ကျုပ်စိတ်အေးလက်အေးနေနိုင်မှာ မဟုတ်ဘူး
Vol. 22 Ch. 321
စိတ်ဝိညာဉ်ပြိုင်ပွဲမှာ ဆူဇီမို ပါ၀င်ယှဉ်ပြိုင်မည်ဟု ကြားလိုက်ရသောအခါ ပွဲကြည့်စင်ထက်ရှိ များစွာသော ရွှေအမြုတေများသည် ကျောချမ်းသွားကြ၏။
ပကတိသက်ရှိကန်းလန်နှင့် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ အကြီးအကဲများကတော့ ဆူဇီမိုကို ဘယ်လိုကိုင်တွယ်ရမလဲနှင့် ပတ်သတ်ပြီး ကြံဆတွေးတောနေကြ၏။ မဟာအခွင့်အရေးတစ်ခုက သူတို့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာလိမ့်မည်ဟု သူတို့မထင်ထားမိခဲ့ပေ။
အားလုံး၏အမြင်တွင် ဆူဇီမိုက မရီးဒါန်သုံးခု အခြေတည်အဆင့်မျှနှင့် ဒြပ်စင်ငါးမျိုးထီးလောကထဲသို့ ၀င်ရောက်မည်မှာ တမင်သက်သက် သူ့ကိုယ်သူ သေကြောင်းကြံစည်နေခြင်းမျှသာ ဖြစ်လေသည်။
သူတို့သာ ဒြပ်စင်ငါးမျိုးထီးထဲမှာ ဆူဇီမိုကို သတ်နိုင်ခဲ့လျှင် သူတို့အတွက် အနာဂတ်ဆူးငြောင့်ခလုတ်ကို တစ်ခါတည်း ရှင်းပြီးသား ဖြစ်သွားပေမည်။
ပကတိသက်ရှိယွင်ရှန်နှင့် အခြားသူများအတွက်တော့ ဆူဇီမိုကို သတ်နိုင်ခဲ့လျှင် ပကတိအဆင့်လက်နက် သွေးသောက်သူကို သူတို့ရရှိနိုင်မည် ဖြစ်လေသည်။
တစ်ကယ်တော့ ဆူဇီမိုက အမြဲတမ်း မုန်တိုင်း၏အလယ်မှာ ရောက်နေပြီးသားဖြစ်၏။
သို့သော်လည်း ဤနေရာက မဟာကျိုးမြို့တော်တွင်းဖြစ်ပြီး ဧကရာဇ်၏ အာဏာစက်အောက် ရောက်ရှိနေကြခြင်းကြောင့်သာ သူတို့သည် မကောင်းသော အကြံအစည်များ ရှိနေသည့်တိုင် အရမ်းကာရော မပြုမူရဲကြခြင်း ဖြစ်လေသည်။
ယခု ဆူဇီမို၏ အပြုအမူက သူ့ကိုယ်သူ အန္တရာယ်တောထဲ တွန်းပို့လိုက်ပြီး သူ၏ ရတနာများကို လူတိုင်းအား ခိုးယူခွင့်ပေးလိုက်ခြင်းပင် ဖြစ်လေသည်။
ပကတိသက်ရှိကန်းလန်နှင့် စီမာကျီသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်စိတ်တစ်ယောက် နားလည်ကာ လေးထောင့်ကွင်းသို့ လျှောက်သွားကြ၏။
ပကတိသက်ရှိကန်းလန်က လေသံတိုးတိုးနှင့် ပြောလိုက်၏။
“စစ်ယုထန် မင်းတို့အကုန်လုံး နားထောင်ကြ.. ဒြပ်စင်ငါးမျိုးထီးထဲ ရောက်သွားတာနဲ့ အရင်ဆုံး မင်းတို့လုပ်ရမှာက အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက လူတွေကိုရှာပြီး သူတို့နဲ့ ပူးပေါင်းဖို့ပဲ.. အဲ့ထဲမှာ ဆူဇီမိုကိုသတ်ဖို့ မင်းတို့အကောင်းဆုံး ကြိုးစားရမယ်.. နားလည်တယ်နော်”
“ဟုတ်ကဲ့” စစ်ယုထန်နှင့် အခြားသူများ ခေါင်းညိတ်လိုက်ကြ၏။
ရှန်မန်းကီက ဇဝေဇဝါပုံစံနှင့် ခေါင်းကိုငုံ့ထား၏။ သူမက ဘာမှ ပြန်မပြောဖြစ်ပေ။
