TPDB အဆင့်သတ်မှတ်ချက်
Vol. 17 Ch. 249
ဖေးချမ့် အနည်းငယ် သတိလစ်ချင်သွားသည်။
ဒီစားသောက်ဆိုင်ကို ငါဖွင့်ထားတာလေ။ ငါ့အတွက်ငါတောင် ဘိုကင်တင်လို့မရဘူးတဲ့လား။
လင်းကန်ရုံက အသိပေးလိုက်သေးသည်။ "စိတ်ချပါ ဘော့စ်ဖေး။ ဘော့စ်ဖေးရဲ့တောင်းဆိုချက်အတိုင်း စုံဂဏန်းလတိုင်းရဲ့ ၂၀ ရက်နေ့မြောက်ကို လုံးဝ ပိတ်ထားပြီး အကြီးဆုံး သီးသန့်ခန်းက ဘော့စ်ဖေးအတွက် လတိုင်းရဲ့ ပထမနဲ့ တတိယမြောက် တနင်္ဂနွေနေ့တွေမှာ အမြဲတမ်း ဘိုကင်လုပ်ပေးထားမှာပါ။”
"အဲ့တာကြောင့် လာမယ့် တနင်္ဂနွေနေ့ စက်တင်ဘာလ ၅ ရက်နေ့မှာ လာသုံးဆောင်လို့ ရပါတယ်။"
ဖေးချမ့် "...."
သူတကယ်ပဲ ထိုကဲ့သို့ စီစဥ်မှုများလုပ်ခဲ့ပါသည်။ မင်ယွမ်စားဖိုဆောင်ကို ကုမ္ပဏီတွေ့ဆုံ ညစာစာပွဲများ ကျင်းပဖို့ စုံဂဏန်းလတိုင်း၏ ၂၀ရက်နေ့တွင် ဘိုကင်တင်မည်ဖြစ်ပြီး လုပ်ငန်းဧည့်သည်များအား ဧည့်ခံဖို့အတွက် လတိုင်း၏ ပထမနှင့် တတိယမြောက် တနင်္ဂနွေနေ့များတွင် အကြီးဆုံး သီးသန့်အခန်းကို ဘိုကင်တင်မည်ဖြစ်သည်။
စဥ်းစားကြည့်မှ ထိုအစီအစဥ်မှာ အနည်းငယ် လိုအပ်ချက် ရှိနေပါသေးသည်။ သူ့ကိုယ်ပိုင် အသုံးပြုချက်များအတွက် ရက်နည်းနည်းလောက် ထပ်ပြီး ချန်ထားသင့်သည်။
အရေးအကြီးဆုံးကတော့ မင်ယွမ်စားဖိုဆောင်ကြီး ဒီလိုဖြစ်လာမည်ဟု ဖေးချမ့် တစ်ခါမှ မထင်ခဲ့မိခြင်းပင်။
မင်ယွမ်စားဖိုဆောင်မှာ ပုံသေ ကတ်စတမ်မာ အုပ်စုတစ်စု ရှိလာရင်တောင် မင်ယွမ်စားဖိုဆောင်တွင် တစ်ရက်ကို ၂ ကြိမ်တည်ခင်းပေးသည့် သီးသန့်ခန်းများစွာ ရှိသဖြင့် တစ်ခါတစ်လေ သူလည်း သီးသန့်ခန်းတစ်ခန်းကို ဘိုကင်လုပ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။
သို့သော်လည်း လက်တွေ့က သူ့ကို ကြမ်းကြမ်းတမ်းတမ်း ပါးရိုက်သွားလေပြီ။
ဒီနေရာကြီးအကြောင်း သတင်းတွေ ဘယ်လိုလုပ်ပြီး ပေါက်ကြားသွားတာလဲ။
မဟုတ်မှလွဲရော လင်းဝမ်ပြဿနာ ထပ်ရှာနေပြန်ပြီလား။ ဖေးချမ့် စဥ်းစားကြည့်လိုက်သည်။ သူ့အဖိုးတန်ဝန်ထမ်းအားလုံးကို သူကိုယ်တိုင် ခန့်အပ်ထားတာသာဖြစ်ပြီး မူလ ပထမကတည်းက ပျိုးထောင်ပေးထားခြင်း ဖြစ်သည်။ သူတို့ထဲက ဘယ်သူ့မှာမှ အားကောင်းသည့် နောက်ခံမျိုး မရှိကြပါ။ ထို့ကြောင့် သူတို့မှာ ဒီလိုလုပ်နိုင်စွမ်းလည်း မရှိလောက်ပါ။
တစ်ခုတည်းသော ဖြစ်နိုင်ခြေက လင်းဝမ်သာ ဖြစ်သည်။
