နှိုင်းယှဥ်ကြည့်မှ ပျော်စရာကို တွေ့ရတတ်တယ်
Vol. 17 Ch. 243
ကျင်းကျိုးမြို့ကို ကိုယ်ရေးကိုယ်တာ ကိစ္စတချို့ ရှင်းလင်းဖို့အတွက် သူ လာရောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကျန်းကျုထျင်၏ Weibo တွင် မြို့ထဲ၌ အလွန်ကောင်းမွန်သည့် စားဖိုဆောင်တစ်ခု ရှိသည်ဟု တိုက်တိုက်ဆိုင်ဆိုင် မြင်ခဲ့ရ၏။ ထို့ကြောင့် သူ စမ်းစားကြည့်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။
အခုတော့ အခုဖြစ်ပျက်နေသည့်အရာများကြောင့် အလွန်စိတ်တိုင်းမကျဖြစ်နေပါသည်။
"ဒီနေ့ညအတွက် ကြိုအော်ဒါတင်လို့ရမလား" ကောင်လေးက စိတ်လျှော့ထားဖို့ အကောင်းဆုံး ကြိုးစားနေခဲ့သည်။
စားပွဲထိုးကလည်း တောင်းပန်သည့်ပုံစံဖြင့် ပြန်ပြောလိုက်ပါသည်။ "စိတ်မကောင်းပါဘူးဆရာ ဒီနေ့ညအတွက် ဘိုကင်တင်ထားတဲ့သူ ရှိပြီးသားမို့လို့ပါ။ ဟင်းချက်ပစ္စည်းတွေကို တင်သွင်းဖို့ လိုအပ်တဲ့ အချိန်အရဆို မနက်ဖြန်ည သို့မဟုတ် မနက်ဖြန် သန်ဘက်ခါလောက်အတွက်တော့ အော်ဒါကြိုတင်ထားလို့ရပါတယ်။"
ကောင်လေး လုံးဝ ဆွံ့အသွားသည်။ စားပွဲထိုးနဲ့ မီနူးကို တစ်လှည့်စီကြည့်ရင်း ဆဲချင်စိတ်ကို မနည်း မျိုချထားရသည်။ နောက်ဆုံးတော့ မီနူးမှ ဟင်းလျာနှစ်ပွဲနဲ့ စွပ်ပြုတ်တစ်ပွဲတို့ကိုသာ မှာယူလိုက်ပါတော့သည်။
"ဒါတွေပဲ ပေးပါတော့" ကောင်လေးက ပြောလိုက်ပြိး မီနူးကို စားပွဲထိုးအား ပြန်ပေးလိုက်သည်။
"ကောင်းပါပြီ ဆရာ ခဏလေးပါ" စားပွဲထိုးက အော်ဒါကို မှတ်ကာ မီနူးကိုပြန်ယူလိုက်ပြီး လှည့်ထွက်သွားသည်။
ကောင်လေးက သူ့ဆဲလ်ဖုန်းကို ထုတ်လိုက်ပြီး ဒီစားသောက်ဆိုင်ကို စားသုံးသူ Review ဝက်ဘ်ဆိုက်များတွင် ရှာဖွေဖို့ ကြံလိုက်၏။ သို့သော်လည်း သူ ရှာမတွေ့ခဲ့ပါ။ စားသောက်ဆိုင်၏ တည်နေရာကို သူ့ဖုန်းထဲက မြေပုံမှာတောင် ရှာမရပေ။
စားပွဲပေါ်က သူ့စားပွဲနံပါတ် ရေးသားထားသည့် အမှတ်အသားပေါ်မှာလည်း ယဥ်ယဥ်ကျေးကျေး အသိပေးချက်တစ်ခု ရေးသားထားပါသည်။ 'ဟင်းလျာများကို အပြည့်အဝ ခံစားနိုင်ဖို့အတွက် ကျေးဇူးပြုပြီး ဓာတ်ပုံမရိုက်ပါနှင့်' ဟူ၍ဖြစ်ပါသည်။
ကောင်လေးက မီနူးပေါ်မှ ဟင်းလျာကောင်းအားလုံးကို ကြိုတင်အော်ဒါတင်ရမည့် အကြောင်းကိုလည်း တွေးမိပါသေးသည်။ သူ ကြိုတင်အော်ဒါတင်စရာမလိုသည့် ဟင်းလျာအားလုံးက တခြားစားသောက်ဆိုင်တွေမှာတောင် ရနိုင်သည့် သာမန်ဟင်းလျာများ ဖြစ်ကြသည်။ ထို့အပြင် ဟင်းလျာ အားလုံး၏ စျေးက မြင့်မားလွန်းပါသည်။
"... မဟုတ်မှလွဲရော ငါအလိမ်မိသွားပြီလား။"
ကောင်လေး ပိုပြီးစဥ်းစားမိလေလေ စိတ်မသက်သာသလို ပိုခံစားလာရလေလေဖြစ်သည်။ ဒီစားသောက်ဆိုင်ကြီးက တစ်ခုခုတော့ ထူးဆန်းနေပါသည်။
