ပရိုမိုးရှင်းသမားတွေမတွေ့တဲ့ စားသောက်ဆိုင် တကယ်ရှိတာလား
Vol. 17 Ch. 245
"စိတ်မပူပါနဲ့ ကျွန်တော့်ကို အမှန်တိုင်းသာ ပြော။ လွန်ခဲ့တဲ့ ၂ ရက်အတွင်း ကတ်စတမ်မာ ဘယ်လောက် စားသောက်ဆိုင်ကို လာခဲ့လဲ။ ဘယ်နှယောက် ဒီမှာ စားသွားလဲ။ ဘယ်နှယောက် အော်ဒါကြိုတင်သွားလဲ" ဖေးချမ့်က စိတ်ရှည်ရှည် စနစ်တကျဖြင့် မေးလိုက်ပါသည်။
လင်းကန်ရုံလည်း အမှန်တိုင်း ဖြေလိုက်တော့သည်။ "လွန်ခဲ့တဲ့ ၂ ရက်အတွက် စုစုပေါင်း ကတ်စတမ်မာ ၈ ယောက် လာခဲ့ပါတယ်။ ၃ ယောက်စားသွားပြီး ၁ ယောက်က မနက်ဖြန်အတွက် အော်ဒါကြိုမှာသွားပါတယ်။"
"ဟမ်... အမ်"
ပထမ ဂဏန်းနှစ်လုံးကိုတော့ ဖေးချမ့် ကျေနပ်ပါသည်။ ထိုဂဏန်းတွေက လျစ်လျူရှုလို့တောင်ရသည်။ ရက်ပိုင်းအတွင်း ကျန်းကျုထျင်က Weibo ပို့စ်အသစ် တင်လိမ့်မည်ဖြစ်သဖြင့် ဒီ Weibo ပို့စ်ဟောင်းကတော့ တိမ်မြုပ်သွားလိမ့်မည်။ ဒီကတ်စတမ်မာ အနည်းငယ်ကိုတောင် ဆုံးရှုံးသွားပါလိမ့်မည်။
သို့သော် ကတ်စတမ်မာ ၁ ယောက်က နောက်တစ်ရက်အတွက် တကယ်ပဲ အော်ဒါကြိုတင်သွားတယ်တဲ့လား။ သူဌေးတွေတော့ တကယ် များပါသည်။
ဖေးချမ့်က ခေတ္တစဥ်းစားလိုက်ပြီး မေးလိုက်ပါသည်။ "သူ ဘာတွေ အော်ဒါကြိုတင်သွားတာလဲ။"
လင်းကန်ရုံက ထိုလူ့၏ အော်ဒါများကို ဖေးချမ့်က ပြန်တင်ပြလိုက်သည်။ ၎င်းတို့အနက် အမဲနံရိုးသားစတိတ်ခ်၊ ငါးဥဆားနယ်၊ မာဆူတကဲမှို စသည်တို့လည်းပါဝင်သည်။ သူ အများကြီးတော့ အော်ဒါမတင်ထားပါ။ လူ ၂ ယောက် ၃ ယောက်စာလောက်သာ ဖြစ်သည်။ သို့သော်လည်း ထိုဟင်းလျာအားလုံးပေါင်းလျှင် ၁၀,၀၀၀ ယွမ်ကျော် တန်ပါသည်။
ထို့အပြင် ဒီကတ်စတမ်မာက စရန်ငွေ ၂၀ ရာခိုင်နှုန်းကိုတောင် ရှင်းပြီးနေပါပြီ။
ဖေးချမ့် တိတ်ဆိတ်သွားရသည်။ သူ သူဌေးတွေကို တကယ်နားမလည်နိုင်ပါ။
ဖေးချမ့်လည်း ထိုဟင်းလျာများဆိုရင် ဝါးတီးဆွဲမည်ဖြစ်ကာ သူစားနေတုန်း ဝန်ထမ်းများကိုပါ ဖိတ်ကြားမည်ဖြစ်သော်လည်း သူကတော့ တတ်နိုင်သမျှ ငွေကိုဖြုန်းဖို့ကြိုးစားနေတာကြောင့် ဖြစ်ပါသည်။ သူသာ ငွေအကုန်လုံးကို ဖြုန်းနိုင်ပါက စနစ်ထံမှ အကျိုးခံစားခွင့်ရလိမ့်မည်။ ထို့အပြင် စနစ်က သူ့ရန်ပုံငွေများကို ပြန်ဖြည့်ပေးသည်။ ထို့ကြောင့်သာ ဖေးချမ့်က ဘာမှ တွန့်ဆုတ်မှု မရှိဘဲ ဖြုန်းချင်သလောက် ဖြုန်းနိုင်ခြင်း ဖြစ်ပါသည်။
သို့သော် ဖေးချမ့်ကိုသာ သူ့ပိုက်ဆံသူသုံးပြီး စားသောက်ခိုင်းပါက ယွမ် ၃၀၀ - ၄၀၀ တန် သာမန် အိမ်ချက်ဟင်းလျာများကိုသာ ရှာစားပါလိမ့်မည်။
