ဆရာချောင်းရဲ့အထင်အမြင်များကို ကျိုးနွံစွာ နားထောင်ခြင်း
Vol. 17 Ch. 248
ဖေးချမ့်က တိုးတိုးတိတ်တိတ်ဖြင့် ယွီအင်တာနက်ကဖေး၏ ဒုတိယထပ်ကို တက်သွားလိုက်သည်။ ဆရာချောင်းအခြေအနေ ဘယ်လိုရှိသလဲဆိုတာကို မြင်ချင်သောကြောင့် ဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ဆရာချောင်း နာကျင်ခံစားနေတာကို မြင်ရတာက ဖေးချမ့်ရဲ့မသာယာတဲ့ ဘဝအတွက် အလွန်အရေးပါတယ်မဟုတ်ပါလား။ အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းအား ဆက်ကစားဖို့ သူ့အတွက် လှုံ့ဆော်ပေးရာလည်း ကျပါသည်။
သို့သော်လည်း ဖေးချမ့် စိတ်ပျက်သွားရ၏။
ဆရာချောင်းက အရင်တစ်ခေါက်ကလိုမျိုး မယုံကြည်နိုင်စွာဖြင့် ဖန်သားပြင်ကို ကြည့်မနေတော့ပေ။ ထိုင်ခုံတွင် မှီလျက် ကော့တေးကို သောက်နေပါသည်။ သူ့ပုံစံက စိတ်အေးလက်အေးဖြစ်နေသည့်ပုံစံပင်။
ကွန်ပျူတာဖန်သားပြင်ပေါ်တွင် ခပ်ဝါးဝါး အဝါရောင်ပေါ်နေပြီး ထူထပ်သည့် မြူခိုးများလည်း ရှိနေသည်။ ဒါက မရဏလောကသို့ အသွားလမ်းဇာတ်ဝင်ခန်းဖြစ်မှန်း ဖေးချမ့် ချက်ချင်း မှတ်မိသွားပါသည်။ ဆရာချောင်းက မေ့လျော့ခြင်းတံတားနဲ့ မေ့လျော့ခြင်းမြစ်တို့ထံသို့ ရောက်ရှိသွားလေပြီ။
ဘာလဲဟ။ ဘာတွေဖြစ်နေတာလဲ... သူကစားတာ ငါ့ကို မှီဖို့ နည်းနည်းလေးပဲ လိုတော့တာလား။ နေဦး မဟုတ်သေးဘူး။ သူက ငါ့ထက် ပိုမြန်နေတာပဲ။
ဖေးချမ့် ကြက်သေသေသွားရသည်။
လောလောဆယ် ဖေးချမ့်က ပြန်လည်မွေးဖွားခြင်းနှင့် ဖြစ်တည်ခြင်း လောက ၆ ပါး၏ ဝင်ပေါက်သို့ ရောက်ရှိသွားခဲ့ပါပြီ။ ဂိမ်းဒီဇိုင်းအရဆို မေ့လျော့ခြင်းတံတားနှင့် မေ့လျော့ခြင်းမြစ်တို့ကို ဖြတ်သန်းပြီးနောက် အိမ်ရှုအဆောက်အအုံနဲ့ အသက်ကျောက်တုံး ၃ တုံးတို့ထံသို့ ရောက်ရှိသွားတော့မည်။ နောက်ဆုံးတော့ ငရဲမင်းရာမ၏ နန်းတော် သို့မဟုတ် ပြန်လည်မွေးဖွားခြင်းနှင့် ဖြစ်တည်ခြင်း လောက ၆ ပါးက အသက်ကျောက်တုံး ၃ တုံးနောက်တွင် ရောက်လာလိမ့်မည်။
သို့သော်လည်း ဖေးချမ့်က 'ဖုတု' လက်နက်ကို ရရှိသွားသဖြင့် ဖြတ်လမ်းလိုက်ပြီး မေ့လျော့ခြင်း တံတား၊ အသက်ကျောက်တုံး ၃ တုံး စသည်တို့ကို မရဏလောကသို့ အသွားလမ်းက စတင်ကာ ကျော်ပစ်ခဲ့ပြီး ပြန်လည်မွေးဖွားခြင်းနှင့် ဖြစ်တည်ခြင်း လောက ၆ ပါးသို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပါသည်။
ဒါတွေကို ထည့်တွက်ကြည့်ပါက ဆရာချောင်းက တကယ်ပဲ ဖေးချမ့်ထက် အများကြီး ဂိမ်းကို ပိုမြန်မြန် အောင်နေပါသည်။
"မဟုတ်ဘူး မဖြစ်နိုင်ဘူး..."