သူ့နာမည်က ရှုကျားပင်ဖြစ်ပြီး ရှုယွမ်ချင်းဟုအမည်ရသည့် သူဌေးကြီးတစ်ယောက်၏ သားဖြစ်ပြီး ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်လည်း ဖြစ်သည်။ သူ့အဖေလိုပဲ အဆင့်အတန်းမြင့်မားပြီး ဝင့်ကြွားလွန်းကာ သူက နောက်မှပေါ်ထင် ရွှေကြာပင်တစ်ယောက် ဖြစ်တာကိုလည်း လူထုရှေ့ချပြရမှာ မရှက်ပါ။
ရှုကျားပင်က အလွန်ချမ်းသာသည်။ ထို့ကြောင့် အရင်တုန်းကလည်း စားဖိုဆောင်များစွာတွင် စားသုံးဖူးပါသည်။ ဒီအဆင့်မြင့် စားဖိုဆောင် အများစုတွင် ထူးဆန်းသည့် စည်းမျဥ်းစည်းကမ်းများ ရှိတတ်တာကိုလည်း သိသည်။
သို့သော် ဒီလိုမျိုး စည်းမျဥ်းစည်းကမ်းပေါင်းများစွာ ရှိသည့် စားဖိုဆောင်ကိုတော့ မမြင်ဖူးသလောက်ကို ရှားပါသည်။
သူ့ကို ပိုပြီး သဘောမတွေ့ဖြစ်စေတာက စားပွဲထိုးရဲ့ အပြုအမူဖြစ်သည်။ သူက ယဥ်ယဥ်ကျေးကျေး လေသံဖြင့် အသုံးမဝင်သည့် စကားများကိုသာ ပြောနေခြင်း ဖြစ်သည်။ ဘာမှမပြောတာတောင် ပိုကောင်းပါသေးသည်။
ဒီစားသောက်ဆိုင်က ဒီလို အဆင့်အတန်းမြင့်မြင့် အလှဆင်ထားပြီး ကျန်းကျုထျင် ထောက်ခံပေးထားတာသာ မဟုတ်ရင် သူ စားပွဲခုံကို ထုရိုက်ပြီး ပြန်သွားလောက်ပါပြီ။
ထိုသို့ဆိုကာမှ သူဒီကို ရောက်လာရသည့် အဓိက အကြော်င်းအရင်းက သူ့အဖေ ရှုယွမ်ချင်းက ကျန်းကျုထျင်၏ ပရိသတ်တစ်ယောက်ဖြစ်သောကြောင့် ဖြစ်ပါသည်။ အရင်တုန်းကလည်း ကျန်းကျုထျင်ကို စားဖွယ်ရာများစွာ ဧည့်ခံဖူးသည်။ ထို့ကြောင့် ရှုကျားပင်လည်း ကျန်းကျုထျင်၏ Weibo အကောင့်ကို Follow လုပ်ထားပြီး ဒီစားဖိုဆောင် အကြောင်း သိလိုက်ရခြင်း ဖြစ်ပါသည်။
မဟုတ်ပါက သူရှာတွေ့မှာ မဟုတ်ပါ။
"ငါခဏလောက် စောင့်ကြည့်လိုက်ပါဦးမယ်။ အစားအသောက်တွေသာ မကောင်းဘူးဆိုရင် ဒီနေရာကြီးကို Weibo ပေါ် တင်ပစ်မယ်။"
ရှုကျားပင်မှာလည်း ကိုယ်ကျင့်တရား ရှိပါသည်။ လူကောင်းတွေကို အပုပ်ချမှာ မဟုတ်ပါ။ ထို့ကြောင့် သူစောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
သူ မှာယူလိုက်သည့် ဟင်းလျာနှစ်ခုက စားလို့ ကောင်းပါက နောက်နေ့ သို့မဟုတ် သန်ဘက်ခါအတွက် ကြိုတင်ဘိုကင်တင်ပြီး သူတို့၏ ပိုကောင်းသည့် ဟင်းလျာများကို မြည်းစမ်းကြည့်မည်ဖြစ်သည်။
နာရီဝက်ခန့်ကြာသောအခါ ရှုကျားပင် မှာယူလိုက်သည့် အစားအသောက်များ နောက်ဆုံးတော့ ရောက်လာပါပြီ။ လုံကျင်းပုစွန်ကြော်၊ ဝက်ဝမ်းဗိုက်သားပိရမစ်နှင့် ဂန္ဓမာတို့ဟူးစွပ်ပြုတ်တို့ကို မှာယူထား၏။
တစ်ပွဲစီမှာ နည်းနည်းလေးသာ ပါသည်။ အစားအသောက်များက စျေးတော့ မပေါပါ။
"ဟင်းလျာ တည်ခင်းပေးတာတော့ မနှေးဘူးပဲ။"
