ပန်းချီကားထဲက လောက (ခ)
Vol. 38 Ch. 569
“နံရံဆေးရေးပန်းချီတစ်ခုစီတိုင်းဟာ လောကအသေးတစ်ခုပဲ။ ဒါကြောင့် နယ်မြေဂမှာ လောကအသေးအကျဉ်းခန်း ၃၃ခန်းရှိတယ်။”
တစေလက်က ထိုသို့ပြောလိုက်သည်နှင့် ရွှီချင်း၏မျက်လုံးများတွင် အရောင်လက်သွားသည်။ သည်မတိုင်ခင်က သူသည် နံရံဆေးရေးပန်းချီများကို မြင်သောအခါ ခန့်မှန်းမိထားပြီးဖြစ်သည်။ အထူးသဖြင့် လေဟာနယ်လောကနှင့် ထိတွေ့ဆက်ဆံဖူးသောသူသည် ထိုသို့သော လောကအသေးများနှင့်ပတ်သက်၍ တုံးအခြင်း မရှိတော့ပါ။
သို့သော်လည်း သူသည် အကျဉ်းထောင်ဌာန၏စွမ်းရည်များကို အံ့အားသင့်ရသည်။
‘နယ်မြေဂမှာ အကျဉ်းခန်းကို လောကအသေးနဲ့သုံးတယ်။ ဒါဆို နယ်မြေခနဲ့ နယ်မြေကက ဘယ်လိုတောင်ဖြစ်မလဲ။”
ရွှီချင်း သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
အဖိုးအို၏စကားများသည်ကား သူ့နားထဲ ပဲ့တင်နေဆဲဖြစ်သည်။
“ဒီအဖိုးကြီးက လောကအသေး ၃၃ခုရဲ့ ပထမဆုံးလောကအကျဉ်းခန်းသခင်ပဲ။ ငါက နယ်ရုပ်တစ်ဖွဲ့ကို ဦးဆောင်ပြီးတော့ နယ်မြေဂရဲ့ ပထမဆုံးလောကကို စောင့်ကြပ်တယ်။”
“မင်းတာဝန်ဟာလည်း ပထမလောကအသေးမှာပဲ။ မင်းကျင့်ကြံဆင့်ဟာ ဝိညာဉ်သူငယ်အဆင့်ကို မရောက်သေးပေမဲ့၊ လောကအသေးရဲ့ စည်းမျဉ်းတွေကို မင်းကိုယ်တိုင်အနေနဲ့ တောင့်ခံဖို့ခက်ခဲပေမဲ့ ငါမင်းကို အဲဒီလောကထဲကို ခေါ်သွားပြီး တွေ့ကြုံခံစားစေမယ်။”
အဖိုးအိုက ပြောပြီးသည်နှင့် နံရံဆေးရေးပန်းချီထံသို့ မြူခိုးနက်တစ်စု ထွေးထုတ်လိုက်သည်။
မြူခိုးသည် နံရံဆေးရေးပန်းချီများပေါ်သို့ ရိုက်ခတ်သွားလျှင် ၎င်းတို့သည် ပို၍ အသက်ဝင်လာကြ၏။
၎င်းတို့သည် ယခင်လို နက်မှောင်နေခြင်းမရှိတော့ဘဲ ပို၍ အရောင်အဆင်းစုံလင်လာသည်။ အဆုံးသတ်၌ ၎င်းသည် အရောင်အသွေးစုံလင်စွာဖြင့် အသက်ဝင်လာကြ၏။
“သွားရအောင်…”
အဖိုးအိုက သူ၏လက်များကို နောက်တွင်ပိုက်ကာ အရောင်အသွေးစုံလင်လာသော နံရံအတွင်းသို့ ဝင်လိုက်သည်။
ရွှီချင်းလည်း အဖိုးအိုနှင့်အတူ နံရံထဲသို့ ဝင်လိုက်သည်တွင် လောကအသေး ၃၃ခု၏ ပထမလောကထဲသို့ ရောက်လာသည်။
ရွှီချင်း၏အရှေ့တွင် ပေါ်လာသည်ကား အဆုံးမရှိသော လေဟာနယ်ကြီး ဖြစ်သည်။
ထိုလေဟာနယ်ကြီးထဲ၌ အညိုရောင်ကုန်းမြေကြီးတစ်ခုသည် အနီရောင်အလင်းအတားအဆီးတစ်ခုဖြင့် ဝန်းရံထားခြင်း ခံရ၏။
