ဆရာချောင်းရဲ့ သံသယတွေ ပျောက်ကွယ်သွားပြီ
Vol. 17 Ch. 244
ဖေးချမ့်က ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး ချောင်းလျန်ဆီ လျှောက်သွားကာ အနည်းငယ် ပြုံးလျက် မေးလိုက်သည်။ "ဘယ်လိုနေလဲ။”
ချောင်းလျန်က ဂိမ်းထဲတွင် နစ်မျောနေသဖြင့် ဖေးချမ့်ကို ချက်ချင်း ပြန်မဖြေနိုင်ပါ။ ဖေးချမ့်ကို ခံစားချက်မဲ့စွာ ခေတ္တစိုက်ကြည့်နေပြီးနောက် မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်ပါသည်။ "ဘယ်လိုနေလဲဆိုတော့... အာ...။”
ထိုအချိန််တွင် ယခင်တုန်းက ထူခြားသည့် ဂိမ်းများစွာကို ကစားဖူးပြီး ဗီဒီယိုများစွာကို ဖန်တီးဖူးသည့် ဆရာချောင်းတစ်ယောက် ဘာပြောရမှန်း မသိတော့ပေ။
ဘယ်လိုခံစားရလဲတဲ့။
သူ ရရှိနေသည့် အကြီးမားဆုံး ခံစားချက်ကတော့ ဒီဂိမ်းရဲ့ ခက်ခဲမှုအဆင့်က တော်တော် မှားမှားယွင်းယွင်း ဒီဇိုင်းဆွဲထားခြင်း ဖြစ်တာပင်။ ဧကန္တ စနစ်ဒီဇိုင်နာများက သားရဲများကို တိုက်ခိုက်စွမ်းအား ပေးတာ များသွားခြင်း ဖြစ်နိုင်သည်။ ဧကန္တ သုည တစ်လုံးလောက် မတော်တဆ ပိုထည့်လိုက်တာ ဖြစ်နိုင်သည်။ ကျန်တာအားလုံးတော့ အဆင်ပြေပါသည်။
သို့သော်လည်း ဖေးချမ့်၏ နွေးထွေးသော အပြုံးကို မြင်လိုက်ရပြီးနောက် ဆရာချောင်း ပြောမထွက်တော့ပါ။
ဘော့စ်ဖေးက အခု နာမည်ကျော် ဂိမ်းဖန်တီးသူ ဖြစ်နေပြီ။ စနစ်ဒီဇိုင်းထဲမှာ ဒီလိုခပ်တုံးတုံး အမှားမျိုး လုပ်မိနိုင်ပါ့မလား။
ဂိမ်းလောကထဲ ဝင်လာတာ မကြာသေးသည့် စနစ်ဒီဇိုင်နာတွေတောင် ဂဏန်းတွေထဲ သုည တစ်လုံး ပိုထည့်မိသည့် အမှားမျိုး လုပ်ခဲပါသည်။ ဘာပဲဖြစ်ဖြစ် စနစ်ဒီဇိုင်နာတစ်ယောက် ဖြစ်လာဖို့ဆိုတာ အခြေခံ သင်္ချာအကြောင်းတော့ နားလည်မှု အတိုင်းအတာတစ်ခုအထိ ရှိရမည် မဟုတ်ပါလား။
အလုပ်ရဖို့အတွက် စကားလုံးလှလှလေး တစ်လုံး နှစ်လုံး ရေးတတ်ဖို့သာ လိုသည့် ဇာတ်လမ်း ဒီဇိုင်နာတွေလို မဟုတ်ပါ။ ထို့ကြောင့် အချိန်အကြာကြီး တွန့်ဆုတ်ပြီးနောက် ဆရာချောင်း ဘာပြောလို့ပြောရမှန်း မသိသေးပေ။
အနည်းငယ် လိပ်ပြာမလုံသလိုတောင် ဖြစ်လာခဲ့ပါသည်။
ချောင်းလျန်၊ ချောင်းလျန်... ဘာလို့ ဒီလောက် အရေးကြီးတဲ့ အချိန်မျိုးမှာမှ စမ်းတဝါးဝါး ဖြစ်နေရတာလဲ။