သူမနှင့် ဆူဇီမို၏ ဆက်ဆံရေးက ပြတ်တောက်သွားသည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း သူမသည် သူ့ကို ကိုယ်တိုင်သတ်ဖို့ထိတော့ မလုပ်ရက်ပေ။
ပကတိသက်ရှိကန်းလန်က မျက်လုံးကို မှေးကျဉ်းလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
“မန်းကီ.. အရင်တုန်းက ဆူဇီမိုနဲ့ နင်နဲ့ ဘယ်လိုမျိုး ပတ်သတ်ခဲ့လဲ ငါဂရုမစိုက်ဘူး.. ဘာပဲဖြစ်ဖြစ် သူက နင့်ရဲ့ဂိုဏ်းဖော်တွေကိုလဲ သတ်ခဲ့တယ်၊ နင့်ဆရာနဲ့လဲ ရန်သူတွေ ဖြစ်နေပြီ.. နင်ဘာလုပ်ရမလဲဆိုတာ နင်သိသင့်တယ်”
“ဟုတ်” ရှန်မန်းကီက သူမ၏ ဦးခေါင်းကို ပို၍တောင် ငုံ့လိုက်ပြီး တုံ့ပြန်လိုက်၏။
ရှန်မန်းကီ၏ ၀တ်ကျေတန်းကျေလေသံကို ကြားလိုက်ရသောအခါ ပကတိသက်ရှိကန်းလန်၏ မျက်နှာထက်တွင် ခြိမ်းခြောက်ဖွယ်ကောင်းသော အော်ရာက ထွက်ပေါ်လာ၏။ သို့သော်လည်း သူ့လေသံကတော့ တည်ငြိမ်နေသေးပြီး မျက်နှာသေနှင့် ပြောလိုက်၏။
“နင်မလုပ်နိုင်ဘူးဆိုလဲပြောလေ.. နင့်နေရာမှာ နောက်တစ်ယောက်ကို ငါအစားထည့်လိုက်မယ်”
ဤစကားကို ကြားသောအခါ ရှန်မန်းကီ၏ နုလုံးသားက ဒိတ်ကနဲ ခုန်သွား၏။
သူမသည် မရီးဒါန်လေးခု အခြေတည်အဆင့်သာ ဖြစ်လျှင်တောင် စိတ်ဝိညာဉ် အဆင့်သတ်မှတ်စာရင်းတွင် နေရာတစ်ခုရဖို့ အခွင့်အရေးရှိလေသည်။
ဒြပ်စင်ငါးမျိုးထီးထဲကို ၀င်ရောက်ရာတွင် သူမနေရာမှာ အခြားတစ်ယောက်ကို အစားထိုးလိုက်ပါက သူမသည် ရှေးဟောင်းတိုက်ပွဲမြေသို့ ၀င်ရောက်နိုင်ဖို့ အခွင့်အရေးကို လုံးလုံးလက်လွှတ်ရပေတော့မည်။
ရှန်မန်းကီက ကပျာကယာ ပြန်ဖြေလိုက်၏။
“စိတ်မပူပါနဲ့ဆရာ ဘာလုပ်ရမလဲ ကျမသိပါတယ်”
“အင်း”
ထိုအခါမှသာ ပကတိသက်ရှိကန်းလန်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
တစ်ဖက်မှာတော့ ဟယ်ကျင်းသည် ကျောချမ်းဖွယ်ရာ ရယ်မောလိုက်၏။
“စိတ်ချလိုက်ဆရာ.. ဆူဇီမိုကို တွေ့ဝာာနဲ့ သူ့အသက်ကို နုတ်ယူပြီး.. ကျုပ်ညီလေးအတွက် လက်စားချေပေးရမယ်”
ပကတိသက်ရှိယွင်ရှန်ကလဲ တောင်ပိုင်းတောင်တန်းဂိုဏ်း၏ အမွေခံတပည့်ဖြစ်သော ရှစ်ကျန့်ကို မှာကြားလိုက်၏။
သို့သော်လည်း ရှစ်ကျန့်က သိပ်ပြီးသဘောမကျသလို မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ ခဏမျှတိတ်ဆိတ်နေပြီးမှ နောက်ဆုံးသူက ခေါင်းညိတ်လိုက်၏။
သွေးကျီးကန်းဘုရင်က အလေးအနက် ပြောလိုက်၏။
“ဟောက်ယွီ.. ငါလုပ်ရမယ့် မစ်ရှင်တစ်ခုရှိတယ်”
“ပြောပါ ဦးလေး”
“ဒြပ်စင်ငါးမျိုးထီးထဲမှာ မင်းဆူဇီမိုနဲ့ တွေ့ရပြီဆိုရင်.. သူ့ကို အရှင်ဖမ်းခဲ့.. ငါပြောတာ အသက်ရှင်လျက်နော်.. အသေမဟုတ်ဘူး”
“နားလည်ပါပြီ”
. . .