ဒီကတ်စတမ်မာကတော့ ယွမ်ပေါင်း သောင်းချီတန်သည့် ဟင်းလျာများကို မှာယူသွားသည်။
အစကတော့ ဖေးချမ့် အကောင်းမြင်မိပါသည်။ အခုချိန်ထိ မင်ယွမ်စားဖိုဆောင်ကို လာရောက်လည်ပတ်သည့် ကတ်စတမ်မာ အရေအတွက်က ဂဏန်းတစ်လုံးတည်းသာ ဖြစ်သည်။ အခြေအနေကလည်း တည်ငြိမ်နေသည်။ ဒီကတ်စတမ်မာ အနည်းစုထဲ ဘောစိတစ်ကောင် ပုန်းကွယ်နေလိမ့်မည်ဟု မထင်ထားခဲ့ပါ။
ထိုအချိန်တွင် ဖေးချမ့် စိတ်ရှုပ်လာခဲ့ပါသည်။
ဘော့စ်ဖေး တိတ်ဆိတ်သွားတာကို မြင်သောအခါ သူ ဘာတွေ တွေးနေမှန်း မသိသဖြင့် လင်းကန်ရုံလည်း ဇဝေဇဝါ ဖြစ်သွားခဲ့ပါသည်။
ဒါ သတင်းကောင်း မဟုတ်ဘူးလား။ ဘော့စ်ဖေးရဲ့ မျက်နှာပေါ်မှာ ဘာလို့ အပြုံးတစ်ခုတောင် ပေါ်မလာတာလဲ။
ဖေးချမ့် ခေတ္တစဥ်းစားကြည့်လိုက်ပြီး မေးလိုက်ပါသည်။ "ဒီလူ့ရဲ့ လေသံကို သေချာ ပြောပြလို့ ရမလား။"
ပြန်စဥ်းစားပြီးနောက် လင်းကန်ရုံက ပြန်ပြောလိုက်ပါသည်။ "သူက မန်ဒရင်းစကားပြောပေမယ့် လေသံက တစ်မျိုးပဲ။ ကျင်းကျိုးကဖြစ်မယ်လို့တော့မထင်ဘူး။ သူက ဖျင်ချန်းက ဖြစ်မယ်ထင်တယ်။"
ကျောက်မီးသွေးသူဌေးများလား။
ဖေးချမ့် ပထမဆုံးစဥ်းစားမိတာ ဒါပဲ ဖြစ်သည်။
သို့သော်လည်း ခပ်မြန်မြန်ပဲ အကောင်းဘက်က ပြန်ကြည့်လိုက်ပါသည်။ သူက ကျင်းကျိုးမြို့သား မဟုတ်ပေ။ သူက ဒီကိုလုပ်ငန်း ခရီးတစ်ခုခု ထွက်လာတာ ဖြစ်မည်။ ဒီမှာ အကြာကြီး မနေလောက်ပါ။
ဒီလိုသာဆို အဆင်ပြေပါသည်။
ဘောစိတစ်ယောက်ဖြစ်နေရင်တောင် သူဒီကို ခဏခဏလာလို့မရပါ။ အလွန်ဆုံး သူ့ဧည့်သည်များကို ဒီမှာဧည့်ခံပြီး လုပ်ငန််းစားသောက်ပွဲများ တည်ခင်းဖို့ လိုခါမှ ကြိုတင် ဘိုကင်လုပ်ပါလိမ့်မည်။ ဒီလိုစဥ်းစားကြည့်ပါက မင််ယွမ်စားဖိုဆောင်အတွက်... ဝင်ငွေအများကြီးတော့ ယူဆောင် မပေးနိုင်လောက်ဘူး မဟုတ်လား။
ထိုအတွေးကြောင့် ဖေးချမ့် အနည်းငယ် စိတ်အေးသွားပါသည်။ သူ့စိတ်တွေ ဂယောင်ချောက်ချားဖြစ်နေပြီး ခုတလော လူတိုင်းကို ရန်သူလို ဆက်ဆံနေမိသည်ဟု ခံစားမိသည်။ ဒီစားဖိုဆောင်ကို ဖွင့်ပြီးကတည်းက သူ့ကိုယ်ပိုင် ဝန်ထမ်းများကို ဒီမှာ ဧည့်ခံခဲ့တာပဲမဟုတ်လား။ ပြင်ပလောကကနေ လုံးဝ ဖွက်ထားနိုင်မယ်လို့ ဘယ်လိုလုပ်ပြီး မျှော်လင့်ခဲ့မိတာလဲ။
ဒီမှာ ဘောစိအနည်းငယ် လာရောက်စားသောက်ခြင်းက ဘော့စ်ဖေး၏ မူလအစီအစဥ်ထဲမှာလည်း ပါဝင်ပြီးသား ဖြစ်သည်။ ရေရှည်မှာတော့ ဒီစားဖိုဆောင်ကြီးက ဆက်လက် အရှုံးပေါ်နေပါဦးမည်။
