← Chapters

ဖြစ်နိုင်လို့လား

Vol. 22 Ch. 327

ဖြစ်နိုင်လို့လား

Vol. 22 Ch. 327

ဆူဇီမိုက ရှစ်ကျန်ကို ဆက်လက်ရှင်းပြမနေတော့ပေ။ ရုတ်တရတ် သူ့မျက်လုံးက လင်းလက်သွားပြီး ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်၏။

ဘုန်း..

ထိုခြေတစ်လှမ်းနှင့်ပင် မြေပြင်က တုန်ခါသွား၏။

အဲ့ဒါက ကောင်းကင်ထယ်သွားခြေလှမ်းပင်။

မျက်တစ်မှိတ်မှာပင် ဆူဇီမိုသည် အနီးနားသို့ ရောက်ရှိလာ၏။

ရှစ်ကျန်သည် ရင်ထဲ ထိတ်ကနဲဖြစ်သွားပြီး သူ့မှာစဉ်းစားဖို့ အချိန်မရှိတော့ပေ။ အန္တရာယ်ကို အာရုံခံမိလိုက်သည့်အတွက် သူ့လက်ထဲက သတ္တစပ်သံမဏိတုတ်ဖြင့် အလိုလိုဖြင့် လွှဲရိုက်လိုက်၏။

ဆူဇီမို၏ အမူအယာက ပြောင်းလဲမသွားဘဲ.. ဝင်ရောက်လာသော သံမဏိတုတ်ကို သူ၏ ပျော့ပျောင်းသောလက်ဖြင့် ကြိုဆိုလိုက်၏။

ဆူဇီမို၏ ဖြူဖတ်ဖတ်ရှည်ရှည်သွယ်သွယ် လက်ချောင်းကလေးများက ဝင်ရောက်လာသော တုတ်ရှည်၏ မျက်နှာပြင်ကို ပွတ်သပ်လိုက်၏။ ထို့နောက် ရုတ်တရတ် ရုန်းကြွလာသောခွန်အားနှင့် သူက အဲ့ဒါကို ရစ်ပတ်လိုက်ပြီး ဆွဲခါလိုက်၏။

“အား”

ရှစ်ကျန်သည် ကြောက်လန့်တကြားအော်လိုက်မိ၏။ သူ့လက်က စုတ်ပြဲသွားပြီး သူ့လက်ဖဝါးမှ သွေးများက စီးကျလာ၏။

ထိုသို့စိတ်အာရုံပျက်ယွင်းသွားသည့်ခဏမှာပင် ရှစ်ကျန်၏ သံမဏိတုတ်ချောင်းက ဆူဇီမို၏ လက်ထဲသို့ ပါသွားချေပြီ။

တုတ်ခိုင်သည့် ထိုသံမဏိတုတ်ချောင်းကြီးက ရှစ်ကျန်၏ လည်ပင်းပေါ်သို့ ဖိကျလာပြီး အေးစက်စက်ကျောချမ်းဖွယ်ရာအော်ရာက ထွက်ပေါ်နေ၏။

ဆူဇီမိုက ခွန်အားထပ်မံစိုက်ထုတ်လိုက်သည်နှင့် ရှစ်ကျန်၏ လည်မျိုက ပျက်ဆီးရပေတော့မည်။

ရှစ်ကျန်ပြောခဲ့သလိုပင်.. အနီးကပ်တိုက်ခိုက်မှု၌ တစ်ချက်တည်းနှင့် တစ်ခါတည်းပြီးသွားနိုင်၏။

သို့သော်လည်း ရှုံးနိမ့်သွားသူက ဆူဇီမိုမဟုတ်.. သူသာလျှင် ဖြစ်နေလေသည်။

ဖြစ်စဉ်တစ်လျှောက်လုံး ရှစ်ကျန်သည် ကြောင်အနေပြီး.. သတိလက်လွတ်သွားကာ ဘာတွေဖြစ်ပျက်ခဲ့သည်ကိုပင် ကောင်းကောင်းနားမလည်နိုင်လိုက်ပေ။

ဆူဇီမိုက သံမဏိတုတ်ချောင်းကို ရှစ်ကျန်၏ လက်ထဲသို့ ပြန်ထိုးထည့်ပေးလိုက်သည့်အချိန်ထိအောင် ထိုသူက ကောင်းကောင်းသတိမဝင်သေးဘဲ.. အလိုလို ရေရွတ်လိုက်၏။

“ကျေးဇူးတင်ပါတယ်”

