ရိုးသားသောလူ
Vol. 22 Ch. 326
အန္တိမဓမ္မစွမ်းအားကနေ ဖွဲ့တည်ထားသော ရေလှိုင်းများနှင့် သစ်သားများသည် ကမ္ဘာတစ်ခုလုံးကို တုန်ခါသွားစေပြီး အံ့မခန်းအော်ရာက ထွက်ပေါ်နေ၏။ ကြည့်နေသူများက မျိုးပြတ်သုတ်သင်မည့် ထိုစွမ်းအားများကို ကိုယ်တိုင်ကြုံတွေခံစားနေလိုက်ရသလိုပင်။
လေးထောင့်ကွင်းတွင် ကျင့်ကြံသူအချို့သည် အပြင်ကနေ ကြည့်နေရသည့်ဖြစ်သော်လည်း အရမ်းကြောက်ရွံ့တုန်လှုပ်၍ သူတို့၏ မျက်နှာများက ဖြူလျော့နေ၏။
အဲ့ဒါက အဆင့်၄ သတ်ဖြတ်ခြင်းဝင်္ကပါ၏ စွမ်းအားပင် ဖြစ်လေသည်။
အဲ့ဒါက ဓမ္မမူပိုင်စွမ်းအားပင် ဖြစ်လေသည်။
ဓမ္မစွမ်းအား၊ ဓမ္မအတတ်၊ ဓမ္မလက်နက်များက မည်သည့် စိတ်ဝိညာဉ်စွမ်းအင်၊ အတတ်၊ လက်နက်ထက်မဆို ပိုသန်မာလေသည်။
ဓမ္မ၏ လျှို့ဝှက်ချက်ကို နိုးထဝိညာဉ်အဆင့်သို့ ရောက်ရှိပြီး ပဓာနစိတ်ဝိညာဉ်တစ်ခုကို ကျင့်ကြံလာနိုင်မှသာ နားလည်သဘောပေါက်နိုင်လေသည်။
အဆက်မပြတ် ကျဆင်းနေသော သစ်ရွက်သစ်ခက်၊ သစ်ပင်များနှင့် ရေလှိုင်းတံပိုးများကြားထဲတွင် သေးငယ်သော ပုံရိပ်လေးတစ်ခုက ရှေ့သို့ တရွေ့ရွေ့ချီတက်နေ၏။ အဲ့ဒါလေးက အချိန်မရွေး ဖျက်ဆီးခြေမွခံရတော့မည့်အလားပင်။
သို့သော်လည်း ဘာကြောင့်ရယ်မသိ.. ထိုပုံရိပ်လေးက အဆင့်၄ သတ်ဖြတ်ခြင်းဝင်္ကပါထက်ပင် ပိုကြောက်ဖို့ ကောင်းသေးသည်ဟု လူတိုင်း မသိစိတ်ကနေ တုန်လှုပ်ဖွယ်ရာ ခံစားလာကြရ၏။
ဒီလူက ဘယ်လောက်တောင် အားကြီးတဲ့ စိတ်စွမ်းအားကိုများ ပိုင်ဆိုင်ထားတာပါလိမ့်။
သတ်ဖြတ်လိုစိတ်များအပြည့်နှင့် အန္တရာယ်များ အထပ်ထပ်နှင့် တားဆီးပိတ်ပင်ထားသော်လည်း သူ၏ ရည်ရွယ်ထားသောစိတ်ကို ဘယ်အရာကမှ မရပ်တန့်နိုင်ပေ။
သူက တစ်ယောက်ယောက်ကို ဒီနေ့ သတ်ချင်သည်ဟုဆိုလျှင်.. ထိုသူက ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် နောက်နေ့ထိ အသက်ရှင်ရလိမ့်မည် မဟုတ်ပေ။
တောင်ထွတ်သခင်ဝမ်ရွှမ်း၏ စိတ်ဆန္ဒကို နောက်ဆုံးမှာ တစ်ယောက်ယောက်က ဖြည့်ဆည့်ပေးပေတော့မည်။
တန်လင်းတောင်ကြားတိုက်ပွဲ၌ များစွာသော ဆန်းကြယ်တောင်ထွတ်တပည့်များသည် ကြွေလွင့်ခဲ့ရ၏။ တစ်ယောက်ယောက်ကတော့ ထိုအကြွေးကို ပေးဆပ်ရပေတော့မည်။
