက်မှုတ်လိုက်၏။
“ငါတို့ လုပ်ခဲ့တယ်လေ ဘာဖြစ်လဲ.. မင်းတို့က လက်စားပြန်ချေချင်လို့လား”
“အသက်တစ်ချောင်းအတွက် တစ်သက်တစ်ချောင်းပဲ.. ဆန်းကြယ်တောင်ထွတ်က လူတွေကို သတ်ခဲ့တဲ့အတွက် နင်တို့အသက်နဲ့ နင်တို့ ပြန်ပေးဆပ်ရမယ်” လျှိုဟွေ့က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
သွေးကျီးကန်းဘုရင်က ခေါင်းခါလိုက်၏။
“မိုက်မဲလိုက်တာကွယ်.. ဆန်းကြယ်တောင်ထွတ်က ပျောက်ကွယ်တော့မယ်ဆိုတာတောင် နင်မသိသေးဘူးထင်တယ်.. သွေးကျီးကန်းနန်းတော်ရဲ့ သခင်လေးက တန််လင်းတောင်ကြားမှာ သေခဲ့ရမှတော့ ဆန်းကြယ်တောင်ထွတ်က တပည့်တွေအကုန်လုံးက သူ့ကို အဖော်ပြုပေးသင့်တာပေါ့”
“အရှက်မရှိ ပြောရဲလိုက်တာ” လျှို့ဟွေ့၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွား၏။
“ဟီးဟီ..”
သွေးကျီးကန်းဘုရင်၏ မကောင်းဆိုးဝါးဆန်ဆန် ရယ်မောသံကြီးက လူတိုင်းကို ကျောချမ်းသွားစေ၏။
လွန်ခဲ့တဲ့သုံးနှစ်.. နဂါးမျိုးနွယ်၏ လက်ချက်ဖြင့် သွေးကျီးကန်းနန်းတော်သခင်က ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သောကြောင့်သာ မဟုတ်လျှင် သူက ဆန်းကြယ်တောင်ထွတ်က လူတိုင်းကို သွားရောက်သတ်ဖြတ်ပစ်ခဲ့သည်မှာ ကြာနေလောက်ပေပြီ။ အခုချိန်ထိ စောင့်ဆိုင်းနေစရာ အကြောင်းမရှိပေ။
သို့သော်လည်း ထိုကိစ္စကို သွေးကျီးကန်းဘုရင် ထုတ်မပြောနိုင်ပေ။
ရွှမ်ယီက အသံကျယ်ကျယ်နှင့် မေးလိုက်၏။
“ဖုန်ဟောက်ယွီ.. ဂျူနီယာညီဝမ်ရွှမ်းက မင်းကို ဘယ်လိုဆက်ဆံပေးခဲ့လဲ ဟမ်”
ဖုန်ဟောက်ယွီက အေးစက်စက် သရော်ပြုံးလိုက်၏။
ရွှမ်ယီက အေးစက်စွာ ဆက်ပြောလိုက်၏။
“အဲ့ဒါကို မင်းဘယ်လိုစိတ်မျိုးနဲ့ လုပ်နိုင်ခဲ့တာလဲ.. မင်းက မင်းဆရာကိုရော၊ မင်းရဲ့ဘိုးဘေးတွေကိုပါ လှည့်ဖျားခဲ့တပဲ.. မင်းရဲ့ ရွံစရာကောင်းတဲ့လုပ်ရပ်ကြောင့် မင်းရဲ့ဂိုဏ်းသားဖော်တွေ ဘယ်လောက်တောင် အသက်ပေးခဲ့ရသလဲ ဟမ်”