ဖေးချမ့် အနည်းငယ် မူးလဲချင်သွားသည်။ ဆရာချောင်း၏ နာကျင်မှုကို ခံနိုင်ရည်နဲ့ သူဂိမ်းစွမ်းရည်တို့ကို အထင်သေးလိုက်မိပြီဆိုတာ ဖေးချမ့် နားလည်သွားရ၏။
ဂိမ်း UP မာစတာ တစ်ယောက်အနေဖြင့် ဆရာချောင်း၏ ဂိမ်းစွမ်းရည် စံနှုန်းများက ထိပ်တန်းတော့ မဟုတ်ပေ။ သူ့အရင်ဗီဒီယိုတွေကလည်း ဂိမ်းတွေအကြောင်းကို ရှင်းပြသည့် ဗီဒီယိုတွေသာ ဖြစ်သည်။ ထို့ကြောင့် ဆရာချောင်းက အရှုံးပေးပြီးကယ်တင်ခြင်းခံစေကို ကစားရာတွင် ရူးချင်သွားလောက်အောင် ခက်ခဲနေလိမ့်မည်ဟု ဖေးချမ့် ယူဆခဲ့ပါသည်။
သို့သော်လည်း အခုတော့ ဆရာချောင်း၏ စံနှုန်းကို အထင်သေးခဲ့မိပြီမှန်း ဖေးချမ့် နားလည်သွားပါပြီ။
စဥ်းစားကြည့်မှ ၈ နာရီလောက် ကားမောင်းရတာကို ခံနိုင်ရည်ရှိခဲ့သည့် ဂိမ်မာတစ်ယောက်အနေဖြင့် အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းမှာ ဘယ်နှကြိမ်ပဲ သေနေပါစေ ကားမောင်းနေရတာထက်တော့ ပိုပြီး အဓိပ္ပာယ်ရှိတယ်မဟုတ်လား။ ထို့အပြင် ဆရာချောင်း၏ မျက်နှာထားကို ကြည့်ခြင်းအားဖြင့် ခါးသီးမှုကြားထဲမှ ပျော်ရွှင်မှုကို ရှာနည်းအား သိရှိသွားသည့်ပုံပေါက်ကာ ဂိမ်းကစားရတာ ပျော်နေသည့်ပုံပင်။
ဖေးချမ့် အနည်းငယ် ပျာယာခတ်သွားခဲ့သည်။
ဆရာချောင်းက ယခု နာကျင်မနေတော့သဖြင့် ဖေးချမ့်၏ စိတ်အားလှုံ့ဆော်မှုနှင့် ပျော်ရွှင်မှုအရင်းအမြစ်တို့ ပျောက်ဆုံးသွားရလေပြီ။
အခုချိန်ကစပြီး သူဘယ်လိုလုပ် ဆက်ပြီး ကစားနိုင်တော့မှာလဲ။
ထို့ပြင် အဓိက အကြောင်းအရင်းက ဒါ မဟုတ်ပါ။
အဓိက အကြောင်းအရင်းမှာ ဆရာချောင်းသာ သူ့အလုပ်ကြိုးစားမှုနဲ့ ဝီရိယတို့ကြောင့် ဒီအဆင့်ထိ ရောက်လာနိုင်တာဆိုလျှင် ဂိမ်းရဲ့ ခက်ခဲမှုအဆင့်က လုံလုံလောက်လောက် မမြင့်သေးဘူးဆိုတဲ့ သဘောပဲ မဟုတ်ပါလား။ မခက်ခဲပါက ကစားသမားတွေကို ဆက်မကစားချင်တော့အောင်လုပ်ဖို့ ခက်ခဲလိမ့်မည်။ ဂိမ်း၏ ရောင်းအားကလည်း ကျသွားမှာ မဟုတ်ပါ။ ဂိမ်းက တကယ်တမ်း ဝင်ငွေကောင်းလာနိုင်သည်။
ဒီလိုဆို ပြဿနာ အကြီးကြီးတက်ပါပြီ။
ဆရာချောင်း၏ မျက်နှာထားကို မြင်လိုက်ရသောအခါ ဖေးချမ့် အဆိုးဆုံးအခြေအနေကို တွေးလိုက်မိ၏။ မဖြစ်ဘူး။ ဒီလိုဖြစ်လို့ မရဘူး။
