ဖယောင်းမီး၏ စွမ်းအား
Vol. 22 Ch. 329
ဆူဇီမိုအနေနှင့် ကျောက်စိမ်းအဆောင်ကို ချိုးဖျက်စရာ အကြောင်းမရှိပေ။
ဤအခိုက်အတန့်ကို ရဖို့အတွက် သူသည် အဆင့်-၄ သတ်ဖြတ်ခြင်းဝင်္ကပါနှစ်ခုနှင့် နယ်မြေနှစ်ခုကိုတောင် ဖြတ်ကျော်လာခဲ့ရ၏။ သူကြုံတွေ့ခဲ့ရသည်များက ယခုအခြေအနေထက် အဆတစ်ရာလောက်တောင် ပိုဆိုးရွားခဲ့သေးလေသည်။ အခုချိန်မှာ သူအနေနှင့် လက်လျှော့လိုက်စရာ အကြောင်းမရှိပေ။
ဇီ..
သူ့အင်္ကျီလက်စကို ဝေ့ရမ်းလိုက်သောအခါ သူ့သိုလှောင်အိတ်ထဲမှ ဓါးပျံ ၁၈လက်က ပျံသန်းထွက်လာ၏။ သူတို့ တစ်လက်ချင်းစီက စိတ်ဝိညာဉ်အင်းကွက်လေးခုစီနှင့် တလက်လက် တောက်ပနေပြီး အားမာန်တက်ကြွစွာ တုန်ခါနေကြ၏။
ထိပ်တန်းအဆင့်ဓါးပျံ ၁၈ လက်..
များစွာသော ကျင့်ကြံသူများ၏ မျက်လုံးများက ဝင်းလက်သွား၏။
သူတို့သည် ပကတိစိတ်ဝိညာဉ်လက်နက်ကို မရဘူးဆိုလျှင်တောင်.. ထိုထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တွေထဲမှ တစ်ခုကိုသာ ရနိုင်လျှင် တော်လှလေပြီ။
ပကတိအရှင်မင်းကျီက အလေးအနက် ပြောလိုက်၏။
“ဒီတစ်ချီမှာ ကျင့်ကြံသူအရေအတွက်က သိပ်မများလှဘူးဆိုပေမယ့်လို့ သူတို့က အရင်လူတွေထက် ပိုသန်မာကြတယ်.. နောက်ပြီး မရီးဒါန်ငါးခုအခြေတည်အဆင့် နှစ်ယောက်ကလဲ ရှိနေသေးတော့ ဆူဇီမိုအတွက် တော်တော်အန္တရာယ်များသွားပြီ.. သူ့ရဲ့ ဆဋ္ဌဂံဓါးဝင်္ကပါနဲ့ဆိုရင်တောင် သူက ဒဏ်ရာတော့ ရတော့မှာပဲ”
ဧကရာဇ်ကလဲ ခေါင်းညိတ်လိုက်၏။
သူတို့နှစ်ယောက်၏ ကျင့်ကြံမှုအဆင့်များအရ.. သူတို့၏ အကဲဖြတ်မှုက မမှားနိုင်ပေ။
သို့သော်လည်း သူတို့နှစ်ယောက် ထည့်မတွက်ခဲ့မိသော အချက်တစ်ချက် ရှိနေသေး၏။
ဒီတစ်ခေါက် ဓါးပျံ ၁၈လက်က ဆဋ္ဌဂံဓါးဝင်္ကပါကို ပုံဖော်ဖို့အတွက် မဟုတ်.. လျှို့ဝှက်ဆန်းကြယ်သော အပျက်အဆီးနယ်မြေမှ တာအိုအရှင်အဆုံးစွန်မီး ရရှိလာခဲ့သော ဖယောင်မီးဓါးဝင်္ကပါကို ပုံဖော်ဖို့ ဖြစ်လေသည်။
ဇီ.. ဇီ.. ဇီ..
