လခြမ်းဓားသွား၏ ဒေါင်လိုက်ခုတ်မြန်နှုန်း Bug ကို ပြန်လည်ပြုပြင်ခြင်း
Vol. 17 Ch. 250
TPDb အဆင့်သတ်မှတ်ချက်ကို ဖန်တီးဖို့အတွက် ဝက်ဘ်ဆိုက်တစ်ခုကို လိုအပ်သည်။
ရုံးအပေါ်ထပ်မှာ နေရာလွတ်တွေရှိသေးသဖြင့် ထိုဝက်ဘ်ဆိုက်၏ အော်ပရေးရှင်းများအား စီမံခိုင်းဖို့အတွက် လူတစ်စုကို အလုပ်ခန့်ဖို့ ဖေးချမ့် ဆုံးဖြတ်လိုက်ပါသည်။ သူတို့က ကျုံးထျန် တရုတ်နက်ဝေါ့ခ် စာပေဘေးတွင် တည်ရှိရမည်။
TPDb ဝက်ဘ်ဆိုက်တွင် ထန်းတာ့၏ ပရောဂျက် အားလုံးကို ပြသထားမည်ဖြစ်၏။ ယခင်တုန်းက ဖန်တီးခဲ့ဖူးသော ဂိမ်းများအားလုံး၊ ဖေးဟွမ်လုပ်ငန်းက ရိုက်ကူးထားသော ဗီဒီယိုအတိုလေးများအားလုံး၊ ယွီအင်တာနက်ကဖေး ဆိုင်ခွဲတစ်ခုချင်းစီတိုင်း၊ ကျုံးထျန်တရုတ်နက်ဝေါ့ခ်စာပေနှင့် လေဆန်ပို့ဆောင်ဆက်သွယ်ရေး ရုံးများ အစရှိသည်တို့ အပါအဝင်ဖြစ်၏။
ဒီဝက်ဘ်ဆိုက်တွင် ဂိမ်းများ၊ ရုပ်ရှင်များ၊ နေ့စဥ်ဘဝ၊ ရသများ အစရှိသဖြင့် စစ်ထုတ်ရှာဖွေမှု လွယ်ကူရအောင် အမျိုးအစားခွဲထားမည်ဖြစ်သည်။
ထန်းတာ့သာ နောက်ပိုင်း လုပ်ငန်းသစ်များထဲ ခြေချချင်ပါက ဒီဝက်ဘ်ဆိုက်ထဲက အမျိုးအစား အရေအတွက်လည်း တိုးမြင့်လာမည်ဖြစ်ပါသည်။
ဒီပရောဂျက်တစ်ခုချင်းစီကို အများကြီး မိတ်ဆက်နေမှာမဟုတ်ပါ။ အားလုံးတွင် ရိုးရှင်းသည့် ပရိုဖိုင်းစာမျက်နှာတစ်ခုနဲ့ အခြေခံ အချက်အလက်တချို့သာ ရှိလိမ့်မည်။
ဝက်ဘ်ဆိုက်၏ အဓိက အာရုံစိုက်ရာက အဆင့်သတ်မှတ်ချက်များနှင့် သက်ဆိုင်ရာ အသေးစိတ်အချက်အလက်များဖြစ်သည်။ အဆင့်သတ်ချက်များကို ကုမ္ပဏီတွင်း၊ မီဒီယာ၊ သုံးစွဲသူ၊ Netizen အဆင့်သတ်မှတ်ချက်များဟူ၍ ခွဲခြားထားမည်။ နောက်ဆုံး အဆင့်သတ်မှတ်ချက်က ထိုအုပ်စုကြီးလေးစု၏ သက်ဆိုင်ရာ အလေးပေးမှုအပေါ်တွင် မူတည်မည်ဖြစ်သည်။
ဝက်ဘ်ဆိုက်က စာရင်းပေးသွင်းရမည်ဖြစ်သည်။ သို့သော်လည်း ထန်းတာ့၏ ဝန်ထမ်းအကောင့်များက 'ကုမ္ပဏီတွင်းအဆင့်သတ်မှတ်ချက်များ' သီးသန့်နက်ဝေါ့ခ်စာမျက်နှာကို အထူးဝင်ခွင့်ပြုထားမည်ဖြစ်ပြီး တခြားဝန်ထမ်းများ ပေးထားသည့် အဆင့်သတ်မှတ်ချက်များကိုလည်း ကြည့်ရှုနိုင်ပါသည်။