သို့သော်လည်း ရှန်းဟွာ ကော်ပိုရေးရှင်းက ကျင်းကျိုးမြို့တွင် များများစားစား လွှမ်းမိုးမှု မရှိပေ။ ၎င်းတို့၏ ပိုင်ဆိုင်မှုများက ရှန်းကျန်းမှာသာ အဓိကရှိကြသည်။ မင်ယွမ်စားဖိုဆောင်မှာ လာစားဖို့အတွက် လူတွေ ဒီလောက် အများကြီး ဘယ်ကရမည်နည်း။
မဟုတ်မှလွဲရော... တခြားရန်သူတွေ ပေါ်လာတာလား။
ဖေးချမ့်က အကြာကြီး စကားမပြောနိုင်ခဲ့ပါ။ ဒီလောက် ပြင်းထန်သည့် ရိုက်ချက်ကြောင့် ပြန်နလံမထူနိုင်သေးသလို သူ ဘယ်နေရာမှာ ခြေလှမ်းမှားသွားသလဲဆိုတာကိုလည်း စဥ်းစားနေပါသည်။
ဘော့စ်ဖေး အကြာကြီး တိတ််ဆိတ်သွားတာကိုကြားရသဖြင့် လင်းကန်ရုံကတော့ မင်ယွမ်စားဖိုဆောင်၏ ရုတ်တရက် နာမည်ထိုးတက်သွားမှုကို ဘော့စ်ဖေး အလွန်ပျော်ရွှင်နေသည်ဟု ထင်သွားမိသည်။ ထို့ကြောင့် ဘော့စ်ဖေးကို သူ မြန်မြန် ဖားယားလိုက်ပါသည်။
ဒါကို ဖားယားသည်ဟု မသတ်မှတ်နိုင်ပါ။ သူပြောချင်တာက အမှန်တရားများသာ ဖြစ်သည်။ သူ့စကားလုံးတွေထဲမှာ အလိမ်အညာတစ်ခုမှ မပါဝင်ပါ။
"ဘော့စ်ဖေး ကျွန်တော်တို့ကို စားဖိုဆောင်ပေါ်မှာပဲ အာရုံစိုက်ခိုင်းထားပြီး တခြား ကြော်ငြာတွေ ဘာတွေ ကိစ္စကို စိတ်မပူခိုင်းတာ တော်တော် အမြော်အမြင်ကြီးတာပဲ။ တကယ့်ကို မှန်ကန်တဲ့ လုပ်ရပ်ပါပဲ။"
"ဘော့စ်ဖေးက ကျင်းကျိုးမြို့ရဲ့ ချမ်းသာတဲ့ အပိုင်းတစ်ခုကို ကောင်းကောင်းနားလည်ထားတယ်။ သူတို့ရဲ့ သဘောထားတဲ့ တွေးပုံခေါ်ပုံတွေကိုကောပဲ။ ခြေလှမ်းတိုင်းက အရမ်းကို တိကျတယ်။ ကျွန်တော် တကယ် အထင်ကြီးမိပါတယ်။"
ဖေးချမ့် “...”
ခင်ဗျား ဘာတွေ လာပြောနေတာလဲ။ ဘာမှ နားမလည်နိုင်တော့ဘူး။
လင်းကန်ရုံ ဖားနေမှန်း ဖေးချမ့်သိပါသည်။ ထိုကိစ္စများကို သူစိတ်မဝင်စားဘဲ တကယ်တမ်း အလွန်အော့နှလုံးနာနေရပါသည်။
ဒီလိုဖားနေခြင်းက ဘော့စ်ဖေး၏ အနာပေါ် ဆားပက်လိုက်သလိုပင်။
သို့သော်လည်း ဘော့စ်ဖေး နားမထောင်လို့မရပါ။ လင်းကန်ရုံ၏ ဖားမှုမှ တဆင့် မင်ယွမ်စားဖိုဆောင်မှာ သူဘယ်နေရာလွဲသွားခဲ့သလဲဆိုတာကို ရှာဖွေရမည်။
လင်းကန်ရုံကတော့ ဘော့စ်ဖေး၏ အပြုအမူ ပြောင်းလဲသွားပုံကို သတိမထားမိဘဲ ဆက်ပြောနေပါသည်။
"စဥ်းစားကြည့်မှ သူဌေးတွေအပေါ် ကျွန်တော့် နားလည်နိုင်စွမ်းက တကယ်တိမ်တာပဲ။ ကျင်ကျိုးမြို့မှာ သူဌေးတွေ အဲ့လောက် မများဘူး။ ပြီးတောာ့လည်း သူတို့ထဲက အများစုက ကျွန်တော်တို့ စားဖိုဆောင်က သူတို့တွေကို အထူးတလည် ပစ်မှတ်ထားတယ်ဆိုတာကို သိကြတယ်။ အဲ့တာကြောင့် ဘာမှ မကြော်ငြာဖို့ ဘော့စ်ဖေး ဆုံးဖြတ်လိုက်တာက မှန်ကန်တိကျတဲ့ လုပ်ရပ်ပါပဲ။"