ပွဲကြည့်စင်ထက်တွင်..
ရွှမ်ယီက ခေါင်းခါလိုက်၏။
“ဇီမို.. မသွားပါနဲ့.. မင်းတို့နှစ်ယောက်အကြား ခွန်အားကွာဟချက်က အရမ်းများလွန်းတယ်.. နောက်ပြီး ဖုန်ဟောက်ယွီက ဆန်းကြယ်တောင်ထွတ်ရဲ့ လျှို့ဝှက်ပညာရပ်သုံးခုစလုံးကို လေ့ကျင့်ထားတာ.. မင်းက ဆန်းကြယ်အခြေတည်ဆောက်ခြင်းကိုပဲ လေ့ကျင့်ရသေးတယ်.. ဘယ်လိုပဲကြည့်ကြည့် မင်းဘက်က အားသာချက်မရှိဘူး”
“နောက်ပြီး မင်းမှာက ရန်သူတွေအရမ်းများနေပြီ.. ဒြပ်စင်ငါးမျိုးထီးထဲကို ရောက်တာနဲ့.. ဇီမို.. လူတိုင်းက မင်းကို ပစ်မှတ်ထားကြလိမ့်မယ်.. သွေးသောက်သူက ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်.. အဲ့ဒါက လူတွေကို စိတ်လွတ်သွားစေလိမ့်မယ်”
“ဟုတ်တယ် ဇီမို”
လျှို့ဟွေ့ကလည်း ဖျောင်းဖျလိုက်၏။
“ဇီမို.. မင်းက ငယ်သေးတယ်.. စိတ်လိုက်မာန်ပါနဲ့ တဇွတ်ထိုး မလုပ်ပါနဲ့”
ဆူဇီမိုက ပြန်ဖြေလိုက်၏။
“တောင်ထွတ်သခင်တို့.. ကျုပ်ကိုထပ်ပြီး နားမချပါနဲ့တော့.. ကျုပ်စိတ်က ရှင်းလင်းနေပါတယ်.. စိတ်လိုက်မာန်ပါ လျှောက်လုပ်နေတာ မဟုတ်ပါဘူး.. လက်စားချေလို့ရတော့မယ် အခွင့်အရေးက ပေါ်လာလို့ ကျုပ်က ဝမ်းသာနေတာ.. ဖုန်ဟောက်ယွီအသက်ရှင်နေသမျှ ကျုပ်စိတ်အေးလက်အေး နေနိုင်မှာ မဟုတ်ဘူး”
ရွှမ်ယီနှင့် လျှို့ဟွေ့တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ တစ်ယောက်မျက်လုံးထဲမှာတစ်ယောက် ကူကယ်ရာမဲ့မှုကို သူတို့နှစ်ယောက်စလုံး ခံစားလိုက်ကြ၏။
ဆူဇီမို၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို ကျိယောင်ရွှယ်သည် ခံစားမိ၏။ သူ့ကို သူမဖျောင်းဖျလည်း အချည်းနှီးသာဖြစ်မည်ကို သူမ သိထားလေသည်။
သူမက ခေါင်းခါလိုက်ပြီး ဧကရာဇ်ကို တောင်းပန်တိုးလျှိုးနေသလို ကြည့်လိုက်၏။
ဧကရာဇ်က ဆူဇီမိုဘက်ကို ပြောင်ပြောင်တင်းတင်း ဘက်လိုက်လို့ မရသော်လည်း မသိမသာ အကူအညီအချို့တော့ ပေးနိုင်လေသည်။
ဧကရာဇ်အနေနှင့် အရိုးသားဆုံးဝန်ခံရလျှင် အခုချိန်မှာ သူသိချင်စိတ်ပြင်းပြနေလေသည်။ သူသည် စိတ်ဝိညာဉ်အဆင့်သတ်မှတ်ခြင်းပြိုင်ပွဲကို အသုံးချပြီး ဆူဇီမိုခွန်အား၏ အတိုင်းအတာ ဘယ်လောက်ရှိသလဲဆိုတာကို စစ်ဆေးကြည့်ချင်လေသည်။
ပထမတစ်ချက်.. အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ ရွှေအမြုတေနှစ်ယောက်၏ သတ်ဖြတ်လုပ်ကြံရန် ကြိုးပမ်းမှု ဖြစ်လေသည်။
နောက်တစ်ချက်.. သိုင်ရှု၏ သေဆုံးမှု ဖြစ်လေသည်။