ဖေးချမ့် ခေတ္တစဥ်းစားလိုက်ပြီး အကြံတစ်ခု ရသွားခဲ့ပါသည်။
ချောင်းလျန် ကော့တေးသောက်ပြီး ဂိမ်းထဲမှာ ဆက်နိုင်အောင် ဘယ်လိုလုပ်ရမလဲစဥ်းစားနေစဥ် ဘော့စ်ဖေး ရောက်လာတာကို မြင်လိုက်ပါသည်။
"ဘော့စ်ဖေး"
ချောင်းလျန်က အပြုံးများဖြင့် ပြည့်ဝနေပါသည်။ သူ့နားလည်မှုလွဲဲခြင်း ရှင်းလင်းသွားသောအခါ ဘော့စ်ဖေးအပေါ် သူ့အမြင်က ဆွေမျိုးတစ်ယောက်သဖွယ် နွေးထွေးနေပါသည်။
ဖေးချမ့်လည်း အနည်းငယ်ပြုံးလိုက်ပြီး ထိုင်ခုံတစ်လုံးကို ဆွဲယူလိုက်သည်။ လောလောဆယ် ဆရာချောင်းအတွက် နွေးနွေးထွေးထွေး ခံစားချက် ရှိမနေသော်လည်း အပေါ်ယံ ပြုံးနိုင်ဖို့တော့ အကောင်းဆုံး ကြိုးစားထားပါသည်။
ဘာပဲဖြစ်ဖြစ် ဆရာချောင်းဆီကနေ တန်ဖိုးများ ဆက်ပြီး ညှစ်ထုတ်နေရဦးမည် မဟုတ်ပါလား။ ဆရာချောင်း ကျင်းကျိုးကို ရောက်လာတာ ၁ ပတ်လောက်ရှိနေပြီ။ ရက်သတ္တပတ် အားလပ်ရက်များကလွဲပြီး ဂိမ်းကို နာရီ ၄၀ ဝန်းကျင်လောက် ကစားပြီးလောက်ပါပြီ။
အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်း Content များက Souls စီးရီးများလောက် မစုံလင်ပါ။ သူ့အကြို ခန့်မှန်းချက်များအရ ပိုပြီး ဝါရင့်သည့် ကစားသမားများက ဂိမ်း၏ အဓိက ဇာတ်လမ်းကို နာရီ ၃၀ ဝန်းကျင်အတွင်း ပြီးဆုံးနိုင်ပါသည်။
ခရေစေ့တွင်းကျ ကစားသမားများဖြစ်ကာ ဂိမ်းတစ်ခုလုံးကို ပြီးအောင်ကစားချင်ပြီး အသေးစိတ်တိုင်းကအစ လိုက်လံရှာဖွေပါက လိုအပ်သည့် ဂိမ်းကစားချိန်က နာရီ ၅၀ - ၆၀ လောက်အထိ တိုးမြင့်သွားနိုင်ပါသည်။
ကစားသမားတစ်ယောက်က... လူသစ်ဆိုရင်တော့ လိုအပ်သည့် အချိန်က အများကြီးဖြစ်နိုင်ပါသည်။
ဆရာချောင်းက အစပိုင်းမှာ ဂိမ်းကိုအသားမကျသေးဘဲ ဆက်တိုက်သေဆုံးကာ ရှုံးနိမ့်နေသဖြင့် သူက ခရေစေ့တွင်းကျသမားဖြစ်သော်လည်း နာရီ ၄၀ ကြာတာတောင် အခုလို အဆင့်ထိသာ ရောက်နိုင်သေးခြင်းဖြစ်သည်။ ဂိမ်း၏ ၆၀ ရာခိုင်နှုန်းလောက်ကိုတော့ အောင်မြင်နေပါပြီ။
သို့သော်လည်း ဂိမ်းအပေါ် သူ့လက်ရှိနားလည်မှုက အများကြီး ပိုလေးနက်နေပါပြီ။
"ဘယ်လိုနေလဲ" ဖေးချမ့်က အနည်းငယ်ပြုံးကာ မေးလိုက်ပါသည်။