"ဘာလို့လဲဆိုတော့ ဒီနယ်ပယ်လေးထဲမှာ သတင်းအချက်အလက်တွေက အပျံ့မြန်တာကိုး။"
"အဲ့ဒီ ရှုကျားပင်ဆိုတဲ့ ကတ်စတမ်မာက ကျန်းကျုထျင်ရဲ့ Weibo မက်ဆေ့ချ်ကိုမြင်သွားပြီး ဒီနေရာကို လာရှာတာ။ ပြီးတော့ ချွမ်းမင် Review ရဲ့ ဝမ်ဖန်းကို ခေါ်လာတယ်။ ဘော့စ်ဝမ်က သူ့ကို ဒီအကြောင်း ပြောပြခဲ့တာ။ နောက်ဆုံးတော့ ဘော့စ်ဝမ် ချွမ်းမင် Review မှာ သူ့ အဆင့်သတ်မှတ်ချက်နဲ့ Review ကို ရေးသွားတယ်။ အဲ့ဒီမှာ မင်ယွမ် စားဖိုဆောင်ရဲ့ ရေပန်းစားမှုလည်း မိုးထိုးပြီး တက်သွားတော့တာပဲဗျို့။ ကျွန်တောတို့လိုမျိုး ဇာတ်နိမ့် စားသောက်ဆိုင်လေးတစ်ဆိုင်က ဒီလောက် မြန်မြန် ရေပန်းစားလာဖို့ ဒီလောက် ရိုးရှင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူးဗျာ။။ ဟုတ်တာပေါ့။ ဘော့စ်ဖေးရဲ့ တခြား ဗျူဟာတွေကလည်း အထောက်အကူပေးသေးတယ်။ မင်ယွမ်စားဖိုဆောင်မှာ နာမည်မရှိဘူးလေ။ အဲ့တာကြောင့် ဘော့စ်ဝမ်က ချွမ်းမင် Review မှာ နာမည်ရေးမထားခဲ့ဘူး။ အဲ့တော့ မင်ယွမ်စားဖိုဆောင်ရဲ့ ထူးခြားမှုတွေအကြောင်း လူတွေ ပိုဆွေးနွေးလာာကြတယ်။"
"ပြီးတော့ ကျွန်တော်တို့မှာ နာမည်မရှိတဲ့အတွက် နာမည်ကို ကွက်လပ်အတိုင်းထားပြီး ရှာလိုက်ရင်တောင် ကျွန်တော်တို့ရဲ့ စားသောက်ဆိုင်ကို အကုန်တွေ့ကြမှာပဲ။ အဲ့တာကြောင့် ကျွန်တော်တို့ဆိုင်ကို ရှာတွေ့နိုင်ခြေ မြင့်တက်သွားတယ်။”
"အရေးကြီးဆုံးအချက်ကတော့ ကျွန်တော်တို့ စားသောက်ဆိုင်အတွက် ဘော့စ်ဖေး သတ်မှတ်ပေးထားတဲ့ စည်းမျဥ်းစည်းကမ်းတွေပဲ။ ဓာတ်ပုံမရိုက်ရတို့၊ စားသောက်ပွဲဆက်တင်နဲ့ ဇွန်းခွက်ပန်းကန်တွေကို တည်ခင်းပေးတဲ့ ဟင်းလျာပေါ် မူတည်ပြီး ပြောင်းလဲပေးတာတို့၊ ကျွန်တော်တို့ စားပွဲထိုး ဝန်ထမ်းလေးတွေရဲ့ တက်ကြွပြီး ဂရုစိုက်တဲ့ ဝန်ဆောင်မှုတို့... အဲ့ဒီ ကဏ္ဍတွေအကုန်လုံးက ကျွန်တော်တို့ ကတ်စတမ်မာတွေရဲ့ မျှော်လင့်ချက်တွေကို ပြည့်ဝသွားစေတယ်။ ဘောစိတွေထဲမှာဆို အကုန်လုံးက အဲ့ဒီအချက်တွေကို ချီးကျူးသွားကြတယ်။"