သာမန်အသုံးပြုသူတွေကတော့ ထန်းတာ့ ဝန်ထမ်းများ ပေးထားသည့် အနှစ်ချုပ်အဆင့်များကိုသာ မြင်ရမည်ဖြစ်ပြီး သီးသန့်နက်ဝေါ့ခ်ထဲ ဝင်ရောက်နိုင်မှာ မဟုတ်ပါ။
မီဒီယာ အဆင့်သတ်မှတ်ချက်မှာလည်း တချို့ ခိုင်မာသည့် မီဒီယာကုမ္ပဏီများ၏ အဆင့်သတ်မှတ်ချက်ကိုကော ၎င်းတို့တင်ထားသည့် Review တချို့ကိုကော ထည့်သွင်း တွက်ချက်သွားမည် ဖြစ်သည်။
သုံးစွဲသူနဲ့ Netizen များကတော့ ၎င်းတို့၏ ကိုယ်ပိုင် အဆင့်သတ်မှတ်ချက် စာမျက်နှာများ ရှိလိမ့်မည်။ ထန်းတာ့ကုမ္ပဏီဖြင့် စာရင်းသွင်းမှတ်တမ်းတင်ထားသည့် အကောင့်များသာ သုံးစွဲသူ အဆင့်သတ်မှတ်ချက်စာမျက်နှာကို ဝင်ရောက်နိုင်မည်ဖြစ်ပြီး သာမန် Netizen တွေကတော့ ဝင်ရောက်နိုင်မှာ မဟုတ်ပါ။ အသေးစိတ် အဆင့်သတ်မှတ်ချက်များအတွက်တော့ TPDb က ပိုမိုရှုပ်ထွေးသည့် အဆင့်သတ်မှတ်ချက်စနစ်ကို အသုံးပြုပါလိမ့်မည်။ အကောင့်တိုင်းတွင် မတူညီသည့် အလေးပေးမှု ရှိပါလိမ့်မည်။ ထိုကဲ့သို့ အလေးပေးမှုများကို လုပ်ပိုင်ခွင့် မြင့်မားသည့် ထန်းတာ့ဝန်ထမ်းများကသာ ကြည့်ရှုနိုင်လိမ့်မည်။
တချို့ မသင့်လျော်သည့် အပြုအမူများကလည်း အကောင့်များ၏ အလေးပေးမှုအပေါ် အနုတ်သဘော သက်ရောက်မှု ရှိနိုင်၏။ ဥပမာအားဖြင့် တချို့ Big V ကြီးများက ပျမ်းမျှ ၄/၅ ရှိသည့် ပရောဂျက်တစ်ခုတွင် ၁/၅ ပေးဖို့ ငွေပေးခိုင်းစေပါက၊ သို့မဟုတ် ပျမ်းမျှ ၂/၅ သာရှိသည့် ပရောဂျက်တစ်ခုကို တစ်ယောက်ယောက်က ၅/၅ ပေးထားပါက နောက်ပိုင်း အကောင့်၏ အဆင့်သတ်မှတ်ချက် အလေးပေးမှုအပေါ် သေချာပေါက် သက်ရောက်နိုင်ပါသည်။
အမှန်ပင်။ ဒါက သဘောထားကွဲလွဲပိုင်ခွင့်များကို ရှင်းထုတ်ချင်လို့တော့ မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် အဆင့်သတ်မှတ်ချက်ဆိုတာမျိုးက လွတ်လွတ်လပ်လပ် သဘောထားကွဲလွဲပိုင်ခွင့်ရှိပြီး ဘက်လိုက်လို့ မရပါ။ တချို့လူတွေ ဂန္ဓဝင်လက်ရာဟုခေါ်နေပြီး အဆင့်သတ်မှတ်ချက် ၅/၅ ပေးထားသည့် အရာများကို တချို့လူတွေ မကြိုက်ကြတာလည်း ရှိကောင်းရှိနိုင်သည်။ ထို့ကြောင့် သူတို့က ၁/၅ သာ ပေးချင်ကြလိမ့်မည်။ သို့သော်လည်း ဒီလို ကလဲ့စားချေသည့် အပြုအမူမျိုးက စည်းကမ်းကို ချိုးဖောက်နေပြီဖြစ်ပြီး အဆင့်သတ်မှတ်ချက်များနောက်ကွယ်က နိယာမများကို ဖျက်ဆီးနေသည်။ ထို့ကြောင့် ထိုအကောင့်၏ အနာဂတ် အဆင့်သတ်မှတ်ချက်များအပေါ်တွင် အနုတ်သဘော သက်ရောက်မှုများ ရှိနိုင်ပါလိမ့်မည်။
