ခြေဗလာကြိုဆိုမှု
Vol. 17 Ch. 241
သြဂုတ်လ ၂၀ ရက်နေ့ သောကြာနေ့...
ချောင်းလျန်တစ်ယောက် ကျင်းကျိုးမြို့မြေပေါ်သို့ ပထမဆုံး ခြေချလိုက်သည့်အခါ ခံစားချက်များ အလွန်ကောင်းမွန်နေခဲ့ပါသည်။
ဒီကရာသီဥတုကလည်း ပေကျင်းနဲ့ အတူတူလောက်ပဲရှိသည်။ နှစ်မြို့စလုံးက အတူတူနီးပါး ပူအိုက်ပါသည်။ သို့သော်လည်း ဒီနေ့မှ တိမ်ထူသောနေ့တစ်နေ့ဖြစ်နေ၏။ နူးညံ့သော လေပြည်လေညှင်းများလည်း တိုက်ခတ်နေသလို လွန်ခဲ့သည့် ၂ ရက်တုန်းကထက် အများကြီး ပိုအေးသလို ခံစားရပါသည်။ ချောင်းလျန်တစ်ယောက် ခပ်မြန်မြန်ပဲ သူ့ကို လာကြိုသည့် ဝန်ထမ်းကို တွေ့ရှိသွားပါသည်။ သူ ကားထဲမဝင်ခင် ဟိုတယ်ကို ဘိုကင်လှမ်းတင်လိုက်သေးသည်။
သူ့ကို လာကြိုဖို့ တာဝန်ပေးခံထားရသူက မျိုးရိုးနာမည် 'ဆွန်း' ဖြင့် လူငယ်လေးတစ်ယောက် ဖြစ်သည်။ သူက ထန်းတာ့မှ ခန့်အပ်ထားသည့် ယာဥ်မောင်းများထဲမှ တစ်ယောက် ဖြစ်ပါသည်။ သူ့ပုံစံက ထက်မြက်သည့်ပုံပေါက်ကာ သူ့အပြုအမူများက စနစ်တကျရှိသည်။ ယဥ်ကျေး ရည်မွန်မှုလည်း ရှိပါသည်။
ချောင်းလျန်က လုပ်ငန်းကား၏ ကျယ်ဝန်းသော အနောက်ခန်းတွင် ဝင်ထိုင်လိုက်ပြီး အလွန်သက်တောင့် သက်သာရှိနေပါသည်။ ကားမောင်းတာလည်း ငြိမ့်နေပြီး ဒရိုင်ဘာဆွန်းလေးက ကားမောင်း အတွေ့အကြုံအများကြီးရှိတာ သိသာပါသည်။ ဒါက ချောင်းလျန် ဒရိုင်ဘာတစ်ယောက်ကို ပိုင်ဆိုင်ထားရသလိုမျိုး ပထမဆုံး ခံစားရတာဖြစ်သည်။ ထန်းတာ့အပေါ် သူ့အထင်ကြီးမှုများလည်း ရင်ထဲမှာ တိုးမြင့်လာခဲ့ပါသည်။
ပြူတင်းမှန်အပြင်ဘက်က ရှုခင်းများကို ကြည့်ရင်း ကြည်နူးသွားမိပါသည်။ "လှလိုက်တာ"
ဒါကကျင်းကျိုးမြို့သို့ သူပထမဆုံး ရောက်ဖူးချိန်ဖြစ်သည်။ အစကတည်းက သူအများကြီး မျှော်လင့်မထားခဲ့ပေ။ သို့သော်လည်း သူရောက်လာပြီးနောက် သူစိတ်ကူးထားတာထက် အများကြီး ကြွယ်ဝ နေမှန်း သိလိုက်ရပါသည်။
ချောင်းလျန်က ပေကျင်းမှာနေခဲ့တာ အတော်ကြာပြီဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူလည်းဖြစ်သည်။ သို့သော် ငွေရှာဖို့ အသည်းအသန်ရုန်းကန်ရင်း နေထိုင်ခဲ့ရသည်။ ပေကျင်းမြို့ကြီးက ကြွယ်ဝသော်လည်း ထိုနေရာမှာ အကောင်းဆုံးခံစားချက်များ တစ်ခါမှ မရခဲ့ဖူးပေ။