ရှစ်ကျန်က ရိုးသားဖြောင့်မတ်သော စိတ်နေစရိုက်ရှိပြီး သူ့ပုံစံက နည်းနည်းတောင် ချစ်စရာကောင်းနေသေး၏။ သူက ဆူဇီမိုအပေါ် မကောင်းသောစိတ်မရှိဘဲ ရွေးစရာမရှိသောကြောင့်သာ တိုက်ခိုက်ရခြင်းဖြစ်လေသည်။

ထို့ကြောင့် ဆူဇီမိုကလည်း သူ့အသက်ကို ရန်ရှာစရာ အကြောင်းမရှိပေ။

“သစ်သားနယ်မြေထဲမှာ ကျင့်ကြံသူတွေ ဘယ်လောက်လောက်ကျန်သေးလဲ” ဆူဇီမိုက မေးလိုက်၏။

ရှစ်ကျန်၏ စိတ်က ရှုပ်နေ၏။ စောစောက ဘာဖြစ်ခဲ့သည်ကို ပြန်စဉ်းစားနေရင်း သူက ပြန်ဖြေလိုက်၏။

“အတိအကျတော့ ကျုပ်လဲသေချာမသိဘူး.. ဒါပေမယ့် သေချာတာတစ်ခုက တစ်ဝက်ထက်တော့ ပိုမရှိကြတော့ဘူး”

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

သူသည် သတ္တုနယ်မြေကို ရောက်ဖို့အတွက် နောက်ထပ်အဆင့်၄ သတ်ဖြတ်ခြင်းဝင်္ကပါတစ်ခုကို ဖြတ်ကျော်ရပေဦးမည်။ တစ်နည်းအားဖြင့် သစ်သားနယ်မြေမှာ ကြန့်ကြာနေမိလျှင် သူ့အတွက် အချိန်မလောက်တော့တာ ဖြစ်နိုင်၏။

နယ်မြေတစ်ခုမှာ လူနှစ်ယောက်ပဲကျန်တော့မည်ဆိုလျှင် ထိုနယ်မြေအတွက် ပြိုင်ပွဲက ပြီးဆုံးသွားပေပြီ။

ထိုကျန်ခဲ့သော လူနှစ်ယောက်က အပြင်သို့ ပြန်ထုတ်ခံရပေမည်။

ထို့ကြောင့် ဆူဇီမိုသည် ဖုန်ဟောက်ယွီကို သတ်ရန် အခွင့်အရေးရဖို့အတွက် သတ္တုနယ်မြေကို တတ်နိုင်သမျှ မြန်မြန်ရောက်‌အောင် သွားရပေမည်။

ယခုဤနေရာမှာ ဖြစ်ပွားခဲ့သော စွမ်းအင်အတက်အကျများကို ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ သတိထားမိသွားသည့်အခါ.. လူစုလူဝေးက ဖြစ်လာပေတော့မည်။

ထိုကျင့်ကြံသူများ၏ ထပ်မံဝိုင်းရံပိတ်ဆို့ခြင်းခံရလျှင် ဆူဇီမိုသည် အချိန်မီချင်မှမီပေတော့မည်။

ထိုသို့အတွေးနှင့် သူ့ပုံရိပ်က ဖျတ်ကနဲလှုပ်ရှားသွားပြီး ဘေးဘက်ရှိ တောအုပ်ထဲသို့ ဝင်ရောက်သွား၏။

“ဆရာမို.. ခင်ဗျားဘယ်သွားမလို့လဲ” ရှစ်ကျန်က မေးလိုက်၏။

“သတ္တုနယ်မြေ”

တောအုပ်ထဲမှ ဆူဇီမို၏ အသံက ပြန်လည်ထွက်ပေါ်လာ၏။

“ဆရာမို.. ခင်ဗျားက တစ်ကယ်နောက်ပြောင်တတ်တာပဲ.. သတ္တုနယ်မြေတဲ့ ဟမ်း.. ခင်ဗျားက ကောင်းကင်ဘုံကို ပျံတက်မှာလို့ ဘာလို့ မပြောတာလဲ”

ရှစ်ကျန်သည် သူ့နားထင်နောက်ကိုကုတ်၍ တီးတိုးရေရွတ်ကာ လှည့်ထွက်လိုက်၏။

ခဏမျှ လျှောက်ပြီးနောက် အနားမှာ ဘယ်သူ့မှ မရှိသေးချိန်တွင် ရှစ်ကျန်သည် သူ့သတ္တုစပ်သံမဏိတုတ်ချောင်းကို ပြန်ထုတ်ယူကြည့်လိုက်၏။ သူသည် မဟာရန်သူတော်တစ်ယောက်နှင့် တွေ့ဆုံခဲ့ရသည့်အလား.. သူ့မျက်နှာက ပျက်သွား၏။