တစ်ချိန်တည်းမှာပဲ တစ်ယောက််ယောက်က IP address တစ်ခုတည်းမှ အကောင့်ပေါင်း သောင်းခြောက်ထောင်နဲ့ ဆက်တိုက် အသုံးပြုနေပါက ထိုအကောင့်များ၏ အလေးပေးခံရမှုလည်း လျော့ကျသွားမည်ဖြစ်ပါသည်။
အနှစ်ချုပ်ပြောရလျှင် ဖေးချမ့်က ထိုကဲ့သို့ ဘက်လိုက်သော အဆင့်သတ်မှတ်ချက်များကို တတ်နိုင်သမျှ များများ ရှင်းထုတ်ပစ်ချင်သည်။ ပရောဂျက်တိုင်း၏ အဆင့်သတ်မှတ်ချက်များကို အစစ်အမှန်တိုင်းသာ ဖြစ်စေလိုသည်။
ဖေးချမ့်က မာယိချွမ်နှင့်အဖွဲ့ကို လောလောဆယ်အတွက် ရှေ့ပြေးဝက်ဘ်ဆိုက်တစ်ခု ဖန်တီးဖို့ တာဝန်ပေးလိုက်ပါသည်။ ကျုံးထျန် တရုတ်နက်ဝေါ့ခ်စာပေ ဝက်ဘ်ဆိုက်ကို ဖန်တီးပြီးသွားပြီ ဖြစ်သဖြင့် မာယိချွမ်နှင့်အဖွဲ့တို့လည်း အရင်ကလောက် အလုပ်မများတော့ပါ။
TPDb အတွက် ပြင်ဆင်မှုများ ပြီးဆုံးသွားတာနဲ့ စီမံခိုင်းဖို့ သင့်လျော်သူ တစ်ယောက်ယောက်ကို ရှာဖွေမည်ဖြစ်သည်။
စက်တင်ဘာလ ၁ ရက်နေ့...
ယွီအင်တာနက်ကဖေးတွင်...
ချောင်းလျန်က ဘားကောင်တာမှ စားပွဲထိုးတစ်ယောက် ယူလာပေးသည့် ကော်ဖီကို သောက်လိုက်သည်။ သူ့ဘဝကြီးက အလွန်အေးချမ်းပြီး လွယ်ကူလွန်းသည်ဟု ခံစားနေရပါသည်။
သူ့ပရိသတ်တွေက သူ့ကို ဆက်တိုက် ကောမန့်ဗုံးများ ကြဲနေခဲ့သည်။ သူ အကုန်လုံးကို အချိန်မှီ မဖတ်နိုင်ပါ။
လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း ချောင်းလျန်တစ်ယောက် သူ့ပရိသတ် Group များကို သိပ်ပြီး အာရုံမစိုက်ခဲ့ပေ။ သူက အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းနဲ့ အသေအကျေ တိုက်ပွဲဝင်နေသောကြောင့် ဖြစ်ပါသည်။ ချောင်းလျန်က ဂိမ်းကို တစ်ရက် ၈ နာရီလည်း ကစားရသေးသည်။ ထို့ကြောင့် ဖိအားများပါသည်။
ထို့အပြင် အရှုံးပေးပြီးကယ်တင်ခြင်းခံစေ၏ ဂိမ်းကစားမှုကို ပေါက်ကြားစေလို့ မဖြစ်ပါ။ စာချုပ်ချုပ်ဆိုထားသဖြင့် နှုတ်ပိတ််ထားရပါမည်။
