← Chapters

နယ်မြေများကို ဖြတ်ကူးခြင်း

Vol. 22 Ch. 325

နယ်မြေများကို ဖြတ်ကူးခြင်း

Vol. 22 Ch. 325

ရုတ်တရတ် စွမ်းအားကြီးသောအော်ရာနှင့်အတူ ပုံရိပ်တစ်ခုက လျှပ်စီးလိုအမြန်နှုန်းဖြင့် ပြေးချလာနေ၏။ သူ့အင်္ကျီစအောက်တွင် မရီးဒါန်ငါးခုက တောက်ပနေပြီး စိတ်ဝိညာဉ်စွမ်းအင်များက လျှံထွက်နေ၏။

ရေနယ်မြေရှိ တစ်ဦးတည်းသော မရီးဒါန်ငါးခုအခြေတည်အဆင့်ကျင့်ကြံသူ.. ဆန်းကြယ်တောင်ထွတ်၏ ကျိချန်းရှန်ပင် ဖြစ်လေသည်။

ဝှီး..

ကျိချန်းရှန် ရောက်မလာသေးခင်မှာပင်.. သူ့အင်္ကျီလက်စက တုန်ခါသွားပြီး ဓါးတစ်လက်က ပျံသန်းလာ၏။

ထူးဆန်းဖွယ်ကောင်းသည်မှာ ဓါးအလင်းတန်းက ပေါ်ထွက်ကာစရှိသေးသည်.. လေထဲတွင် ထိုဓါးပျံက မည်သည့်အရိပ်အယောင်မှ မကျန်ခဲ့ဘဲ ပြန်လည်ပျောက်ကွယ်သွား၏။ မသိလျှင် စောစောက ပေါ်ထွက်လာခဲ့သော ဓါးအလင်းတန်းက ပုံယောင်ရိပ်တစ်ခုလိုပင်။

“အားလုံးပဲ.. သတိထားကြ.. အဲ့ဒါ ဆန်းကြယ်တောင်ထွတ်ရဲ့ လျှို့ဝှက်ပညာရပ်ပဲ”

အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်၏။

သူစကားပြောပြီးပြီးချင်းမှာပင်.. ထက်ရှသည့်ဓါးသွားက သူ့ပုခုံးကို ထိုးဖောက်သွားပြီး သွေးများက ပန်းထွက်လာကာ ထိုသူသည် လဲကျသွား၏။

ဓါးသွားက သူ့အသားကို ထိုးဖောက်သွားသည့်အချိန်အထိ ထိုသူသည် ဓါးပျံ၏ အရိပ်အယောင် တစွန်းတစကိုမျှ ရှာမတွေ့ခဲ့ပေ။

ဆန်းကြယ်ဓါးသိုင်းတွင် အဆင့်သုံးဆင့်ရှိ၏။ ပထမအဆင့်-အရိပ်နှင့် ဒုတိယအဆင့်-လေဟာနယ်တို့ဖြစ်၏။

ကျိချန်းရှန်သည် ယခုသူ့ဓါးကို ဆင့်ခေါ်ထုတ်ပြီးသည်နှင့် ထိုဓါးက လေထဲတွင် ထောက်လှမ်းလို့ မရတော့လောက်အောင် ပျောက်ကွယ်သွားသည့်အချက်ကို ကြည့်ခြင်းအားဖြင့် ကျိချန်းရှန်က လေဟာနယ်အဆင့်သို့ ရောက်အောင် လေ့ကျင့်ထားပြီးလေပြီ။

သို့သော် တစ်ကယ်တမ်းမှာတော့ လေဟာနယ်အဆင့်ဟု ခေါ်သော်လည်း အဲ့ဒါက အရိပ်အယောင်လုံးဝ မကျန်ခဲ့တာတော့ မဟုတ်ပေ။ ထောက်လှမ်းဖို့ ခက်ခဲသွားခြင်းသာ ဖြစ်လေသည်။