အဖြစ်အပျက်နှစ်ခုစလုံးက အလွန်တရာ ထူးဆန်းနေပြီး ဆူဇီမို၏ ခွန်အားက အပေါ်ယံမှာ မြင်ရသည်ထက် များစွာပိုနေကြောင်း ညွှန်ပြနေလေသည်။
သို့သော်လည်း ကျိယောင်ရွှယ်၏ အသနားခံနေသော မျက်လုံးများကို မြင်လိုက်ရသောအခါ ဧကရာဇ်၏ နုလုံးသားက ပျော့ပျောင်းသွားပြီး စိတ်ထဲကနေ ညည်းတွားလိုက်၏။
“ထားလိုက်ပါတော့လေ”
တစ်ချိန်လုံး ဆိတ်ဆိတ်သာနေသော နတ်ဆိုးမကျိက ဂူရှီ၏ ဘေးနားသို့ တိတ်တိတ်လေး ရွှေ့သွားထိုင်လိုက်၏။
ဧကရာဇ်ထံမှ ကျောက်စိမ်းအဆောင်ကို လက်ခံရယူပြီးနောက် ဆူဇီမိုသည် ကျိချန်းရှန်နှင့် ဖက်တီးလေးရှေ့သို့ လျှောက်သွားလိုက်၏။ သူက သူ့သိုလှောင်အိတ်ကို လက်နှစ်ဖက်ဖြင့် တိတ်တဆိတ် ပုတ်လိုက်ပြီး တိုးတိုးလေးပြောလိုက်၏။
“ရော့ ဒီသိုလှောင်အိတ်တွေထဲမှာ တိုက်ခိုက်ရေးနဲ့ ခုခံရေး ထိပ်တန်းအဆင့်လက်နက်တွေရှိတယ်”
ထိုသည်ကိုကြားပြီးနောက် ကျိချန်းရှန်နှင့် ဖက်တီးလေး နှစ်ယောက်စလုံး၏ မျက်လုံးက ဝင်းလက်သွား၏။
ကျိချန်းရှန်သည် အစကတည်းက မရီးဒါန်ငါးခုအခြေတည်အဆင့်ဖြစ်၏။ ယခုအခါ သူ့မှာ ထိပ်တန်းအဆင့်လက်နက်တွေပါ ထပ်ဆောင်းရရှိလာပြီဖြစ်သောကြောင့် တစ်ယောက်-တစ်ယောက်ချင်း တိုက်ခိုက်ရမည်ဆိုလျှင် သူ့ကို ယှဉ်နိုင်မည့်သူ ရှိတော့မည် မဟုတ်ပေ။
ဖက်တီးလေးက သူ၏ ဝိုင်းဝန်းတောက်ပသော မျက်လုံးများကို ပုတ်ခတ်လိုက်၏။ သူက မေးမည်ကြံကာရှိသေးသည်.. ဆူဇီမိုက အရင်ပြောလိုက်၏။
“မင်းအတွက်က ဧရာမပုဆိန်ကြီးနဲ့ ဒို်ငးကာတစ်ခုပဲ”
ဖက်တီးလေးသည် ပါးစပ်က နားရွက်ချိတ်မတတ် ပြုံးလိုက်၏။ ထိုလက်နက်နှစ်ခုက သူ့စိတ်ကြိုက် ပြုလုပ်ပေးထားတာ ဖြစ်ရပေမည်။
ထိုပုဆိန်ကြီးနှင့် ဒိုင်းကာနှင့်ဆိုပါက သူ့ခွန်အားကို တော်တန်ရုံမည်သူက လာလှောင်ရဲပါဦးမည်နည်း။
ဧကရာဇ်၏ မျက်လုံးများက အရောင်ပြောင်းသွားပြီး.. သူ၏ နဖူးအလယ်တည့်တည့်မှ လက်ညိုးလုံးလောက်ရှိသော တုတ်ကလေးတစ်ချောင်းက ပျံသန်းထွက်လာ၏။
ထိုတုတ်ကလေးက မြေပြင်ကွင်းသို့ ရောက်သောအခါ လျှင်မြန်စွာ ပြန့်ကားသွားပြီး ထီးနှင့်တူသော လက်နက်တစ်ခု ဖြစ်လာ၏။
ဝုန်းကနဲမြည်သံနှင့်အတူ ထီးပိတ်စမှ သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေဟူသော ဓါတ်ကြီးငါးမျိုးကို ကိုယ်စားပြုသော အရောင်ငါးရောင်က ထွက်ပေါ်လာပြီး ပြန့်ကားသွားကာ ကောင်းကင်တစ်ဝက်လောက်ကို ဖုံးအုပ်သွား၏။
မူပိုင်ဓမ္မလက်နက်.. ဒြပ်စင်ငါးမျိုးထီး..