ဝက်ဝမ်းဗိုက်သားပိရမစ်က ပြင်ဆင်ရတာ ပိုကြာမှန်း ရှုကျားပင် သိပါသည်။ စားပွဲထိုးတွေက ဝက်သားကို လှီးရရုံတင်မကဘဲ နှပ်လည်း နှပ်ရသေးသည်။ နာရီဝက်က အတော်လည်း တိုတောင်းသော အချိန် ဖြစ်ပါသည်။
ထို့အပြင် သူ့အစားအသောက်များကို တည်ခင်းပေးဖို့ စောင့်နေစဥ် ခံတွင်းမြိန်စာတချို့လည်း စားခဲ့ရပါသေးသည်။ အရသာက အတော်လေးကောင်းကာ သူ့အစားအသောက်များကို စောင့်နေရသည့်အတွက် ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုနှင့် စိတ်ရှုပ်မှုများကို အောင်မြင်စွာ ဖယ်ရှားပေးလိုက်နိုင်သည်။
"ဒီနေရာကြီးက အလိမ်အညာ ဟုတ် မဟုတ် မကြာခင် သိရတော့မှာပေါ့ကွာ။”
ရှုကျားပင်က စားပွဲထိုး တည်ခင်းပေးထားသည့် ဟင်းလျာနှစ်ခုကို ကြည့်လိုက်သည်။
သူက ဝက်ဝမ်းဗိုက်သားပိရမစ်နဲ့ ဂန္ဓမာတို့ဟူးစွပ်ပြုတ်တို့ကို တမင်မှာယူထားခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဒီဟင်းလျာနှစ်မျိုးစလုံးက စားဖိုမှူးတစ်ယောက်၏ စကေးနဲ့ နည်းပညာများကို အဆုံးအဖြတ်ပေးနိုင်မှန်း သူသိထားသောကြောင့်ပင်။
"ဟ... ဘယ်ဆိုးလို့လဲ။"
ဟင်းလျာနှစ်ခုကို ကြည့်လိုက်ရုံနဲ့ မျက်လုံးများကို ဝိုင်းစက်သွားစေပါသည်။ ဝက်ဝမ်းဗိုက်သား ပိရမစ်ကိုလုပ်ဖို့အတွက် စားဖိုမှူးးက အသားများကို အပြင်မှ အတွင်းဘက်သို့ တစ်လွှာချင်း တစ်လွှာချင်း လှီးရမည်။ အသားပြားများကို ပဲ့သွားစေလို့မဖြစ်ဘဲ အထူတူညီအောင်လည်း သေချာ ထိန်းရမည်။ နောက်ဆုံးတော့ ၎င်းတို့ကို ရှည်လျားပြီး သေသပ်သည့် အကြောင်းများအဖြစ် ထပ်လှီးပြီး အထူးပုံစံခွက်တစ်ခုထဲထည့်ကာ အလွှာတိုင်းကို လိပ်လိုက်ပြီး ပိရမစ်ပုံစံတစ်ခုဖြစ်လာအောင် စီစဥ်ရပါသည်။
ဂန္ဓမာတို့ဟူးစွပ်ပြုတ်ကို ပြုလုပ်ဖို့အတွက် တစ်ဖက်မှာတော့ စားဖိုမှူးက တို့ဟူးလုပ်ပြီး ၎င်းကို ၁၀၈ ကြိမ်တိတိ ရေပြင်ညီအတိုင်း လှပသော အကြောင်းလေးများဖြစ်အောင် လှီးရမည်။ ထိုအကြောင်းများ၏ အထူကိုလည်း တူညီအောင် သတိထားရမည်။ ထို့အပြင် စားဖိုမှူးက အကြောင်းတစ်ခုကိုတောင် ပဲ့သွားအောင် လုပ်လို့ မရပါ။ ထို့နောက် ထိုတို့ဟူးအကြောင်းများကို ရေထည့်ထားသည့် ပန်းကန်လုံးတစ်လုံးထဲထည့်ကာ ဂန္ဓမာပန်းပုံစံ ပုံဖော်ရမည်။ ရှုကျားပင် ဒိဟင်းလျာတွေကို မှာလိုက်ရခြင်းကဒီစားသောက်ဆိုင်က သူ့ဂုဏ်သတင်းနဲ့တိုက်တန်ရဲ့လား အလိမ်အညာလားဆိုတာကို သိဖို့သာ ဖြစ်သည်။
ဝက်ဝမ်းဗိုက်သားပိရမစ်နှင့် ဂန္ဓမာတို့ဟူးတို့ကို ဆိုးဆိုးရွားရွား ဖြစ်သွားပါက လိုရမယ်ရ လုံကျင်းပုစွန်ကြော်ကို မှာယူလိုက်ရခြင်း ဖြစ်သည်။ အနည်းဆုံးတော့ သာမန် အိမ်ချက် အစားအစာတစ်ခုကို အရန်အနေနဲ့ စားသုံးနိုင်လိမ့်မည်။