ချန်းလျန်က အားအင်များ တက်ကြွသွားသည်။ ဘော့စ်ဖေး အရင်တုန်းကလည်း ဒီမေးခွန်း မေးမြန်းခဲ့ဖူးသည်။
အရင်တစ်ခေါက်တုန်းကလည်း ဘော့စ်ဖေး သူ့ကို ထိုမေးခွန်းမျိုးပဲ အတိအကျမေးဖူးပါသည်။ ထိုအချိန်တုန်းက သူ့ခံစားမိခဲ့တာက ဂိမ်း၏ ခက်ခဲမှုအဆင့်က တစ်ခုခုမှားယွင်းနေသည်ဟူ၍ဖြစ်သည်။ သို့သော်လည်း အခုတော့ ခက်ခဲမှုအဆင့်က ဘာမှ မမှားမှန်း ချောင်းလျန်နားလည်သွားခဲ့ပါပြီ။ ဘော့စ်ဖေးက ဂိမ်းကို တမင်သက်သက် ခက်ခဲအောင် လုပ်ခဲ့တာဖြစ်သည်။ ဒီတစ်ချိန်လုံး ဒီလိုက်ခက်ခဲသော ဂိမ်းမျိုး၏ ထူးခြားသည့် ဆွဲဆောင်မှုကို တဖြည်းဖြည်း ချောင်းလျန် ခံစားလာရသည်။
"တော်တော်ကောင်းတယ် ကျွန်တော် ဂိမ်းတစ်ခု ကစားရင် ဒီလိုမျိုး စိန်ခေါ်မှုမျိုးကို မခံစားခဲ့ရတာ တော်တော်ကြာပြီဗျာ" ချောင်းလျန်က အားတက်သရော ပြောလိုက်ပါသည်။
ဟုတ်တယ်... မကောင်းတော့ဘူး...
ဖေးချမ့်၏ စိုးရိမ်မှုများ အတည်ဖြစ်လာပြီ။ သိပ်ပြီး ဂရုမစိုက်သည့် ပုံစံကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ မနည်းကြိုးစားကာ ဖေးချမ့် ဆက်ပြောလိုက်ပါသည်။
"ဂိမ်းရဲ့ခက်ခဲမှု အဆင့်ကကော ဘယ်လိုနေလဲ။ ဂိမ်းအဆင့်တစ်ခုချင်းစီရဲ့ ခက်ခဲမှုအဆင့်တွေကို အဆင့်သတ်မှတ်ပေးဖို့ တောင်းဆိုရင် ခင်ဗျား ဘယ်လောက် ပေးမလဲ။ ပြီးတော့လည်း မွန်းစတားလေးတွေနဲ့ လက်နက်တွေအတွက် အဆင့်သတ်မှတ်ချက်ကကော ဘယ်လိုလဲ။"
ချောင်းလျန် အလွန်ပျော်ရွှင်သွားပါသည်။ ကြည့်ရတာ ဘော့စ်ဖေးက ငါ့အထင်အမြင်တွေကို တန်ဖိုးထားတဲ့ပုံပဲ အရမ်းအသေးစိတ်ကျအောင် လိုက်မေးနေတာပဲ။
ဒီစကားဝိုင်းက ဂိမ်းအကြောင်းအသေးစိတ်များနှင့် သက်ဆိုင်နေသဖြင့် ချောင်းလျန်က စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေပြီး စတင်ဖြေဆိုလိုက်ပါသည်။
"ခက်ခဲမှုအဆင့်မှာတော့ ဂိမ်းအစ ရွာနဲ့ မြို့တွေရဲ့ ခက်ခဲမှုအဆင့်က အမြင့်ဆုံးပဲလို့ ကျွန်တော်ခံစားမိတယ်။ အဲ့ဒီနောက်ပိုင်းတော့ လွယ်သွားပါတယ်။ ဖြစ်နိုင်တာက ကျွန်တော် မြို့ထဲကနေ ထွက်လာနိုင်တော့ ဂိမ်းကို အသားကျသွားပြီး အရင်ကလောက် မခက်တော့ဘူးလို့ ထင်သွားတာလည်း ဖြစ်နိုင်တယ်..."