ဘော့စ်ဖေးက မင်းကို အဝေးကြီးကနေ လှမ်းခေါ်ပြီး နေစရာ စားစရာ ကောင်းကောင်း ပေးထားတာ မင်းကို ဝါရင့်ဂိမ်မာကြီးတစ်ယောက်လို့ ထင်လို့လေ။ မင်း ဘာပြောမလဲ သူက နားထောင်ချင်နေတာပဲ။
ဒါတောင် ဂိမ်းကို နာရီပေါင်းများစွာ ကစားပြီးတာတောင် မင်းရဲ့ ဂိမ်းအတွေ့အကြုံကို ဖော်ပြဖို့ စကားလေးတစ်ခွန်းတောင် မဟနိုင်တော့ဘူးလား။ မင်းက ဘော့စ်ဖေးကို တကယ် စိတ်ပျက်စေတာပဲ။ ချောင်းလျန် အနည်းငယ် ရှက်ရွံ့သလို ခံစားမိပါသည်။ သို့သော်လည်း ဖေးချမ့်ကတော့ နည်းနည်းလေးမှ ဂရုစိုက်ပုံမပေါ်ပါ။ ထို့အစား သူ ရယ်မောပြီး ပြောလိုက်ပါသည်။
"သွားကြစို့ ကျွန်တော်တို့ စားကြသောက်ကြမယ်။ ဒီနေ့ည ခင်ဗျားအတွက် ခမ်းခမ်းနားနား ကြိုဆိုပွဲပါတီကြီး ကျင်းပကြမယ်" ဖေးချမ့်က လုံးဝ စိတ်မဆိုးပါ။ ထို့အစား ချောင်းလျန်၏ တုန့်ပြန်ချက်ကို အလွန်အားရမှုရှိနေပါသည်။
ဒါက သူ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းကို ကစားပြီး ခေါင်းချောင်သွားခဲ့ပြီဟူသော သဘော ဖြစ်သည်။ ဖေးချမ့် မြင်ချင်တာလည်း ဒါပဲဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ဆရာချောင်းကို ဂိမ်မာတွေကြားထဲမှာ အတော်လေး အားကောင်းသည့် ကစားသမားဟု သတ်မှတ်နိုင်သည်။ ဆရာချောင်းက အရင်တစ်ခေါက် အထီးကျန်ကန္တာရလမ်းဂိမ်း၏ ခရီးစဥ်တစ်ခုလုံးကိုတောင် သေချာ အောင်နိုင်ထားသူ ဖြစ်သည်။ သူက လုံးဝ သောက်ကြမ်းကြီး ဖြစ်ပါသည်။
အမှန်ပင်။ ပိုက်ဆံရဖို့ တစ်စိတ်တစ်ပိုင်း ပါဝင်နေသောကြောင့် ပြီးအောင် ဆော့ခဲ့တာ ဖြစ်နိုင်သော်လည်း ဆရာချောင်း၏ စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်က အထင်သေးလို့တော့ မရပါ။
ယခု ဆရာချောင်းကို ဂိမ်းက အလွန်နှိပ်စက်လိုက်သဖြင့် ခေါင်းတောင် ချောင်သွားပါပြီ။ ဒါ ဖေးချမ့် လမ်းမှန်အတိုင်း သွားနေတယ်ဆိုတဲ့ သက်သေပဲ မဟုတ်ပါလား။
ဆရာချောင်း၏ တုန့်ပြန်ချက်ကို မြင်ပြီးနောက် ဖေးချမ့်တစ်ယောက် သာမန်ကစားသမားတွေဆို ဘယ်လိုတုန့်ပြန်မလဲ မှန်းဆနိုင်ပြီဖြစ်ပါသည်။ ထို့ကြောင့် သူ့ကို အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်း၏ အနာဂတ်အတွက် ပိုပြီးစိတ်အေးသွားစေပါသည်။
မင်ယွမ်စားဖိုဆောင်တွင်...