သို့သော်လည်း သူအံ့အားသင့်သွားရတာကတော့ ဒီဝက်ဝမ်းဗိုက်သားပိရမစ်နှင့် ဂန္ဓမာတို့ဟူးတို့က သူမျှော်လင့်ထားတာထက် အများကြီး ပိုသာလွန်နေခြင်းပင်။
ဟင်းလျာနှစ်ပွဲဲစလုံးက စားဖိုမှူး၏ ဓားကိုင် စွမ်းရည်ကို အဆုံးအဖြတ်ပေးသည်။ ၎င်းတို့၏ ဓားကိုင်စွမ်းရည်များကို နှစ်ဆယ်ချီပြီး လေ့ကျင့်ထားသည့် ပထမအဆင့် စားဖိုမှူးများသာ ဒီလို ပြီးပြည့်စုံမှုမျိုးကို ဖန်တီးနိုင်မည်ဖြစ်သည်။
ထို့အပြင် ဒီဟင်းလျာတွေအတွက် ကန့်သတ်ချက်ဆိုတာမရှိပါ။ ဥပမာအားဖြင့် ဝက်ဝမ်းဗိုက်သားပိရမစ်အတွက် အသားကို ပိုပြီးပါးလွှာအောင် လှီးလေလေ အလွှာတွေ ပိုရလေလေ ဖြစ်သည်။ ပုံမှန်ဆို သာမန် ဝက်ဝမ်းဗိုက်သား ပိရမစ်တစ်ခုတွင် အလွှာ ၉ လွှာသာ ပါတတ်သည်။ သို့သော် ရှုကျားပင်ရှေ့ရှိ ဟင်းလျာမှာတော့ အလွှာ ၁၇ လွှာတောင် ပါရှိပါသည်။ ပုံစံကိုကြည့်လိုက်ရုံနဲ့ ရှုကျားပင် မြင်နေကျ ဝက်ဝမ်းဗိုက်သားပိရမစ်များထက် အများကြီး ပိုကောင်းနေပြီဖြစ်သည်။ ရှုကျားပင် မနေနိုင်တော့ဘဲ သူ့တူများဖြင့် ပုစွန်ကြော်တစ်ကောင်ကို ယူလိုက်ပါသည်။ ပုစွန်ကြော်က နူးညံ့ပြီး အိစက်လွန်းပါသည်။ လုံကျင်းမွှေးရနံ့လေးလည်း ပါသေးသည်။ ဒီဟင်းလျာက ယွမ် ၃၀၀ နီးပါး ကုန်ကျသော်လည်း တစ်ပြားမှ မလျော့ တန်သည်ဟု ရှုကျားပင်ခံစားမိပါသည်။
အရင်တုန်းက ဟန်ကျိုးမြို့မှ အလွန်ကောင်း ဆိုသော တရုတ်စားသောက်ဆိုင်တစ်ဆိုင်တွင် ဒီဟင်းလျာကို စားဖူးပါသည်။ ဒီတစ်ခုနဲ့ အရသာ အလွန်တူညီသည်။
ထို့နောက် ဝက်ဝမ်းဗိုက်သားပိရမစ်နှင့် ဂန္ဓမာ တို့ဟူး ဟင်းတို့ကိုလည်း မြည်းကြည့်လိုက်သည်။ အရသာက သူ့ကို စိတ်မပျက်စေပါ။ အားလုံး၏ အရသာက ပြီးပြည့်စုံလွန်းပါသည်။
စားသောက်ဆိုင်၏ နွေးထွေးပြီး သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်အခြေအနေနှင့် ပေါင်းလိုက်ပါက အစတုန်းက သူ နားလည်မှုလွဲခဲ့မိသည်ဟု ရှုကျားပင်ခံစားသွားရပါသည်။
ဟင်းလျာတွေကို ဒီလိုမျိုး အောင်အောင်မြင်မြင် ဖန်တီးနိုင်ဖို့အတွက်က စားသောက်ဆိုင်မှာ မိုင်ပေါင်းထောင်ချီကွာဝေးသော ဟန်ကျိုးမြို့မှ အတော်ဆုံး စားဖိုမှူးများကို ငှားယူခဲ့ရသည်။ ကျင်းကျိုးမြို့တွင် ဒီလိုပါရမီရှင်မျိုး မွေးထုတ်နိုင်ဖို့က မဖြစ်နိုင်ပါ။
ပိုအရေးကြီးတာက မီနူးပေါ်က ဟင်းလျာများက ဟန်ကျိုးဒေသ အစားအစာများပင် မဟုတ်ဘဲ တခြား ဟင်းလျာအမျိုးအစားများလည်း ရှိပါသေးသည်။
ဆိုလိုရင်းက ပရော်ဖက်ရှင်နယ် စားဖိုမှူး တစ်ယောက်ကို ငှားလိုက်ရုံနဲ့ လုံလောက်တော့မှာ မဟုတ်ပေ။