"ဘောစိတွေကြားထဲက ကျွန်တော်တို့စားသောက်ဆိုင်ရဲ့ ရေပန်းစားမှုက သာမန် ကတ်စတမ်မာတွေပေါ်မှာလည်း သက်ရောက်မှု ရှိတယ်။ ကျွန်တော်တို့ ဟင်းလျာတွေက စျေးကြီးတယ်ဆိုပေမယ့် လာစားကြတဲ့ သာမန်ကတ်စတမ်မာတွေကလည်း သုံးရတာတန်တယ်လို့ ခံစားသွားကြတယ်။ ဘောစိတွေက ရှေ့ဆောင်လမ်းပြ ချီးမွမ်းထားတာကိုး။"
လင်းကန်ရုံက မင်ယွမ်စားဖိုဆောင်၏ အောင်မြင်ပုံများကို ဆက်တိုက် ချီးမွမ်းနေသည်။ သူက ဘော့စ်ဖေးကို ဖားရုံသက်သက်မဟုတ်ဘဲ စိတ်ခံစားချက်ပြည့်ဝစွာဖြင့် ပြောဆိုနေပါသည်။ သူကိုယ်တိုင် အားလုံးကို ကြုံတွေ့ခဲ့ရသည်။ အစကတော့ ဘော့စ်ဖေး၏ စီစဥ်မှုများကို နားမလည်ဘဲ စားဖိုဆောင်၏ ရှေ့ရေးအတွက် သိပ်ပြီး အကောင်းမမြင်ခဲ့ချေ။
အခုတော့ သူ့အထင်လွဲမှုအားလုံး ပျောက်ကွယ်သွားပြီး ဘော့စ်ဖေး၏ အစီအစဥ်များလည်း အလုပ်ဖြစ်ခဲ့ပြီ။ ဖေးချမ့်ကတော့ ပြောစရာ စကားပျောက်ဆုံးနေပါသည်။
လင်းကန်ရုံပြောသည့် စကားများက ဘယ်နားရွက်ထဲဝင်လာပြီး ညာနားရွက်မှ ပြန်ထွက်သွားသည်။ သူများများစားစား မမှတ်မိပါ။ နာမည် ၂ ခုကိုတော့ ဖေးချမ့် မှတ်မိလိုက်ပါသည်။
တစ်ယောက်က ရှုကျားပင်ဖြစ်ပြီး နောက်တစ်ယောက်က ဝမ်ဖန်း ဖြစ်၏။ သူတို့နှစ်ယောက်က တရားခံများ ဖြစ်ကြသည်။
ရှုကျားပင်က ကျန်းကျုထျင်၏ Weibo မက်ဆေ့ချ်ကိုမြင်ပြီး ရောက်လာသဖြင့် ကျန်းကျုထျင်လည်း ကြံရာပါဖြစ်သည်။
ဖေးချမ့် စကားလုံးတချို့သာ တွေးမိတော့သည်။ ဘက်ပေါင်းစုံကို ကာကွယ်ဖို့ဆိုတာ မလွယ်ပါလား။
ရန်သူတွေများပြားလွန်းပြီး ယခု သူလုံးဝ အဝိုင်းခံလိုက်ရသလိုခံစားလိုက်ရပါသည်။
ဖေးချမ့် တိုးတိတ်စွာဖြင့် သက်ပြင်းချလိုက်မိတော့သည်။ အင်း... ငါ့မှတ်စုစာအုပ်ထဲ ထည့်စရာ နာမည် ၃ ခု ထပ်ပေါ်လာပြန်ပြီပေါ့။
"ဒါဆိုလည်း လာမယ့် တနင်္ဂနွေနေ့အတွက် ကြိုပြီး ဘိုကင်လုပ်ဖို့ ကူညီပါဦး။ အရင်တစ်ခေါက်ကထက် မီနူးကို နည်းနည်းပြောင်းလဲထားပါ။"
ဖေးချမ့် ချည့်နဲ့စွာ ပြောလိုက်ခြင်း ဖြစ်သည်။
ဖုန်းချပြီးနောက် ဖေးချမ့်ပေါ်သို့ တောင်တန်းပမာ ဖိအားများ ကျရောက်လာသည်။ သူနေလို့ထိုင်လို့ မကောင်းတော့ပါ။
ယခု မင်ယွမ်စားဖိုဆောင်၏ ရေပန်းစားမှုအရဆို သေချာပေါက် ဝင်ငွေရှိလာပါတော့မည်။
သို့သော်လည်း အများကြီးတော့ မဟုတ်လောက်သေးပါ။
မင်ယွမ်စားဖိုဆောင်တွင် ဝင်ဆံ့နိုင်သော လူဦးရေ အကန့်အသတ်ရှိသည်။ နေရာက အနည်းငယ်သာ ကြီးပါသည်။ နေ့လည်စာနှင့် ညစာများအတွက် လူပြည့်လူလျှံဖြစ်နေရင်တောင် ကတ်စတမ်မာတွေကို ထင်သလောက် များများ လက်ခံနိုင်မှာ မဟုတ်ပါ။