ဖေးချမ့်က ချောင်းလျန်ကို စားသောက်ဆိုင် အတွင်းရှိ အကြီးဆုံး သီးသန့်ခန်းထဲသို့ ခေါ်သွားလိုက်သည်။
ဒီက အပြင်အဆင်အားလုံးကို နေ့လည်ခင်းကတည်းက ပြောင်းလဲထားပြီးသားဖြစ်သည်။ ယခု အခန်းကိုလည်း ဒီနေ့အတွက် စားသောက်ဆိုင်မှ ပြင်ဆင်ပေးထားသည့် ဟင်းလျာများနှင့် အညီ အလှဆင်ထားပါသည်။ ညစာစားပွဲနဲ့ ဇွန်းခွက်ခက်ရင်းတွေကတောင် အလှဆင်မှုနဲ့ လိုက်ဖက်နေပါသည်။
ဖေးချမ့်နဲ့ ချောင်းလျန်တို့ အတူတူ စားသောက်နေကြသည်။ ဘယ်သူမှ သူတို့နဲ့ အတူ မပါပေ။
ဝန်ထမ်းများအားလုံးက ဘော့စ်ဖေး၏ အရှုံးပေါ် လုပ်ငန်းများကို ကြိုးစားပြီး လုပ်ကိုင်ပေးနေကြသည်။ ဘော့စ်ဖေးတစ်ယောက်တည်း အားနေခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ချောင်းလျန်ကို ညစာစားဖို့ ကိုယ်တိုင် လိုက်ပို့ခဲ့ခြင်း ဖြစ်၏။။ တစ်ချိန်တည်းမှာပင် ချောင်းလျန်ကို လေးစားသမှုပြုရာလည်း ကျပါသည်။
ထို့အပြင် ဒါက တရားဝင် လုပ်ငန်းသဘော ညစာစားပွဲလို မဟုတ်ပေ။ လူတွေ အများကြီး ရှိနေပါက စိတ်ဖိစီးဖို့ ကောင်းသွားနိုင်ပါသည်။
ပတ်ဝန်းကျင်က ကောင်းမွန်သည်။ ဝန်ဆောင်မှုများကလည်း ထိုနည်းလည်းကောင်း ဖြစ်၏။ ဟင်းလျာများကို မတည်ခင်းပေးမှီ စားရသည့် ခံတွင်းမြိန်စာနှင့် မုန့်ပဲသရေစာများကတောင် တခြားစားသောက်ဆိုင်တွေရဲ့ အဓိကဟင်းလျာတွေထက် ပိုကောင်းနေပါသေးသည်။ ချောင်းလျန်က ခံတွင်းမြိန်စာနှင့် မုန့်ပဲသရေစာများကို စားပြီး ဖေးချမ့်နှင့် စိတ်အေးလက်အေး စကားပြောနေသည်။ ဘာကြောင့်မှန်း မသိဘဲ ခြိမ်းခြောက်ခံထားရသလို ခံစားလာရပါသည်။
ဘော့စ်ဖေးက ငါ့အပေါ် ကောင်းလွန်းနေတယ်လို့ မထင်ဘူးလား။ 'တစ်ခုခုမူမမှန်သလို ခံစားရရင် မကောင်းတာတစ်ခုခုဖြစ်တော့မယ်' ဆိုတဲ့ ဆိုရိုးစကားတောင်ရှိတိယ်။ ငါက သာမန် UP မာစတာ တစ်ယောက်ပဲလေ။ ဘာလို့ ဘော့စ်ဖေးက ငါ့ကို အရမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံနေရတာလဲ။
မဟုတ်မှလွဲရော နောက်ကွယ်မှာ လျှို့ဝှက် အကြံအစည်ကြီးတစ်ခု ရှိနေတာများလား။
ဘာကြောင့်မှန်းမသိဘဲ ဘော့စ်ဖေးရဲ့ အပြုံးတွေ နောက်ကွယ်မှာ လျှို့ဝှက် မက်ဆေ့ချ်တစ်ခု ရှိနေသည်ဟု ချောင်းလျန် ခံစားလာရသည်။ ထင်သလောက် ရိုးသားမနေခဲ့ပေ။
"ဂိမ်းထဲမှာ တိုးတက်မှု အခြေအနေတွေ ဘယ်လိုရှိလဲ။” ဖေးချမ့်က တူဖြင့် ခံတွင်းမြိန်စာ တစ်ခုကို ယူရင်း ပြုံးလိုက်ပါသည်။
