← Chapters

နောက်ဆုံးတော့ ဘော့စ်ဖေး တစ်ခါ မှန်ဖူးသွားပြီ

Vol. 17 Ch. 251

နောက်ဆုံးတော့ ဘော့စ်ဖေး တစ်ခါ မှန်ဖူးသွားပြီ

Vol. 17 Ch. 251

ဒီရက်ပိုင်းထဲ ဖေးချမ့် အတော်လေး အလုပ်များနေသည်။

နွေရာသီ အားလပ်ရက်တစ်ခုလုံး ကုမ္ပဏီကိစ္စများ ကိုင်တွယ်ရင်း ကုန်ဆုံးခဲ့ရပါသည်။ ကျောင်းပြန်စတော့မည်ဖြစ်သဖြင့် နောက်ဆုံးတော့ ၂ ရက်လောက် အိမ်ပြန်အနားယူဖို့ အချိန်ရလိုက်ပါသည်။

ဖေးချမ့်က မေးခွန်းပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပါသေးသည်။ ဖေးဟွမ်လုပ်ငန်းက ရိုက်ကူးသည့် 'မဟာတီထွင်သူကြီးတစ်ယောက် ဘဝရဲ့နေ့တစ်နေ့' တွင် သူ ဘာလို့ မပါတာလဲဟု အမေဖြစ်သူက မေးသည်။ ဖေးချမ့်ကတော့ ရိုက်ကွင်းနောက်ကွယ်မှာသာ အလုပ်လုပ်နေခြင်းကြောင့်ဟု ပြန်ဖြေလိုက်ပါသည်။ ဒီတစ်ခေါက် ဖေးချမ့်က အိမ်အတွက် အသုံးအဆောင် ပစ္စည်း အသစ်များ မဝယ်တော့ပါ။ သူဝယ်နိုင်သည့် အသုံးအဆောင် ပစ္စည်းများနှင့် ပရိဘောဂများကို ဝယ်ခဲ့ပြီးပါပြီ။ သူ့နောက်ထပ် ရည်မှန်းချက်က အိမ်ကြီးကြီးတစ်လုံးကို ပြောင်းဖို့ဖြစ်ပါသည်။

သို့သော်လည်း ဖေးချမ့်၏ ကိုယ်ပိုင်စည်းစိမ်က မလောက်ငသေးပါ။ လာမည့် အရှုံးပေါ် အသုတ်ကို အရင်ဆုံး စောင့်ဖို့သာရှိပါသည်။ ထို့ကြောင့် အိမ်မှာ ၂ ရက်လောက် အနားယူပြီးနောက် ဖေးချမ့် ရုံးကို ခပ်မြန်မြန် ပြန်လာခဲ့ပြီး စိတ်အားထက်သန်စွာဖြင့် အလုပ်ထဲ အားစိုက်ထားလိုက်ပါသည်။

ကုမ္ပဏီကို ပြန်ရောက်လာသောအခါ လီယာ့တာက အတော်လေး လုပ်ကိုင်မှု အဆင်ပြေလာတာကို မြင်လိုက်ရပါသည်။ ယခင် စွမ်းအားကြီးမားလွန်းနေသည့် လက်နက်များ၏ Bugs များကို ဖယ်ရှားလိုက်သည့် အရှုံးပေးပြီးကယ်တင်ခြင်းခံစေ၏ Update သစ်တစ်ခုကိုတောင် ဖန်တီးပြီးသွားကြပါပြီ။

ဖေးချမ့်က ဘာမှ ဂရုမစိုက်ပါ။ ဘာပဲဖြစ်ဖြစ်ဖုတု လက်နက်ကတော့ အနှိမ်ခံရမည် မဟုတ်ပါ။

ထို့အပြင် ဖေးချမ့်၏ လမ်းကြောင်းက မရဏလောကသို့ အသွားလမ်းမှ ပြန်လည်မွေးဖွားခြင်းနှင့် ဖြစ်တည်ခြင်း လောက ၆ ပါးထံသို့ တန်းခေါ်ဆောင်သွားခဲ့သည်။ မေ့လျော့ခြင်းမြစ်၊ အသက်ကျောက်တုံး ၃ တုံးတို့၏ ခက်ခဲမှုအဆင့် တိုးမြှင့်လိုက်ခြင်းမှာလည်း ဖေးချမ့်အပေါ် လုံးဝ သက်ရောက်မှု မရှိပါ။

ဂိမမ်းထဲမှာ အချိန်တစ်ခုအထိ ရုန်းကန်ပြီးနောက် ဖေးချမ့်တစ်ယောက် ဗီဒီယိုဝက်ဘ်ဆိုက် တစ်ခုမှာ ရှိုးတချို့ကြည့်ပြီးခေတ္တ အနားယူဖို့ ဆုံးဖြတ်လိုက်ပါသည်။

သူဝက်ဘ်ဆိုက်တစ်ခုထဲ ဝင်ရောက်လိုက်သောအခါ မြင်ဖူးသော မျက်နှာတစ်ခုကို မြင်လိုက်ရပါသည်။ ဖေးချမ့် ကြက်သေ သေသွား၏။

သြော်။ ဒါ ကျန်းကျုထျင် မဟုတ်ဘူးလား။ သူ ရက်စွဲကို မြင်သွားပြီး ဖေးချမ့် နောက်ဆုံးတော့ မှတ်မိသွားပါသည်။

သြော်ဟုတ်သားပဲ ဒီနေ့က Bloody Battle Song: ပိုကြမ်းတဲ့ဗားရှင်းရဲ့ ထုတ်လုပ်ရက်ပဲ။ ကြော်ငြာများကိုလည်း ဂိမ်းနဲ့ တပြေးညီတင်သဖြင့် သေချာပေါက် ဝက်ဘ်ဆိုက်အကြီးစားတွေမှာ ပြသနေလောက်ပါပြီ။