၎င်းတွင် အစီအရင်ဝင်္ကပါများနှင့် အတားအဆီးများမှ ဖြစ်ပေါ်လာသော၊ မရေမတွက်နိုင်သော စာလုံးသင်္ကေတများအဖြစ် ဖွဲ့စည်းကာ ကုန်းမြေတစ်ခုလုံးကို လွှမ်းခြုံထားသော ချိပ်စည်းဖြစ်ပေါ်စေသည်။
ထို့အပြင် ထိုစာလုံးသင်္ကေတများသည် အစီအစဉ်တစ်ခုဖြင့် လင်းလက်နေကြကာ မီလီယံနှင့်ချီသော စာလုံးသင်္ကေတများအား တစ်ချိန်တည်းလင်းလက်ကာ ထာဝရလှည့်ပတ်နေစေသည်။
ထိုဝင်္ကပါအစီအရင်ချိပ်စည်းလှည့်ပတ်လျှင် ကုန်းမြေ၏ပတ်ပတ်လည်၌ ပုံရိပ်ယောင်ရုပ်တုလေးခု ဖြစ်တည်လာသည်။
ထိုရုပ်တုကြီးများသည် ဧရာမကြီးမားကာ လူသားများနှင့် ကွဲခြားခြားနား၏။ ၎င်းတို့မှာ ကြမ်းကြုတ်ရက်စက်သော သားရိုင်းကြီးများနှင့် တူကြသည်။
သူတို့၏ဦးခေါင်းများမှာ ကုန်းမြေတစ်ခုလုံး၏အရွယ်အစားခန့် ရှိကြသည်။ သူတို့သည် မြောက်အရပ်၊ တောင်အရပ်၊ အရှေ့အရပ်နှင့် အနောက်အရပ်တို့၌ တည်ရှိကြသည်။ သူတို့က ခေါင်းကို တပြိုင်နက်တည်းငုံ့ကာ ကုန်းမြေကြီးအား စိုက်ကြည့်နေကြ၏။
သူတို့၏အကြည့်စုစည်းသွားလျှင် နေနှင့်လတို့အဖြစ် ပြောင်းလဲဖြစ်ပေါ်စေသည်။
ဝင်္ကပါအစီအရင်လင်းလက်လျှင် ရုပ်တုလေးခုသည် အရပ်မျက်နှာတဖြည်းဖြည်း ပြောင်းလဲသွားပြီး နေနှင့်လကိုလည်း တစ်လှည့်စီ လည်ပတ်စေသည်။
ထိုသို့ ခမ်းနားသောမြင်ကွင်းသည် ရွှီချင်း၏ခံစားချက်အား လှုပ်ခတ်စေသည်။
“ဒါက ပထမလောကပဲ… ဒီလေဟာနယ်ဟာ ပထမရုံးတော်သခင်ကြီး လေဟာနယ်လောကထဲက နှိုက်ထုတ်လာခဲ့တာဖြစ်ပြီးတော့ ဒီနေရာက အငွေ့အသက်နဲ့ပေါင်းစပ်ပြီးတော့ ပထမလောက ဖြစ်လာတာပဲ။”
အာကာသထဲတွင် အဖိုးအိုသည် ရှေ့တွင်ရပ်ကာ လေးနက်သောလေသံဖြင့် ပြောသည်။
“မင်းက ရုံးတော်သခင်ကြီး သန့်စင်ထားတဲ့ အပြင်စည်းပေါ်က စာလုံးချိပ်စည်းကို မြင်လိမ့်မယ်။ ဒီရုပ်တုကြီးတွေဟာ ဒီလောကရဲ့ မူလကောင်းကင်တာအိုခန္ဓာတွေပဲ။”
“အခု မင်းက ဒီဝင်္ကပါအစီအရင်မှာ မင်းအမှတ်အသားကို ချန်ထားရစ်ပါ။ ဒီနည်းနဲ့မင်းဟာ အတွင်းကို ဝင်တဲ့အခါ လောကစည်းမျဉ်းတွေရဲ့ ဖိနှိပ်မှုကို ခံရမှာ မဟုတ်တော့ဘူး။”
ပြောပြောဆိုဆို အဖိုးအိုက ရှေ့ကို လှမ်းကာ ဝင်္ကပါချိပ်စည်းပေါ်သို့ ရောက်သွားသည်။ ထို့နောက် သူသည် ၎င်းကို ကျော်ဖြတ်ကာ ကုန်းမြေပေါ်သို့ သက်ဆင်းသွားသည်။