မင်ယွမ်စားဖိုဆောင်၏ နေ့စဥ် ကုန်ကျစရိတ်များက များပြားလွန်းသည်။ ဖေးချမ့်က ထိပ်တန်း စားဖိုမှူးတချို့၊ သေချာလေ့ကျင့်ထားသော စားပွဲထိုးဝန်ထမ်းများ၊ စားပွဲရွှေ့သမားများ၊ အလှဆင်ပစ္စည်း နေရာရွှေ့သမားများ စသည်တို့ကို ခန့်အပ်ထားသဖြင့် အလုပ်သမား ကုန်ကျစရိတ်ကလည်း အတော်လေး များပြားသည်။
စားသောက်ဆိုင် ဟင်းလျာများ၏ စျေးနှုန်းများက မြင့်မားသည်ဟုဆိုသော်လည်း မတော်မတရား မြင့်မားနေခြင်းမျိုး ဖြစ်သည်။ ထို့ကြောင့် ဝမ်ဖန်းက သူ့ညစာက တန်သည်ဟု ခံစားခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် မင်ယွမ်စားဖိုဆောင်က သေချာပေါက် ငွေဝင်ပါလိမ့်မည်။ သို့သော်လည်း အချိန်တိုအတွင်းမှာတော့ စဦးရင်းနှီးမြှုပ်နှံမှုများကို ပြန်ကာမိဖို့ မဖြစ်နိုင်သလောက် ရှိပါသည်။
ဒါက အသေးစား ကံဆိုးမှုလေးတစ်ခုသာဖြစ်သည်။ ဖေးချမ့်က စုစုပေါင်း ယွမ် ၆ သန်းတန်သည့် အသေးစား ကော်မာရှယ် ဗီလာနှစ်လုံးကို ဝယ်ခဲ့သည်။ စနစ်ရန်ပုံငွေထဲတွင် မှတ်တမ်းတင်ထားသည့် ပမာဏက ၆၀၀,၀၀၀ လောက် ဖြစ်မည်။
ဆိုလိုရင်းက မင်ယွမ်စားဖိုဆောင်က ၅၄၀,၀၀၀ လောာက် ပြန်မရခင် ဖေးချမ့်အတွက် အဆင်ပြေနေပါသေးသည်။
သို့သော်လည်း... သူ့အတွက် ပြဿနာတစ်ခုဖြစ်လာဖို့က အချိန်တစ်ခုသာ လိုသည်။
ဖေးချမ့် ဖိအားအလွန်များပြားနေပါသည်။ မကြာခင် စက်တင်ဘာလ ရောက်တော့မည်။ ဒီတစ်ခေါက်အသုတ်၏ ကာလဝက်လောက်ကိုရောက်နေပြီဖြစ်ပြီး ငွေစာရင်းရှင်းချိန်ရောက်ဖို့ အချိန်သိပ်မလိုတော့ပါ။
အခု သူ့မှာ ကိုင်တွယ်စရာ အရေးကြီးကိစ္စ နှစ်ခု ရှိနေပါသည်။
တစ်ခုက Bloody Battle Song ပိုကြမ်းသည့် ဗားရှင်းကို ထုတ်လုပ်ပြီး Flop သွားစေဖို့ ဖြစ်သည်။ ဒါမှ ဘော့စ်ဖေးကို ခေတ္တစိတ်သက်သာစေပြီး အာမခံမှုပေးနိုင်မည်ဖြစ်သည်။
ဒုတိယတစ်ခုကတော့ သူ့ ဂုဏ်သတင်းအဆင့်သတ်မှတ်ချက် ဘောနပ်စ် စနစ်ကို ချက်ချင်း ကျင့်သုံးရန် ဖြစ်သည်။
ဒီ 'ဂုဏ်သတင်းအခြေပြု ဆုလာဘ်' အိုင်ဒီယာကို ရပြီးတည်းက ဖေးချမ့် အစီအစဥ်တစ်ခု သေသေချာချာ ဆွဲထားပြီးသား ဖြစ်သည်။ အနည်းနဲ့ အများလည်း အပြီးသတ်ပြီးနေပါပြီ။