ဓါးပျံ ၁၈လက်က လေဟာနယ်ကို ဖြတ်သန်းသွားသောအခါ လင်းလက်တောက်ပသော ဓါးချီများက အနောက်မှာ အတန်းလိုက်ကျန်ရစ်ခဲ့၏။
“ဖယောင်းမီး ဓါးဝင်္ကပါ”
ဆူဇီမိုက ဟိန်းဟောက်၍ ရှေ့သို့ လက်ညိုးထိုးလိုက်၏။
ထို့နောက် ဓါးပျံ ၁၈လက်က အတူတကွ ပေါင်းစည်း၍ သူတို့၏ ဓါးဦးချွန်များက အပြင်ဘက်သို့ ချိန်ရွယ်လျက်သားနှင့် ဧရာမ ဓါးစက်ကြီးတစ်ခုသဏ္ဌာန် ဖြစ်လာ၏။ ဓါးချီရောင်ခြည် ၁၈တန်းက တောက်လောင်နေသောနေမင်းကြီးလို အလွန်အမင်း ပြိုးပြိုးပြက်ပြက်နှင့် လင်းလက်လာ၏။
“အား”
ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများသည် သူတို့၏ မျက်လုံးများကို မှေးကျဉ်းလိုက်ရပြီး အံ့အားတသင့် အော်လိုက်ကြ၏။
ဓါးဝင်္ကပါကို ထုတ်လွှတ်လိုက်သည်နှင့် လူတိုင်းသည် သူတို့၏ ခန္ဓာကိုယ်က စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရပြီး သူတို့၏ အာရုံငါးပါးက ဝေဝေဝါးဝါး ဖြစ်ကုန်ကြ၏။
ထိုနာကျင်မှုက ထွက်ပေါ်လာသော အလင်းရောင်ခြည်ကြောင့်လား၊ ဓါးချီများက သူတို့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသောကြောင့်လားဆိုတာ ပြောဖို့ ခက်လေသည်။
လေးထောင့်ကွင်းရှိ အခြေတည်အဆင့်များကတော့ ထိုအရာကို ရှင်းလင်းစွာ မခံစားမိနိုင်ကြပေ။
ပွဲကြည့်စင်ထက်ရှိ ရွှေအမြုတေများကတော့ ဖယောင်းမီးဓါးဝင်္ကပါကို ကြည့်ပြီး အထိတ်တလန့် ဖြစ်ကုန်ကြ၏။
“ဒီဓါးဝင်္ကပါ.. အရမ်း.. စွမ်းအားကြီးတာပဲ”
ဧကရာဇ်၏ အကြည့်က တောင့်ခဲသွားပြီး တိတ်တဆိတ် ပင့်သက်ကို ရှိုက်လိုက်ရ၏။
ဂူရှီသည်လည်း မှင်သက်သွားပြီး သူမ၏ လှပသော မျက်လုံးများနှင့် မျက်တောင်မခတ်တမ်း ဒြပ်စင်ငါးမျိုးထီးကို ငေးကြည့်နေ၏။ သူမသည် ဖယောင်းမီးဓါးဝင်္ကပါ၏ ဇာစ်မြစ်ကို သိနိုင်ဖို့အတွက် ရှေ့သို့ အနည်းငယ်စောင်းလိုက်သောကြောင့် သူမကိုယ်တိုင်ပင် မသိလိုက်ဘဲ.. သူမ၏ ရင်သားများက လှစ်ဟသွား၏။
နိုးထဝိညာဉ်အဆင့်များအနေနှင့် သူတို့သည် ထိုဓါးဝင်္ကပါမှ အခြားအော်ရာတစ်မျိုးကို အာရုံခံမိလိုက်ကြ၏။
လောကဓံတရား၊ အထီးကျန်မှု၊ ရှေးကျမှုနှင့် တခြားအရာများကို ဝိုးတဝါးခံစားမိလိုက်ကြ၏။
အဲ့ဒါက ရှေးဟောင်းခေတ် သို့မဟုတ် ထိုထက်ရှေးကျသော ခေတ်ကနေလာသော အော်ရာတစ်မျိုးဖြစ်လေသည်။
ဓါးပျံများနောက် ကျန်ရစ်ခဲ့သော ဝင်္ကပါလမ်းကြောင်းများကိုကြည့်ပြီး ဆူဇီမို ထုတ်လွှတ်လိုက်သည်က အဆင့်-၂ ဓါးဝင်္ကပါဖြစ်ကြောင်း ရွှမ်ယီသည် ပြောနိုင်လေသည်။
အဆင့်-၂ ဓါးဝင်္ကပါများပင် ဖြစ်သော်လည်း.. ဖယောင်းမီးဓါးဝင်္ကပါက ဆဋ္ဌဂံဓါးဝင်္ကပါထက် များစွာပို၍ သန်မာအားကောင်းလေသည်။
သေချာတွေးကြည့်မည်ဆိုလျှင် အဲ့ဒါက ဝင်္ကပါတစ်ခု မဖွဲ့တည်ဘူးဆိုလျှင်တောင် ထိပ်တန်းအဆင့်ဓါးပျံ ၁၈လက်၏ တည်ရှိမှုကတင် သွားနောက်လို့ မရအောင် ခြိမ်းခြောက်နိုင်စွမ်း မြင့်မားလေသည်။
ယခုအခါ ဤကဲ့သို့ အရမ်းကြောက်ဖို့ကောင်းသော ဓါးဝင်္ကပါတစ်ခုအဖြစ် စုဖွဲ့လိုက်သောအခါ.. ၎င်း၏ စွမ်းအားက အဆပေါင်းများစွာ မြင့်တက်လာလေသည်။
ချွင်.. ချွမ်..