"လက်နက်တွေထဲမှာ အစပိုင်း ဓားမက အကောင်းဆုံးလက်နက်ပဲ။ သုံးရတာ သွက်ပြီး လျင်လျင်မြန်မြန်သုံးနိုင်တယ်။ သူ့ရဲ့ တိုက်ခိုက်မှု Damage ကလည်း တော်တော်လေး ကောင်းပြီး အစောပိုင်းကနေ အလယ်ပိုင်း အဆင့်လောက်အထိ သုံးလို့ရတယ်။ လခြမ်းဓားသွားကတောာ့ ဒေါင်လိုက်ခုတ်တဲ့ နေရာမှာ တော်တော်အသုံးဝင်တယ်။ ဒီဒေါင်လိုက်ခုတ်ချက်ကိုသုံးပြီး မွန်းစတား ၉၀ ရာခိုင်နှုန်းလောက်ကို ရှင်းလင်းပစ်နိုင်တယ်..."
ချောင်းလျန်က ဘာမှ သံသယမဝင်ဘဲ ဂိမ်းအကြောင်း သူ့နားလည်မှုကို ပွင့်ပွင့်လင်းလင်းသာ ပြောပြနေပါသည်။
ဖေးချမ့်က ထိုအချက်များကို တိုးတိတ်စွာဖြင့် ချမှတ်နေသည်။ တကယ်တော့ ဒီလက်နက်တွေအကြောင်း သူ သိပ်မသိသေးပါ။ သို့သော်လည်း ဆရာချောင်းက ဒီလက်နက်တွေကို အသုံးဝင်သည်ဟု ခံစားရသဖြင့် တကယ်အသုံးဝင်တာဖြစ်နိုင်ပါသည်။
ချောင်းလျန်က အကွက်ချပြီး တိုက်ခိုက်ရသည့် နေရာတွင် အရမ်းကြီးထူးချွန်သော ကစားသမားတော့ မဟုတ်ပေ။ သို့သော်လည်း သူ့သက်လုံက ကစားသမား ၉၉ ရာခိုင်နှုန်းထက် သာလွန်ပြီး သူ့ဂိမ်းဉာဏ်ရည်ကလည်း တခြား ၇၀ ရာခိုင်နှုန်းထက် ပိုသာလွန်သည်။ လှုပ်ရှားမှု စကေးများကိုတော့ အလယ်အလတ်အဆင့်လောက် သတ်မှတ်နိုင်သည်။
ဒီလိုဆိုမှတော့ ဆရာချောင်းက သာမန်ကစားသမားတွေနဲ့ အတူတူပဲမဟုတ်လား။
ချောင်းလျန်က သူပြောချင်တာတွေကို ပြောလိုက်ပြီး အထင်အမြင်များကို ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါသည်။ ဒီလောက်ထိ အရင်က အားမရဖူးပါ။
အရင်တုန်းကဆို အွန်လိုင်းပေါ်မှာသာ ဝေဖန်ရေးလုပ်နိုင်ပြီး သူ့ပရိသတ် Group ထဲမှာပဲ ပြောနိုင်ဆိုနိုင်သည်။ ဂိမ်းဖန်တီးသူတွေက သူ့ကို အရေးတောင် မလုပ်ပါ။
သို့သော်လည်း ဂိမ်းဖန်တီးသူတစ်ယောက်က သူ့ရှေ့မှာ ထိုင်နေပြီး သူ့အကြံဉာဏ်ကို လေးလေးနက်နက် နားထောင်နေသည်။ သူ အကောင်းဆုံး အစွမ်းပြရမည်မဟုတ်ပါလား။
"အင်း... အနည်းနဲ့ အများကတော့ ဒါပါပဲ။ အနှစ်ချုပ်ပြောရရင် ဂိမ်းထဲမှာ ခက်တာတွေတော့ အများကြီးပဲ။ ဒါပေမယ့် ဒီလက်နက်တွေကို စနစ်တကျသုံးမယ်ဆိုရင်တော့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်တယ်" ချောင်းလျန် ပြောစရာ အများကြီးကျန်သေးသည်ဟု ခံစားရနေဆဲဖြစ်သည်။