အခြေခံဆုကြေးငွေကတော့ ပရောဂျက်တစ်ခု၏ အစောပိုင်း ရင်းနှီးမြှုပ်နှံငွေအပေါ် မူတည်မည်။ ပရောဂျက်၏ ဂုဏ်သတင်းအပေါ်မူတည်ပြီး အဆင့်သတ်မှတ်ချက်နှင့် စံနှုန်းသတ်မှတ်ချက်တစ်ခုကိုလည်း ဖန်တီးသွားမည်ဖြစ်သည်။ ထိုစံနှုန်းများကို မှီသွားတာနဲ့ ဆုလာဘ်များကို စီနီယာကျမှုနဲ့ တာဝန်ယူရမှုအပေါ် မူတည်ပြီး ပရောဂျက်မန်ဘာအားလုံးကို ပေးအပ်သွားမည်ဖြစ်သည်။
ဒီစနစ်၏ အရေးအကြီးဆုံး အပိုင်းက ပရောဂျက်တစ်ခု၏ ဂုဏ်သတင်းကို ဘယ်လိုမျိုး ဆုံးဖြတ်မလဲဆိုတာပင်။
ပြင်ပ ဝက်ဘ်ဆိုက် အဆင့်သတ်မှတ်ချက်များကို အားကိုးချင်ပါက တချို့ဂိမ်မာတွေက Review တစ်ခုတည်းကိုပဲ ဆက်တိုက် ညစ်ကာ ပေးနေနိုင်သည်။ ထို့ကြောင့် မတိကျနိုင်ပါ။
ဥပမာအားဖြင့် တချို့ အဆင့်သတ်မှတ်ချက််ဝက်ဘ်ဆိုက်များက အမှတ်မြင့်မြင့်ပေးနိုင်ပြီး တချို့တွေကတော့ ထိုဂိမ်းကိုပဲ အဆင့်သတ်မှတ်ချက် နိမ့်အောင် ပေးထားပါက ဘယ်အဆင့် သတ်မှတ်ချက်ကို စံနှုန်းအဖြစ် ယူသုံးရတော့မည်နည်း။
Netizen အားလုံး၏ အဆင့်သတ်မှတ်ချက်များအားလုံးကို အခြေခံခြင်းကလည်း အားကိုးရမှာ မဟုတ်ပါ။ သူတို့ Review သမား အတုအယောင်များဖြင့် အတုလုပ်နိုင်သည်။
ခိုင်လုံသော မီဒီယာ ဝက်ဘ်ဆိုက်များ၊ ဂိမ်မာများ၏ အထင်အမြင်များနှင့် ကုမ္ပဏီအတွင်း ဝေဖန်ချက်များကို ပေါင်းလိုက်ပါက...
နောာက်ဆုံးတစ်ချက်က သူ့ကိုယ်သူ အဆင့်သတ်မှတ်ချက် ပေးလိုက်တာနဲ့ ဘာကွာဦးမှာလဲ။
ထို့ကြောင့် ဒီကိစ္စကို ဖေးချမ့် သေချာ စဥ်းစားလိုက်ပြီး သူဒီစနစ်ကို ကျင့်သုံးချင်ပါက ကုမ္ပဏီအတွင်း ပြီးပြည့်စုံသည့် အဆင့်သတ်မှတ်ချက် စနစ်တစ်ခု ရှိဖို့ လိုအပ်ပါသည်။
အနှစ်ချုပ်အားဖြင့် ဆိုရလျှင် အဆင့်သတ်မှတ်ချက်များကို အချက် ၂ ချက်ပေါ်မူတည်ပြီး သေချာ စိစစ်ရမည်။
တစ်ချက်က Review သမား အတုအယောင်များနှင့် သရော်မှုများ စသဖြင့် အသုံးမဝင်တာတွေကို စစ်ထုတ်ပစ်ရမည်။ နောက်တစ်ခုက ပရိသတ် အမျိုးအစားက ကျယ်ပြန့်ရမည်။ ဇာတ်လမ်းနှင့် ဂိမ်း Review များစွာတွင်လည်း ထိုနည်းလည်းကောင်း အဖြစ်အပျက်မျိုး ရှိပါသည်။ ပစ်မှတ်ထားသည့် ပရိသတ်အမျိုးအစားက နည်းလေလေ အဆင့်သတ်မှတ်ချက် မြင့်မြင့်ရဖို့က ပိုလွယ်လေလေ ဖြစ်သည်။
ပစ်မှတ်ထားသည့် ပရိတ်သတ်က တိကျသဖြင့် အမာခံဖန်တွေကတော့ အဆင့်သတ်မှတ်ချက် မြင့်မြင့်တွေကိုသာ ပေးလိမ့်မည်။ ထို့အပြင် ဒီလို ရုပ်ရှင်တွေကို မထုတ်လုပ်ခင် ရုပ်ရှင်အမျိုးအစားကို စိတ်မဝင်စားသည့်လူတွေက ထိုဗီဒီယိုတွေနဲ့ ပတ်သတ်မှာ မဟုတ်ဘဲ အဆင့်သတ်မှတ်ချက်လည်း ပေးမှာ မဟုတ်ပါ။ ထို့ကြောင့် အဆင့်သတ်မှတ်ချက်များက ဖောင်းပွလာနိုင်သည်။