“ဖုန်ဟောက်ယွီအသက်ရှင်နေသမျှ ကျုပ်စိတ်အေးလက်အေး မနေနိုင်ဘူး”
တျဲယွဲ့က မမှားခဲ့ပေ။ ဆူဇီမို၏ နုလုံးသားထဲ၌ အိပ်မောကျနေသော ကြမ်းကြုတ်ရက်စက်သည့်ကျားတစ်ကောင် ပုန်းကွယ်နေခဲ့၏။
ဟိုအရင် တျဲယွဲ့က ဆူဇီမိုကို ကျင့်ကြံရေးလမ်းကြောင်းပေါ် ဆွဲခေါ်လာခဲ့ကတည်းက ထိုကြမ်းကြုတ်ရက်စက်သည့်ကျားက နိုးထလာခဲ့လေပြီ။
ပုံမှန်အားဖြင့်.. ကြမ်းကြုတ်ရက်စက်သည့်ကျားတစ်ကောင် နိုးထလာသည်နှင့် လူတစ်ယောက်ယောက်ကတော့ အစားခံရတော့ပေမည်။
လေးထောင့်ကွင်းနှင့် ပွဲကြည့်စင်နှစ်ခုစလုံးတွင်.. မျက်လုံးအစုံတစ်သိန်းကျော်သည်.. အဆင့်၄ သတ်ဖြတ်ခြင်းဝင်္ကပါကို ဖြတ်ကျော်နေသော ထိုပုံရိပ်အပေါ်တွင်သာ ကျရောက်နေကြ၏။ နေရာတစ်ခုလုံးက လုံးဝတိတ်ဆိတ်ငြိမ်သက်နေကြပြီး မည်သူမျှ စကားမပြောနိုင်ကြပေ။
“သူ အဲ့ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”
နိုးထဝိညာဉ်အဆင့်တစ်ယောက်အနေနှင့်.. ဧကရာဇ်တောင် ဘာတွေဖြစ်ပျက်သွားသလဲ နားမလည်နိုင်ပေ။
“ဟီးဟီး.. ဒီလူကတော့ တစ်ကယ်ပါပဲ.. သူကတော့ ဒီနေ့ ပိုပိုပြီး စိတ်ဝင်စားစရာတွေပဲ လုပ်ပြနေတော့တာပဲ” ကျိယောင်ရွှယ်က ပြုံးလိုက်၏။ သူမ၏ မျက်လုံးများက တစ်ဖန်အရောင်ပြန်တောက်ပလာ၏။
ဂူရှီက ခပ်ယဲ့ယဲ့ပြုံး၍ နတ်ဆိုးမကျိကို မျက်လုံးဝေ့ကြည့်လိုက်ပြီး သူမ၏ မျက်လုံးက တောက်ပသွား၏။
“ကြည့် ကြည့်.. အဲ့ဒါကို သူဖြတ်ကျော်တော့မယ်”
နောက်ဆုံး.. လူတိုင်း၏ အကြည့်အောက်မှာပင်.. ဆူဇီမိုက ရေနယ်မြေကနေ သစ်သားနယ်မြေထဲကို ဖြတ်ကျော်ဝင်ရောက်သွား၏။
ဆန်းကြယ်တောင်ထွတ်မှလူများအားလုံး စိတ်သက်သာရကာ သက်ပြင်းချ၍ အားမာန်များ တက်ကြွလာကြ၏။
လူအုပ်ကြီးထဲတွင် ဆွေးနွေးပြောဆိုသံများက တစ်ဖန်မြင့်တက်ထွက်ပေါ်လာပြန်၏။
“အခုပုံစံအတိုင်းဆိုရင်တော့.. ဆူဇီမိုကို တားနိုင်ဖို့က မရီးဒါန်ငါးခုအခြေတည်အဆင့်မှပဲ ရတော့မယ်”
“သစ်သားနယ်မြေထဲမှာ မရီးဒါန်ငါးခုအခြေတည်အဆင့် နှစ်ယောက်တောင်ရှိတယ်လေ.. တောင်ပိုင်းတောင်တန်းဂိုဏ်းက ရှစ်ကျန်နဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်”