ဖေးချမ့်က ခေါင်းငြိမ့်လိုက်၏။ "အင်း အသုံးဝင်တဲ့ အကြံပေးချက်တွေပါပဲ။ ကျွန်တော် ပြန်သွားရင် သေချာပေါက် ဂိမ်းကို ပြန်စိစစ်လိုက်ပါ့မယ်။"
ဘော့စ်ဖေး၏ အတည်ပေါက် မျက်နှာထားကြောင့် ချောင်းလျန် အနည်းငယ် စိတ်လှုပ်ရှားသွားမိပါသည်။
အမှန်ပင်။ ဘော့စ်ဖေး ပြောလိုက်တဲ့စကားက ဒီတိုင်း ယဥ်ကျေးမှုအရလားဆိုတာကိုတော့ အဓိပ္ပာယ် မကောက်ခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ဂိမ်မာတွေ ကတ်စတမ်မာ ဝန်ဆောင်မှု Hotline ကို ဝေဖန်ချက်များ တင်ပြသည့်အခါ 'လူကြီးမင်းရဲ့ အကြံပေးချက်တွေကို မှတ်သားထားလိုက်ပြီး ဒီဇိုင်းအဖွဲ့ကို ပြန်တင်ပြပေးပါ့မယ်' ဟူသော ခေါက်ရိုးကျိုးနေသည့် ရီပလိုင်းများသာ ပြန်လာတတ်သည် မဟုတ်ပါလား။ သို့သော်လည်း ဒီဇိုင်းအဖွဲ့က ဝေဖန်ချက်များအတိုင်း ဆောင်ရွက်မလားဆိုတာကိုတော့ ဘယ်သူမှ မသိကြပေ။
ထို့ကြောင့် ချောင်းလျန်လည်း သိပ်ပြီး အတည်ပေါက် မယူခဲ့ပါ။ ဘော့စ်ဖေး၏ အပြုအမူက စိတ်လှုပ်ရှားဖို့ ကောင်းသည်ဟုသာ ခံစားမိခြင်း ဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ဒီလိုအောင်မြင်သည့် ဂိမ်းဒီဇိုင်နာတစ်ယောက်က သူ့အတွေးအထင်များကို ကျိုးကျိုးနွံနွံ နားထောင်ခဲ့သဖြင့် ဘော့စ်ဖေးက သူ့လက်အောက်ငယ်သားများထံမှ ပြန်သင်ယူနေတာနဲ့တောင် တူညီပါသည်။
တကယ်ပဲ ဘော့စ်ဖေးရဲ့ အောင်မြင်မှုက အကြောင်းအရင်း မရှိဘဲ မဟုတ်ပါလား။
ရုံးကိုပြန်ရောက်သည့်အခါ ဖေးချမ့်က စိတ်တိုစွာဖြင် ဆရာချောင်းပြောခဲ့တာတွေကို မှတ်သားရင်း ကွန်ပျူတာတွင် စာရိုက်လိုက်သည်။ ဆရာချောင်းက ရွာနဲ့မြို့တွေက အခက်ဆုံး အဆင့်များ ဖြစ်သည်ဟု ခံစားမိသည်။
တကယ်တော့ အစီအစဥ်က ဂိမ်းထဲ ပိုပြီး အဆင့်တက်လာလေလေ ခက်ခဲမှုအဆင့်ကို ပိုပြီး မြှင့်တင်သွားဖို့ဖြစ်ပါသည်။ သို့သော်လည်း လုမင်လျန်နဲ့ ကုမ္ပဏီက တစ်စုံတစ်ခုကို လျစ်လျူရှုခဲ့ကြ၏။ ကစားသမားများ၏ နာကျင်မှုခံနိုင်ရည်လည်း တိုးမြင့်သွားဦးမည်ဆိုတာကိုပင်။