ကျိချန်းရှန်၏ မရီးဒါန်ငါးခုမှ စိတ်ဝိညာဉ်စွမ်းအင်ရယ်၊ ဆန်းကြယ်တောင်ထွတ်၏ လျှို့ဝှက်ပညာရပ်ရယ် ပေါင်းစပ်လိုက်သောအခါ.. သူ့ဓါးဖြတ်သန်းသွားရာတွင် လေလှိုင်းဂယက်လေးများသာ ဖြစ်ပေါ်လာ၏။ ထိုဓါးက ဘယ်နေရာမှာ ပြန်ပေါ်လာမည်ဆိုတာကို ကြိုတင်မှန်းဆဖို့ မလွယ်ကူတော့ဘဲ ဓါးပြန်ပေါ်လာသည်နှင့် သွေးစက်များ၊ အော်ဟစ်သံများက အတူတွဲဖက်ထွက်ပေါ်လာ၏။

အစကတည်းက ဆူဇီမိုကို ဝိုင်းပတ်ထားသော အခြေတည်အဆင့်ကျင့်ကြံသူ တစ်ရာကျော်သည် ဆဋ္ဌဂံဓါးဝင်္ကပါကြောင့် များစွာအရေးနိမ့်နေခဲ့ပြီးသားဖြစ်၏။ ယခု ကျိချန်းရှန်၏ ဓါးပျံကပါ ထပ်မံရိတ်သိမ်းလိုက်သောအခါ သူတို့အားလုံးသည် မျိုးတုန်းလုမတတ် ဖြစ်ကုန်ကြ၏။

ပတ်ဝန်းကျင်တစ်ဝိုက်တွင် စုရုံးစောင့်ကြည့်နေကြသော ကျင့်ကြံသူများသည်လည်း မည်သူမျှ အရမ်းကာရော မလှုပ်ရှားရဲကြတော့ပေ။

ဆူဇီမိုအဆင်ပြေနေသည်ကို မြင်သောအခါမှ ကျိချန်းရှန်သည် စိတ်သက်ရာရကာ သက်ပြင်းချလိုက်၏။

“တော်သေးတာပေါ့.. ငါသိပ်နောက်မကျသေးဘူးပဲ”

“ကျေးဇူးပါ.. စီနီယာအစ်ကိုကျိ”

ဆူဇီမိုက ခေါင်းညိတ်၍ ကျေးဇူးတင်ကြောင်း ပြသလိုက်၏။

ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီး ကျိချန်းရှန်က အသံနှိမ့်ပြောလိုက်၏။

“ဒီရေနယ်မြေမှာ အခြေတည်အဆင့်ကျင့်ကြံသူတွေ ရာနဲချီပြီး ရှိနေတုန်းပဲ.. ငါတို့ အတူရှိနေမယ်ဆိုရင် အထိအခိုက် နဲလိမ့်မယ်.. ဂျူနီယာညီလေးဆူ.. ငါ့အနားမှာပဲနေပါ.. ငါတို့ ဒီနေရာကနေ အရင်ဆုံး ထွက်ကြတာပေါ့”

ဆူဇီမိုက ခေါင်းခါလိုက်၏။

“စီနီယာအစ်ကိုကျိ.. ဒီနေရာကနေ အရင်ဆုံး မြန်မြန်ထွက်သွားတာ.. ကျုပ်ကို စိုးရိမ်မနေနဲ့”

“ဂျူနီယာညီလေးဆူ.. မင်း ဘာကို ပြောချင်တာလဲ” ကျိချန်းရှန်က ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်၏။

ခဏမျှ ရပ်နားပြီးနောက် သူက သဘောပေါက်သွားသလို ပြောလိုက်၏။

“ဘာမှမပူပါနဲ့.. ဂျူနီယာညီလေးဆူ.. ငါအနားမှာ ရှိနေသရွေ့ မင်းရဲ့ လုံခြုံမှုအတွက် အာမခံပါတယ်”

ဆူဇီမိုက မလှမ်းမကမ်းရှိ ဧရာမအလင်းပိတ်သားပြင်ကြီးကို ကြည့်ပြီး တိတ်ဆိတ်နေ၏။

“ဂျူနီယာညီလေးဆူ.. မင်း.....”