ထို့ကြောင့် အရမ်းကြီး စိတ်လှုပ်ရှားဖို့ မလိုအပ်ပေ။
ထိုဘောစိက ကျင်းကျိုးမြို့က မဟုတ်မှန်း ကြားလိုက်ရတော့ ဖေးချမ့် အတော်လေး စိတ်အေးသွားရပါသည်။ သူတို့နှစ်ယောက် စားဖိုဆောင်၏ နေ့စဥ်လုပ်ငန်းဆောင်တာများအကြောင်း ပြောဆိုနေရင်း ဆွန်းလေး၏ ကားရောက်လာတာကို မြင်လိုက်ရပါသည်။
"ဒါဆို အခုတော့ ဒီလောက်ပါပဲ။ ဝန်ဆောင်မှုအကြောင်း ကျွန်တော်ပြောထားတာ မမေ့နဲဲ့ဦး။ သူတို့တွေက ဘောစိတွေဖြစ်နေရင်တောင် စည်းကမ်းကို မချိုးဖောက်ပါနဲ့။ သူတို့တွေကို သာမန် ကတ်စတမ်မာတွေလိုပဲ ဝန်ထမ်းတွေကို ဆက်ဆံခိုင်းလိုက်ပါ။"
"ပြီးတော့ ကျွန်တော်တို့ စားသောက်ဆိုင်ရဲ့ နာမည်ကိုလည်း လျှောက်မဖြန့်နဲ့ဦး။”
ဖေးချမ့်က ညွှန်ကြားချက်တချို့ ထပ်ပေးပြီးမှ ကားပေါ်တက်သွားပါသည်။
ဘော့စ်ဖေးပြန်သွားတာကိုမြင်ပြီးနောက် လင်းကန်ရုံတစ်ယောက် ဘော့စ်ဖေး စကားလုံးများ၏ ပုန်းကွယ်နေသော အဓိပ္ပာယ်ကို ဖော်ထုတ်ဖို့ ကြိုးစားကြည့်သည်။
"နောက်ပိုင်းကျရင် မင်ယွမ်စားဖိုဆောင်မှာ ဒီလိုဘောစိတွေ အများကြီး ရောက်လာမှာမို့လို့ ဘောစိတွေကို မြင်ရင် အရမ်းစိတ်မလှုပ်ရှားကြဖို့ ဘော့စ်ဖေး ငါတို့ကိုပြောဖို့ ကြိုးစားနေတာလား။ ငါတို့ ဘောစိတစ်ယောက်အတွက်နဲ့ စည်းကမ်းချိုးဖောက်လိုက်ရင် နောက်ပိုင်း ဘောစိတွေ အများကြီး ရောက်လာတဲ့အခါကျ စည်းကမ်းတွေက အသုံးဝင်မှာ မဟုတ်တော့ဘူး။"
"အင်း အဲ့တာ အဓိပ္ပာယ်ရှိတယ်။"
"ဘော့စ်ဖေးက တကယ်ပဲ အမြော်အမြင်ရှိတာပဲ။ နောက်ပိုင်း စီးပွားရေး အဆင်ပြေလာတဲ့အခါကျရင် မင်ယွမ်စားဖိုဆောင် ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကိုပါ ကြိုမြင်ပြီးသားပါလား။ သူက တကယ့်ကို အကုန်ကြိုပြင်ထားပြီးသားပဲ။ ဘော့စ်ဖေးက ငါ့ကို အလွယ်တကူ မကျေနပ်ဖို့လည်း သတိပေးနေတယ်။ ဒီလို ဘောစိတစ်ယောက်လောက် ရောက်လာရုံနဲ့ ငါဘယ်လိုလုပ် အပျော်လွန်လို့ဖြစ်မလဲ။ ငါက ဆိုင်ခွဲမန်နေဂျာတစ်ယောက်ပဲ။ ငါ စိတ်ကို အေးအေးထားရမယ်။ နောက်ပိုင်း ဘောစိတွေ ငါတို့ဆီထပ်လာရင် ငါ့ပုံစံကိုငါ ထိန်းသိမ်းထားရမယ်။"
"အဲ့တာမှ ဘော့စ်ဖေးရဲ့ စိတ်ခွန်အားမျိုးကို ဝန်ထမ်းတွေဆီ လက်ဆင့်ကမ်းပေးနိုင်လိမ့်မယ်။"
လင်းကန်ရုံတော့ မင်ယွမ်စားဖိုဆောင်ကြီး၏ တောက်ပသော အနာဂတ်ကို ကြိုမြင်နေပါပြီ။ ပျော်ရွှင်စွာဖြင့် တခြားသူများကို သတင်းကောင်း မျှဝေဖို့ ပြန်ဝင်လာခဲ့တော့သည်။
သြဂုတ်လ ၂၁ ရက်နေ့၊ စနေနေ့...