သို့သော်လည်း မကြာသေးခင်ကမှ ဂိမ်းကို ချောင်းလျန် အတော်လေး အသားကျနေပြီဖြစ်ပြီး လျင်မြန်စွာ ဂိမ်းကို အောင်မြင်နေပါပြီ။ အရင်ကလောက်တော့ ဖိအားမများတော့ပေ။
သူ့ပရိသတ်များ၏ ကောမန့်များကိုခပ်မြန်မြန် ကြည့်ရှုပြီး အနားယူပြီးနောက် ချောင်းလျန် နောက်တစ်ခေါက် အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းထဲကို လော့အင်ဝင်လိုက်ပါသည်။ သူအကြာကြီး တစ်နေသည့် မန်ပိုဘော့စ်ကို အနိုင်ယူဖို့ ပြင်ဆင်ထားပါသည်။
ဂိမ်းထဲကို ဝင်လိုက်သောအခါ အသိပေးချက် တစ်ခု ပေါ်လာ၏။ "သြော် နောက်ထပ် Update တစ်ခုပါလား။"
ချောင်းလျန်က အသားကျနေပြီဖြစ်သည်။ သူက ဂိမ်း၏ ဖန်တီးသူ Edition ကိုကစားနေခြင်းဖြစ်သဖြင့် အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်း၏ ပရောဂျက်အဖွဲ့က ဂိမ်းကို ပြောင်းလဲမှုများ ဆက်တိုက်လုပ်နေပါသည်။ နေ့စဥ် Update အသစ်များလည်း ပေါ်လာတတ်သည်။
အကြီးစား၊ အသေးစား Update နှစ်ခုစလုံး ပါဝင်သည်။ အသေးစာား Update များက ကီလိုဘိုက် ရာဂဏန်းလောက်သာရှိပြီး ဖွဲ့စည်းမှုဇယားတစ်ခုခု ထည့်သွင်းခြင်းသာ ဖြစ်နိုင်သည်။ အကြီးစား Update များတော့ မက်ဂါဘိုက် ရာဂဏန်းလောက် ရှိနိုင်ပြီး ဆက်တင်တစ်ခုလုံးကို ပြင်ဆင်လိုက်တာမျိုး ဖြစ်နိုင်ပါသည်။
ဒီတစ်ခေါက် Update ကတော့ သိပ်မကြီးပါ။ အင်တာနက်ကဖေး၏ အင်တာနက်မြန်နှုန်းက အလွန် မြင့်မားသဖြင့် မိနစ်ပိုင်းအတွက် ပြီးဆုံးသွားပါသည်။
"အရင်တစ်ခေါက် ဘော့စ်ဖေးနဲ့ ငါ စကားပြောပြီး သူတို့ ဘာတွေများ ပြောင်းလဲလိုက်ကြလဲ မသိဘူး။"
ချောင်းလျန် အနည်းငယ် မျှော်လင့်ထားမိသည်။
လွန်ခဲ့သည့် ၁ ပတ်လောက်က ဘော့စ်ဖေးမှ သူ့ကို ဂိမ်းအကြောင်း လာမေးခဲ့သည်။ ချောင်းလျန်ကလည်း သူ့အထင်အမြင်များကို အသေးစိတ် ပြောပြခဲ့သည်။
အစပိုင်း ရွာနဲ့ မြို့များရှိ ခက်ခဲမှုအဆင့်က မြင့်မားလွန်းသည်။ ကစားသမားတွေက ဂိမ်းထဲ ပထမဆုံး ဝင်ရောက်ခြင်း ဖြစ်ပြီး ဒီဂိမ်းကစားနည်းကို အသားမကျသေးသဖြင့် ဂိမ်းကို ဆက်မကစားချင်စိတ်များ အလွယ်တူ ဖြစ်ပေါ်သွားနိုင်သည်။ သို့သော်လည်း ဂိမ်းထဲတွင် ဆက်လက်အောင်နိုင်နေပါက ပိုမို လွယ်ကူသွားပါသည်။