“ဆူဇီမိုက အဆင့်-၄ သတ်ဖြတ်ခြင်း ဝင်္ကပါကို ဖြတ်ကျော်ဖို့အတွက် အတော်လေး ပေးဆပ်ခဲ့ရမှာပဲ.. အခုဆို သူ့ခွန်အားက ကုန်သလောက် ဖြစ်နေလောက်ပြီ၊ အခုနေ မရီးဒါန်ငါးခုအခြေတည်အဆင့်တစ်ယောက်နဲ့ တွေ့ရင် သူတော့ သေပြီပဲ”
ပွဲကြည့်စင်ပေါ်တွင် တောင်ပိုင်းတောင်တန််းဂိုဏ်း ပကတိသက်ရှိယွင်ရှန်သည် သွားဖြီး၍ ရေရွတ်လိုက်၏။
“ကြည့်ရတာတော့.. ဆူဇီမိုရဲ့ သိုလှောင်အိတ်က တောင်ပိုင်းတောင်တန်းဂိုဏ်းရဲ့ လက်တွင်းကို ကျဆင်းတော့မယ် ထင်ပါရဲ့”
. . .
အဆင့်-၄ သတ်ဖြတ်ခြင်းဝင်္ကပါကို ဖြတ်ကျော်ပြီးနောက် ဆူဇီမိုသည် သစ်သားနယ်မြေထဲသို့ ရောက်လာခဲ့၏။
သူသည် အန္တရာယ်များသော ခရီးမှ ရှင်သန်နိုင်ခဲ့ပြီဖြစ်သော်လည်း.. သူ၏ စိတ်ခွန်အားနှင့် စိတ်ဝိညာဉ်စွမ်းအင်ကို အလွန်တရာ သုံးစွဲလိုက်ရပြီး.. သူ့ဝတ်ရုံစတစ်ခုလုံးက ချွေးများဖြင့် ရွှဲနေပြီဖြစ်လေသည်။
ဒါက အဆင့်-၄ သတ်ဖြတ်ခြင်း ဝင်္ကပါမလို့သာ.. အဆင့်-၅ သတ်ဖြတ်ခြင်းဝင်္ကပါသာဆိုလျှင် သူ၏ ထက်ရှလှပါသည်ဆိုသော အာရုံခံသတိစိတ်နှင့်ပင် သူ့ခန္ဓာကိုယ်က အချိန်မီတုံ့ပြန်နိုင်တော့မည်မဟုတ်ဘဲ.. သေရပေလိမ့်မည်။
အဲ့ဒါက အရမ်းကို အန္တရာယ်များလွန်းလှ၏။
ယခုသူ့နောက်တွင် အဆင့်-၄ သတ်ဖြတ်ခြင်းဝင်္ကပါသာ ရှိပြီး ထိုနေရာအနီးအနားတွင် အခြားသော ကျင့်ကြံသူများ ရှိမနေပေ။
နောက်ထပ်အဆင့်-၄ သတ်ဖြတ်ခြင်းဝင်္ကပါတစ်ခုကို မဖြတ်ကျော်ခင်.. သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို အပြည့်အဝ ပြန်လည်ဖြည့်တင်းထားရပေမည်။ ထိုသို့စိတ်ကူးနှင့် ဆူဇီမိုသည် ဓါးပျံစီးနင်းမနေဘဲ မြေပေါ်တွင် ခြေလျင်ပြေးရင်း စိတ်ဝိညာဉ်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းနေလိုက်၏။ ထိုသို့ဆိုလျှင်တောင် သူ့အမြန်နှုန်းက သိပ်နောက်ကျမနေပေ။
လမ်းတစ်လျှောက်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် အရိပ်လက္ခဏာများစွာကို သူတွေ့ခဲ့ရ၏။
မြေပြင်ပေါ်ရှိ အချို့အလောင်းများဆိုလျှင် ပူနွေးနေတုန်းရှိသေး၏။ ထိုကျင့်ကြံသူများက သူတို့၏ ကျောက်စိမ်းအဆောင်များကို ချိုးဖျက်ချိန်မရလိုက်ဘဲ သေဆုံးခဲ့ကြရ၏။