ထိုရုပ်ရှင်များကို ထုတ်လုပ်လိုက်ပါက အဆင့်သတ်မှတ်ချက်များက ကျဆင်းသွားနိုင်ပါသည်။
ထို့ကြောင့် ထိုအချက်များအားလုံးကို ထည့်သွင်းစဥ်းစားပြီးနောက် ဖေးချမ့်နောက်ဆုံးတော့ ထန််းဒါကုမ္ပဏီတွင်း ဂုဏ်သတင်း အဆင့်သတ်မှတ်ချက်စနစ် တစ်ခုကိုသာ ဆုံးဖြတ်လိုက်ပါသည်။ အနောက်တိုင်းဆန်သည့် နာမည်တစ်ခုကိုလည်း စဥ်းစားထားသေးသည်။ TPDB ဖြစ်ပြီး ထန်းတာ့ ပရောဂျက် ဒေတာဘေ့စ်၏ အတိုကောက် ဖြစ်ပါသည်။
ဒီ ဒေတာဘေ့စ်က ထန်းတာ့၏ ပရောဂျက်အားလုံးကို မှတ်သားထားမည်ဖြစ်ပြီး အောက်ပါ စံနှုန်းများအပေါ် မူတည်ပြီး တိကျသေချာသည့် သုံးသပ်ချက်တစ်ခုကိုလည်း ဆောင်ရွက်ပါလိမ့်မည်။
ထန်းတာ့ အဆင့်မြင့် ကုမ္ပဏီတွင်း Review၊ ထန်းတာ့ ပုံမှန် ဝန်ထမ်း Review၊ ခိုင်မာသော မီဒီယာ Review၊ သုံးစွဲသူ Reviewနှင့် Netizen များ၏ Review စသည်တို့ ပါဝင်သည်။
Review တစ်ခုချင်းစီတိုင်းတွင် မတူညီသော အလေးပေးမှု ရှိပါလိမ့်မည်။
ထန်းတာ့ ကုမ္ပဏီတွင်း ဝန်ထမ်းများ၏ အထင်အမြင်က သာမန် Netizen များထက် အများကြီး ပိုအလေးပေးခံရမည်။ ဝန်ထမ်း Review အားလုံးတွင် ၎င်းတို့၏ နာမည်အရင်းကို အသုံးပြုရမည်။ ထို့အပြင် အဆင့်မြင့် လုပ်ပိုင်ခွင့်ရှိသူ (ဖေးချမ့်ကဲ့သို့) တချို့ကသာ ဘယ်သူက ဘယ်လိုရေးသားထားသလဲဆိုတာကို မြင်နိုင်ပါသည်။
ဖေးချမ့်က သူ့ဝန်ထမ်းများ သရော်သည့် Review များ ပေးပါက၊ သို့မဟုတ် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များကို မိတ်ဆွေအမှတ်များ ပေးပါက လုံးဝ ဖယ်ရှားပစ်မှာ မဟုတ်သော်လည်း အနည်းဆုံးတော့ ဒီ Review များကို စိစစ်မည်ဖြစ်ပြီး မှတ်တမ်းတင်ထားမည်ဖြစ်သဖြင့် အားလုံးက ၎င်းတို့၏ Review ပေးပိုင်ခွင့်ကို တန်ဖိုးထားကြလိမ့်မည်ထင်ပါသည်။
ဆုများများပိုရဖို့ ၎င်းတို့ကိုယ်ပိုင်ပရောဂျက်များကို အဆင့်သတ်မှတ်ချက် မြင့်မြင့်ပေးခြင်း သို့မဟုတ် ပြိုင်ဘက်များ၏ ပရောဂျက်ကို တမင်သက်သက် အဆင့်သတ်မှတ်ချက် နှိမ်ပေးခြင်းတို့ကိုလည်း ဘော့စ်ဖေးက အားလုံး မှတ်ထားမည်ဖြစ်သည်။