“ဖုန်ဟောက်ယွီ.. မင်းကို ငါသတ်မယ်ကွ.. တန်လင်းတောင်ကြားမှာ ကျရှုံးခဲ့ရတဲ့ ရောင်းရင်းတွေနဲ့ တောင်ထွတ်သခင်ဝမ်ရွှမ်းအတွက် ငါလက်စားချေရမယ်” ဖက်တီးလေးသည် ခါတိုင်းလို ပြုံးရွှင်မနေနိုင်တော့ပေ။ .သူက ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။
“ဟုတ်တယ်.. တောင်ထွတ်သခင်ဝမ်ရွှမ်းအတွက် သူ့ကိုသတ်ပြီး လက်စားချေရမယ်”
ထိုစကားများကို ကြားရချိန်တွင် ဆူဇီမို၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီသွား၏။ သူ့မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားသော်လည်း သူ့မျက်နှာအမူအယာကတော့ သိသာပြင်းထန်လာ၏။
“မင်းတို့လို ကောင်တွေကလား”
ဖုန်ဟောက်ယွီက မျက်နှာက အထင်သေးမှုအပြည့်နှင့် အေးစက်စွာ ရယ်မောလိုက်၏။
“မင်းတို့ကောင်တွေကို ငါပြောလိုက်မယ် အခုငါက မရီးဒါန်ငါးခုအခြေတည်အဆင့်ပဲ.. မင်းတို့ကောင်တွေ အတူပေါင်းပြီး လာရင်တောင် ငါ့ပြိုင်ဘက် မဟုတ်သေးဘူး.. ဟဟ.. ဒြပ်စင်ငါးမျိုးထီးထဲရောက်ရင်သာ မင်းတို့ဆန်းကြယ်တောင်ထွတ်ကို မျက်နှာမပျက်ရအောင် ကြိုးစားကြစမ်းပါ”
ဝုန်း..
ထိုအချိန်မှာပင် ဧကရာဇ်၏ ဘေး၌ ကျယ်လောင်သော မြည်ဟည်းသံကြီးက ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်မရီးဒါန်သုံးခုသည် လင်းလက်တောက်ပလာကာ စိတ်ဝိညာဉ်စွမ်းအင်များက ရုန်းကြွထွက်ပေါ်လာ၏။
ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း မြင့်တက်လာပြီး.. ထိတ်လန့်ဖွယ်ရာ အကြည့်က ပေါ်ပေါက်လာ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကြမ်းကြုတ်အားကောင်းသော သတ်ဖြတ်ခြင်းအော်ရာက လွှမ်းခြုံလာ၏။
မျှော်လင့်မထားဘဲ သွေးကျီးကန်ဘုရင်၏ ပေါ်ပေါက်လာမှုကြောင့် လူတိုင်းသည် ဆူဇီမို၏ တည်ရှိမှုက မေ့လျော့သွားခဲ့ကြ၏။
ဆူဇီမိုက ရိုးရိုးလေးပင် မတ်တပ်ရပ်လိုက်သော်လည်း.. ကျင့်ကြံသူများသည် သူတို့အပေါ်သို့ ညိုမည်းနေသော တိမ်စိုင်ကြီး ကျဆင်းလာသလို ခံစားလိုက်ကြရ၏။
“အမ်”
ဆူဇီမိုကို မြင်လိုက်ရသောအခါ သွေးကျီးကန်ဘုရင်နှင့် ဖုန်ဟောက်ယွီတို့၏ အမူအယာက ပြောင်းလဲသွား၏။
“ကောင်းတယ်. ကောင်းတယ်..”