သူအလွန်ဆုံး လုပ်ခဲ့ဖူးတာဆိုလို့ မော်ဒန်ဒရမ်မာများကိုကြည့်ကာ အဆင်ပြေပါက ဂီတဖျော်ဖြေပွဲများကို တစ်ခါတစ်လေ တက်ရောက်ခြင်းသာဖြစ်သည်။ ဒါတွေကလွဲပြီး ပေကျင်းမြို့က တခြား သာမန် ဒုတိယအဆင့်ရှိ မြို့တွေနဲ့ တကယ်တမ်း ဘာမှမခြားနားပေ။ တကယ်တော့ ကျင်းကျိုးမြို့ကို ရောက်လာတော့ သူပိုပြီး လန်းဆန်းသွားသလိုတောင် ခံစားမိပါသည်။
အလွန်လျှင်မြန်စွာဖြင့် သူတို့ ဟိုတယ်နား ရောက်လာခဲ့သည်။
"ဆရာချောင်း။။ ကျွန်တော် အရင်ချက်အင်သွားလုပ်ပေးမယ်။ ပြီးရင် အပေါ်တက်ပြီး အထုတ်ပိုးတွေ ချလို့ရပါပြီ။ ကျွန်တော် ကားပါကင်ထိုးလိုက်မယ်။ ၁၀ မိနစ်အတွင်း ဟိုတယ်အဝင်ဝမှာ တွေ့ကြမယ်။ ကုမ္ပဏီက ဒီနားလေးမှာပဲ။ ကျွန်တော်တို့ ၃ မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပါပြီ။” ဆွန်းလေးက အလွန်ယဥ်ကျေးပါသည်။ မကြာမီ အားလုံးကို အခြေချပြီးလေပြီ။ ချောင်းလျန်က ဒီတစ်ခေါက် သူ့နေထိုင်စရိတ်များအတွက် တစ်ပြားတစ်ချပ်မှ ပေးဖို့မလိုပါ။ ထန်းတာ့က အရာအားလုံးကို ထောက်ပံ့ပေးထားသည်။ သူ ဟိုတယ်၏ ၆ ထပ်မြောက်ကို ရောက်သွားတော့ ထန်းတာ့က သူ့အတွက် Suite ခန်း တစ်ခန်း ဘိုကင်တင်ပေးထားမှန်း သိလိုက်ရပါသည်။
အပြင်ဘက်မှာ ကော်ဖီစားပွဲ၊ ဆိုဖာတစ်လုံး၊ စာကြည့်စားပွဲနှင့် စာရေးစားပွဲတို့ပါဝင်သည့် အသေးစား ဧည့်ခန်းလေးတစ်လုံးရှိသည်။ ကော်ဖီစားပွဲပေါ်တွင် သစ်သီးပန်းကန်တစ်ချပ်ကိုလည်း တင်ထားသေး၏။ ဘေးတွင် ကော်ဖီဗီရို၊ ကော်ဖီစက်နှင့် အပေါ်ဆုံးတွင် ကော်ဖီဗူးများ ရှိသည်။ အသေးစား ရေခဲသေတ္တာလေးတစ်လုံးလည််း ရှိပါသေးသည်။
အထဲမှာ နံရံပြည့် ပြတင်းပေါက်များဖြင့် အိပ်ခန်းကျယ်ကြီးတစ်ခန်း ရှိပါသည်။ ရေချိုးဇလုံပါရှိသည့် ရေချိုးခန်းကျယ်တစ်ခန်းလည်း ရှိသေးသည်။
"ထန်းတာ့ရဲ့ ဘော့စ်ဖေးက သောက်ရမ်း သဘောကောင်းတာပဲကွာ။ ကြည့်ရတာ ငါလည်း တော်တော်နာမည်ကြီးတဲ့ကောင်ဖြစ်မယ်။ မဟုတ်ရင် သူ ငါ့ကို ဒီလောက် အထင်ကြီးမှာ မဟုတ်ဘူး။” ချောင်းလျန် အလွန်ဂုဏ်ယူသွားမိပါသည်။