မင်ယွမ်စားဖိုဆောင်ကြီးက ညစာစားပွဲတစ်ခုအတွက် ပြင်ဆင်နေပါသည်။
ချောင်းလျန်က မနက်ခင်း ကျင်းကျိုးမြို့ထဲလမ်းပတ်လျှောက်ကြည့်ဖို့ စီစဥ်ထား၏။ နေ့လည်ခင်းမှစပြီး အချိန်ပိုအလုပ်လုပ်ကာ အရှုံးပေးပြီး ကယ်တင်ခြင်ဂိမ်းကို ဆော့ကစားပါမည်။ ဘော့စ်ဖေးက သူ့အပေါ် ဒီလောက် ကောင်းထားသဖြင့် အလုပ်ကို သေသေချာချာ ပြီးမြောက်အောင် ဆောင်ရွက်ရပါမည်။
ရှန်းယန်ဂိမ်းတွင် Bloody Battle Song : ပိုကြမ်းသည့်ဗားရှင်း၏ ဖန်တီးလေ့လာမှုများ ပြီးမြောက်သွားပြီဖြစ်သည်။ သူတို့ အခု ဖိုင်နယ် စမ်းသပ်ချက်များ ဆောင်ရွက်နေလေပြီ။ ထို့နောက် တရားဝင်ကြော်ငြာပြီး ထုတ်နိုင်ပါပြီ။
ဒီနေ့က စနေနေ့ဖြစ်သည်။ ဘော့စ်ဖေး၏ ညွှန်ကြားချက်အရ သူတို့ အပတ်စဥ်အားလပ်ရက်တွေမှာ အချိန်ပိုအလုပ် လုပ်လို့ မရပေ။
ဒါရိုက်တာတစ်ယောက်အနေဖြင့် လင်းဝမ်က အစပိုင်းမှာတော့ အားလုံးကို အိမ်ပြန်ဖို့ တိုက်တွန်း၏။ သို့သော်လည်း ဂိမ်း၏ ထုတ်လုပ်ရက် နီးလာသည့်အကြောင်း တွေးမိသောအခါ ဝမ်ရှောင်းပင်နှင့် ယဲ့ကျစ်ကျိုးတို့ အိမ်မှာ မနေတတ်တော့ပေ။ သူတို့ အချိန်ပိုလုပ်ဖို့သာ စိတ်ဓာတ်ပြင်းပြနေသဖြင့် လင်းဝမ်လည်း ရွေးချယ်စရာမရှိတော့ဘဲ ခွင့်ပြုလိုက်ရတော့သည်။
အမှန်ပင်။ လင်းဝမ်လည်း ဒီတိုင်း ထိုင်မနေနိုင်ပါ။
သူတို့ အချိန်အများကြီး ပေးခဲ့သည့် ဂိမ်းကို တစ်ပတ်အတွင်း ဂိမ်မာများ ကစားနိုင်အောင် တရားဝင်ထုတ်ပေးတော့မည့်အကြောင်းကို စဥ်းစားမိတိုင်း အားလုံး ပျာယာခတ်ကာ စိုးရိမ်ကြောင့်ကြမိပါသည်။ နောက်ဆုံးမှာတော့ သူတို့ Bloody Battle Song : ပိုကြမ်းသည့်ဗားရှင်း၏ Mini-client ကို 370MB ဖြင့် ကျေနပ်လိုက်ကြသည်။ ဒါက အစပိုင်း အားလုံး မျှော်လင့်ထားတာထက် အများကြီး ပိုများနေပါသည်။ အစပိုင်းမှာတော့ Bloody Battle Song က Browser ဂိမ်းဖြစ်ပြီး လူတိုင်း ကစားချင်သည့်အချိန်တိုင်း ဖွင့်ကစားနိုင်သော ဂိမ်းမျိုး ဖြစ်သည်။ Browser ဂိမ်း အများစုအတွက် Mini-client များကို 5MB အောက်တွင် ထိန်းသိမ်းထားနိုင်သည်။ ဝက်ဘ်ဆိုက်ဂိမ်း တချို့၏ Mini-client များက 30MB - 50MB လောက် ရှိကြပါသည်။
ထို့ထက်ပိုကြီးပါက Mini-client ဟုခေါ်နိုင်တော့မည် မဟုတ်ပါ။ ဝက်ဘ်ဆိုက်ဂိမ်းများကို စံနှုန်းဖြင့် သတ်မှတ်လိုက်ပါက ဒေတာ 370MB ကို ဒေါင်းလုတ်ဆွဲဖို့က အချိန်အကြာကြီးယူရလိမ့်မည်။ ဂိမ်မာတွေက Client-side ဂိမ်းများကိုပဲ ဒေါင်းလုတ်ဆွဲတာ ပိုကောင်းပါလိမ့်မည်။ ဝက်ဘ်ဆိုက်ဂိမ်မာ အများစုကလည်း ဒေတာ 370MB လောက် ဒေါင်းလုတ်ဆွဲရမှာကို သည်းခံနိုင်မှာ မဟုတ်ပါ။