ဓါးပျံနှစ်လက်သည် ဖယောင်းမီးဓါးဝင်္ကပါနှင့် ထိတွေ့ပြီးနောက် ကျွတ်ဆတ်ဆတ်အသံနှစ်သံက ထွက်ပေါ်လာ၏။
ထို့နောက် အားလုံး၏ ရှေ့မှောက်မှာတင်.. ထိုဓါးပျံနှစ်လက်က အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့သွားပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲကျသွား၏။
ဟာ..
ဒြပ်စင်ငါးမျိုးထီး၏ အပြင်ဘက်တွင် လူအုပ်ကြီးက အုန်းအုန်းကျက်ကျက် ဖြစ်သွားကြ၏။
ထိုဓါးပျံနှစ်လက်က ကြုံရာကျပန်း သတ္တုများ မဟုတ်.. အလယ်အလတ်အဆင့် ဓါးပျံများ ဖြစ်လေသည်။
သို့သော်လည်း သူတို့သည် ဖယောင်းမီးဓါးဝင်္ကပါနှင့် ထိထိချင်းမှာပင် ဘာမှသုံးစားမရအောင် ပျက်ဆီးကြေမွသွားလေပြီ။
ကလန် ကလန်.. ချွမ်း.. ချွမ်း..
ဖယောင်းမီးဓါးဝင်္ကပါက ဆူဇီမို၏ ခန္ဓာကိုယ်ပတ်လည်တွင် လှည့်ပတ်နေပြီး အလွန်တရာ အားကောင်းသော ဓါးအော်ရာကို ထုတ်ပေးနေ၏။ ဓါးအလင်းတစ်ချက်လက်သွားပြီးနောက်.. ဝင်ရောက်လာသော ဓါးပျံများအားလုံးကို မွှေနှောက်ရိုက်ထုတ်ပစ်လိုက်၏။
အလယ်အလတ်ဓါးပျံများဆိုပါက နေရာမှာတင် ကျိုးပဲ့ကြေမွပျက်ဆီးသွားပြီး ဘာမှသုံးစားမရတော့အောင် ဖြစ်သွား၏။
သာလွန်အဆင့်ဓါးပျံများသာလျှင် အကောင်းအတိုင်းကျန်၏။ သို့သော် သူတို့သည်လည်း ဖယောင်းမီးဓါးဝင်္ကပါ၏ စွမ်းအားနှင့် လွင့်စင်ထွက်သွားဆဲဖြစ်ပြီး အရောင်မှိန်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်၏။
ဆူဇီမိုသည် ရန်သူများနှင့် ရင်ဆိုင်ရာတွင် ဖယောင်းမီးဓါးဝင်္ကပါကို ထုတ်သုံးသည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။ ဤဓါးဝင်္ကပါ၏ စွမ်းအားက သူစိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေသေး၏။
ဖက်တီးလေးသည် ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိ၏။
ဆက်တိုက် ရိုက်ပုတ်နေရသောကြောင့် ဓါးဝင်္ကပါ၏ အလင်းရောင်က သိသိသာသာ မှိန်ကျလာသော်လည်း အဲ့ဒါက ဆက်လက်လည်ပတ်နေဆဲဖြစ်၏။
အဲ့ဒါက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို စုတ်ဖြဲပစ်ချင်နေသည့်အလား.. လည်ပတ်နေဆဲဖြစ်၏။
တိုက်ခိုက်လိုက်သောကျင့်ကြံသူများသည် ထိုသည်ကို မြင်လိုက်ရသောအခါ.. သူတို့၏ မျက်နှာများက သွေးမရှိတော့ပေ။ ဆူဇီမိုက ထိုဓါးစက်ကြီးကို သူတို့လှမ်းပစ်လိုက်မည်ကို စိုးသောကြောင့် သူတို့အားလုံးသည် တိတ်ဆိတ်ငြိမ်သက်နေကြ၏။