ဒီလိုပရော်ဖက်ရှင်နယ် စားဖိုမှူးတစ်ယောက်ကို ငွေလုံလုံလောက်လောက် မရှိဘဲခေါ်ယူလို့ မရပါ။ ဘာပဲဖြစ်ဖြစ် ဒီစားဖိုမှူးများက ၎င်းတို့၏ ကိုယ်ပိုင်မြို့တွင် အဆင့်မြင့်စားသောက်ဆိုင်များ၌ အလုပ်လုပ်ရင်း ငွေအတော်လေး ဝင်နိုင်သောကြောင့် ဖြစ်ပါသည်။ ထို့အပြင် သူတို့အိမ်နဲ့ ပိုနီးသည့် စားသောက်ဆိုင်တွေမှာလည်း သွားလုပ်နိုင်သည်။ ဘာလို့ ကျင်းကျိုးမြို့အထိ လာရမှာလဲ။
ဒီစားသောက်ဆိုင်ပိုင်ရှင်က ဒီလောက်စားဖိုမှူးအများကြီးကို အလုပ်ခန့်ဖို့အတွက် ငွေပမာဏ အများကြီး ပေးထားတာသာ ဖြစ်နိုင်သည်။
သူ့ကုန်ကျစရိတ်ကော ကာမိရဲ့လား။
ဒီ့မတိုင်ခင်က မီနူးပေါ်မှ ဟင်းလျာများက စျေးကြီးလွန်းသည်ဟု ရှုကျားပင် ထင်ခဲ့မိသည်။ သို့သော်လည်း ဟင်းလျာများကို မြည်းစမ်းပြီးနောက် လုံးဝ စျေးမကြီးမှန်း သိလိုက်ရပါသည်။ ထို့အစား စျေးတောင် သက်သာနေပါသေးသည်။
ဒီစားသောက်ဆိုင်ပိုင်ရှင်က အရင်းတောင် ပြန်ရရဲ့လား။
အဓိက ပြဿနာက ဒီစားသောက်ဆိုင်မှာ အလွန်လူသူနည်းပါးသော နေရာတွင် တည်ရှိနေခြင်း ဖြစ်သည်။ မားကတ်တင်းနှင့် ကြော်ငြာခြင်းတို့အပြင် ဝင်ပေါက်နားမှာလည်း ဆိုင်းဘုတ်တစ်ခုတစ်လေတောင် ထောင်မထားပါ။ အခုချိန်ထိ ဒီစားဖိုဆောင်၏ နာမည်ကိုတောင် ရှုကျားပင် မသိရသေးပါ။
အခုဆို နေ့လည်စာစားချိန် ရောက်နေပါပြီ။ သို့သော် ဒီလောက် စားသောက်ဆိုင်အကြီးကြီးထဲတွင် ရှုကျားပင်က တစ်ဦးတည်းသော ကတ်စတမ်မာ ဖြစ်နေပါသည်။
ဒီစားသောက်ဆိုင်က အရှုံးပေါ်နေတာများလား။
ရှုကျားပင်က ဟင်းလျာများနဲ့ သူ့ဘေးမှာ ပြုံးပြုံးကြီး ရပ်နေသေးသည့် စားဖိုမှူးကို အပြန်အလှန် ကြည့်လိုက်သည်။ နောက်ဆုံးတော့ စားသောက်ဆိုင်ပတ်လည်ကို ဝေ့ကြည့်လိုက်၏။ ပြောင်မြောက်လှသော ညစာ ပတ်ဝန်းကျင်၊ အဆင့်မြင့်၊ သေသပ်သောာ စားပွဲများ၊ ထိုင်ခုံများနှင့် ဇွန်းခွက်ပန်းကန်များ...။
"မဟုတ်မှလွဲရော ဒီနေရာကြီးရဲ့ နောက်ကွယ်မှာ ဥပဒေနဲ့ မညီတာ တစ်ခုခုများ ဖြစ်နေတာလား။"
ရှုကျားပင် ချက်ချင်း သတိကြီးလာ၏။
သို့သော် ပြန်စဥ်းစားကြည့်မှ မဟုတ်လောက်ပါ။
စားသောက်ဆိုင်က အလွတ်သက်သက်ကြီး မဟုတ်ပေ။ ကတ်စတမ်မာများ မရှိသော်လည်း သူတို့ ရောင်းချနေသည့် အစားအသောက်တွေက ပေးရတဲ့စျေးနဲ့ တန်ပါသည်။ စျေးကြီးသည့်ဘက်ကို ပိုရောက်သော်လည်း စျေးနှုန်းများက ဆီလျော်နေဆဲ ဖြစ်ပါသည်။
ဘယ်ရှုထောင့်ကကြည့်ကြည့် စားသောက်ဆိုင်က နာမည်သိပ်မကြီးခြင်းသာဖြစ်ပြီး ဘာမှ သံသယဖြစ်စရာ မကောင်းပါ။
"မနက်ဖြန်ကျရင် အော်ဒါကြိုတင်ထားတဲ့ ဟင်းလျာတွေ အရသာဘယ်လိုရှိလဲ ကြည့်လိုက်ဦးမယ်။ အဲဲ့တာတွေလည်း စံနှုန်းမှီတယ်ဆိုရင်... ငါတော့ တကယ့် ရတနာသိုက် ရှာတွေ့ပြီ။"
မင်ယွမ်စားဖိုဆောင်၏ မီးဖိုချောင်ထဲတွင်...