ထိုသို့ဆိုရာမှ ချောင်းလျန်မှာ ထန်းတာ့ဂိမ်းကုမ္ပဏီက သူတို့ဂိမ်းကို ပထမဆုံး စမ်းသပ်ကစားဖို့အတွက် ဖိတ်ကြားခံရလိမ့်မည်ဟု မထင်ထားခဲ့ပါ။ သူက ထုတ်တောင် မထုတ်လုပ်ရသေးသည့် ဂိမ်းတစ်ခုကို ကစားခွင့်ရတော့မည်။
အမှန်ပင်။ သူ့ဗီဒီယိုများ၏ လွှမ်းမိုးမှုက မဆိုးလှပါ။ အထီးကျန်ကန္တာရလမ်းကို အခြေပြုကာ ထန်းတာ့၏ ကုမ္ပဏီတစ်ခုအနေဖြင့် ဖွံ့ဖြိုးတိုးတက်လာမှုကိုလည်း သူအနီးကပ်စောင့်ကြည့်နေခဲ့သည်။ သို့သော်လည်း ထန်းတာ့လို ဂိမ်းကုမ္ပဏီတစ်ခုက သူ့လို အဆင့်နိမ့် UP မာစတာကို ဒီလောက် ကောင်းကောင်းမွန်မွန် ဆက်ဆံစရာ အကြောင်း မရှိပါ။
ထို့ကြောင့် ဘော့စ်ဖေးပြသနေသည့် စေတနာမှာ ချောင်းလျန်အတွက် ပိုပြီး တန်ဖိုးရှိနေကာ သူ့ကို ကြည်နူးသွားစေပါသည်။
သူ့အလုပ်အတွက် လိုအပ်တာထက် ပိုပေးနေကြရုံတင်မကဘဲ သူ့ကို ဒရိုင်ဘာတစ်ယောက်ပင် ပေးထားပြီး ဒီလို ကောင်းကောင်းမွန်မွန် နေထိုင်နိုင်အောင်လည်း ထောက်ပံ့ပေးထားသေးသည်။
ထို့ကြောင့် ထန်းတာ့နှင့် ဘော့စ်ဖေးအပေါ် ချောင်းလျန်၏ အထင်ကြီးမှုများ အတော့်ကို တိုးမြင့်နေပြီဖြစ်သည်။
"အထီးကျန်ကန္တာရလမ်းလို စုတ်စုတ်ပြတ်ပြတ် ဂိမ်းကို ထုတ်ခဲ့တဲ့ ဂိမ်းကုမ္ပဏီတစ်ခုက တစ်နှစ်အတွင်း ဒီလို လုံးဝ ပြောင်းလဲသွားပြီး အခုလိုအခြေအနေမျိုးအထိ ရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။"
"ဘဝဆိုတာ တကယ်ပဲ ခန့်မှန်းလို့ မရပါလားနော်။"
ချောင်းလျန်က သူ့ခရီးဆောင်အိတ်ကို သိမ်းလိုက်ပြီး သစ်သီးတချို့စားလိုက်ကာ ဆိုဖာပေါ်တွင် ခဏအနားယူလိုက်ပါသည်။
သူ့မှာ ခရီးဆောင်အိတ် များများစားစားမရှိပါ။ သူ့ပါဆင်နယ် လက်ပ်တော့နှင့် တခြား ဒစ်ဂျစ်တယ်ပစ္စည်း တချို့က လွဲပြီး လျှော်ဖွပ်ပြန်ဝတ်ဖို့ ပြင်ထားသည့် အဝတ်အစားများကိုသာ ယူလာခဲ့သည်။
ဟိုတယ်က ပင်မင်းဝန်ဆောင်မှုပေးသည်။ သူ့ညစ်ပေနေသည့် အဝတ်များကို ပင်မင်းအိတ်ထဲသို့ ထည့်ထာားလိုက်ရုံသာဖြစ်ပြီး အခန်းဝန်ဆောင်မှုက ၎င်းတို့ကို ယူသွားလိမ့်မည်။ ခဏကြာလျှင် လျှော်ဖွပ်ပြီးသား အဝတ်အစားများဖြင့် ပြန်လာပါလိမ့်မည်။