ကျိချန်းရှန်သည် တစ်ခုခုကို အတွေးပေါက်သွားသည့်အလား.. သူ့နှုတ်ခမ်းက တဖြည်းဖြည်း ပွင့်ဟသွား၏။

ဆူဇီမိုက ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး.. သူ၏ ထိပ်တန်းအဆင့်ဓါးပျံ ၁၈လက်ကို ပြန်သိမ်းကာ ဧရာမအလင်းပိတ်သားပြင်ကြီးဆီသို့ လျှောက်လှမ်းသွား၏။ သူ၏ ခြေလှမ်းများက တုံ့ဆိုင်းခြင်းမရှိ ခိုင်မာနေ၏။

စိတ်ဝိညာဉ်အဆင့်သတ်မှတ်ပြိုင်ပွဲမှာ ဝင်ရောက်မယှဉ်ပြိုင်ခင်ကတည်းက.. ဖုန်ဟောက်ယွီကို သတ်နိုင်ဖို့ အခွင့်အရေးက ဒြပ်စင်ငါးမျိုးထီးထဲမှာသာ ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်း ဆူဇီမိုသည် သဘောပေါက်ထားပြီးသား ဖြစ်လေသည်။

ဂိုဏ်းပေါင်းစုံပြိုင်ပွဲပြီးသည်နှင့် ဖုန်ဟောက်ယွီအနားတွင် သွေးကျီးကန်းဘုရင်က ရှိနေပေလိမ့်မည်။ သူတို့သည် မြို့ထဲမှာလည်း ဖြစ်နေသောကြောင့် တိုက်ခိုက်ဖို့အခွင့်အရေး ရရှိနိုင်တော့မည် မဟုတ်ပေ။

သူတို့ ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ကြမည်ဆိုလျှင်လည်း ထိုနေရာသည် သူတို့ လုံးဝရင်းနှီးကျွမ်းဝင်မှု မရှိသောနေရာတစ်ခုဖြစ်ပြီး ထိုအထဲတွင် ဘာတွေဖြစ်ပျက်လိမ့်မည်ဆိုတာကို မည်သူမျှ ကြိုတင်မတွက်ဆနိုင်ပေ။

ထို့ကြောင့် ဆူဇီမိုသည် ရေနယ်မြေထဲသို့ ရောက်လာသည့်ခဏမှာပင် ဆုံးဖြတ်ချက်ပြတ်သားစွာ ချခဲ့၏။ သူသည် အဆင့်-၄ သတ်ဖြတ်ခြင်း ဝင်္ကပါနှစ်ခုကို ဖြတ်ကျော်ရမည်ဆိုလျှင်တောင် ဖုန်ဟောက်ယွီကို ရအောင်သတ်ရပေမည်။

“အ..”

ပွဲကြည့်စင်ထက်တွင် ကျိယောင်ရွှယ်သည် အံ့သြထိတ်လန့်တုန်လှုပ်စွာနှင့် မတ်တပ်ထရပ်လိုက်မိပြီး သူမ၏ အမူအယာက ပြောင်းလဲသွား၏။

“ကြည့်ရတာတော့.. ဆူဇီမိုက နယ်မြေတွေကို တစ်ကယ်ကြီး ဖြတ်ကျော်တော့မယ်ထင်ရဲ့”

“ဟီးဟီး.. သူက တော်တော်နုံအတာပဲ.. ဘယ်သူ့အကြံကိုမှလဲ နားမထောင်ဘူး.. သူသေသွားရင်တောင် ဘယ်သူ့ကိုမှ အပြစ်သွားတင်လို့ မရဘူး”

ဧကရာဇ်က ဆူဇီမိုကိုများ ပြန်လည်ဆင့်ခေါ်ထုတ်မလား မျှော်လင့်ချက်နှင့် ကျိယောင်ရွှယ်က ကပျာကယာ လှည့်ကြည့်လိုက်၏။

ကျိယောင်ရွှယ်၏ အပြုအမူကို သတိထားမိသွားပြီး.. ပကတိသက်ရှိကန်းလန်က ရုတ်တရတ် ထပြောလိုက်၏။