ချောင်းလျန် အရိပ်အမြွက်ပေးလိုက်တာက ဂိမ်း၏ အစပိုင်းရှိ ခက်ခဲမှုအဆင့်ကို လျှော့ချလိုက်ပြီး နောက်ပိုင်း ခက်ခဲမှုအဆင့်များကို ဒီတိုင်းထားဖို့ ဖြစ်ပါသည်။
လက်နက်များနဲ့ ပတ်သတ်ပြီးလည်း ချောင်းလျန်က ဓားမလက်နက်မှာ ဂိမ်း၏ အစောပိုင်းနှင့် အလယ်ပိုင်းအဆင့်များတွင် အလွန်အသုံးဝင်ပြီး လျင်မြန်သွက်လက်သည့် လက်နက်ဖြစ်ကြောင်း ပြောခဲ့သည်။ ဓားမလက်နက်၏ တိုက်ခိုက်မှုနှုန်းက မြန်ဆန်သည်။ ၎င်း၏ Damage ကလည်း မြင့်မား၏။ ထို့အပြင် လခြမ်းဓားသွား၏ ဒေါင်လိုက်ခုတ်ချက်ကလည်း အလွန်အသုံးဝင်ပါသည်။
တခြား သိပ်ရေပန်းမစားသည့် လက်နက်များက အနည်းငယ် လေးလံနေပြီး နောက်ပိုင်း အဆင့်မြှင့်နိုင်လောက်မည်ဟုလည်း ပြောချင်ပါသည်။
အရင်တစ်ခေါက် ဂိမ်းကို Update တင်လိုက်ကြတိုင်း ချောင်းလျန်က ထိုဝေဖန်မှုများအပေါ် အခြေခံပြီး ပြောင်းလဲမှုတချို့လုပ်ပါစေဟု ချောင်းလျန် မျှော်လင့်နေခဲ့သည်။ သို့သော်လည်း သူ ထပ်ခါထပ်ခါ စိတ်ပျက်ခဲ့ရပါသည်။
ဧကန္တ ဒီလို ဂိမ်း၏ ဟန်ချက်နှင့် သက်ဆိုင်သည့် ပြောင်းလဲချက်များက အချိန်လိုအပ်ပြီး ချက်ချင်း လုပ်လို့ မရတာမျိုး ဖြစ်နိုင်ပါသည်။ နောက်ဆုံးတော့ ချောင်းလျန် စောင့်မျှော်နေခဲ့သော အချိန်ကို ရောက်ရှိလာခဲ့ပါသည်။
Update ပြီးဆုံးသွားသောအခါ ချောင်းလျန်က Update Log ကို ကြည့်လိုက်ပြီး ဂိမ်း၏ ဟန်ချက်အပိုင်းတွင် ပြောင်းလဲမှုများစွာ လုပ်ထားမှန်း မြင်လိုက်ရပါသည်။
"ဘော့စ်ဖေးက တကယ်ပဲ ဂိမ်မာတွေရဲ့ အထင်အမြင်ကို ကောင်းကောင်း နားထောင်ပေးတဲ့ ဒီဇိုင်နာတစ်ယောက်ပါလား။"
ချောင်းလျန် ကြည်နူးစွာ သက်ပြင်းချလိုက်ပါသည်။
ဟန်ချက်ပြောင်းလဲမှု အသေးစိတ်စာမျက်နှာကို ဖွင့်ကြည့်လိုက်ပြီး သေချာကြည့်လိုက်သည်။ ဘယ်လို ရေပန်းမစားသည့် လက်နက်မျိုးကို စွမ်းအားတိုးလိုက်သလဲ ကြည့်မလို့ ဖြစ်ပါသည်။ ဒါမှ ထိုအဆင့်မြှင့်တင်ထားသည့် လက်နက်များဖြင့် မန်ပိုဘော့စ်ကို ရင်ဆိုင်နိုင်မည်ဖြစ်သည်။
"အသက်ကျောက်တုံး ၃ တုံး၊ မေ့လျော့ခြင်း မြစ် စတဲ့ နေရာတွေထဲက မွန်းစတားတွေရဲ့ တိုက်ခိုက်မှုစွမ်းအားကို မြှင့်လိုက်တယ်တဲ့။ မွန်းစတားအမျိုးအစားနဲ့ တိုက်ခိုက်တဲ့ ပုံစံတွေကောပဲ..."