“အာ”
ခဏကြာပြီးနောက် အာမေဋိတ်သံတစ်သံက ထွက်ပေါ်လာ၏။
ပုံရိပ်တစ်ခုက ဖျတ်ကနဲ ရောက်ရှိလာပြီး ဆူဇီမို၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။
ဆူဇီမို မော့ကြည့်လိုက်သောအခါ တောင်ပိုင်းတောင်တန်းဂိုဏ်းမှ အမွေခံတပည့်ရှစ်ကျန်ကို တွေ့လိုက်ရ၏။ ထိုသူက စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းအတွက် ရေပန်းစားနေခဲ့သောလူတစ်ယောက်ဖြစ်ပြီး မရီးဒါန်ငါးခုအခြေတည်အဆင့်တစ်ယောက်ဟုလည်း ပြောကြလေသည်။
“နှုတ်ဆက်ပါတယ်.. ဆရာမို.. ကျုပ်ကတော့ ရှစ်ကျန်ပါ”
ရှစ်ကျန်က အခြားသူများကဲ့သို့ သူ့ကို တန်းပြီးမတိုက်ခိုက်သည့်အတွက် ဆူဇီမိုသည် အံ့အားသင့်သွား၏။ ထို့အစား သူက လက်သီးဆုပ်၍ တလေးတစားပင် နှုတ်ဆက်လိုက်သေး၏။
ဤလူက ရိုးသားဖြောင့်မတ်ပုံရသည်ကို တွေ့လိုက်ရသောအခါ ဆူဇီမိုသည် သူ့အပေါ်တွင် အမြင်ကောင်းရှိသွားပြီး တုံ့ပြန်နှုတ်ဆက်သည့်အနေနှင့် ခေါင်းညိတ်ပြလိုက်၏။
“ဆရာမို.. ခင်ဗျားလဲ သစ်သားနယ်မြေကို အပို့ခံလိုက်ရတာလား.. ကျုပ်စောစောက ခင်ဗျားကို မတွေ့ရပါလား.. အခုတွေ့ရတာ ပထမဆုံးပဲ” ဆူဇီမိုသည် ရေနယ်မြေကနေ ဖြတ်သန်းလာတာကို ရှစ်ကျန်သိနိုင်စရာ အကြောင်းမရှိပေ။
ဆူဇီမိုကလည်း အထွေအထူးရှင်းပြမနေတော့ဘဲ ပြုံးရုံသာပြုံးနေလိုက်၏။
ရှစ်ကျန်ပုံစံက မအီမလည် ဖြစ်လာ၏။ သူသည် တစ်ခုခုကို ပြောချင်နေပုံရ၏။ သို့သော်လည်း ထိုသို့ပြောရမည်ကို ရှက်စရာကောင်းသည့်အလား ပြန်လည်ရပ်တန့်လိုက်၏။
“ဘာကိစ္စရှိလို့လဲ” ဆူဇီမိုက မျက်ခုံးပင့်၍ မေးလိုက်၏။
ရှစ်ကျန်သည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပြန်ဖြေလိုက်၏။
“ကောင်းပြီလေ.. ပြောရမယ်ဆိုရင် အခုကျုပ်ဒီကို ရောက်လာရတာ ခင်ဗျားရဲ့ သွေးသောက်သူကြောင့်ပါ ဆရာမို”
ဆူဇီမို၏ အကြည့်က အေးစက်လာ၏။
ရှစ်ကျန်က ကပျာကယာ ဦးညွှတ်၍ ရှင်းပြလိုက်၏။
“အဲ့လိုဆိုပေမယ့်.. အဲ့ဒါက ကျုပ်ဆန္ဒရှိလို့ မဟုတ်ပါဘူးဗျာ.. ကျုပ်ဆရာရဲ့အမိန့်ကို ကျုပ်မလွန်ဆန်နိုင်လို့ပါ.. ခင်ဗျား ဒီကိစ္စကို နားလည်ဖို့ ကျုပ်မျှော်လင့်မိပါတယ်.. တာအိုရောင်းရင်း”