ထိုခဏ၌ ဆူဇီမိုသည် သူ့မျက်လုံးများကို မှိတ်ချလိုက်၏။ သူ့စိတ်က ချက်ချင်းတည်ငြိမ်သွားပြီး ဗလာနတ္တိဖြစ်သွား၏။
ဆူဇီမို၏ ဘေးပတ်လည်တွင် အချိန်က အေးခဲရပ်တန့်သွားသည်ဟု ထင်ရ၏။ ထို့နောက် သူ့အတွေးစိတ်ကူးများက အလွန်တရာ မြန်ဆန်စွာနှင့် တစ်ခုပြီးတစ်ခု ပေါ်လာ၏။
ထိုအချိန်တွင် ရွေးချယ်ဆုံးဖြတ်မှုတိုင်းက နောက်ဆုံးရလဒ်ကို အကျိုးသက်ရောက်စေပေလိမ့်မည်။
ဧကရာဇ်နှင့် အခြားသူများ ပြောခဲ့ကြသလိုပင်.. သူ့အနေနှင့် ဒြပ်စင်ငါးမျိုးထီးထဲတွင် ဖုန်ဟောက်ယွီကို သတ်ဖို့က မဖြစ်နိုင်ပေ။
အဲ့ဒါက ဆူဇီမို၏ ခွန်အားက လုံလောက်အောင် မသန်မာသောကြောင့် မဟုတ်ပေ။ ဖုန်ဟောက်ယွီမှာ ကျောက်စိမ်းအဆောင်တစ်ခုရှိပြီး သူက အချိန်မရွေး ထွက်ပြေးနိုင်သောကြောင့် ဖြစ်လေသည်။
ထို့ကြောင့် ဆူဇီမိုသည် ဖုန်ဟောက်ယွီကို သတ်ချင်သည်ဆိုလျှင် တစ်ချက်တည်းနှင့် အပြီးသတ်နိုင်မှ ဖြစ်လေမည်။
ဖုန်ဟောက်ယွီကလည်း အရူးမဟုတ်ပေ။ ဆူဇီမို၏ ရိုက်ချက်က လွဲချော်သွားသည်နှင့် သူက ကျောက်စိမ်းအဆောင်ကိုသုံး၍ သေချာပေါက် ထွက်ပြေးပေမည်။
ဖယောင်းမီးဓါးဝင်္ကပါ၏ စွမ်းအားက ကြီးမားသော်လည်း အဲ့ဒါက ဖုန်ဟောက်ယွီကို တစ်ချက်တည်းနှင့် သတ်နိုင်မည် မဟုတ်ပေ။
ပထမတစ်ချက် ဖုန်ဟောက်ယွီက မရီးဒါန်ငါးခုအခြေတည်အဆင့်ဖြစ်၏။ နောက်ပြီး သူ့မျက်လုံးထဲတွင် အစိမ်းဖျော့ဖျော့ အရောင်ရှိနေသောကြောင့် သူက သွေးကျီးကန်းနန်းတော်၏ လျှို့ဝှက်ပညာရပ်အချို့ကို ကျင့်ကြံထားပုံရ၏။ ထို့ကြောင့် သူ့မှာ တခြားဝှက်ဖဲများ ရှိနေနိုင်၏။
ဒုတိယတစ်ချက်.. ဖုန်ဟောက်ယွီသည် ဆန်းကြယ်တောင်ပံများကို ကျင့်ကြံထားသောကြောင့် အလွန်တရာ ပေါ့ပါးဖျတ်လတ်၏။ သူက ဖယောင်းမီးဓါးဝင်္ကပါ၏ ထက်ရှမှုကိုပင် ရှောင်နိုင်လောက်၏။
ဖယောင်းမီးဓါးဝင်္ကပါက ဖုန်ဟောက်ယွီကို သတ်ဖို့ မလုံလောက်သော်လည်း အခြားတစ်ယောက်ကို သတ်ဖို့တော့ လုံလောက်၏။
ရုတ်တရတ်..
ဆူဇီမိုသည် သူ့မျက်လုံးကို ဖွင့်လိုက်ပြီး နတ်မြင်းလျှပ်တစ်ပြက် ပြေးထွက်ခြင်းဖြင့် ဖုန်ဟောက်ယွီထံ ပြေးချသွား၏။ သို့သော်လည်း သူ့လက်က အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ ဟယ်ကျင်းကို ညွှန်လိုက်ပြီး အော်ဟစ်လိုက်၏။
“လျှပ်တစ်ပြက်မိုးကြိုး”
ဝုန်း..