“တတိယမင်းသမီး.. စိတ်ဝိညာဉ်ပြိုင်ပွဲက စတင်ပြီးနေပါပြီ.. အပြင်လူတွေက ဝင်ရောက်စွက်ဖက်ဖို့ မသင့်လျော်တော့ပါဘူး.. မဟုတ်ရင် ဒီပြိုင်ပွဲရဲ့ ဂုဏ်သိက္ခာက ဘယ်မှာသွားရှိပါတော့မလဲ”

“ဟုတ်တယ် အဲ့ဒါအမှန်ပဲ” အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ အကြီးအကဲများကလည်း အလောတကြီး ဝင်ရောက်ထောက်ခံလိုက်ကြ၏။

ဧကရာဇ်က ဆူဇီမိုကို ရေနယ်မြေတွင် နေရာချပေးကတည်းက ပကတိသက်ရှိကန်းလန်နှင့် အခြားသူများသည် စိတ်ထဲကျေနပ်မှု သိပ်မရှိကြပေ။ သို့သော်လည်း သူတို့၏ မကျေနပ်မှုကို သိသာရှင်းလင်းစွာလည်း ထုတ်မပြနိုင်ခဲ့ကြပေ။

ယခု အခွင့်ကြုံလာပြီသောကြောင့် ပကတိသက်ရှိကန်းလန်က အားလုံး၏ ရှေ့မှောက်တွင် ထိုစကားကို ထုတ်ပြောလိုက်သောအခါ.. ဧကရာဇ်အနေနှင့် သူ့စိတ်ထဲဆန္ဒရှိရင်တောင် ဆူဇီမိုကို ကယ်တင်ဖို့က အခက်တွေ့သွားလေပြီ။

“ကျမတို့ ဘာလိုလုပ်ကြမလဲ.. စီနီယာအစ်ကို တစ်ခုခု ကြံပါဦး” လျှိုဟွေ့က ဗျာပန်သောကနှင့် ပြောလိုက်၏။

ခဏမျှ စဉ်းစားချင့်ချိန်နေပြီးနောက် ရွှမ်ယီက ရုတ်တရတ် ပြောလိုက်၏။

“ဂျူနီယာညီမလေး.. အဲ့နှစ်က တောင်ထွတ်ငါးခုရဲ့ ရင်ဆိုင်ယှဉ်ပြိုင်ပွဲ ကျင်းပတုန်းက ဆူဇီမိုက တောင်ထွတ်လေးခုရဲ့ နံပါတ်တစ်ဖြစ်ခဲ့တာ မှတ်မိသေးလား.. အဲ့ထဲမှာ အစီအရင်တောင်ထွတ်လဲ ပါတယ်လေ”

“အဲ့ဒါ ဘာဖြစ်လို့လဲ”

လျှို့ဟွေ့က မျက်မှောင်ကြုတ်လိုက်၏။

“ဆူဇီမိုက ဝင်္ကပါအစီအရင်မှာ အရမ်းပါရမီပါပြီး အဆင့်၃ ဝင်္ကပါအစီအရင်တွေကို ခင်းကျင်းနိုင်တယ်၊ ပယ်ဖျက်နိုင်တယ်လို့ ရှင်ပြောရင် ကျမယုံပေးလို့ ရသေးတယ်.. ဒါပေမယ့် အခုက အဆင့်၄ ဝင်္ကပါတွေလေ.. နိုးထဝိညာဉ်အဆင့်တွေက သူတို့ရဲ့ ဓမ္မစွမ်းအားအနှစ်သာရတွေနဲ့ ဖန်တီးထားတာ.. ဆူဇီမိုကို ထားလိုက်ဦး.. ရှင်တောင် အဲ့ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်လို့လား”

“ဒြပ်စင်ငါးမျိုးထီးက ဧကရာဇ်ရဲ့ မူပိုင်ဓမ္မလက်နက်လေ.. အဲ့ထဲက သတ်ဖြတ်ခြင်းဝင်္ကပါတွေက အဆင့်၄တွေချည်းပဲ.. ဇီမိုက အဲ့ထဲကို ရောက်သွားရင် သေမှာပေါ့” လျှိုဟွေ့က တစ်ဖန်သက်ပြင်းထပ်ချလိုက်၏။