ရှစ်ကျန်၏ စကားလုံးများအရ သူက အမှန်တစ်ကယ်စိတ်ရင်းနှင့် ပြောနေပုံရပြီး လိမ်ညာနေဟန်မရပေ။ သူ့မှာ အမှန်တစ်ကယ်ကို ရွေးစရာ မရှိခဲ့ပုံပင်။
ထိုအခါမှသာ ဆူဇီမို၏ အမူအယာက ပြေလျော့သွားပြီး သူ့နုလုံးသားထဲမှ သတ်ဖြတ်လိုစိတ်ကလည်း ပျောက်ကွယ်သွား၏။
ရှစ်ကျန်က ဆက်ပြောလိုက်၏။
“ဆရာမို. မပူပါနဲ့.. ကျုပ်က သေချာပေါက် ခင်ဗျားအသက်ကို ရန်မရှာပါဘူး.. နောက်ပြီး လျော်ကြေးတစ်ခုအနေနဲ့ ခင်ဗျားကို စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းမှာ တစ်နေရာရနိုင်အောင် ကျုပ်တတ်နိုင်သမျှ အကောင်းဆုံးထားပြီး ကူညီပေးမယ်လို့ အာမခံပါတယ်”
နယ်မြေတစ်ခုချင်းစီအတွက် နှစ်နေရာစီရှိလေသည်။
ဆူဇီမိုက ပြုံးရုံသာပြုံး၍ ဘာမှပြန်မပြောမိပေ။
ဆူဇီမို၏ အပြုံးကိုမြင်သောအခါ.. သူက အဓိပ္ပါယ်ကောက်လွဲ၍ အတန်ကြာ စဉ်းစားနေပြီးနောက် ပြောလိုက်၏။
“ဆရာမို ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို အဖိုးမဖြတ်နို်ငဘူးဆိုတာ ကျုပ်သိပါတယ်.. ဒါပေမယ့်လဲ ကျုပ်လုပ်ပေးနိုင်တာကလဲ သိပ်အများကြီး မရှိဘူးဖြစ်နေတယ်.. ဒီလိုလုပ်ဗျာ.. ခင်ဗျားကို စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းမှာ တစ်နေရာရအောင် လုပ်ပေးမယ့်အပြင် ကျုပ်သိုလှောင်အိတ်ထဲမှာ ရှိသမျှ ရတနာတွေအကုန်လုံးကိုလဲ ခင်ဗျားယူလိုက်”
“ကျုပ်တို့ ဘာလို့ စကားတွေ အများကြီးပြောနေကြမှာလဲ.. တိုက်စရာရှိတာ တိုက်ကြတာပေါ့”
ဆူဇီမိုက တည်ငြိမ်စွာပင် ပြောလိုက်၏။
“အမ်”
ရှစ်ကျန်သည် ခဏမျှ ကြောင်အနေပြီးနောက် ဇဝေဇဝါနှင့် မေးလိုက်၏။
“ဆရာမို.. ခင်ဗျားက ကျုပ်နဲ့ တိုက်ခိုက်ချင်တာလား.. ကျုပ်မြင်တာ မမှားဘူးဆိုရင် ခင်ဗျားက မရီးဒါန်သုံးခုအခြေတည်အဆင့်ကို တက်လှမ်းလာတာ မကြာသေးဘူးလေ.. ကျုပ်က မရီးဒါန်ငါးခုအခြေတည်အဆင့်.. ခင်ဗျားက ဘယ်လိုလုပ် ကျုပ်ပြိုင်ဘက်ဖြစ်နိုင်မှာလဲ”
ဆူဇီမိုက ပြုံးပြီး ပြန်ပြောလိုက်၏။
“မင်းငါ့ကို နို်ငရင်.. သွေးသောက်သူက မင်းအပိုင်ပဲ”