ချောင်းလျန်က အမှန်အတိုင်း ပြောလိုက်ပါသည်။ "ကျွန်တော် မြို့ကို ရောက်သွားပြီ။”
သြော်... ဂိမ်းအစပိုင်းက ရွာထဲကနေ ထွက်နိုင်သွားတယ်ပေါ့။ မဆိုးပါဘူး မဆိုးပါဘူး။ တိုးတက်တာ မြန်သားပဲ။
ကြည့်ရတာ ဆရာချောင်းက အတော်လေး ဉာဏ်ကောင်းပြီး စကေးကြမ်းသည့်ပုံပင်။ ဒီလို ရက်စက်သည့် တခြားဂိမ်းတွေမှာလည်း အစပိုင်းက ပိုပြီးခက်ခဲတတ်သည်။ လုံလရှိရှိ ဆက်ကြိုးစားပါက နောက်ပိုင်း ချောချောမွေ့မွေ့ ဖြစ်သွားနိုင်ပါသည်။
အဓိကအချက်က စိတ်ထားပြောင်းလဲတတ်ဖို့ ဖြစ်သည်။ စိတ်ထားကို မပြောင်းလဲပါက လူသစ်ရွာထဲမှာပဲ တစ်သက်လုံး ပိတ်မိသွားကြလိမ့်မည်။
အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းက တခြား Soul-like ဂိမ်းတွေလိုပဲ အတော်လေး ဆင်တူမှု ရှိပါသည်။ ကစားသမား သေဆုံးသွားပြီးနောက် မွန်းစတားများ အကုန်လုံး ပြန်ပေါ်လာအောင် ဒီဇိုင်းဆွဲထားသည်။ ဆင်ခြင်ဉာဏ် မရှိဘဲ အားသုံးရတာသာ ကြိုက်သည့် ကစားသမားတစ်ယောက်က ဂိမ်းကို အမြန်ကစားဖို့ ကြိုးစားပါက သူဘယ်နှကြိမ်ပဲ ဂိမ်းကို ပြန်ကစားပါစေ စမှတ်မှာပဲ ရပ်တန့်နေမည်ဖြစ်ပါသည်။ သို့သော်လည်း ဂိမ်းကို အသားကျသွားပြီး သတိထားကာ ပုံမှန် ရှေ့ဆက်တိုးနိုင်ပါက ဂိမ်းတစ်လျှောက် ပိုမို လျှင်မြန်စွာ တိုးတက်နိုင်ပါလိမ့်မည်။
ဒါက ဒီလိုဂိမ်းမျိုးနဲ့ ထိတွေ့ဖူးတာ ချောင်းလျန်အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ အစပိုင်းမှာ နှေးကွေးမှာကတော့ ဖြစ်သင့်ပါသည်။
သို့သော်လည်း လူသစ်ရွာထဲမှာ ၈ နာရီလုံးလုံး ချောင်းလျန် နာကျင်ခံစားခဲ့ရတာကို တွေးမိပါက ဖေးချမ့်၏ နှုတ်ခမ်းများအား အထက်သို့ ကွေးသွားစေပါသည်။ ရယ်ချင်စိတ်ကို မနည်းထိန်းထားရ၏။ "ဂိမ်းရဲ့ အခက်ခဲဆုံးအပိုင်းက ဘာလို့ ထင်လဲ" ဖေးချမ့်က ဆက်မေးလိုက်ပါသည်။
ဆရာချောင်းက ခက်ခဲသည်ဟုထင်သည့် နေရာများကို သေချာပေါက် စွမ်းအားတိုးပေးရမည်။ ဆရာချောင်း လွယ်သည်ဟုထင်သည့် နေရာတွေကိုလည်း ခက်ခဲမှုအဆင့် တိုးပေးရပါမည်။
စဥ်းစားမနေဘဲ ဆရာချောင်းက ပြန်ဖြေလိုက်သည်။ "မွန်းစတားတွေရဲ့ တိုက်ခိုက်မှုက အားကောင်းလွန်းနေတယ်။”
"ပြီးတော့ကော" ဖေးချမ့်က ထိုဝေဖန်ချက်ကို လုံးဝ လျစ်လျူရှုလိုက်ပါသည်။
"ဘာကျန်သေးလဲ..." ချောင်းလျန် အတွေးများ နက်ရှိုင်းသွားသည်။ နာကျင်ခံစားခဲ့ရသည့် ၈နာရီလုံးလုံး သူ့မျက်စိရှေ့မှာ ပြန်ပေါ်လာခဲ့သည်။