ရွာနဲ့ မြို့တွေထဲက မွန်းစတားများကို ပထမဆုံး တွေ့ဖူးခြင်းဖြစ်သဖြင့် အစပိုင်းမှာသူတို့အတွက် ခက်ခဲနိုင်သည်။ ဂိမ်မာများက ဂိမ်း၏ တမ်ပိုကို ပိုပြီး အသားကျလာသောအခါ နောက်ဆက်တွဲဂိမ်း၏ ခက်ခဲမှု အဆင့်တိုးမြင့်သွားမှုများက သူတို့အပေါ် သက်ပြီး သက်ရောက်မှု မရှိတော့ပါ။
ဒီလိုဆိုမှတော့ ဖေးချမ့်က နောက်ပိုင်းအဆင့်များ၏ ခက်ခဲမှုကို တိုးမြှင့်ရပါလိမ့်မည်။
လက်နက်တွေထဲမှာဆို ဆရာချောင်းက ဓားမကို ကြိုက်တယ်လို့ ပြောသွားတယ်မလား။ ငါ အဲ့လက်နက် ဖြုတ်ပစ်လိုက်မယ် လခြမ်းဓားသွားရဲ့ ဒေါင်လိုက်တိုက်ကွက်က အရမ်း အသုံးဝင်တယ်လို့ ပြောသွားတယ်မလား။ အဲ့ဒီလက်နက်ရဲ့ အာနိသင်ကို လျှော့ချပစ်မယ်။
အနှစ်ချုပ်အားဖြင့် ဂိမ်းထဲက ဆရာချောင်း သုံးလို့ကောင်းသည်ဟု ထင်သည့်အရာတိုင်းက ကစားသမားသစ်များလည်း သဘောကျမည့်အရာများ ဖြစ်ကြလိမ့်မည်။ ဒါတွေအကုန်လုံးကို ပြောင်းလဲပစ်ရပါမည်။
ဖေးချမ့်က အနာကို ဆားနဲ့ ပက်တော့မည်။ ဘာပဲဖြစ်ဖြစ် ဒီပြောင်းလဲမှုများက ဘော့စ်ဖေးအပေါ် သက်ရောက်မှု မရှိပါ။ ဘော့စ်ဖေးက အထူးလက်နက်တစ်ခုကို အသုံးပြုသည်။ ဖေးချမ့် စာရင်းပြုစုလိုက်ပြီး လီယာ့တာကို တန်းပေးလိုက်ပါသည်။
"ဒီစာရင်းအတိုင်း ပြင်ဆင်မှုတချို့ လုပ်လိုက်ဦး" ဖေးချမ့်က ရိုးရှင်းစွာ ညွှန်ကြားလိုက်၏။
လီယာ့တာက စာရင်းကို ယူလိုက်ပြီး ကြည့်လိုက်ပါသည်။ အသေးစိတ်ကျသည်။
ဥပမာအားဖြင့် လခြမ်းဓားသွား၏ ဒေါက်လိုက် ခုတ်ချက်က အထူးသဖြင့် စွမ်းအားပိုင်းတွင် လျှော့ရမည်။ ညွှန်ကြားချက်များက အလွန်သေးစိတ်ကျပါသည်။ "ကောင်းပါပြီ ဘော့စ်ဖေး ကျွန်မတို့ ချက်ချင်းပဲ ပြင်ဆင်လိုက်ပါ့မယ်။"
လီယာ့တာက လေးစားစွာဖြင့် သက်ပြင်းချလိုက်မိသည်။ ဘော့စ်ဖေးကတော့ တကယ့်ကို ပြီးပြည့်စုံအောင် ဆောင်ရွက်နေတာပဲ။
သူမ ခုတလော ဘော့စ်ဖေးကို အစီရင်သွားခံတိုင်း ဘော့စ်ဖေးက အမြဲတမ်း 'ဖုတု'လက်နက်ကိုသာ အသုံးပြုနေခဲ့သည်။ ဘယ်အချိန်တုန်းက ဘော့စ်ဖေး တခြားလက်နက်တွေကို တစ်လက်ချင်း စမ်းသပ်အသုံးပြုခဲ့သလဲဆိုတာကို သူမ မသိခဲ့ပါ။