ရှစ်ကျန်သည် သူ့လက်လဲမှ သံမဏိတုတ်ချောင်းကို မျက်လုံးအပြူးသားနှင့် အချိန်အတန်ကြာသည့်အထိ ငေးကြည့်နေမိ၏။ ခဏနေပြီးနောက် သူသည် နားလည်သဘောပေါက်သွားပြီး သူ့ခေါင်းကိုယ်သူ ဖန်းကနဲ ရိုက်လိုက်၏။

“ငါသိပြီ.. စောစောက တိုက်ခိုက်ကြတုန်းက ငါတုတ်က ဆရာမိုဆီပါသွားတာပဲ.. ဒါဆို သူငါ့ကို ပြန်ပေးသွားတာပေါ့”

“ဆရာမိုက တစ်ကယ့် အာဂလူပဲ” ရှစ်ကျန်က မြည်တမ်းလိုက်၏။

ပွဲကြည့်စင်ထက်တွင် ပကတိသက်ရှိယွင်ရှန်သည် သူ့မျက်နှာကို လက်ဖြင့်ကွယ်၍ မျက်မှောင်ကြုတ်ပြီး သက်ပြင်းရှည်ကြီးချလိုက်မိ၏။

. . .

သစ်သားနယ်မြေတွင် အဖိုးတန်အပင်မျိုးစုံရှိ၏။

ရှေးကျသော သစ်ပင်ကြီးများ၊ နွယ်ပင်များနှင့် မြက်ခင်းပြင်များကို အချိုးအစားကျနစွာ ရောစပ်ထားပြီး စိမ်းစိုလန်းဆန်းနေ၏။

တစ်ကယ်တော့.. ထိုသို့ စိမ်းလန်းစိုပြေအေးချမ်းနေသည်ဟု ထင်ရသောနေရာတွင် သတ်ဖြတ်လိုစိတ်များက အဆုံးမဲ့ တည်ရှိနေ၏။

တောအုပ်က စိတ်ဝိညာဉ်သားရဲများအတွက် သုခဘုံတစ်ခုဖြစ်ပြီး လူသားတစ်ယောက်အနေနှင့်တော့ ခြေတစ်လှမ်းမှားသွားတာနှင့် အတိဒုက္ခရောက်သွားနိုင်လေသည်။

အချို့သောကျင့်ကြံသူများသည် ဆူဇီမို၏ အရိပ်အယောင်ကို မြင်လိုက်ကြရ၏။ သို့သော် သူတို့ မတိုက်ခိုက်နိုင်ခင်မှာပင် ဆူဇီမိုက တောအုပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားပြီဖြစ်လေသည်။

လူတိုင်းသည် သူ့နောက်က ပြေးလိုက်ဖို့သာ တတ်နိုင်ကြလေသည်။

ဒြပ်စင်ငါးမျိုးထီးအပြင်ဘက်ရှိ ပွဲကြည့်ပရိသတ်များကတော့ ဖြစ်ပျက်နေသည်များကို ပို၍ ရှင်းရှင်းလင်းလင်း မြင်နေရ၏။ သူတို့၏ မျက်လုံးထဲတွင်.. ထိုကျင့်ကြံသူများသည် ထွက်လမ်းမရှိသောနေရာသို့ မျှားခေါ်ခြင်းခံနေရခြင်းဖြစ်၏။

ထိုကျင့်ကြံသူများသည် ဆူဇီမိုနောက်သို့ တောက်လျှောက်နောက်ယောင်ခံလိုက်ရင်း.. မျက်ခြေပြတ်ကုန်ကြ၏။

ဘာတွေဖြစ်ပျက်ခဲ့သည်ကို သူတို့သဘောပေါက်လိုက်သည့်အချိန်တွင်.. သူတို့ကို စိတ်ဝိညာဉ်သားရဲများက ဝိုင်းရံပိတ်ဆို့ထားပြီးလေပြီ။

“အဲ့ဆူဇီမိုက မျောက်နက္ခတ်နဲ့မွေးလာတာများလားကွာ.. ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက် နောက်ပြီးရင် သူမရှိတော့ဘူး”