"ဓားမလက်နက် Level တက်သွားတဲ့အခါ အဆမတင် မြင့်မားနေတဲ့ Damage ကို လျှော့ချလိုက်တယ်။ အဲ့ဒီအစား အားသုံးတိုက်ချက် Damage ကိုပဲ နည်းနည်း တိုးပေးလိုက်တယ်တဲ့...."
"လခြမ်းဓားသွားရဲ့ ဒေါင်လိုက်ခုတ်ချက် မြန်နှုန်း Bug ကို ပြင်ဆင်လိုက်တယ်တဲ့..."
ထိုကဲ့သို့ ဟန်ချက်ပြောင်းလဲမှုများက များပြားလွန်းသည်။ သို့သော်လည်း အများစုက ဟန်ချက်ကို အားပိုနည်းအောင် လုပ်လိုက်ခြင်းသာ ဖြစ်သည်။
ဆရာချောင်း အသုံးပြုလို့ကောင်းသည့်ဟု ထင်ခဲ့သည့် လက်နက်အားလုံး အနှိမ်ခံလိုက်ရသည်။
ဓားမလက်နက်၏ Level တက်သောအခါ တိုးမြင့်လာသည့် အခြေခံ တိုက်ခိုက် Damage လည်း အနှိမ်ခံလိုက်ရသည်။ ဒီလိုသာဆို ကစားသမားတွေက အစောပိုင်းအဆင့်မှ အလယ်ပိုင်းအဆင့်အထိ ဓားမလက်နက်ကိုပဲ အကြိုက် သုံးနေနိုင်မှာ မဟုတ်တော့ပါ။
အမှန်ပင်။ အားသုံးတိုက်ကွက် Damage များကို တိုးမြှင့်ထားသဖြင့် လက်နက်က သုံးလို့တော့ ကောင်းပါသေးသည်။ သို့သော်လည်း ထိုတိုက်ကွက်မျိုးက အားထည့်ဖို့ အချိန်အများကြီး လိုအပ်သည်။ ဓားမကြီး၏ သွက်လက်မှုလည်း ရှိတော့မှာ မဟုတ်သလို အခုပြန်လည်သုံးဖို့အတွက်ဆို နည်းလမ်းအသစ်များ လိုအပ်လာပါပြီ။
ထို့ကြောင့် ဒါက Bug တစ်ခု ဟုတ်ခဲ့သည် ဖြစ်စေ မဟုတ်ခဲ့သည်ဖြစ်စေ ဖေးချမ့်ကိုယ်တိုင်သာ သိပါလိမ့်မည်။ ချောင်းလျန်တစ်ယောက် ရီဝေသွားသည်။ သူ့မျက်လုံးကို သူ မယုံနိုင်တော့ပါ။
"ငါသုံးလို့ကောင်းတယ်ထင်တဲ့လက်နက်အားလုံး... အနှိမ်ခံလိုက်ရပြီလား။ ဒီနေ့ မန်ပိုကို ဘယ်လိုသတ်ရတော့မှာလဲ။ မွန်းစတား အသေးစားလေးတွေကိုတောင် သတ်နိုင်မှာ မဟုတ်လောက်တော့ဘူးဟ"
ချောင်းလျန်တစ်ယောက် ထိုင်ခုံမှာထိုင်ရင်း Level တိုးမြှင့်ထားသည့် သူ ဓားမလက်နက်နဲ့ လခြမ်းဓားသွားတို့ကို ငေးကြည့်နေမိသည်။
သူ သုညက ပြန်စလိုက်ရသလို ခံစားလိုက်ရသည်။
သူ့ကော်ဖီတွေလည်း မမွှေးတော့ပါ။
ငါ ဘယ်သူလဲ။ ဘယ်မှာလဲ။ ဘာတွေလုပ်နေတာလဲ။
ချောင်းလျန် စိတ်ရှုပ်ထွေးမှုနဲ့ မျှော်လင့်ချက် ကင်းမဲ့မှုများစွာကို ခံစားလိုက်ရပါတော့သည်။