မွန်းစတားတစ်ကောင်ကို ဒေါသထွက်အောင် လုပ်မိပြီး အုပ်လိုက်ကြီး ဝိုင်းတာကိုခံလိုက်ရသည့်အချိန်၊ စင်္ကြန်တစ်ခုဆီကို လျှောက်သွားတုန်း မွန်းစတားများ ဝိုင်းတာခံလိုက်ရသည့်အချိန်၊ မတ်စောက်သော တောင်ကမ်းပါးများပေါ်တွင် လျှောက်လှမ်းနေချိန် မွန်းစတား တစ်ကောင်က ရုတ်တရက်ကြီး သူ့ဆီ အပြေးလာပြီး တွန်းချလိုက်သည့်အချိန်...။ ၈ နာရီလုံးလုံး သူ့တိုက်ခိုက်မှုများက သွေးများ ချွေးများအပြည့်နှင့်...။
ချောင်းလျန်က သူ့ကိုယ်သူ စဥ့်တီတုံးပေါ်က ငါးတစ်ကောင်လို ခံစားမိသည်။ သူက သူ့ကို ခုတ်ချင်သလိုခုတ်လို့ရသည့် လူတွေရဲ့ လက်ထဲ လုံးဝ ရောက်နေသလိုပင်။
မဟုတ်သေးဘူး။ သူ့ကို ခုတ်ချင်သလိုခုတ်လို့ရတာ မွန်းစတားတွေပဲ။
ချောင်းလျန်၏ အထွန့်တက်မှုများကို နားထောင်ရင်း ဖေးချမ့် တည်တည်တံ့တံ့ မျက်နှာထားဖို့ မနည်းကြိုးစားနေရသည်။ သို့သော်လည်း ဘယ်လောက်ပဲကြိုးစားပါစေ ချောင်းလျန်မျက်နှာပေါ်မှာ စာလုံးတချို့သာ မြင်နိုင်ပါသည်။ ပိုကြမ်းအောင်လုပ်လိုက်။
ဆရာချောင်းက သူခံစားခဲ့ရသော နာကျင်မှု ခံစားမှုများကို ဖော်ပြတာကို ကြားရသည့်အခါ ဖေးချမ့် ပိုပြီးတောင် ပျော်ရွှင်သွားပါသေးသည်။
ဒီဂိမ်းကို ဖန်တီးဖို့ ငါပိုက်ဆံတွေဘာလို့ ဒီလောက်အများကြီး သုံးခဲ့တယ်ထင်လို့လဲ။
ဒီလို့နေ့မျိုးကို မြင်ရဖို့ကွ။
ဘော့စ်ဖေး၏ အနည်းငယ် ပြောင်းလဲသွားသော မျက်နှာထားကို ချောင်းလျန် သတိထားမိပုံမပေါ်ပေ။ ထို့အစား သူဖြတ်သန်းခဲ့ရသည့် နာကျင်မှုများကို ပြန်ပြောဖို့ စိတ်အားထက်သန်နေပြီး လွတ်မြောက်အောင် လုပ်ဖို့ ခက်ခဲနေပါသည်။
"အဓိပ္ပာယ်မရှိဆုံးက ရွာထဲမှာ ညကင်းစောင့်တွေနဲ့ တူတဲ့ မွန်းစတားတွေရှိတယ်။ သူတို့က နှစ်ယောက်စီသွားကြတာ။ တစ်ယောက်က မောင်းကြီးကို ကိုင်ထားပြီး နောက်တစ်ယောက်ကတော့ ညကင်းစောင့်သမားတွေကိုင်တဲ့ ဂျောက်ဂျက်ကို ကိုင်ထားတယ်။ သူတို့ဖြတ်လျှောက်သွားတဲ့နားက မွန်းစတားတွေ အကုန်လုံး နိုးလာကြတယ်။ တော်တော်ကြာမှ ပြန်အိပ်သွားကြတာ"
"သူတို့ကို တိုးတိုးတိတ်တိတ် သတ်ဖို့ကြိုးစားပေမယ့် သူတို့နှစ်ယောက်စလုံးမှာ မီးအိမ်တွေရှိပြီး အမြင်လည်း ကောင်းကြတယ်။ တစ်ချက်လောက် ထိုးလိုက်မိတာနဲ့ ကျွန်တော့် အသက်ဘားလည်း လုံးဝ ကုန်သွားတော့မှာ။ ကျွန်တော်ပြေးဖို့ကြိုးစားတိုင်း သူတို့က သူတို့လျှို့ဝှက်လက်နက်တွေကို သုံးကြတယ်။ အဲ့တာကြောင့် ကျွန်တော်လည်း ပြန်လှည့်--"
"ဖွီးး"