ရှစ်ကျန်သည် အတန်ကြာ စဉ်းစားချင့်ချိန်ပြီးနောက် ခေါင်းညိတ်လိုက်၏။ သို့သော်လည်း ဆူဇီမို၏ ရည်ရွယ်ချက်ကို နားမလည်နိုင်သည့်အတွက် သူ့ပုံစံက နည်းနည်းတော့ ကြောင်တောင်တောင်နိုင်နေ၏။
ရှစ်ကျန်သည် သိုလှောင်အိတ်ထဲမှ ရှုပ်ထွေးနက်နဲသောအင်းကွက်များ ပုံဖော်ထားသည့် သတ္တုစပ်သံမဏိတုတ်တစ်ချောင်းကို ထုတ်ယူပြီး ထိုအထဲသို့ စိတ်ဝိညာဉ်စွမ်းအင်ကို ထိုးသွင်းလိုက်သောအခါ.. စိတ်ဝိညာဉ်အင်းကွက်သုံးကွက်က လင်းလက်တောက်ပလာ၏။
အဲ့ဒါက သာလွန်အဆင့် စိတ်ဝိညာဉ်လက်နက်ပင်။
“ဆရာမို.. ခင်ဗျားသေချာဂရုစိုက်မှရမယ်နော်.. ကျုပ်တို့တောင်ပိုင်းတောင်တန်းဂိုဏ်းကလူတွေက ကိုယ်ကာယ အရမ်းကြံ့ခိုင်ကြတာ.. အနီးကပ်တိုက်ခိုက်ရည်က ကျုပ်တို့ရဲ့ အားသာချက်ပဲ”
ဆူဇီမို၏ သူ၏ စွမ်းအားများ၊ အားသာချက်များကို မသိမှာစိုးသည့်အတွက် ရှစ်ကျန်က ထပ်မံသတိပေးလိုက်၏။
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
ခဏမျှ စောင့်ဆိုင်းပြီးသော်လည်း ဆူဇီမိုက လက်ဗလာနှင့်ပင် ရှိနေသေးကြောင်း ရှစ်ကျန်သတိထားမိသွား၏။
ရှစ်ကျန့်က ညင်သာစွာ ချောင်းဟန့်၍ သတိပေးလိုက်၏။
“ဆရာမို.. ကျုပ်တို့လို အနီးကပ်တိုက်ခိုက်ရည်ကို အားပြုတဲ့ ကျင့်ကြံသူမျိုးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခင်ဗျားအနေနဲ့ ဓါးပျံ ဒါမဟုတ် တခြားလက်နက်တစ်မျိုးမျိုးကို ထုတ်သုံးသင့်တယ်ထင်တယ်.. အဲ့ဒါမှ ကျုပ်တို့အကြား အကွာအဝေးတစ်ခုခြားထားပြီး ကျုပ်ကို အနားမကပ်နိုင်အောင် ခင်ဗျားတားနိုင်မှာလေ”
ရှစ်ကျန်က အတည့်အတံပုံစံနှင့် လက်ဟန်အမူအယာနှင့် ဆက်ပြောလိုက်၏။
“အခုခင်ဗျားပုံစံကိုကြည့်လေ.. ခြေနှစ်လှမ်းသုံးလှမ်းလောက်နဲ့ ခင်ဗျားအနားကို ကျုပ်က ကပ်လို့ရနေပြီ.. အဲ့အချိန်ကျမှ ခင်ဗျားက ဓါးပျံကိုထုတ်မယ်ဆိုရင် နောက်ကျသွားပြီလေ.. ပထမတစ်ကွက်နဲ့တင် ခင်ဗျားက ရှုံးသွားလိမ့်မယ်”
ဒြပ်စင်ငါးမျိုးထီးအပြင်ဘက်တွင် ကျင့်ကြံသူတစ်သိန်းကျော်သည် ကြောင်တိကြောင်တောင်နှင့် ငေးကြည့်နေမိကြ၏။
ရွှယ်ယိက မနေနိုင်ဘဲ ရေရွတ်လိုက်၏။
“ဒီအစ်ကိုရှစ်က တစ်ကယ့်ကို ရိုးသားတဲ့သူပဲ”