မြေပြင်ကွင်းရှိ စိတ်ဝိညာဉ်အဆင့်သတ်မှတ်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ကျင့်ကြံသူ ငါးထောင်ကျော်ကျော်သည် အလိုလို မော့ကြည့်လိုက်မိကြ၏။
လူတိုင်း၏ အကြည့်များသည် အရောင်ငါးရောင်ရှိသော ထီးပိတ်စပေါ်သို့ ကျရောက်သွားကြပြီး သူတို့၏ နုလုံးက တဒုတ်ဒုတ်ခုန်လာကြ၏။
ထိုထီးပိတ်စက သီးခြားလောကတစ်ခုနှင့် တူလေသည်။
“အားလုံးပဲ အဆင်သင့်ပြင်ထားကြပါ.. စိတ်ဝိညာဉ်အဆင့်သတ်မှတ်ခြင်းပြိုင်ပွဲ တရားဝင်စတင်စေ”
ဧကရာဇ်က ထိုသို့ပြောပြီးသည်နှင့် ဒြပ်စင်ငါးမျိုးထီးက စတင်လည်ပတ်လာ၏။
ထီးထဲသို့ အရင်ဆုံးဆွဲယူသွင်းခြင်းခံရသူများမှာ မရီးဒါန်ငါးခုအခြေတည်အဆင့်များ ဖြစ်ကြလေသည်။
ဂိုဏ်းကြီးငါးဂိုဏ်းမှ မရီးဒါန်ငါးခုအခြေတည်အဆင့်များကိုတော့ တစ်နေရာစီ ခွဲပို့လိုက်ကြ၏။
ကျိချန်းရှန်သည် ရေနယ်မြေသို့ ပို့ဆောင်ခြင်း ခံလိုက်ရ၏။
ဖုန်ဟောက်ယွီအပါအဝင်.. မြေပြင်ကွင်း၌ နောက်ထပ်အခြားသော မရီးဒါန်ငါးခုအခြေတည်အဆင့် လေးယောက်ကျန်သေးလေသည်။
ဆိုလိုသည်မှာ နယ်မြေလေးခုသို့ မရီးဒါန်ငါးခုအခြေတည်အဆင့် နှစ်ယောက်စီ ပို့လွှတ်ရမည်ဖြစ်ပြီး ကျန်နယ်မြေတစ်ခုမှာတော့ မရီးဒါန်ငါးခုအခြေတည်အဆင့် တစ်ယောက်သာရှိမည် ဖြစ်လေသည်။
ရွှစ်.. ရွှစ်.. ရွှစ်..
ပုံရိပ်လေးခုက လေထဲသို့ မြောက်တက်သွားပြီး နယ်မြေတစ်ခုစီသို့ ပို့ဆောင်ခြင်းခံလိုက်ရ၏။
ဆူဇီမိုက ဖုန်ဟောက်ယွီကိုသာ စူးစိုက်ကြည့်နေ၏။ ထိုသူက ရွှေနယ်မြေသို့ ဝင်ရောက်သွားကြောင်း သူတွေ့လိုက်ရ၏။
ရွှေနယ်မြေတွင် ဖုန်ဟောက်ယွီအပါအဝင် နောက်ထပ်မရီးဒါန်ငါးခု အခြေတည်အဆင့်တစ်ယောက်ရှိသေး၏။ သူက အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ ဟယ်ကျင်းပင် ဖြစ်လေသည်။
ရေနယ်မြေမှာတော့ မရီးဒါန်ငါးခုအခြေတည်အဆင့်က ကျိချန်းရှန်တစ်ယောက်သာလျှင် ရှိလေသည်။
ထိုခွဲဝေနေရာချမှုကို တွေ့လိုက်ရသောအခါ လူတိုင်းနားလည်လိုက်ကြ၏။ ဧကရာဇ်က ဆန်းကြယ်တောင်ထွတ်ကို မျက်နှာသာပေးထားခြင်းပင် ဖြစ်လေသည်။
ဒြပ်စင်ငါးမျိုးထီးက ဆက်လက်လည်ပတ်နေ၏။
မြေပြင်ကွင်းရှိ ကျင့်ကြံသူများသည် လေထဲသို့ မြောက်တက်သွားကာ ဒြပ်စင်ငါးမျိုးထီးအတွင်းရှိ သီးခြားလောကထဲသို့ ဝင်ရောက်သွားကြ၏။