သို့သော်လည်း လင်းဝမ်မှာ ပိုကောင်းသည့် အဖြေ မရှိတော့ပါ။ သူတို့ အစောပိုင်းက သဘောတူထားသည့်အတိုင်းဆို Bloody Battle Song : ပိုကြမ်းသည့်ဗားရှင်းက 2D မှ 3D ဂိမ်း အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ပန်းချီအရင်းအမြစ်များကိုလည်း ပြန်ဆွဲသားပြီးပါပြီ။ သူတို့ ဘယ်လောက်ပဲချုံ့ပြီး အဆင့်မြှင့်တင်ချင်ပါစေ ၎င်းတို့၏အရွယ်အစားကိုတော့ ထပ်ပြီး နှိမ့်နိုင်တော့မှာ မဟုတ်ပါ။
ဂိမ်းကို 370MB အထိ လျှော့ချနိုင်ဖို့တောင် သူတို့ အရင်းအမြစ်များအား ချုံ့ကာ အဆင့်မြှင့်တင်ဖို့ အားအများကြီး စိုက်ထုတ်ခဲ့ရပါသည်။
စွန့်စားမှုကြီးတစ်ခုတော့ ရှိသော်လည်း လုပ်ပြီးတာက လုပ်ပြီးသွားခဲ့ပါပြီ။ ပြန်လှည့်လို့ မရတော့ပါ။ သူတို့ အကောင်းဘက်က ကြည့်ကြရမည်။ ဧကန္တ သာမန်ဝက်ဘ်ဆိုက်ဂိမ်မာများ၏ အကြိုက်ကို ပြောင်းလဲဖို့အတွက် အများကြီး ပိုကောင်းသွားသည့် အရည်အသွေးနှင့် မျှတသည့် ဂိမ်းကစားနည်းတို့ကို အားကိုးလို့ရမည်ထင်ပါသည်။
ထို့အပြင် ဘော့စ်ဖေးကိုယ်တိုင်လည်း ကြော်ငြာကို ဖန်တီးထားသည်မဟုတ်ပါလား။
လင်းဝမ် ဘာကို မျှော်လင့်ထားရမှန်း မသိတော့ပါ။ သို့သော်လည်း ဘော့စ်ဖေးအားလုံးကို ကြိုတင်စီစဥ်ထားပြီးသားဟုသာ ယုံကြည်ထားလိုက်ပါသည်။
ဝမ်ရှောင်းပင် တံခါးကို ညှင်ညှင်သာသာ ခေါက်လိုက်သည်။ "ဒါရိုက်တာလင်း ကျွန်တော်တို့ ကြော်ငြာအတွက် စဦးစီစဥ်မှုတွေ ပြီးသွားပါပြီ။ လောလလောဆယ် ကျွန်တော်တို့ ဝက်ဘ်ဆိုက် အမျိုးမျိုးမှာ ကြော်ငြာတွေကို ထည့်သွင်းဖို့ စီစဥ်ထားပါတယ်။ ဝတ္ထုဝက်ဘ်ဆိုက်တွေ၊ ဗီဒီယီုဝက်ဘ်ဆိုက်တွေ၊ ဂိမ်းဝက်ဘ်ဆိုက်တွေ၊ ကောမစ် ဝက်ဘ်ဆိုက်တွေနဲ့ ဝက်ဘ်ဆိုက်အသွားအလာ ဆိုက်တွေမှာ ထည့်သွင်းသွားမှာပါ။"
"ကျွန်တော်တို့ သဘောတူထားတဲ့အတိုင်း Pop-up စာမျက်နှာတွေနဲ့ စာမျက်နှာမှာ ပိတ်လို့ မရတဲ့ ကြော်ငြာမျိုးတွေ မသုံးပါဘူး။ သူတို့ ကြော်ငြာကို နှိပ်လိုက်မှ လူတွေကို ဂိမ်းရဲ့ စာရင်းသွင်းခြင်းနဲ့ ဒေါင်းလုတ်ဆွဲခြင်းစာမျက်နှာကို ခေါ်သွားမှာပါ။"
ဒါတွေက ကြော်ငြာဖို့ ပုံမှန်နည်းလမ်းများ ဖြစ်ကြသော်လည်း လင်းဝမ်၏ တောင်းဆိုချက်ကြောင့် စိတ်တိုဖို့ကောင်းသည့်ကြော်ငြာနည်းလမ်းများကို ဖယ်ရှားလိုက်ရပါသည်။
တကယ်တော့ ရှုပ်ထွေးသည့် ကြော်ငြာနည်းလမ်းများစွာ ရှိပါသေးသည်။ ဘယ်နေရာကမှန်းမသိ ပေါ်လာသည့် စာမျက်နှာများနှင့် ဝက်ဘ်ဆိုက်စာမျက်နှာများ၏ ညဘက်ထောင့်တွင် ပုံသေကြီး ကပ်နေသော ကြော်ငြာများစသည်တို့ဖြစ်သည်။ ဒါတွေက ကြံဆမှုနည်းပါးသည့် ကြော်ငြာနည်းလမ်းများသာဖြစ်ပြီး အများစုက Netizen များ၏ ဂိမ်းရသကို ဖျက်ဆီးတတ်ပါသည်။
သို့သော်လည်း ထိုကဲ့သို့အရှက်မရှိသည့် Pop-up ကြော်ငြာများက အာနိသင်အရှိဆုံးဆိုတာကိုတော့ လက်ခံရပါမည်။