ရွှီချင်းက သူ့စကားကို ကြားလျှင် လက်ဟန်အတွဲလိုက်ပြုလုပ်လျှက် သူ၏အမှတ်အသားတံဆိပ်အား အလင်းချိပ်စည်းပေါ်၌ ရိုက်ခတ်ကာ ကုန်းမြေပေါ်သို့ သက်ဆင်းလိုက်၏။
သူတို့သည် လေထုကို ဖြတ်သန်းသွားလျှင် ကုန်းမြေသည်လည်း တဖြည်းဖြည်း ပြတ်သားကြည်လင်လာကာ ကောင်းကင်ယံထက်က တိမ်တိုက်များသို့အထိ ရောက်လာကြသည်။
သူတို့အောက်တွင်ကား အတော်လေးသေးငယ်သော တောင်တန်းလောကငယ်တစ်ခုဖြစ်သည်။
“ဒီလောကဟာ အကျဉ်းထောင်အသွင်သို့ ပြောင်းပြီးကတည်းက စည်းမျဉ်းတွေ ပြောင်းသွားပြီးတော့ အပြင်လူတွေ ဒီမှာ မျိုးမပွားနိုင်တော့ဘူး။”
အဖိုးအိုက ဖြေးလေးစွာပြောကာ ရှေ့ကို ဆက်သွားလိုက်သည်။
ရွှီချင်းနောက်မှ လိုက်သွားလျှင် သည်လောကမှာ များစွာ မသေးငယ်သည်ကို သတိထားမိသည်။ ယေဘုယျကုန်းမြေသည် အတော်လေး ကြမ်းတမ်းကာ ဝိညာဉ်ချီများမှာလည်း အလွန်ပါးလျသည်။ အမှန်တကယ်အားဖြင့် ဤနေရာသို့ ရောက်သည်နှင့် သူသည် အတော်လေးမွမ်းကျမှုကို ခံစားရ၏။
သူ့တကိုယ်လုံးအား မမြင်ရသော အားလှိုင်းတစ်ခုက ဖိနှိပ်ကာ အဆုံးမရှိသော တောင်တန်းများဖြင့် ရိုက်နှက်ထားသည့်အလား ခံစားရသည်။ သူ့ခွန်အားမှာ ကန့်သတ်ခံရကာ ၎င်းတို့အား ထုတ်ဖော်နိုင်ခြင်း မရှိတော့ပါ။
ကံကောင်းသည်ကား မကြာမီ အပြင်လောက,က ဝင်္ကပါအစီအရင်လှည့်ပတ်သွားပြီး သူသည် နဂိုမူလအခြေအနေသို့ ပြန်ရောက်ကာ သက်တေင့်သက်သာပြန်ခံစားလိုက်ရသည်။
ထိုအတွေ့အကြုံက အကျဉ်းထောင်နှင့်ပတ်သက်၍ သူ့အား ပိုမိုနားလည်စေသည်။
ဤလောကမှ ရာသီဥတုမှာ အတော်လေး ပြင်းထန်သည်။ မြင့်မားသော လေထုမှပင် အလွန်ဝေးသောအရပ်များ၌ ဖြစ်ပေါ်နေသော သဲမုန်တိုင်းများကို မြင်ရသည်။ လေသည် အရိုးကွဲမတတ် ပြင်းထန်ထက်ရှသည်။
တချို့သောနေရာများ၌ အဆိပ်မိုးများ ရွာသွန်းတတ်သေးကာ သက်ရှိများမှာ မချိမဆန့်ခံစားကြရသည်။
သံလိုက်မုန်တိုင်းများသည်လည်း မကြာမကြာ ဖြစ်ပေါ်လာတတ်သေးသည်။ တစ်ခါတစ်ရံ ကောင်းကင်တာအိုက သက်ဆင်းကာ အရာခပ်သိမ်းအား သတ်ဖြတ်၏။
“လောက ၃၃ခုမှာ မရေမတွက်နိုင်တဲ့ မျိုးနွယ်တွေနဲ့ ထူးဆန်းသက်ရှိတွေ အကျဉ်းကျနေကြတယ်။ သူတို့ဟာ ဒီလောကထဲမှာ နှိပ်စက်ခံရပြီးတော့ သူတို့ရဲ့အသက်ရှင်ခြင်းဟာ သူတို့နဲ့ မသက်ဆိုင်တော့ဘူး။ ဒီက စည်းမျဉ်းတွေအားလုံးကို အကျဉ်းထောင်ဌာနက ကိုင်တွယ်ထိန်းချုပ်တယ်။”