နောက်ဆုံးတော့ ဖေးချမ့် မထိန်းနိုင်တော့ဘဲ အော်ရယ်လိုက်ပါတော့သည်။
ဆရာချောင်း ကြက်သေသေသွား၏။ "ဘော့စ်ဖေး"
ဖေးချမ့် အလွန်ခွကျသွားပါသည်။ လခွမ်း ငါမထိန်းနိုင်တော့ဘူး။
ဆရာချောင်းက သူ့ဖော်ပြချက်များထဲတွင် အလွန်နစ်မျောနေသည်။ ထို့အပြင် အသေးစိတ်တိုင်းကိုပါ ရှင်းလင်းပြောပြသွားသည်။ ထိုမီးအိမ်ကိုင်ထားသည့် ညကင်းစောင့်များ ဆရာချောင်းကို တွေ့တာနဲ့ ခုတ်ထစ်မှာကိုတောင် ဖေးချမ့် စိတ်ကူးဖြင့်မှန်းဆကြည့်နိုင်ပါသည်။ ကံကောင်းစွာဖြင့် ထိုအချိန်တွင် ဟင်းလျာများ ရောက်ရှိလာခဲ့သည်။
"ဟင်းလျာတွေ ရောက်လာတာ ဝမ်းသာသွားလို့ပါ။ လာလာ အားရပါးရစားပါ ဆရာချောင်း" စားပွဲထိုးက သံပခြုပ်ဆူရှီတစ်ပန်းကန် တည်ခင်းပေးလိုက်သည်။ ဖေးချမ့်က ထိုပန်းကန်ကို ဆရာချောင်းဘက်သို့ တွန်းပေးလိုက်ပြီး သုံးဆောင်ဖို့ လက်ဟန်ပြလိုက်ပါသည်။
ချောင်းလျန် ပိုပြီးတော့တောင် ထူးထူးဆန်းဆန်း ခံစားလိုက်ရသည်။ ဘော့စ်ဖေးရဲ့ မျက်နှာထားက တစ်ခုခုတော့ ထူးဆန်းနေသည်။
ချောင်းလျန်ရဲ့ ဒုက္ခကို သူအောင်ပွဲခံနေတယ်လို့ ဘာလို့ခံစားနေမိပါလိမ့်။
ငါဂိမ်းထဲမှာ ခွေးလိုဝက်လို အကြာကြီးနှိပ်စက်ခံခဲ့ရတာကို ကြားရတာ တော်တော် ဝမ်းသာနေတဲ့ပုံပဲ။ ခုနက သူရယ်ချင်စိတ် မထိန်းနိုင်တော့လို့လား။ မဟုတ်မှလွဲရော ဘော့စ်ဖေးက ငါနာကျင်ခံစားရတာကိုကြည့်ဖို့သက်သက် အဝေးကြီးကနေ လှမ်းခေါ်ခဲ့တာလား။
ဒီ စားပွဲတစ်လုံးစာ ဟင်းလျာတွေကလည်း သူ့အပြစ်ကို ဖုံးကွယ်ဖို့အတွက်လား။
ချောင်းလျန် ပိုပိုပြီး သံသယကြီးမားလာခဲ့သည်။
ငါက သာမန် UP မာစတာ တစ်ယောက်ဖြစ်ပေမယ့်၊ မင်းရဲ့စာချုပ်ကို လက်မှတ်ထိုးပြီး မင်းရဲ့ပိုက်ဆံကို ယူပြီးပြီဆိုပေမယ့် ငါက ဂုဏ်သိက္ခာရှိတဲ့လူတစ်ယောက်ပဲ။ မာနရှိတဲ့ ယောက်ျားတစ်ယောက်ကွ။
ငါထင်တာမမှားရင် စာချုပ်ကို လက်မှတ်ထိုးပြီးပြီ ဆိုရင်တောင် ငါလုံးဝ ပြင်းပြင်းထန်ထန် ကန့်ကွက်မယ် မင်းရဲ့ ရှက်စရာ အပြုအမူကို အင်တာနက်ပေါ်မှာ တင်ပစ်မယ်ကွ။
ချောင်းလျန်က တိုးတိုးတိတ်တိတ် စဥ်းစားရင်း ပင်လယ်သံပခြုပ်ဆူရှီ တစ်ခုကို ယူလိုက်ပါသည်။
"ဟမ်... အရသာရှိလိုက်တာ"
ပင်လယ်သံပခြုပ်က အေးမြပြီး လတ်ဆတ်ပါသည်။ ဆူရှိထမင်းကလည်း နွေးထွေးပြီး မွှေးပျံ့နေ၏။ ဆန့်ကျင်ဘက် အရသာနှစ်မျိုးက သူ့ အရသာဖူးများထဲ စိမ့်ဝင်သွားပြီး ရိုမတ်တစ်ဆန်သည့် ပြင်သစ်အနမ်းလို အရသာမျိုး ခံစားလိုက်ရသည်။ ထိုအချိန်တွင် ချောင်းလျန်၏ အရသာဖူးများ လွှမ်းမိုးခံလိုက်ရပါသည်။