လင်းကန်ရုံက စားပွဲထိုးကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်၏။ "ဘယ်လိုလဲ ကတ်စတမ်မာက ငါတို့အစားအသောက်တွေကို ကျေနပ်မှု ရှိရဲ့လား။"
စားပွဲထိုးက ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ကဲ့ ကြည့်ရတာ သူစိတ်ကျေနပ်မှု ရှိတဲ့ပုံပါပဲ။"
လင်းကန်ရုံ သက်ပြင်းချလိုက်မိပါသည်။
တော်သေးတာပေါ့။
ခုတလော ကတ်စတမ်မာ များများစားစား မရှိသေးပါ။ မနေ့ကမှ သူတို့ ကတ်စတမ်မာများ စတင် ရရှိလာခြင်း ဖြစ်သည်။ ထို့အပြင် ၇ ယောက် ၈ ယောက်လောက်သာ ရှိသည်။ ထို ၇ ယောက် ၈ ယောက်တို့ အနက် တချို့က မီနူးကြောင့် လန့်ပြေးကုန်ကြသည်။ တချို့တွေကတော့ ဟင်းလျာကောင်းအားလုံးကို ကြိုတင်မှာယူရမည်ဖြစ်ကြောင်း မြင်ကာ ပြန်သွားကြပါသည်။
တခြားဟင်းလျာများကို မြည်းစမ်းဖို့ လူ ၂ ယောက် ၃ ယောက်လောက်သာ ဆက်နေကြသည်။ သို့သော်လည်း သူတို့အားလုံးက သာမန် အိမ်ချက်ဟင်းလျာများကိုသာ မှာယူကြသည်။ သူတို့ အစားအသောက်ကို ကျေနပ်ကြတာ သိသာသော်လည်း သူတို့ အချိန်တိုအတွင်းတော့ ပြန်လာကြမှာ မဟုတ်လောက်ဘူးဟု လင်းကန်ရုံ ခန့်မှန်းမိပါသည်။
အစားအသောက်များက စျေးကြီးလွန်းသည်။ သူတို့ တက်နိုင်တာထက် ပိုမှန်း သိသာနေပါသည်။
ဒါက ၎င်းတို့၏ အော်ဒါများကို ကြည့်ခြင်းအားဖြင့် မြင်နိုင်ပါသည်။ ဒီက စျေးအပေါဆုံး ဟင်းလျာများက ယွမ် ၅၀ - ၆၀ လောက် တန်သည်။ သူတို့ အိမ်ချက် ဟင်းလျာများကိုသာ မှာယူမည်ဆိုရင်တောင် တစ်ယောက်အတွက် ပျမ်းမျှကုန်ကျစရိတ်က ယွမ် ၁၀၀ လောက် ရှိနိုင်ပါသည်။
ဒီလို ငွေပမာဏမျိုးနဲ့ ကျင်ကျိုးမြို့မှာ အစားအသောက်များစွာ ဝယ်စားနိုင်သည်။
ထို့ကြောင့် စားဖိုမှူးများ၏ စံနှုန်းများက မြင့်မားနေရင်တောင်၊ ဟင်းချက်ပစ္စည်းများက ကောင်းမွန်နေရင်တောင်၊ ဒီကဟင်းလျာများက တခြားစားသောက်ဆိုင်တွေထက် အရသာ ရှိနေရင်တောင် သာမန်လူတစ်ယောက် တတ်နိုင်တာထက် အများကြီး စျေးပိုကြီးနေပါသေးသည်။
သို့သော်လည်း ဒီနေ့ ရှုကျားပင် ဝင်လာတော့ လင်းကန်ရုံ သူ့ကို စောင့်ကြည့်နေခဲ့၏။
သူ့ပုံစံက သူဌေးတစ်ယောက်ဖြစ်မှန်း သိသာပါသည်။
ရှုကျားပင်က သူ့အထင်ကိုလည်း မှန်ကန်ကြောင်း သက်သေပြသွားပါသည်။ လုံကျင်းပုစွန်ကြော်အတွက် ယွမ် ၃၀၀ သုံးကာ၊ ဝက်ဝမ်းဗိုက်သား ပိရမစ်အတွက် ယွမ် ၂၆၀ ကျော်ကို သုံးစွဲခဲ့သည်။ ဒီစားသောက်ပွဲက သူ့အတွက် ၆၀၀ - ၇၀၀ ယွမ်လောက် အလွယ်လေး ကုန်ကျစေနိုင်ပါသည်။
သူဌေးတစ်ယောက်သာ သူ့ကို တည်ခင်းပေးလိုက်သည့် ဟင်းလျာများကို သုံးဆောင်ပြီး ကျေနပ်စွာဖြင့် ပြန်သွားပါက မင်ယွမ်စားဖိုဆောင်လည်း နာမည်ကြီးလာနိုင်ခြေ ရှိပါသည်။ ဘာပဲဖြစ်ဖြစ် မင်ယွမ်စားဖိုဆောင်၏ အဓိက ပစ်မှတ်ဖောက်သည်များက သာမန်လူများ မဟုတ်ဘဲ၊ ဘော့စိများ ဖြစ်ကြသည်။ ဘောစိများ၏ ဝေဖန်ချက်က အရေးအကြီးဆုံး ဖြစ်လိမ့်မည်။ ကတ်စတမ်မာက ကျေနပ်သွားပါသည်ဟု ကြားလိုက်တာနဲ့ လင်းကန်ရုံ စိတ်အေးလက်အေး သက်ပြင်းချမိပါတော့သည်။