သူ မလာခင်တုန်းက ဒီနေရာက နေထိုင်မှု စံနှုန်းများကို စိုးရိမ်နေခဲ့မိပါသည်။ သူ အဝတ်လျှော်ဖို့တောင် အဆင်ပြေပါ့မလားဟု စိတ်ပူခဲ့၏။ သို့သော်လည်း လက်ရှိအခြေအနေကို ကြည့်ရသလောက်တော့ သူ မလိုအပ်ဘဲ စိတ်ပူခဲ့မိခြင်းသာ ဖြစ်သည်။
သူ ဆိုဖာပေါ်မှာ အလွန်ဇိမ်ကျနေသော်လည်း တိမ်ထူသောနေ့ဖြစ်ကာ နေအလင်းရောင် သိပ်မရှိပေ။ မဟုတ်ပါက ဆိုဖာမှ နေရောင်၏ နွေးထွေးမှုကို ခံစားနိုင်သည်။ ပိုပြီးတောင် ဇိမ်ကျပါဦးမည်။
သို့သော်လည်း တိမ်ထူသည့် ရာသီဥတုက ချောင်းလျန်၏ စိတ်အခြေအနေအပေါ်သက်ရောက်မှုမရှိပါ။ ခေတ္တအနားယူပြီးနောက် အောက်ထပ်ကို ဆင်းသွားပြီး ဧရာမ ခန်းမကြီးသို့ ရောက်သွားသည်။ ထိုနေရာမှ ဆွန်းလေးက သူ့ကို ထန်းတာ့နက်ဝေါ့ခ်နည်းပညာ ကုမ္ပဏီလိမိတက်ဆီသို့ ခေါ်သွားခဲ့ပါသည်။
ဘော့စ်ဖေးကို တွေ့ရတော့မည်ဟူသော အတွေးက ချောင်းလျန်ကို တကယ်စိတ်လှုပ်ရှားစေပါသည်။
ဘော့စ်ဖေးနဲ့ သူနဲ့က အချင်းချင်းရင်းနှီးသော နားလည်မှုတစ်ခု ရှိကြသည်ဟု အမြဲတမ်းလိုလို ချောင်းလျန် တွေးမိပါသည်။ သူ့လိုလူမျိုးကသာ Game Designer လို ဂိမ်းမျိုး၏ နောက်ကွယ်က လေးနက်သည့် အဓိပ္ပာယ်နှင့် ဟန်ဆောင်ခြင်း အနုပညာ မားကတ်တင်းအကြောင်းတို့ကို နားလည်နိုင်လိမ့်မည်။
သူ့ကြောင့်သာ မဟုတ်ပါက ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်တွေ ဘယ်လောက်ကြာကြာ အထင်လွဲခံနေရဦးမလဲ မသိပါ။
ထိုသို့ ဆိုကာမှ ဘော့စ်ဖေးလည်း ထိုအတိုင်းပဲ တွေးနေမှာပဲမလား။
ဆိုရိုးစကားတစ်ခုရှိသည်။ လူတစ်ယောက် အကြောင်းကို သေသေချာချာ နားလည်သည့် လူတစ်ယောက်ကို ရှာဖွေဖို့ အလွန်အမင်း ခက်ခဲသည်။ ဘော့စ်ဖေးက နက်ရှိုင်းသည့် အဓိပ္ပာယ်များ ပါဝင်သည့် ဂိမ်းများကို ဖန်တီးရတာ သဘောကျသည်။ သူ့အကြောင်း ကောင်းကောင်း နားလည်သူကို ရှာတွေ့ဖို့ အလွန်ခက်ခဲလိမ့်မည်ဟု ချောင်းလျန် ခန့်မှန်းမိပါသည်။
ထို့ကြောင့်ပဲ ဘော့စ်ဖေးက သူ့ကို အလွန်ဝေးကွာသော ပေကျင်းမှ ခေါ်ယူပြီး ဂိမ်းသစ်ကို ပထမဆုံး စမ်းသပ်ကစားခိုင်းခြင်းဖြစ်နိုင်ပါသည်။ ချောင်းလျန်က ဆွန်းလေးနောက်မှ ထန်းတာ့ရုံးခန်းထဲကို လိုက်သွားရင်း ဆက်လက် စိတ်ကူးယဥ်နေမိသည်။