“အဲ့မှာ နင်မသိသေးတာ ရှိသေးတယ်ဟ”

ရွှမ်ယီက ပြန်ဖြေလိုက်၏။

“အဲ့တုန်းက ဆူဇီမို ဝင်္ကပါဆယ်လွှာစေတီကို ဖြတ်ကျော်တုန်းက သတ်ဖြတ်ခြင်းဝင်္ကပါတွေနဲ့တွေ့ရင် အဲ့ဒါတွေကို သူပျက်ပြယ်စေခဲ့တာက အရမ်းမြန်တာ အမြန်ဆုံးပဲ”

“ရှင်က ဘာကို ပြောချင်တာလဲ” လျှိုဟွေ့က သတိပြန်ဝင်လာ၏။

ရွှမ်ယီက ပြောလိုက်၏။

“အဲ့ဒါက တခြားဝင်္ကပါအစီအရင်ဆိုရင်တော့ ငါလဲမသိဘူး.. ဒါပေမယ့် သတ်ဖြတ်ခြင်းဝင်္ကပါတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ တစ်မူထူးခြားတဲ့ နည်းလမ်းတစ်ခု ဇီမိုဆီမှာ ရှိလောက်တယ်”

“ကြည့်စမ်း.. သူအထဲ ရောက်သွားပြီဟ”

လူအုပ်ကြီးထဲမှ အံ့အားသင့်တုန်လှုပ်ရေရွတ်သံများက ထွက်ပေါ်လာ၏။

ရေနယ်မြေတွင်.. ဆူဇီမိုသည် ဧရာမအလင်းပိတ်ကားပြင်ကြီးကို ဖြတ်၍ အဆင့်-၄ သတ်ဖြတ်ခြင်းဝင်္ကပါထဲသို့ ဝင်ရောက်သွားပြီဖြစ်လေသည်။

ကျိယောင်ရွှယ်နှင့် အခြားသူများသည် ဒြပ်စင်ငါးမျိုးထီးအတွင်းသို့ အသက်ကိုပင် ရဲရဲမရှူနိုင်ဘဲ အကြောအခြင်တောင့်တင်းစွာနှင့်် မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်ကြ၏။

ဆူဇီမိုသည် အလင်းပိတ်သားပြင်ကို ဖြတ်ကျော်ပြီးသည်နှင့် သူ့ရှေ့မှမြင်ကွင်းသည် ပြောင်းလဲသွား၏။ ရုတ်တရတ် သူသည် နှစ်ဖက်နှစ်ချက် မတ်စောက်သောနံရံများနှင့် နက်ရှိုင်းသော တောင်ချိုင့်ကြားတစ်ခုထဲသို့ ရောက်ရှိသွား၏။

သူဘာကိုမှ မစဉ်းရသေးခင်မှာပင် သူ့ရှေ့မှ ဝုန်းကနဲ မြည်သံကြီးက ထွက်ပေါ်လာပြီး တောင်များက တုန်ခါသွား၏။

သူရှေ့မှ.. ကြီးမားသော ရေလှိုင်းတံပိုးများက ဒေါမာန်ပြင်းထန်စွာနှင့် တဝုန်းဝုန်းအသံပြု၍ စီးဝင်ချလာ၏။

ဆူဇီမိုသည် ဓါးပျံတစ်လက်ကို ထုတ်ယူပြီး ကောင်းကင်ထက်သို့ ကပျာကယာ ပျံတက်လိုက်ရ၏။

အဲ့ဒါက ရိုးရိုး ရေစီးကြောင်းတစ်ခု ဝင်ရောက်လာခြင်းဟု ထင်ရသော်လည်း.. ထိုရေများက အလွန်အမင်း အန္တရာယ်များလှကြောင်း.. ဆူဇီမို၏ အာရုံခံသတိစိတ်က သူ့ကို သတိပေးနေလေသည်။

ရေစက်လေးတစ်စက်ကိုတောင် သွားအထင်သေးလို့ မဖြစ်ချေ။

ဆူဇီမို ကောင်းကင်ထက်သို့ ပျံတက်လိုက်သည့်အချိန်မှာပင်.. သူ့အထက်ကောင်းကင်ရှိ အရာရာတိုင်းက ပိန်းပိတ်အောင် မှောင်မိုက်သွားပြီး သူ့အမြင်အာရုံကို ပိတ်ဆို့ဖုံးကွယ်သွား၏။