သွေးကျီးကန်းဘုရင်သည် ကြောင်အနေရာမှ သိပ်မကြာမီ သတိပြန်ဝင်လာပြီး အားပါးတရ ရယ်မောလိုက်၏။
“မင်းက မင်းကိုယ်မင်း ရုပ်လုံးပြရဲသေးမှတော့.. ဒီနေ့ မင်းကို ဘယ်သူ့မှ မကယ်နိုင်စေရဘူး”
ဖုန်ဟောက်ယွီ၏ မျက်လုံးထဲတွင် မကျေမချမ်းမှုက ထင်ဟပ်လာ၏။
အဲ့ဒီအချိန်တွေတုန််းက ဆူဇီမိုကို အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရခြင်း၏ သူ့ဘဝ၏ အကြီးမားဆုံး အရှက်ရမှုပင်။
ဆူဇီက မှင်သေသေနှင့်ပင် ရွှမ်ယီနှင့် လျှို့ဟွေ့တို့အနားသို့ လျှောက်လှမ်းသွားလိုက်၏။ သူက အသံနှိမ့်၍ မေးလိုက်၏။
“တောင်ထွတ်သခင်ဝမ်ရွှမ်းက သေပြီလား”
“အင်း”
ရွှမ်ယီနှင့် လျှို့ဟွေ့တို့၏ မျက်လုံးများက အရောင်ဖျော့သွားကြပြီး ခေါင်းညိတ်လိုက်ကြ၏။
လျှို့ဟွေ့က ပြောလိုက်၏။
“တန်လင်းတောင်ကြားမှာတုန်းက အကြီးအကဲယုက သူ့ရွှေအမြုတေကိုသူ ဖောက်ခွဲဖျက်ဆီးပြီး ရန်သူတွေကို တားဆီးခဲ့တယ်.. စီနီယာအစ်ကိုဝမ်ရွှမ်းက အဲ့ချိန်မှာ ဒဏ်ရာတွေ အပြင်းအထန်နဲ့ ကျိချန်းရှန်တို့ကို ခေါ်ပြီး ပြန်လာနိုင်ခဲ့တယ်”
ထိုတိုက်ပွဲက အရမ်းကြောက်စရာ ကောင်းခဲ့၏။
ပြောရမည်ဆို ဆူဇီမို၏ ထူးခြားသော လှုပ်ရှားမှုများကြောင့်သာ မဟုတ်လျှင် ဆန်းကြယ်တောင်ထွတ်မှ လူများက တစ်ယောက်မကျန် သုတ်သင်ခံရနိုင်လေသည်။
လျှို့ဟွေ့၏ မျက်လုံးများက နီရဲလာပြီး သူမက ညင်သာစွာ ပြောလိုက်၏။
“ပြီးခဲ့တဲ့ သုံးနှစ်လုံးလုံး စီနီယာအစ်ကိုဝမ်ရွှမ်းရဲ့ ဒဏ်ရာတွေက နည်းနည်းလေးမှ သက်သာမလာခဲ့ဘူး.. သူ့မျက်နှာက ပိုလို့တောင် ဆိုးရွားခြောက်ကပ်လာပြီးတော့ အရမ်းပိန်လှီသွားခဲ့တာ”
“တန်လင်းတောင်ကြားက ပြန်လာကထဲက သူက သူ့ကိုယ်သူ မကျေမချမ်း အပြစ်တွေတင်ပြီးတော့ အမြဲတမ်းနာကျင်စွာနဲ့ အသက်ရှင်နေခဲ့ရတယ်.. သူ့ဘဝက သေတာထက်တောင် ဆိုးနေသေးတယ်.. ပြီးခဲ့တဲ့ သုံးလလောက်မှာတော့ စီနီယာအစ်ကိုဝမ်ရွှမ်းကွယ်လွန်သွားခဲ့တယ်.. သူက အေးအေးချမ်းချမ်း အနားမယူခဲ့ရပါဘူး”
ဆူဇီမိုသည် ဆိတ်ဆိတ်သာနေ၏။
တောင်ထွတ်သခင်ဝမ်ရွှမ်း၏ စိတ်နေသဘောထားက သူ့အပေါ် ဘယ်တုန်းကမှ မကောင်းခဲ့သော်လည်း ထိုသူ၏ နေဝင်ခါနီးအချိန်တွေကို ကြားလိုက်ရချိန်တွင် ဆူဇီမိုသည် ဝမ်းနည်းစိတ်မကောင်းဖြစ်ရ၏။
ရွှမ်ယီက ပြော၏။