ပေကျင်းမြို့မှာလည်း ဂျပန်အစားအစာများ စားခဲ့ဖူးသည်။ သို့သော်လည်း ဒါက သာမန် ပင်လယ်သံပခြုပ် မဟုတ်တာတော့ သိသာပါသည်။
သာမန် သံပခြုပ်တွေက အတော်လေး စျေးပေါသည်။ သို့သော်လည်း လေလံတင်ရောင်းရသည့် ပင်လယ်သံပခြုပ်တွေကတော့ ယွမ် ထောင်ချီပြီး ကုန်ကျနိုင်ပါသည်။
ထို့ကြောင့် ရှုကျားပင် နေ့လည်ခင်းတုန်းက စားသောက်ဆိုင်ကို ရောက်လာပြီး ပင်လယ် သံပခြုပ်ကို မေးတော့ စားဖိုမှူးက ကြိုတင် မှာယူထားရမည်ဟု ပြောလိုက်ခြင်းဖြစ်သည်။ မင်ယွမ်စားဖိုဆောင်က သာမန်သံပခြုပ်များကို မရောင်းပါ။
အမှန်ပင်။ တိတိကျကျပြောရလျှင် ထိုအချိန်တုန်းက မီးဖိုချောင်ထဲမှာ ပင်လယ်သံပခြုပ်များ ရှိခဲ့ပါသည်။ သို့သော်လည်း ဖေးချမ့်က ချောင်းလျန်နဲ့ ဒီစားသောက်ပွဲအတွက် ကြိုတင် မှာယူထားခြင်း ဖြစ်၏။ ထို့ကြောင့် ရှုကျားပင်ကို မရောင်းနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
စားပွဲပေါ်က စျေးကြီးသော ဟင်းလျာများကို ကြည့်ရင်း ချောင်းလျန်၏ ရင်ထဲက သံသယနှင့် စိတ်မချမှုများ အရည်ပျော်ကျသွားခဲ့ပါတော့သည်။
ဘော့စ်ဖေးက ငါ့ကို အရမ်းအထင်ကြီးလွန်းလို့ ဒီလောက်များတဲ့ အစားကောင်းတွေနဲ့ ဧည့်ခံနေတာ။ ငါခံစားရတာကို ကြည့်ဖို့အတွက် လုပ်တာ ဖြစ်နိုင်ပါ့မလား။ ဂိမ်းတစ်ခု နှိပ်စက်တာကိုခံလို့ ဒီလိုအရသာရှိတဲ့ အစားအသောက်တွေ စားရမယ်ဆိုရင်... စွမ်းအားကို ထပ်သာတိုးလိုက် ငါခံနိုင်ရည်ရှိတယ်။
ချောင်းလျန် အစားအသောက်များကို စားရင်း သူ့ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစွာချလိုက်ပါသည်။
ဘော့စ်ဖေးက ငါ့အပေါ်အရမ်းကောင်းတာပဲ။ ဒီဂိမ်းကို အတည်ပေါက် ကစားပြီး သေချာပေါက် နိုင်စေရမယ်။ ပြီးရင် သူ့အတွက် ဒီဂိမ်းကို သေချာကြော်ငြာပေးမယ်။
"ကျွန်တော့်ကို ဧည့်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘော့စ်ဖေး " ချောင်းလျန် ထပ်စားချင်သေးသော်လည်း သူ့ဗိုက်က ဖောင်းနေပါပြီ။
အရသာရှိသည့် ဟင်းလျာများစွာ စားသုံးခဲ့ရသဖြင့် သူ အလွန်အမင်း ကျေနပ်နေပါသည်။
ဒီညစာ တစ်ခုတည်းနဲ့ ကျင်းကျိုးမြို့ ခရီးတစ်ခုလုံးက တန်နေပြီဟု ဆရာချောင်း စတင် တွေးမိနေပါပြီ။
ဖေးချမ့်ကတော့ ညစာစားပွဲတွင် ဆရာချောင်း၏ စိတ်အခြေအနေ ၁၈၀ ဒီဂရီလောက် ပြောင်းလဲသွားမှန်း မသိလိုက်ပေ။ ဆွန်းလေးအား ဆရာချောင်းကို ဟိုတယ်ပြန်လိုက်ပို့ဖို့ ညွှန်ကြားလိုက်ပြီး သူ့ကိုပြန်လာခေါ်ဖို့ ပြောလိုက်ပါသည်။