ဒီလိုနည်းလမ်းများကို ငြင်းဆန်လိုက်ခြင်းက ကြော်ငြာများ၏ သက်ရောက်မှုကို လျှော့ချပစ်လိမ့်မည်။ တစ်ချိန်တည်းမှာပင် ထိုကဲ့သို့ နည်းလမ်းများကို ပယ်ထားတာကိုတောင် Netizen များက သတိမထားမိလောက်သဖြင့် ဂိမ်း၏ ဂုဏ်သတင်းမွှေးဖို့ကိုလည်း အထောက်အကူ မဖြစ်နိုင်လောက်ပါ။
သို့သော်လည်း လင်းဝမ်က အားလုံးနဲ့ ဒီအကြောင်းကိုဆွေးနွေးပြီးပြီဖြစ်ပြီး ထိုကဲ့သို့ ကြော်ငြာနည်းလမ်းများကို ရှောင်ကြဥ်ဖို့ ဆုံးဖြတ်ထားပါသည်။
ဘာပဲဖြစ်ဖြစ် ရှန်းယန်ဂိမ်းက အရင်ကလို မဟုတ်တော့ပါ။ သူတို့ကိုယ်သူတို့ အဆင့်အတန်းမရှိသည့် ဝက်ဘ်ဆိုက်ဂိမ်းဖန်တီးသူများနဲ့ မတူအောင် ခွဲခြားရမည်။
ဝမ်ရှောင်းပင်၏ အစီရင်ခံမှုကိုကြားပြီးနောက် လင်းဝမ် စိတ်ကျေနပ်သွားပါသည်။ "ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ရဲ့ နောက်တာဝန်ကတော့ ဂိမ်းအတွက် ဆက်ပြီး ကြိုးစားနေဖို့ပါပဲ။ ဂိမ်မာတွေရဲ့ အကြိုက်ကို ပြောင်းလဲဖို့က ခက်ခဲနိုင်ပေမယ့် အနည်းဆုံးတော့ ကျွန်မတို့ အကောင်းဆုံး ကြိုးစားလို့ ရပါသေးတယ်။"
ဝမ်ရှောင်းပင်လည်း လင်းဝမ်၏ စကားလုံးများကို အပြည့်အဝ ထောက်ခံသဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။
ဒါရိုက်တာလင်းက ဂိမ်းဖန်တီးလေ့လာမှု လုပ်ငန်းစဥ်တစ်ခုလုံးကို အသေးစိတ်စီမံခဲ့သူ မဟုတ်သော်လည်း ဒီလို အကောင်းမြင်ပြီး တက်ကြွသည့် စိတ်ဓာတ်က သေချာပေါက် ဘော့စ်ဖေးနဲ့ ဆင်တူနေပါသည်။ တကယ်ပဲ အလွန်ရှားပါးသော စိတ်ဓာတ် ဖြစ်ပါသည်။
"ဒါဆိုလည်း အားလုံးပဲ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားလိုက်ကြပါ။ ၁ ပတ်အတွင်း ကျွန်မတို့ ဖိုင်နယ်စမ်းသပ်ချက်တွေ လုပ်ကြမယ်။ ကျွန်မတို့ ဂိမ်မာဟောင်းတွေကို ဂိမ်းစမ်းကစားကြည့်ဖို့ ဖိတ်ခေါ်ပြီး ဝေဖန်ချက်ပေးခိုင်းမယ်။ ၁ ပတ်ကြာပြီးတဲ့အခါ ဂိမ်းကို တရားဝင်ထုတ်လုပ်ပါပြီ။ အဲ့အခါကျရင် ကြော်ငြာတာကိုလည်း အပြည့်အ ဝစတင်ကြမယ်။"
ညအချိန်၊ မင်ယွမ်ဗီလာ၌...
"ကြည့်လိုက်စမ်း တွေ့လား ဒါအရမ်းကောင်းတဲ့ စားသောက်ဆိုင်ပါလို့ ငါပြောသားပဲ။ မင်းမှ ငါ့ကိုမယုံတာ။ အခုကော ယုံပြီလား။ မင်းရှာတွေ့ထားတဲ့ ပရိုမိုးရှင်းသမားတွေက ပရော်ဖက်ရှင်နယ် မကျလိုက်တာကွာ။"
ရှုကျားပင်က မျက်နှာပေါ်တွင် အပြုံးကျယ်ကျယ်ဖြင့် ခြေခွေထိုင်နေသည်။ သူ့ကိုယ်သူ အထူးတလည် ဂုဏ်ယူဝံ့ကြွားနေသည့်ပုံစံပင်။ မနေ့က သူ အော်ဒါ ကြိုတင်ခဲ့သည့် အစားအသောက်များမှ အကျိုးကျေးဇူး တကယ်ရရှိခဲ့ပါသည်။
သူတို့ တံခါးမှ ဝင်လာတာနဲ့ ရှုကျားပင် ခြားနားမှုကို ခံစားလိုက်ရပြီဖြစ်သည်။ သီးသန့်အခန်းထဲက အလှဆင်မှုများ၊ ညစာ စားပွဲနှင့် ဇွန်းခွက် ပန်းကန်များအားလုံး ပြောင်းလဲသွားပါပြီ။
ရှုကျားပင် ဒီသီးသန့်အခန်းကို နေ့လည်ခင်းတုန်းက ရွေးခဲ့ရခြင်းမှာ ထိုအချိန်တုန်းက မင်ယွမ် စားဖိုဆောင်တွင် လူများများစားစား မရှိခဲ့သောကြောင့် ဖြစ်ပါသည်။