ဝုန်းကနဲ မြည်သံကြီးက ထွက်ပေါ်လာ၏။
လက်မောင်းလုံးလောက်ရှိသော လျှပ်စီးကြောင်းကြီးက ဟယ်ကျင်း၏ ခေါင်းပေါ်သို့ ကျဆင်းလာ၏။ သို့သော်လည်း ထိုလူက အလွန်သတိထားနေသောကြောင့် သူ့လက်ထဲက ကာကွယ်ရေးအဆောင်ကို ချက်ချင်းပင် ချိုးဖျက်လိုက်၏။
ချပ်.. ချပ်.. ချပ်..
လျှပ်တစ်ပြက်မိုးကြိုး၏ စွမ်းအားနှင့် ကာကွယ်ရေးအဆောင်၏ စွမ်းအားတို့ ထိတွေ့မိသွားကြ၏။ အဆောင်ကနေ ဖြစ်ပေါ်လာသော အကာအကွယ်အလင်းအိမ်သည် ချက်ချင်းပင် အက်ကွဲကြေမွသွား၏။
ချွင်.ချွင်..
ဟယ်ကျင်းသည် အသက်ပင် မရှုနိုင်သေးခင်မှာပင်.. ဖယောင်းမီးဓါးဝင်္ကပါမှ အလွန်တရာထက်ရှသော ဓါးချီများက ထွက်ပေါ်လာပြီး သူ့ထံသို့ ပြေးဝင်လာ၏။
ဟယ်ကျင်းသည် သွေးပျက်သည်အထိ ထိတ်လန့်တုန်လှုပ်သွားပြီး သူ့မျက်လုံးများက အဆုံးမဲ့ ကြောက်ရွံ့မှုများဖြင့် ပြည့်လာ၏။
ထိုအချိန်မှသာ သူနားလည်လိုက်၏။
ဆူဇီမို၏ စောစောက လျှပ်တစ်ပြက်မိုးကြိုးက သူ့ကိုသတ်ဖို့ မရည်ရွယ်.. သူ့ကို နေရာကနေ မရွေ့အောင် ထိန်းထားရုံသာ။
တစ်ကယ်သတ်ဖြတ်ခြင်းတိုက်ကွက်က ယခုဝင်ရောက်လာသော ဖယောင်းမီးဓါးဝင်္ကပါပင် ဖြစ်လေသည်။
ဖယောင်းမီးဓါးဝင်္ကပါက ဝင်ရောက်လာပြီဖြစ်ပြီး အခုချိန်မှာ ရှောင်ဖို့ နောက်ကျသွားလေပြီ။
ဟယ်ရှင်း၏ ဓါးပျံကလည်း ဖယောင်းမီးဓါးဝင်္ကပါလက်ချက်နှင့် မြေပြင်ပေါ်မှာ ကျိုးပဲ့သွားပြီဖြစ်၏။ ကံကောင်းထောက်မစွာနှင့် သူ့လက်ထဲမှာ သာလွန်အဆင့် ပန်းပဲမီးဖိုတစ်လုံး ရှိနေ၏။
ဝှစ်..
ဟယ်ကျင်းသည် သူ့ဒါန်ထျန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များကို အရူးအမူးလှည့်ပတ်လိုက်သောကြောင့် သူ့မရီးဒါန်ငါးခုက လင်းလက်တောက်ပလာ၏။ ပန်းပဲမီးဖိုက အရောင်တောက်လာပြီး ချက်ချင်းပြန့်ကားသွားကာ ဟယ်ကျင်း၏ အရှေ့ကနေ ပိတ်ဆို့ကာကွယ်လိုက်၏။
ပွဲကြည့်စင်ထက်တွင် များစွာသော ရွှေအမြုတေများက ထိုမြင်ကွင်းကို မမှိတ်မသုန် စိုက်ကြည့်နေကြ၏။
စီမာကျီနှင့် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ လူတို်ငးသည် အကြောအခြင်များ တောင့်တင်းနေကြပြီး သူတို့၏ စိတ်ခံစားချက်များကို မချုပ်တည်းနိုင်ကြတော့ပေ။ သူတို့သည် အထိန်းအချုပ်မဲ့စွာနှင့် မတ်တပ်ပင် ထရပ်လိုက်မိကြ၏။
သူတို့သည် ရွှေအမြုတေများဖြစ်ကြသော်လည်း ဖယောင်းမီးဓါးဝင်္ကပါနှင့် ပတ်သတ်ပြီး သူတို့သိပ်မသိကြပေ။ ထို့ကြောင့် သူတို့ထဲမှ မည်သူမျှ သာမန်မျက်လုံးနှင့်ကြည့်ပြီး တိုက်ပွဲ၏ ရလဒ်ကို မဆုံးဖြတ်နိုင်ကြပေ။