အဖိုးအိုက လက်ဝှေ့ယမ်းလိုက်လျှင် သဲကန္တာရမြေပြင်သည် ချက်ချင်း တောင်တန်းများအသွင်သို့ ပြောင်းလဲသွားသည်။
ထိုမျှဖြင့် မပြီးပါ။ သူက လက်ဝှေ့ယမ်းလိုက်လျှင် တောင်တန်းများ ပျောက်ကွယ်သွားပြီး အဆုံးမရှိသော ရေငွေ့များ ဖြစ်ပေါ်လာကာ ပင်လယ်အသွင်သို့ ပြောင်းလဲသွားကြ၏။ ထို့နောက် မြေပြင်သည် ပင်လယ်ဖြစ်သွား၏။
အရာအားလုံးသည် သူ၏စိတ်ဆန္ဒအတိုင်း ပြောင်းလဲရသည်။
ထိုမြင်ကွင်းကို ကြည့်ကာ ရွှီချင်း၏အမူအရာ လေးနက်သွားသည်။
“အကျဉ်းထောင်က လူတွေကို ကြောက်လန့်စေတာလဲ သိလား…”
အဖိုးအိုက ရွှီချင်းကို မေးသည်။
“ချို့တဲ့မှု…”
ရွှီချင်းက ပြောသည်။
“မှန်တယ်… သူတို့ မူလက ပိုင်ဆိုင်တဲ့အရာကနေ ချို့တဲ့စေတာ… သူတို့ပိုင်ဆိုင်တဲ့အိပ်မက်တွေနဲ့အသားကျနေပြီးနောက် ထပ်မရနိုင်တာ… ဒီနာကျင်မှုဟာ ပြင်းထန်လွန်းတယ်။”
အဖိုးအိုက ပင်လယ်ပြင်ကို ကြည့်ကာ ပြောသည်။
“ဒီကမ္ဘာ ၃၃ခုက စည်းမျဉ်းတွေဟာ လောကအသေးရဲ့စည်းမျဉ်းတွေကို သုံးပြီးတော့ အကျဉ်းထောင်ဖြစ်စေပြီးတော့ အကျဉ်းကျနေတဲ့ ဝိညာဉ်သူငယ်ကျင့်ကြံသူတွေကို တိုက်ခိုက်တာပဲ။”
“ငါတို့က သူတို့ရဲ့ကျင့်ကြံဆင့်ကို မတားဆီးထားဘူး။ သူတို့ဟာ ဝိညာဉ်သူငယ်တွေ ဖြစ်တယ်။ ဒါပေမဲ့ ဒီကမ္ဘာငယ်ရဲ့ ဝိညာဉ်သူငယ်တွေပဲ။”
“ဝမ်ကုကုန်းမြေက မီးတောက်လေးခု အခြေတည်အဆင့်ဟာ ဒီကမ္ဘာငယ်မှာတော့ ဝိညာဉ်သူငယ်အဆင့်လောက် ရှိတယ်။ ရွှေအမြုတေတစ်ခုအဆင့်စွမ်းအားဟာ ဒီနေရာမှာတော့ ဝိညာဉ်သူငယ်အလယ်အလတ်အဆင့်လောက်ရှိတယ်။”
“ဒါကြောင့် ဝမ်ကုကုန်းမြေမှာ ကြီးမားတဲ့စွမ်းအားကို ထုတ်ဖော်နေလေ့ရှိတဲ့သူတွေဟာ ဒီမှာတော့ အရမ်းနည်းပါးတဲ့စွမ်းအားကိုပဲ ပိုင်ဆိုင်ကြတယ်။ ကောင်းကင်နဲ့မြေပြင်ထဲမှာ ပိတ်ဆို့ခံထားရတဲ့ခံစားချက်ဟာ အပြင်လောကမှာ အဆုံးမရှိတဲ့လှပမှုကို ကြုံတွေ့ဖူးထားသူတွေအတွက် အပြင်းထန်ဆုံး၊ အနာကျင်ရဆုံးခံစားချက်ပဲ။”
“သူတို့အတွက် အရမ်းရိုးရှင်းတဲ့ပိုင်ဆိုင်မှုလေးတစ်ခုတောင်မှ အခုတော့ အရမ်းတန်ဖိုးရှိတဲ့အရာတစ်ခု ဖြစ်လာတယ်။”
“ဒါဟာ အကျဉ်းထောင်ဌာနက နယ်မြေဂပဲ။”
အဖိုးအိုက ရွှီချင်းအား ကြည့်ကာ အသံတိုးတိုးဖြင့် ပြောသည်။