သူတို့၏ တပည့်များသည် အရူးများလို လှည့်စားခံနေရသည်ကို မြင်တွေ့နေရသောကြောင့် ပွဲကြည့်စင်ထက်ရှိ ရွှေအမြုတေများသည် မချင့်မရဲနှင့် ညည်းတွားပြောဆိုလိုက်ကြ၏။

ထိုစကားများကို ကြားသောအခါ ရွှမ်ယီက စိတ်ထဲကနေ ကြိတ်ပြီးရယ်နေလိုက်၏။

ဆူဇီမိုတစ်ယောက် ဆန်းကြယ်တောင်ထွတ်သို့ ဝင်ရောက်ကာစအချိန်ကို သူပြန်လည်အမှတ်ရသွား၏။ အဲ့တုန်းကလည်း သူက မျောက်တစ်ကောင်နှင့်တူလေသည်။ မတ်စောက်သောတောင်နံရံပေါ်တွင် မြေပြင်မှာကဲ့သို့ သွားလာနိုင်၏။

ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်၏။

သူသည် ဆူဇီမိုကို ထပ်ပြီးအကဲမဖြတ်နိုင်တော့ကြောင်း နားလည်သဘောပေါက်လာ၏။

ဘယ်လိုကြောင့်များ.. ဝေးလံခေါင်သီတဲ့ ပြည်နယ်ခွဲ မြို့လေးတစ်မြို့က စာပေသမားလေးက အဲ့လောက်ထိ အစွမ်းထက်မြက်တော်နေရတာလဲ။

ဆူဇီမိုသည် သစ်သားနယ်မြေ၏ အစပ်အစွန်ကို ရောက်လာပြီးနောက် သိပ်ပြီး အထွေအထူး အချိန်ဖြုန်းမနေတော့ဘဲ.. အဆင့်-၄ သတ်ဖြတ်ခြင်းဝင်္ကပါထဲသို့ တန်းပြီး ခုန်ဝင်လိုက်၏။

အထဲသို့ရောက်သောအခါ သူသည် သေသေချာချာ ဂရုစိုက်နေရတုန်းဖြစ်၏။ ခဲရာခဲဆစ်နှင့် သူသည် ရှေ့သို့ ဖြည်းဖြည်းချင်း ချည်းကပ်သွားပြီး ....

ပွဲကြည့်ပရိသတ်များ သတိပြန်ဝင်လာသည့်အချိန်တွင် ဆူဇီမိုသည် သတ်ဖြစ်ခြင်းဝင်္ကပါနှစ်ခုကိုဖြတ်၊ နယ်မြေနှစ်ခုကို ဖြတ်သန်း၍ သတ္တုနယ်မြေထဲသို့ ဝင်ရောက်သွားပြီဖြစ်လေသည်။

သို့သော်လည်း သူ့အနေနဲ့ ဖုန်ဟောက်ယွီကို သတ်ဖို့က ဖြစ်နိုင်ပါ့မလား..

များစွာသော ကျင့်ကြံသူများသည် ဖုန်ဟောက်ယွီတစ်ယောက် အခြားသူများကို ဘယ်လိုသတ်ဖြတ်နေသလဲ မြင်နေရ၏။ အဲ့ဒါက တစ်ဖက်သတ် အနိုင်ကျင့်ခြင်းပင်။

ဖုန်ဟောက်ယွီက မရီးဒါန်ငါးခုအခြေတည်အဆင့်ဖြစ်ပြီး ဆန်းကြယ်တောင်ထွတ်၏ လျှို့ဝှက်ပညာရပ်သုံးမျိုးစလုံးကို တတ်မြောက်ထားသည့်အပြင် သူသည် လျှို့ဝှက်ဆန်းကြယ်၍ မကောင်းဆိုးဝါးဆန်သော တစ်မူကွဲပြားသည့် လျှို့ဝှက်ပညာရပ်အချို့ကိုပါ တတ်မြောက်ထားပုံရ၏။

ထိုနည်းလမ်းများအားလုံးက ဖုန်ဟောက်ယွီသည် ဘယ်လောက်ကြောက်စရာကောင်းကြောင်း ဖော်ပြနေရုံသာမဟုတ်.. သူက အခြားသောကျင့်ကြံသူ မည်သူကိုမဆို အပြတ်အသတ်ချေမှုန်းနိုင်ကြောင်း ပြပေးနေလေသည်။