သူ့ပထမဆုံးအတွေးကတော့ 'ကျယ်ဝန်းလိုက်တာ'။
ဒီက အလုပ်ပတ်ဝန်းကျင်ကြီးက ကြောက်ဖို့ ကောင်းလှပါသည်။ ဝန်ထမ်းတစ်ယောက်ချင်းစီတိုင်း ရရှိသည့် အကျယ်အဝန်းကို ကြည့်ခြင်းအားဖြင့် ဒီကုမ္ပဏီက ငွေမရှားပါးမှန်း သိသာပါသည်။ ထို့အပြင် ကုမ္ပဏီ တစ်ရုံးလုံးကလည်း သက်ဝင်ပြီး လွတ်လပ်လှပါသည်။ တခြားကုမ္ပဏီတွေလို အသက်မဲ့ပြီး အုံ့မှိုင်းမနေပါ။
ချောင်းလျန်က ကုမ္ပဏီ များများစားစားကို မရောက်ဖူးသော်လည်း တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် အလုပ်အင်တာဗျူးများကို ဖြေဆိုခဲ့ဖူးပါသည်။ ဗီဒီယိုဝက်ဘ်ဆိုက်များပေါ်မှာလည်း ရုံးပေါင်းစုံ၏ ဗီဒီယိုများကို မြင်ဖူးသည်။ ကုမ္ပဏီအများစုက မွန်းကြပ်ဖို့ကောင်းပြီး ပျင်းရိစရာ ပတ်ဝန်းကျင်များကို ပိုင်ဆိုင်ထားသည်။
သို့သော်လည်း ဒီနေရာကြီးကတော့ လုံးဝ ခြားနားပါသည်။
ဝန်ထမ်းတိုင်းက စိတ်အေးလက်အေး ဖြစ်နေသည်။ မုန့်ပဲသရေစာများ စားကြပြီး ကော်ဖီများ သောက်ရင်း အလုပ်လုပ်နေကြသည်။ သို့သော်လည်း သူတို့အလုပ်လုပ်သည့်အခါ အာရုံစိုက်ထားသည့်ပုံပေါ်သည်။ သူတို့၏ စိတ်အားထက်သန်မှုများအား လှုံ့ဆော်ပေးထားသလိုပင်။
ပထမတော့ သူတို့ သရုပ်ဆောင်နေတာဟု ချောင်းလျန် သံသယဖြစ်မိပါသည်။ သို့သော်လည်း ထပ်စဥ်းစားကြည့်သောအခါမှ သူ့ကိုယ်သူ အထင်ကြီးလွန်နေပါသည်။ သူက အသေးစား UP မာစတာလေးတစ်ယောက်သာ ဖြစ်သည်။ သူက အထက်အရာရှိလည်း မဟုတ်သလို နာမည်ကြီးမီဒီယာက ပုဂ္ဂိုလ်လည်း မဟုတ်ပါ။ သူ့ရှေ့မှာ တခြားသူတွေ ဒီလို သရုပ်ဆောင်ဖို့ လိုအပ်ပါ့မလား။
ထို့အပြင် အားလုံးက အလွန်အေးအေးဆေးဆေး ဖြစ်နေသဖြင့် သူတို့ သရုပ်ဆောင်နေတာ လုံးဝ မဖြစ်နိုင်သလောက် ရှိသည်။
ချောင်းလျန်က အခု ဘော့စ်ဖေးကို ပိုပြီးတောင် စိတ်ဝင်စားလာပါသည်။ ဒီကုမ္ပဏီက ဒီလို သင့်သင့်မြတ်မြတ် အခြေအနေမျိုးနဲ့ လည်ပတ်နိုင်တယ်ဆိုတာ ဘော့စ်ဖေးက ထူးချွန်သည့် ဒီဇိုင်နာတစ်ယောက်ဖြစ်ရုံသာမကဘဲ ထူးချွန်သည့် မန်နေဂျာတစ်ယောက်လည်း ဖြစ်သည့်သဘောပင်။
ဒါဆို သူ့ရဲ့ သရုပ်မှန်က ဘာလဲ။
ဆွန်းလေး ဘော့စ်ဖေး၏ ရုံးခန်းကိုရောက်တော့ တံခါးကို သိမ်မွေ့စွာ ခေါက်လိုက်ပါသည်။