သူက အခု ဆိုင်ခွဲမန်နေဂျာ ဖြစ်နေပြီ။ သူကိုယ်တိုင် ချက်ပြုတ်ဖို့ မလိုတော့ပေ။ သို့သော်လည်း စားဖိုဆောင်ထဲက စားဖိုမှူး အားလုံးကို သူကိုယ်တိုင် အင်တာဗျူး၊ ရွေးချယ်ပြီး ခန့်အပ်ထားခြင်း ဖြစ်သည်။ (ဘော့စ်ဖေးပိုက်ဆံဖြင့်)။ ယခု ဟင်းလျာများက ကတ်စတမ်မာများအတွက် စိတ်ကျေနပ်စရာဖြစ်ကြောင်း သိလိုက်ရသဖြင့် လင်းကန်ရုံ ဂုဏ်ယူသွားပါသည်။
"ဆိုင်ခွဲမန်နေဂျာ။ ကတ်စတမ်မာက ငွေရှင်းပြီး ပြန်သွားပါပြီ။ သူက မနက်ဖြန် ညစာအတွက်ပါ ဘိုကင်လုပ်သွားပါတယ်" စားဖိုမှူးက ပျော်ရွှင်စွာဖြင့် ပြေးဝင်လာပြီး သတင်းကောင်း ပေးလိုက်ပါသည်။
"ကောင်းတယ်ကွာ။"
လင်းကန်ရုံတစ်ယောက် နောက်ဆုံးတော့ သူ့ရင်ထဲက အလုံးကြီး ကျသွားလေပြီ။
ဒိ့မတိုင်ခင်က ဘော့စ်ဖေးမှာ သူတို့ကို ကြော်ငြာကိစ္စ စိတ်မပူဖို့ပြောထားသော်လည်း လင်းကန်ရုံ စိတ်မအေးနိုင်ပါ။
သို့သော်လည်း အခုတော့ မကြာခဏဆိုသလို ကတ်စတမ်မာများ ရောက်လာနေပါပြီ။ အခုလိုမျိုး သူဌေးတွေတောင် သူတို့အစားအသောက်ကို လာစားနေကြပါပြီ။ ဒီတစ်ချိန်လုံး မားကတ်တင်းအား စနစ်တကျလုပ်နေခဲ့တာ သိသာသည်။
အမှန်ပင်။ အားလုံးက ဘော့စ်ဖေး၏ အစီအစဥ်အတွင်းမှာသာ ရှိသည်။
အခုချိန်ကစပြီး သူ ဘော့စ်ဖေး၏ ညွှန်ကြားချက်များကိုသာ လိုက်နာဖို့ လိုအပ်လိမ့်မည်။ ဟင်းလျာတိုင်းကို သေသေချာချာ ချက်ပြုတ်ပြီး ဝန်ဆောင်မှုကလည်း ထိပ်တန်းအဆင့် ဖြစ်နေရမည်။ မင်ယွမ်စားဖိုဆောင် တစ်နေ့ကျရင် ရေပန်းစားလာပါလိမ့်မည်။
မင်ယွမ်စားဖိုဆောင်၏ စားဖိုမှူးများနှင့် စားပွဲထိုးများက ရုတ်တရက်ကြီး မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားတောာ့သည်။
"ဟပ်ချိုး"
ဖေးချမ့် နှာချေမိသွားပြီး နှာခေါင်းကို ပွတ်လိုက်သည်။ ထို့နောက် သူ့ဂိမ်းခလုတ်ကို ချလိုက်၏။ အချိန်ကို ကြည့်လိုက်သောအခါ ညနေ ၅ နာရီတောင် ထိုးနေပါပြီ။ သူ ချောင်းလျန်ကို ဒီနေ့ည မင်ယွမ်စားဖိုဆောင်တွင် ဧည့်ခံရဦးမည်။ တစ်ချိန်တည်းမှာပဲ ပျက်စီးနေပြီဖြစ်သည့် သူ့စိတ်ဝိညာဥ်ကို နှစ်သိမ့်ပေးရပါဦးမည်။
တစ်နေကုန် အနှိပ်စက်ခံရပြီးနောက် ဖေးချမ့် တကယ်ပဲ ဆရာချောင်း ဘယ်လို အခြေအနေရှိသလဲ စစ်ဆေးချင်မိသည်။
သူ ယွီအင်တာနက်ကဖေးဆီသို့ ရောက်ရှိလာခဲ့၏။ တိုးတိုးတိတ်တိတ်ဖြင့် ဒုတိယထပ်ဆီ ချဥ်းကပ်သွားပြီး ကဖေးထောင့်တွင်ရှိနေသည့် ချောင်းလျန်ကို ချောင်းကြည့်လိုက်ပါသည်။