သူ့ခေါင်းမော့ကြည့်လိုက်သောအခါ.. တောင်ကြားတစ်ခုလုံးက လှုပ်ခါပြီး ကျောက်သားများက ကွာကျလာတာကို မြင်လိုက်ရ၏။ တောင်ကြား၏ ဘေးနှစ်ဖက်မှ သစ်ပင်များ၊ ပန်းပင်များသည်လည်း ကွာကျလာသော မြေကြီးလွှာများနှင့်အတူ ရောပါပြုတ်ကျလာ၏။

ဤသတ်ဖြတ်ခြင်းဝင်္ကပါက ရေနယ်မြေနှင့် သစ်သားနယ်မြေအကြားမှာ တည်ရှိ၏။ ဝင်္ကပါအတွင်းရှိ ရေတစ်စက်ချင်းစီနှင့် သစ်သားတစ်ပိုင်းချင်းစီက အန္တိမဓမ္မစွမ်းအားများနှင့် စုဖွဲ့ထားခြင်းဖြစ်၏။

အထက်မှ သစ်သားအပိုင်း၊ အစအနများက မဆုံးမရှိ တောင်ကြားတစ်ခုလုံးပြည့်အောင် ပြုတ်ကျလာနေပြီး.. သူ့အောက်ရှိ ရေလှိုင်းများမှ ရေစက်ရေမှုန်များကလည်း ဖွားကနဲ စင်ထွက်ကန်တက်လာနေ၏။ ဆူဇီမို၏ အခြေအနေက မျှော်လင့်ချက်မရှိတော့ပေ။

ထိုအချိန်တွင် ဆူဇီမိုက သူ့မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်၏။

အခုအချိန်မှာ သူ၏ အာရုံငါးပါးကို အားကိုးလို့ အလကားပင်။ သူ့အတွက် ဤတောင်ကြားကနေ အသက်ရှင်လျက် ထွက်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းမှာ သူ၏ အာရုံခံသတိစိတ်ကို အသုံးချဖို့ပင် ရှိတော့လေသည်။

သတ်ဖြတ်ခြင်းဝင်္ကပါများက အလွန်တရာ စွမ်းအားကြီးသိပ်သည်း၏။ သို့သော်လည်း သူ၏ အားနည်းချက်က သတ်ဖြတ်ခြင်းဝင်္ကပါများသည် အခြားဝင်္ကပါများနှင့်မတူ သူပုံစံက အလွန်သိသာစွာ ကွဲလွဲထွက်နေတတ်ခြင်းဖြစ်၏။

ဆူဇီမိုသည် ဓါးပျံပေါ်မှာ စီးနင်းနေရင်း အလွန်တရာ မလူးသာမလွန်သာ ကျဉ်းမြောင်းသော နေရာလပ်လေးများကို အမိအရ အသုံးချ၍ လှုပ်ရှားနေ၏။ ရံဖန်ရံခါဆိုသလို သူသည် ဝင်ရောက်လာသော အန္တရာယ်ရေလှိုင်းများကို ရှောင်ရှားရင်း ရှေ့သို့ ဆတ်ကနဲဆတ်ကနဲ တိုးသွား၏။

ကြိုကြားကြိုကြားဆိုသလို သူသည် ရုတ်တရတ် ရပ်တန့်၍ သူ့ရှေ့မှ ကျဆင်းလာနေသော သစ်ခတ်လေးများကို ရှောင်ရသေး၏။

လူတိုင်းအံ့အားသင့်တုန်လှုပ်နေစဉ်မှာပင်.. ဆူဇီမိုသည် ကျဉ်းမြောင်းသော နေရာလပ်လေးများကို အမိအရအသုံးချ၍ ဂရုတစိုက်နှင့် ရှေ့သို့တက်ကာ.. သစ်သားနယ်မြေဆီသို့ ချဉ်းကပ်လာနေပြီဖြစ်၏။

All Chapters