သို့သော်လည်း သူ ကြိုတင် ဘိုကင်မလုပ်ခဲ့သဖြင့် သီးသန့်အခန်းထဲက အပြင်အဆင်များက အားလုံး သာမန်ပဲ ဖြစ်သည်။ ပတ်ဝန်းကျင်က ကောင်းမွန်သော်လည်း ဘာမှ ထူးခြားမှု မရှိခဲ့ပါ။
ဒီနေ့ကျတော့ မတူတော့ပေ။ ရှုကျားပင်က ကြိုတင် ဘိုကင်လုပ်ထားခဲ့သည်။ ထို့ကြောင့် အပြင်အဆင်များ၊ စားပွဲနှင့် ဇွန်းခွက်ပန်းကန်များအားလုံး သူ့အော်ဒါအတိုင်း ပြောင်းလဲထားပါသည်။ စားပွဲပေါ်က စားပွဲခင်းနဲ့ အလှဆင်မှုများကအစ အားလုံး စတိုင် အတူတူပဲဖြစ်သည်။ စားသောက်ဆိုင်က စေ့စပ်သေချာစွာ ပြင်ဆင်ထားခဲ့မှန်း သိသာပါသည်။
အနှစ်ချုပ်ပြောရလျှင် သူဝင်လာတာနဲ့ မျက်လုံးများ ဝိုင်းစက်သွားရသည်။
ရှုကျားပင်၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသည့် လူငယ်က သူ့ထက် အသက်နည်းနည်း ကြီးမည့်ပုံပေါက်သော်လည်း အသက် ၃၀ အောက်သာ ရှိနိုင်ပါသည်။
သူကတော့ ရှုကျားပင်၏ သူဌေးသားပုံစံနဲ့ ဆန့်ကျင်ဘက် ဖြစ်၏။ ဒီလူငယ်ကတော့ Suit တစ်စုံ ဝတ်ဆင်ထားပြီး အလွန်စီးပွားရေးသမား ပုံစံပေါက်နေပါသည်။ တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ သူက စီးပွားရေးလောကထဲမှာ ခေသူ မဟုတ်မှန်း သိနိုင်သည်။
ထိုအချိန်တွင် သူက ဟင်းလျာကို မြည်းစမ်းနေပြီး စိတ်ရှုပ်စွာဖြင့် သူ့ဖုန်းထဲက Review ဆော့ဝဲကို ကြည့်နေပါသည်။
"ကျင်ကျိုးမြို့မှာ ဒီလောက်ကောင်းတဲ့ အရည်အသွေးနဲ့ စားဖိုဆောင်တစ်ခုရှိနေတာ ငါတို့ပရိုမိုးရှင်းသမားတွေက ရှာမတွေ့ခဲ့ဘူးတဲ့လား။ မင်းက ဘယ်လိုလုပ်ပြီး တွေ့ခဲ့တာလဲ" Review ဆော့ဝဲရှိ မြေပုံက ဒီနေရာကို မြေကွက်အလွတ်ကြီး တစ်ခုဟုသာ ပြနေပါသည်။ ဒီမှာ ဘာမှရှိရမည်မဟုတ်ပေ။
ရှုကျားပင်က ပြုံးလိုက်သည်။ မြူးထူးစွာဖြင့် ပြောလိုက်သည်။ "ငါဘယ်လိုတွေ့လဲဆိုတာ ဘာလို့ စိတ်ဝင်စားနေတာလဲ။ မင်း လောင်းကြေးရှုံးသွားပြီ။ ဒီညစာ မင်းရှင်းလိုက်တော့။"
သူ့ဆန့်ကျင်ဘက်မှာ ထိုင်နေသော လူငယ်က ဝမ်ဖန်းဟုခေါ်သည်။ သူက ချွမ်းမင် Review ဖန်တီးသူတွေထဲက တစ်ဦး ဖြစ်ပါသည်။
ဝက်ဘ်ဆိုက်များစွာ၏ ပြိုင်ဆိုင်မှုများအနက် အနိုင်ရရှိသူတစ်ယောက်အနေဖြင့် ချွမ်းမင် Review က ပထမအဆင့်မြို့များမှ ဒုတိယအဆင့်နဲ့ တတိယအဆင့်မြို့များသို့ လျင်လျင်မြန်မြန်ပဲ တိုးချဲ့နေခဲ့ပါသည်။ ၎င်း၏ တိုးချဲ့မှုတွင် ကျင်းကျိုးမြို့ကလည်း အဓိက မြို့တစ်မြို့ဖြစ်၏။
၎င်းတို့ စျေးကွက်၏ တိုးချဲ့မှုကို တိုးမြှင့်ဖို့နှင့် လုပ်ငန်းများကို ပိုပြီး ဆွဲဆောင်နိုင်ဖို့အတွက် ဝမ်ဖန်းက မြို့တိုင်းတွင် ပရိုမိုးရှင်းသမားများကို မိတ်ဆက်ပေးဖို့ အကြံပေးသည်။ ထိုပရိုမိုးရှင်းသမားများ၏ အလုပ်ကတော့ လူမသိသူမသိ စျေးဆိုင်များကို ရှာဖွေပြီး ချွမ်းမင် Review နဲ့ ပူးပေါင်းရန် တိုက်တွန်းဖို့ ဖြစ်ပါသည်။