ချောင်းလျန်၏ မျက်နှာထားက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ဖန််သားပြင်ပေါ်ကို လေးလေးနက်နက် အာရုံစိုက်နေသည်။ သူ့ဂိမ်းခလုတ်ကို လက်နှစ်ဖက်ဖြင့် သေချာကိုင်ထားပြီး ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက် ဖြစ်နေပါသည်။ ခန္ဓာကိုယ်လှုပ်ရှားပြီး ကစားရသည့် ဂိမ်းကို ကစားနေတာနဲ့တောင် တူနေပါသည်။
ရုတ်တရက်ကြီး သူ့ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် လှုပ်ခါလာ၏။ ထို့နောက် ကြက်သေသေသွားခဲ့ပါသည်။
ဖန်သားပြင်လည်း မီးခိုးရောင် ပြောင်းသွားခဲ့ပြန််ပြီ။
ချောင်းလျန်၏ မျက်နှာထားက အံ့သြမှုမှ စိတ်အနှောင့်အယှက်ဖြစ်မှု၊ စိတ်အနှောင့်အယှက်ဖြစ်မှုမှ စိတ််ပျက်လက်ပျက်ဖြစ်မှု၊ စိတ်ပျက်လက်ပျက်ဖြစ်မှုမှ စိတ်ခံစားချက် ကင်းမဲ့မှု အဖြစ်သို့ တစ်ဆင့်ချင်း ပြောင်းလဲသွားသည်။ သူ့ဂိမ်းခလုတ်ကို စားပွဲပေါ် တင်လိုက်ပြီး ခေါင်းကိုဖြည်းဖြည်းချင်းမော့ကာ မျက်နှာကြက်ကြီးကို ငေးကြည့်နေသည်။ သူ့ဘဝဖြစ်တည်မှုအကြောင်း သူမေးခွန်းတွေ ပြန်ထုတ်နေမိသည့်ပုံစံပင်။
ချောင်းလျန်၏ မျက်နှာထားကို မြင်လိုက်ရသဖြင့် ဖေးချမ့် ချက်ချင်းပဲ အများကြီး ပိုနေလို့ကောင်းသွားပါသည်။ သူ့နှုတ်ခမ်းထောင့်များက ကွေးသွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ငါ့ငွေတွေ အလကားမဖြစ်ဘူးကွ။
ဆရာချောင်းကို ကျင်းကျိုးကိုဖိတ်လိုက်တာ တကယ်မှန်တဲ့ ရွေးချယ်မှုပဲ။
သူ စိတ္တဇ ဂိမ်မာတစ်ယောက် မဟုတ်သဖြင့် ဖေးချမ့် အစကတော့ စိတ်ပူနေခဲ့မပါသည်။ အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းထဲမှာ လုံလရှိရှိ ကစားနိုင်ပါ့မလားဆိုတာ မသေချာခဲ့ပါ။ အဆုံးသတ်ကျမှ သူ ဂိမ်းကို နိုင်အောင် မဆော့နိုင်ဘူးဆိုရင် ရွေးချယ်စရာ မရှိတော့ဘဲ ဂိမ်း၏ ခက်ခဲမှု အဆင့်ကို နှိမ့်ကာ ထုတ်လုပ်ရက်ကို ရွှေ့ဆိုင်းလိုက်ရနိုင်သည်။ ဒါဆို စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်မသွားနိုင်ဘူးလား။
သို့သော် အခုတော့ ဖေးချမ့်တစ်ယောက် သည်းခံဖို့အတွက် အားတက်စရာ အကြောင်းပြချက်တစ်ခုကို ရှာတွေ့ခဲ့ပါသည်။ ဒါကတော့ ဆရာချောင်းပင်။
ဘယ်လောက်ပဲ ခက်ခဲနေပါစေ ဆရာချောင်း နာကျင်ခံစားနေရတာကို မြင်ရပါက ဖေးချမ့်ကို မျှော်လင့်ချက်နှင့် စိတ်အားထက်သန်မှု အသစ်များ ပေးစွမ်းနိုင်သည်။
ဘာပဲဖြစ်ဖြစ် ဖေးချမ့် ဂိမ်းကစားခဲ့တုန်းက သူ့မှာ ဖုတုလက်နက် ရှိသည်။ ဆရာချောင်းကတော့ အဆုံးမဲ့အန္တရာယ်များကို သာမန် လက်နက်များဖြင့်သာ ရင်ဆိုင်နေရ၏။
ထို့ကြောင့် နှိုင်းယှဥ်ကြည့်မှ ပျော်စရာကို တွေ့ရတတ်သည်ဟု ဆိုကြခြင်းဖြစ်သည်။
အခုတော့ ဖေးချမ့်တစ်ယောက် အရင်တုန်းက တစ်ခါမှ မပျော်ဖူးသည့် အပျော်မျိုးကို ခံစားလိုက်ရပါသည်။