ဖုန်ဟောက်ယွီလိုလူမျိုးကို သတ်ဖြတ်ဖို့ မည်သူကမျှ စိတ်ကူးမိကြမှာ မဟုတ်ပေ။

တစ်ကယ်တမ်းပြောရလျှင် ဆူဇီမိုက ဖုန်ဟောက်ယွီကို အနိုင်ယူချင်ရုံဆိုလျှင်တောင်.. သူ၏ လက်ရှိစွမ်းဆောင်ရည်အရ အဲ့ဒါက ကောင်းကင်ဘုံကို အရှင်လတ်လတ်တက်လှမ်းရသလောက် ခက်ခဲလေသည်။

ပကတိသက်ရှိမင်းကျီက နက်နက်နဲနဲစဉ်းစားချင့်ချိန်ပြီး ပြောလိုက်၏။

“ဆူဇီမိုက ဖုန်ဟောက်ယွီအနားကို ကပ်နိုင်ခဲ့မယ်ဆိုရင် သူအနိုင်ရဖို့ ဖြစ်နိုင်ချေတစ်ခုတော့ ရှိတယ်”

“အဲ့ဒါက အရမ်းခက်တယ်”

ဧကရာဇ်က ခေါင်းခါလိုက်၏။

“ဖုန်ဟောက်ယွီမှာ ဆန်းကြယ်တောင်ပံတွေရှိတယ်.. အမြန်နှုန်းအရရော၊ ပေါ့ပါးဖျတ်လတ်မှုအရရော အဲ့ဒါက ဓါးပျံစီးနင်းတာထက် အပုံကြီးသာတယ်.. ဆူဇီမိုက သူ့အနားကိုကပ်နိုင်စရာ အကြောင်းမရှိဘူး”

ခဏမျှ ရပ်နားလိုက်ပြီးနောက် ဧကရာဇ်က ဆက်ပြောလိုက်၏။

“ပြောရမယ်ဆိုရင်.. ဆူဇီမိုက အနားကိုကပ်နိုင်ခဲ့ရင်တောင် အလွန်ဆုံး သူလုပ်နိုင်တာက ဖုန်ဟောက်ယွီကို အနိုင်ယူဖို့လောက်ပဲ.. အဲ့ငနဲကို သတ်နိုင်ဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

ပကတိသက်ရှိမင်းကျီက ခေါင်းညိတ်ထောက်ခံလိုက်၏။

အဆိုးဆုံးရလဒ်အနေနှင့် ဖုန်ဟောက်ယွီက ဆူဇီမိုကို မယှဉ်နိုင်၍ အခြေအနေက တစ်ခုခုလွဲမှားနေပြီ၊ မဟန်တော့ဘူးဟု ထင်မိသည်နှင့် သူက ကျောက်စိမ်းအဆောင်ကို ချိုးဖျက်၍ ချက်ချင်းထွက်ပြေးနိုင်လေသည်။

သတ္တုနယ်မြေတွင် ကျင့်ကြံသူ သိပ်ပြီးများစွာ မကျန်ရှိတော့ပေ။

အဲ့မှာ ဖုန်ဟောက်ယွီအပြင် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ မရီးဒါန်ငါးခုကျင့်ကြံသူတစ်ယောက်၊ ဟယ်ကျင်းလည်း ရှိနေသေးလေသည်။

ထိုသို့အခြေအနေအရ.. ဆူဇီမိုက သတ္တုနယ်မြေထဲသို့ အတင်းဝင်ရောက်လာသော်လည်း ဖုန်ဟောက်ယွီကို သတ်ဖို့က မဖြစ်နိုင်သေးပေ။

“ဒေါ်လေးဂူ.. ခန့်မှန်းကြည့်ပေးပါဦး.. အဆုံးသတ်ရလဒ်က ဘယ်လိုဖြစ်မလဲ” နတ်ဆိုးမကျိက တိုးတိုးလေး ကပ်မေးလိုက်၏။

ဂူရှီ၏ အကြည့်က အနီးနားမှာ ရပ်နေသော သွေးကျီးကန်းဘုရင်၏ မျက်နှာပေါ်ရောက်သွားပြီး ခေါင်းခါလိုက်၏။

“အထဲက ရလဒ်က သိပ်အရေးမကြီးတော့ဘူး.. ဘာပဲဖြစ်ဖြစ် ဆူဇီမိုက သွေးကျီးကန်းနန်းတော်က အဲ့လူကို အာခံမိသွားပြီဆိုမှ‌တော့ သူ့ဘဝကတော့ သွားရှာပြီ”

All Chapters