"ဘော့စ်ဖေး ဆရာချောင်း ရောက်လာပါပြီ။"
ဖေးချမ့်က အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းကို ကစားနေပြီး အလွန် စိတ်ရှုပ်ထွေးနေချိန် ဖြစ်သည်။ ပြောရမည်ဆိုလျှင် သူက အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းကို ကစားနေသည့်အချိန်တိုင်း သူ စိတ်မရှုပ်သည့် အခိုက်အတန့်မျိုး မရှိပါ။
အချိန်တိုင်း သူ နှိပ်စက်ခံနေရသလို ခံစားရသည်။ ဖေးချမ့်က ဒီဂိမ်းကို ဘာဖြစ်လို့ အစကတည်းက ဖန်တီးခဲ့တာလဲဟု သူ့ကိုယ်သူ မေးခွန်းပြန်ထုတ်မိသည်။ ထို့နောက် သူ့မှတ်စုစာအုပ်ကို ထုတ်ပြီး နာမည်စာရင်းများကို ဖတ်ကြည့်လိုက်သည်။ ဒီစာရင်းထဲက လူတွေနဲ့ သူ့မှာ ရှိတဲ့ ရန်ငြှိုးကို အမှတ်ရနေစေဖို့ ဖြစ်ပါသည်။ ဆရာချောင်းရောက်လာပြီဟု ကြားလိုက်ရသောခါ သူ့ဂိမ်းခလုတ်ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး မတ်တပ်ရပ်လိုက်ပါသည်။
နောက်ဆုံးတော့ ရောက်လာပြီပေါ့။ မင်းသာ နည်းနည်းနောက်ကျရင် ငါသည်းခံနိုင်တော့မှာ မဟုတ်ဘူး။
အပြင်ဘက်မှာ ရုံးခန်းထဲက ဝုန်းဟူသော အသံကို ဆရာချောင်း ကြားလိုက်ရသည်။ ဘာနဲ့ ဘာတိုက်မိသွားတာများလဲဟု စဥ်းစားမိ၏။ ချောင်းလျန်၏ မျက်နှာပေါ်တွင် အပြုံးကျယ်ကျယ်တစ်ခု ပေါ်လာပါသည်။
ဘော့စ်ဖေးက ငါ့ကို အရမ်းအထင်ကြီးတာပါလား။
ရှေးခတ်တုန်းက ရှုယောင်ကို ချောင်းချောင်းက ခြေဗလာ ကြိုဆိုခဲ့ဖူး၏။ ရှင်းရှင်းပြောရလျှင် ရှုယောင် ရောက်ရှိလာတော့ ချောင်းချောင်းက ဖိနပ်တောင် မစီးဘဲ သူ့ကို ထွက်ကြိုဆိုခဲ့သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ လက်ရှိအခြေအနေကလည်း ထိုနည်းလည်းကောင်း ဖြစ်လောက်သည်။
ဘော့စ်ဖေး အထဲမှာ ဘာတွေလုပ်နေသလဲ မသိဘူး။ ဒါပေမယ့်ကြည့်ရတာ သူ့လက်ထဲမှာ ရှိတဲ့ပစ္စည်းကို ပစ်ချပြီး ငါ့ကိုလာကြိုဆိုတာဖြစ်မယ်။ ဒါသူငါ့ကို ဘယ်လောက် အထင်ကြီးသလဲဆိုတာ ပြသလိုက်တာပဲ။
ချောင်းလျန် ရှက်တောင် ရှက်လာပါသည်။
ဘော့စ်ဖေးဆီက ဒီလို အလေးပေးမှုမျိုး ထိုက်တန်အောင် ငါဘာများလုပ်ခဲ့မိလို့လဲ။ ရှက်လိုက်တာ ရှက်လိုက်တာ။