သုံးစွဲသူ Review များနှင့် Netizen တို့၏ Review များကလည်း အလေးပေးခံရမှုခြင်း မတူညီကြပါ။ ဂိမ်းတစ်ခုကို ဝယ်ထားသည့် ကစားသမားများနှင့် မဝယ်ထားသည့်လူများကိုယှဥ်လိုက်ပါက ဝယ်ထားသည့်သူများ၏ အမြင်ကိုသာ ပိုပြီး အလေးအနက်ထားမည်ဖြစ်သည်။ ဘယ်လို စနစ်မျိုးကိုပဲသုံးသုံး တချို့ကတော့ အဆင့်သတ်မှတ်ချက်တွေက မတိကျဘူးဟု ထင်ကောင်းထင်နိုင်ပါလိမ့်မည်။
ဖေးချမ့်သာ အရှုံးပေါ်နေသည့် ပရောဂျက်များကို ဆုတွေများများပိုချနေပါက ငွေဖြုန်းနိုင်တာ မှန်သော်လည်း တခြား ပရောဂျက်များမှ ဝန်ထမ်းများက သေချာပေါက် သံသယ ဖြစ်လာနိုင်ပါသည်။ ဒါက တရားမျှတမှုမရှိသလိုခံစားရသည်။
ထို့ကြောင့် TPDb ကို ပရော်ဖက်ရှင်နယ် အဆင့်သတ်မှတ်ချက် ဒေတာဘေ့စ်အဖြစ် အသုံးပြုဖို့ တွေးမိခြင်းဖြစ်သည်။ ဒါတွေက ပိုစေ့စပ်ပြီး တရားမျှတမှုရှိသော စနစ်ဖြစ်ကာ ဒေတာဘေ့စ်ထဲက အဆင့်သတ်မှတ်ချက်များနှင့် ပရောဂျက်တစ်ခုစီ၏ စဦး ရင်းနှီးမြှုပ်နှံမှုအပေါ်မူတည်ပြီး ဆုလာဘ်များကို ပေးသဖြင့် အားလုံး စိတ်ကျေနပ်မှု ပိုရှိပါလိမ့်မည်။ တစ်ချိန်တည်းမှာပဲ မတူညီသည့် ပရောဂျက်များအတွက် ဆုလာဘ်များကလည်း ခြားနားမည်ဖြစ်သည်။ ပရောဂျက်တစ်ခုက အချိန်ပိုကြာလေလေ ဆုလာဘ်များ ပိုများလေလေဖြစ်မည်။
ဥပမာအားဖြင့် လေဆန်ပို့ဆောင်ရေး ရုံးများကို နမူနာယူကြည့်ပါ။ ဖေးချမ့်က ဒီပရောဂျက်ကို တစ်သက်လုံး ကြာရှည်ခံသွားဖို့ ရည်ရွယ်ထားသဖြင့် ဂုဏ်သတင်းအခြေပြု ဆုလာဘ်များကို သုံးလတစ်ကြိမ်ပေးဖို့ စဥ်းစားထားပါသည်။
ဝယ်ယူပြီး ကစားရမည့် အရှုံးပေးပြီကယ်တင်ခြင်းခံစေ ဂိမ်းမျိုးအတွက်တော့ ဆုလာဘ်များကို ၂ ကြိမ် ၃ ကြိမ်လောက် ပေးနိုင်ပါသည်။ နောက်ပိုင်း DLC များကို ထုတ်လုပ်သည့်အခါ DLC များ၏ ဂုဏ်သတင်းပေါ် မူတည်ပြီးလည်း ဆုများထပ်ချနိုင်ပါသေးသည်။
အမှန်ပင်။ ဖေးချမ့်က သူ့ပရောဂျက်အားလုံးအနက် မျှမျှတတဖြစ်အောင်တော့ လုပ်ရပါမည်။ ဘော့စ်ဖေးက ရေရှည်တွင် ငွေပိုရှုံးနိုင်မည့် လေဆန်ပို့ဆောင်ရေးရုံးများ အစရှိသည့် ပရောဂျက်များကို ပိုဘက်လိုက်သော်လည်း ဘက်လိုက်မှုကို အရမ်းကြီးသိသာစေလို့မဖြစ်ပါ။
အစီအစဥ်တွေအားလုံးကို အချောသတ်ပြီးသွားသောအခါ ကမ်းလှမ်းချက်ကို လက်ထောက်ရှင်းထံသို့ ပျော်ပျော်ကြီး ပေးလိုက်ပါသည်။
"နောက်လကစပြီး ပရောဂျက်ဘောနပ်စ်တွေအကုန်လုံးကို ဒီစံနှုန်းတွေအတိုင်း ပြောင်းပေးမယ်"