“ဝမ်ရွှမ်းမှာ မဖြည့်ဆည်းနိုင်ခဲ့တဲ့ ဆန္ဒနှစ်ခုရှိခဲ့တယ်.. တစ်ခုကတော့.. သူလူကဲခတ်မှားပြီး မယုံကြည်သင့်တဲ့သူကို ယုံကြည်ပြီး မြွေပွေးခါးပိုက်ပိုက်ခဲ့မိပြီး ဖုန်ဟောက်ယွီကို လျှို့ဝှက်ပညာရပ်သုံးခု သင်စေခဲ့မိတာပဲ.. အဲ့အတွက် သူက ဖုန်ဟောက်ယွီရဲ့ ကျင့်ကြံမှုကို သူကိုယ်တိုင်ပြန်ယူချင်ပေမယ့်.. မဖြစ်နိုင်ခဲ့ဘူး”
“ဒုတိယတစ်ခုကတော့.. မင်းလဲ ဒီမှာရှိနေပြီဆိုတော့ ငါပြောပြပါ့မယ်”
ရွှမ်ယီက သက်ပြင်းချလိုက်၏။
“အကြောင်းကိစ္စအမျိုးမျိုးကြောင့်.. ဝမ်ရွှမ်းက မင်းအပေါ် သိပ်ကောင်းမပြခဲ့တာ မင်းလဲသိမှာပါ”
“သူသေခါနီးအချိန်တုန်းက သူက သတိတောင် ကောင်းကောင်းမရတော့ဘူး.. ဒါပေမယ် အဲ့အချိန်မှာ သူတတွတ်တွတ်ပြောနေခဲ့တာက မင်းနဲ့ပြန်တွေ့ချင်ပြီး မင်းဆီက ခွင့်လွှတ်မှုကို ရဖို့ တောင်းပန်မယ်တဲ့.. ဆန်းကြယ်တောင်ထွတ်ရဲ့ လျှို့ဝှက်ပညာရပ်တွေကို မင်းကို သူကိုယ်တိုင်ချင်တယ်လို့တောင် ပြောနေသေးတယ်.. ကံဆိုးစွာနဲ့ပဲ.. အား”
ဆူဇီမို၏ နုလုံးသားက နာကျင်သွား၏။ အံကိုတင်းတင်းကြိတ်ရင်း သူ့မျက်လုံးထဲမှ အေးစက်ခက်ထန်မှုက သိပ်သည်းပြင်းထန်လာ၏။
“တောင်ထွတ်သခင်ဝမ်ရွှမ်းရဲ့ ဆန္ဒတွေကို ကျုပ်ဖြည့်ဆည်းပေးမယ်”
ထိုသို့ပြောပြီးနောက် ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ လှည့်ထွက်သွား၏။ သူသည် လေးထောင့်ကွင်းရှိ ဖုန်ဟောက်ယွီကို ရေခဲလိုအေးစက်သောအကြည့်နှင့် စိုက်ကြည့်လိုက်၏။
“ဖုန်ဟောက်ယွီ.. အဲ့တုန်းက ငါမင်းကို မသတ်နိုင်ခဲ့ဘူး.. ဒီနေ့တော့ မင်းရဲ့ခွေးအသက်ကို ငါယူရလိမ့်မယ်”
ပွဲကြည့်စင်နှင့် လေးထောင့်ကွင်း၏ နှစ်ဖက်စလုံးရှိ ကျင့်ကြံသူများအားလုံး မှင်သက်ကြောင်အသွားကြ၏။
ဆူဇီမိုဆိုလိုသည်ကို သူတို့နားမလည်သေးခင်မှာပင် ဆူဇီမိုက တစ်ဖက်သို့လှည့်၍ လေးလေးနက်နက် ဦးညွှတ်လိုက်၏။
“အရှင်မင်းမြတ်ခင်ဗျာ.. ဆန်းကြယ်တောင်ထွတ်က ဆူဇီမို.. စိတ်ဝိညာဉ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လိုပါတယ်”
ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်၏။
ကျိယောင်ရွှယ်၏ အမူအယာက ပြောင်းလဲသွားပြီး စိုးရိမ်ပူပန်သည့်ပုံပေါက်လာ၏။
နှစ်ဦးနှစ်ဖက်အကြား ခွန်အားကွာဟမှုက အရမ်းကို ကြီးမာလွန်းလှ၏။
နောက်ပြီး အန္တရာယ်များသည့် ဒြပ်စင်ငါးမျိုးထီးထဲရောက်သွားလျှင် ဆူဇီမို ရင်ဆိုင်ရမည်မှာ ဖုန်ဟောက်ယွီတစ်ယောက်တည်းသာလျှင် မဟုတ်ပေ။