ပရိုမိုးရှင်းသမားတွေကလည်း ရလဒ်ကောင်းများ ရရှိခဲ့ပါသည်။ ချွမ်းမင် Review က ကျင်းကျိုးမြို့တွင် အလွန်လျင်မြန်စွာ ကျယ်ပြန့်နေပြီဖြစ်သည်။ လောလောဆယ် လုပ်ငန်း အများစုက ချွမ်းမင် Reveiw နဲ့ ပါတနာ ဖြစ်နေကြပါပြီ။
အထူးသဖြင့် ပြောင်မြောက်သည့် ဟင်းလျာများ ရှိသည့် အဆင့်မြင့်စားသောက်ဆိုင်များ ဖြစ်ကြသည်။ ထိုစားသောက်ဆိုင်များ၏ ပိုင်ရှင်များနှင့် အောင်မြင်စွာ ညှိနှိုင်းပြီးနောက် ပရိုမိုးရှင်းသမားများကို ကော်မရှင်ခ ပေးမည်ဖြစ်သည်။ ထို့ကြောင့် ချွမ်းမင် Review ၏ ပရိုမိုးရှင်းသမားများက ထိုကဲ့သို့ စားသောက်ဆိုင်များကို ကြိုးစားပြီး ရှာဖွေလေ့ရှိကြပါသည်။
လုပ်ငန်းတွေက ချွမ်းမင် Review နဲ့ပါတနာလုပ်ဖို့ ဆန္ဒမရှိပါက အနည်းဆုံးတော့ ထိုလုပ်ငန်းများကို ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် မှတ်သားထားမည်ဖြစ်သည်။ မြေပုံမှာ အခုလိုမျိုး မြေကွက်လွတ်ကြီးတစ်ခု ပြမနေသင့်ပါ။
ထိုအကြောင်းပြချက်ကြောင့်ပဲ ဝမ်ဖန်းက ရှုကျားပင်ကို မယုံကြည်ပေ။ မခံမရပ်နိုင်တောင် ဖြစ်မိပါသည်။
ဒီလို ဘက်ပေါင်းစုံ ပြီးပြည့်စုံသည့် အဆင့်မြင့်စားသောက်ဆိုင်မျိုးကို ချွမ်းမင် Review ၏ ကျင်းကျိုးမြို့အခြေစိုက် ပရိုမိုးရှင်းသမားများက ရှာမတွေ့ဘဲ နေလိမ့်မည်ဟု မထင်ပါ။
စားပွဲထိုးများက ပြုံးလျက် ဘေးမှာ အကူအညီပေးဖို့ စောင့်နေပါသည်။
ဝမ်ဖန်းက မေးလိုက်၏။ "ဒီစားသောက်ဆိုင် ဖွင့်ထားတာ ဘယ်လောက်ကြာပြီလဲ။”
စားပွဲထိုးတစ်ယောက်က ပြုံးကာ ပြန်ဖြေလိုက်ပါသည်။ "လဝက်ကျော်ကျော်လောက်လေးပါပဲ။"
ဝမ်ဖန်း ပို၍ပင် စိတ်ရှုပ်သွားရသည်။
သူ မစဥ်းစားတတ်တော့ပါ။ ချွမ်းမင် Review က ကျင်းကျိုးမြို့ ပတ်လည်တွင် ပရိုမိုးရှင်းသမားများစွာကို ပိုင်ဆိုင်ထားသည်။ နေ့တိုင်း သူတို့ရှာမတွေ့သေးသည့် စီးပွားရေး လုပ်ငန်းများကို လိုက်ရှာကြရသည်။ ဒါတောင် ဒီစားသောက်ဆိုင်ကြီးက လဝက်ကျော်လောက် ပုန်းကွယ်နေနိုင်ခဲ့၏။ ပရိုမိုးရှင်းသမားတွေက မတွေ့ဘဲ ရှုကျားပင်က တွေ့သွားသည်။
အဓိပ္ပာယ်မရှိပါ။
ဝမ်ဖန်းက မေးလိုက်သည်။ "မင်းတို့ စားသောက်ဆိုင်နာမည်က ဘာလဲ။"
ဒီစားသောက်ဆိုင်၏ ဘော့စ်နဲ့ စကားပြောကြည့်ပြီး ချွမ်းမင် Review နဲ့ ပါတနာကိစ္စ ဆွေးနွေးဖို့ သူစဥ်းစားထားပါသည်။
စားပွဲထိုးက ဆက်ပြုံးနေပြီး ပြန်ဖြေလိုက်ပါသည်။ "ဆရာ ကျွန်တော်တို့ စားသောက်ဆိုင်မှာ နာမည် မရှိပါဘူး။ ကျွန်တော်တို့ မျှော်လင့်တာက ဆရာတို့ ဒီစားသောက်ဆိုင်ကို မှတ်မိတဲ့အခါ လူလုပ်နာမည်ကိုမဟုတ်ဘဲ လှပတဲ့ ပတ်ဝန်းကျင်၊ စေ့စပ်တိကျတဲ့ ဝန်ဆောင်မှုနဲ့ အမှတ်ရစရာ အစားအသောက်တွေကိုပဲ မှတ်မိစေချင်လို့ပါ။”