ဘော့စ်ဖေး ဒီနေ့ ဒီအချိန် ဒီလို အောင်မြင်နေရခြင်းမှာ ဘယ်သူမှ မမြင်နိုင် မသိနိုင်သော နောက်ကွယ်က သူ့ကြိုးစားအားထုတ်မှုများကြောင့် ဖြစ်မှန်း သိသာပါသည်။
လီယာ့တာက စာရင်းကိုကိုင်ရင်း ဘော့စ်ဖေး၏ ညွှန်ကြားချက်များကိုသာ အာရုံစိုက်ထားလိုက်ပါတော့သည်။
ဖေးချမ့်က ထိုင်ခုံတွင်ထိုင်လျက် ဆရာချောင်းအတွက် အနည်းငယ် လိပ်ပြာမလုံသလိုတောင် ခံစားမိပါသည်။
ဂိမ်းအတွက် ခက်ခဲမှုအဆင့်ကို မြှင့်တင်ဖို့ ဖြစ်သော်လည်း ဆရာချောင်း အကြိုက်ဆုံး လက်နက်၏ အာနိသင်ကို လျှော့ချလိုက်တာကတော့ များလွန်းပါသည်။
ဒီလိုဆိုမှတော့ သူ့ကို အလျော်ပေးတဲ့အနေနဲ့ ညစာနောက်တစ်ခေါက် လိုက်ကျွေးရသေးတာပေါ့။
ဆရာချောင်းက အရှုံးပေးပြီးကယ်တင်ခြင်း ခံစေဂိမ်းအတွက် ကူညီထောက်ပံ့မှုအများကြီး ပြုခဲ့ပါသည်။ သူ့ကျေးဇူးတင်မှုကို ဖော်ထုတ်ပြသဖို့အတွက် မင်ယွမ်စားဖိုဆောင်မှာ ဧည့်ခံဖို့ ဖိတ်ကြားတာက မလွန်ဘူးမဟုတ်လား။
ထိုသို့စဥ်းစားပြီး ဖေးချမ့် ဆဲလ်ဖုန်းကို ထုတ်လိုက်ကာ စားဖိုမှူးလင်း၏ နံပါတ်ကို ခေါ်ဆိုလိုက်ပါသည်။
"မနက်ဖြန်ညကျရင် ကျွန်တော့်အတွက် ညစာ ဘိုကင်တင်ထားပေးပါ။"
ဖုန်းထဲမှ လင်းကန်ရုံ အနည်းငယ် ရီဝေဝေ ဖြစ်သွားသည်။ "အာ... ဘော့စ်ဖေး တစ်ယောက်ယောက်က အရင် ဘိုကင်လုပ်ထားပြီးပါပြီ။"
"ဟမ်"
ဖေးချမ့် အနည်းငယ် အံ့အားသင့်သွားသည်။ နောက်တစ်ခေါက် ပြန်ရောက်လာတဲ့ ကတ်စတမ်မာများလား။
"ဒါဆိုလည်း အကြီးဆုံး သီးသန့်ခန်းတွေ ဘာတွေ မလိုဘူး။ အသေးစားတစ်ခန်းလောက်ပဲ ပြင်ထားပေးပါ။"
လင်းကန်ရုံက ချောင်းအနည်းငယ် ဆိုးပြလိုက်သည်။ "ဘော့စ်ဖေး အခန်းတွေအကုန်လုံးကို ဘိုကင်တင်ထားပြီးသားပါ။"
""
ဖေးချမ့် အနည်းငယ် မူးလာသည်။ စိတ်လေးလေးပင်ပင်ဖြင့် ထပ်ပြောလိုက်ပါသည်။ "သန်ဘက်ခါလောက်ဆိုရင်ကော..."
လင်းကန်ရုံက အမှန်တိုင်း ပြောပြလိုက်တော့သည်။ "ဘော့စ်ဖေး သန်ဘက်ခါမပြောနဲ့ နောက်တစ်ပတ်အထိတောင် ဘိုကင်တွေပြည့်နေပါပြီ..."
ဖေးချမ့်လုံးဝ တွေဝေသွားသည်။
ဘာလဲဟ ငါမသွားတာ ၁ ပတ်လောက်ပဲ ရှိသေးတယ်။ မင်ယွမ်စားဖိုဆောင်ကြီး ဘာတွေဖြစ်သွားတာလဲ။