ချောင်းလျန် ထွက်သွားတာကို မြင်ပြီးနောက် ဖေးချမ့်က လင်းကန်ရုံကို စကားသွားပြောပါသည်။ လက်ရှိအခြေအနေအကြောင်း မေးမြန်းချင်သောကြောင့် ဖြစ်သည်။
ဗီလာ၏ ဥယျာဥ်ထဲတွင် စားပွဲနှင့် ထိုင်ခုံများ ရှိနေပါသည်။ ထိုနေရာမှ နူးညံ့သည့် ညလေပြည်လေးက အတော် လန်းဆန်းဖွယ် ဖြစ်သည်။
"လတ်တလော ဒီမှာ လူဝင်လူထွက် အခြေအနေ ဘယ်လိုရှိလဲ။”
ကျန်းကျုထျင် WEIBO ပေါ်တွင် စားသောက်ဆိုင်အကြောင်း တင်လိုက်ပြီးကတည်းက ဖေးချမ့် စတင်ပြီး စိတ်ချောက်ချားလာခဲ့သည်။ ဘာကြောင့်မှန်းမသိဘဲ မင်ယွမ်စားဖိုဆောင်၏ အခြေအနေကို စိတ်အေးအေးထားလို့မရခဲ့ပါ။ လင်းကန်ရုံက ချက်ချင်းနားလည်သွား၏။ အစတုန်းကတော့ စားသောက်ဆိုင်ကို ဘယ်သူမှ မလာခဲ့ပေ။ ယခုတော့ လူတွေ ဖြည်းဖြည်းချင်း ရောက်လာနေပြီ။ မင်ယွမ်စားဖိုဆောင်ကို ကြော်ငြာထားသော်လည်း လူအများစုက မသိကြသေးတာ ဖြစ်နိုင်ပါသည်။
ဘော့စ်ဖေးက သူ့ကြော်ငြာ၏ သက်ရောက်မှုကို အကဲဖြတ်လို့ရအောင် လူဝင်လူထွက် အခြေအနေကို မေးတာ ဖြစ်နိုင်ပါသည်။
ဒါပေမယ့် ငါသူ့ကို ဘယ်လိုပြန်ဖြေလိုက်ရမလဲ။
ယုတ္တိရှိရှိပြောရလျှင် ကြော်ငြာ၏ အာနိသင်ရှိမှုကို ပြသဖို့အတွက် လင်းကန်ရုံက အကောင်းချည်းပဲ ပြောသင့်သည်။ သို့သော်လည်း သူ ဘော့စ်ဖေးကို ဖြီးလုံးထုတ်နေသလို ဖြစ်သွားနိုင်ပါသည်။
ဘာပဲဖြစ်ဖြစ် လွန်ခဲ့သည့် ၂ ရက်အတွင်း စားသောက်ဆိုင်လာသည့် ကတ်စတမ်မာက ၁၀ ယောက် မပြည့်ပါ။ ထို့အပြင် အများစုက မီနူးမြင်ပြီး လန့်ပြေးကုန်ကြသည်။ ၂ ယောက် ၃ ယောက်လောက်ကသာ ဆက်နေကြပြီး သူတို့ဆိုင်၏ အစားအသောက်ကို စားသုံးခဲ့ကြပါသည်။
သတိထားမိစရာ တစ်ဦးတည်းသော ကတ်စတမ်မာက ဒီနေ့ နေ့လည်ခင်းတုန်းက လာရောက်သွားသည့် ရှုကျားပင်ဟူသည့် လူငယ်လေး ဖြစ်ပါသည်။
လူဝင်လူထွက်တစ်ခုတည်းကိုပဲ အကောင်းဘက်က ပြောလို့ မရတော့ပါ။
လင်းကန်ရုံ၏ တွန့်ဆုန်မှုကို မြင်သောအခါ ဖေးချမ့်၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွား၏။
ကောင်းတယ် ကောင်းတယ်။ လင်းကန်ရုံက ပျော်ပျော်ကြီး သတင်းကောင်းတွေ မပေးဘူး။ ဒါ အကောင်းဆုံး သတင်းပဲပေါ့။
ဆိုလိုရင်းကတော့ ကျန်းကျုထျင်၏ Weibo ပို့စ်မှာ အာနိသင် မရှိပေ။ စားသောက်ဆိုင်၏ လူဝင်လူထွက် ကြီးကြီးမားမား ပြောင်းလဲသွားခြင်း မရှိခဲ့ပါ။