ဖေးချမ့်က သူ့ဂိမ်းအတွေ့အကြုံကြောင့် အနည်းငယ် နာကျင်နေဆဲ ဖြစ်သည်။ သို့သော်လည်း ချက်ချင်း အားတင်းလိုက်၏။ သူ့ရှိုးကိုတောင် မကြည့်တော့ဘဲ Bloody Battle Song : ပိုကြမ်းသည့် ဗားရှင်းအခြေအနေ ဘယ်လိုရှိသလဲဆိုတာ စစ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

မင်ယွမ်စားဖိုဆောင်နဲ့ သူပြဿနာတက်ပြီးပါပြီ။ သူ လိုအပ်နေသည့် အာမခံမှုကို ပေးဖို့ ဒီဂိမ်းကိုသာ အားကိုးနိုင်တော့မည်။

ဖေးချမ့် ပထမဆုံး ဗီဒီယိုဝက်ဘ်ဆိုက်များ၊ ဂိမ်းဝက်ဘ်ဆိုက်များ အစရှိသည့် ရေပန်းစား ဝက်ဘ်ဆိုက်တချို့ကို ဖွင့်ကြည့်လိုက်သည်။ သူ ဝင်သွားသည့် ဝက်ဘ်ဆိုက်တိုင်းတွင် Bloody Battle Song : ပိုကြမ်းတဲ့ဗားရှင်း၏ ကြော်ငြာကို မြင်နေရပါသည်။

ဗီဒီယိုဝက်ဘ်ဆိုက်တွေပေါ်မှာလည်း ဂိမ်းနှင့်သက်ဆိုင်သည့် ဗီဒီယိုအားလုံးက ကျန်းကျုထျင်၏ နာမည်ကြီး ကြော်ငြာစကားလုံးတချို့ကို ပြန်ပြနေပါသည်။ "ကျွန်တော်က ကျားကျုထျစ်ပါ။ ကျွန်တော့်ရဲ့ ညီအစ်ကိုတွေမှန်ရင် ကျွန်တော့်နဲ့ အတူလာကစားကြပါ" အစရှိသဖြင့် ဖြစ်သည်။

ဒီလို ကျယ်ပြန့်သည့် ကြော်ငြာကြောင့် ဒီဂိမ်းကို Netizen တွေ မတွေ့ဖို့ ခက်ပါသည်။

ဖေးချမ့်က အိုင်လီကျွန်းဝက်ဘ်ဆိုက်ကို သွားပြီး 'ကျန်းကျုထျင်' ဟူသော စကားလုံးများကို ရိုက်ရှာကြည့်လိုက်သည်။ ကျန်းကျုထျင်နှင့် သက်ဆိုင်သည့် ကြော်ငြာစုစည်းမှု တစ်ခုကို မြင်သွားပြီး Bullet ကောမန့်များနှင့် ဆွေးနွေးမှုများကို ဖတ်ကြည့်လိုက်သည်။

ထိုဗီဒီယိုများ၏ အမည်များကတော့...

'ကိုယ့်ဂုဏ်သိက္ခာကိုယ်တောင် မထိန်းသိမ်းတော့ဘူးလား'၊ 'ကျန်းကျုထျင်ရဲ့ ဝက်ဘ်ဆိုက်ဂိမ်း'၊ 'ကျွန်တော်က ကျားကျုထျစ်' စသည်တို့ ဖြစ်ကြသည်။

ဒီက Bullet ကောမန့်များနဲ့ ဆွေးနွေးပွဲများကလည်း ကြည့်ရှုသူများ၏ သဘောထား တစ်စိတ်တစ်ဒေသကို ကိုယ်စားပြုနေပါသည်။

"ဆရာကျန်းရဲ့ ပရိသတ်တစ်ယောက်အနေနဲ့ တော်တော်ကို စိတ်ပျက်မိတယ်။ ဒီလိုကြော်ငြာမျိုး ရိုက်ရလောက်အောင် ဆရာကျန်း ဘယ်လောက်တောင် မွဲနေပြီလဲ..."

"ရိုင်းစိုင်းပြီး ညစ်ပတ်တဲ့ နောက်ထပ် ဝက်ဘ်ဆိုက်ဂိမ်းတစ်ခုပါလားဟေ့ အော့အော့"

"တကယ်တော့ မဆိုးပါဘူး။ အနည်းဆုံးတော့ ဒီကြော်ငြာက ကစားသမားတွေကို ငွေရမယ်ဆိုပြီး လိမ်ညာပြီးခေါ်နေတာမှမဟုတ်တာ။ ဒါက ပိုသန့်ရှင်းတဲ့ ဝက်ဘ်ဆိုက်ဂိမ်း ကြော်ငြာလို့ သတ်မှတ်လို့တောင်ရတယ်။ ဒါပေမယ့် ဆရာကြီးကျန်းတစ်ယောက် တစ်သက်လုံး ဆောက်တည်လာခဲ့တဲ့ ဂုဏ်သိက္ခာကို ဘာကြောင့် ဖျက်ဆီးလိုက်ရတာာလဲဆိုတာကိုတော့ မေးချင်သေးတယ်။"

"ကျွတ်... ကျန်းကျုထျင်ရဲ့ အသံက တကယ်ကြီး ဒီလိုလား။ အရင်တုန်းက သူ့ရုပ်ရှင်တွေကို ကြည့်ရင် နောက်ခံစကားပြောကိုပဲ နားထောင်ခဲ့ရတာ။ သူ့အသံ ဒီလောက်ထိ ကျက်သရေတုံးလိမ့်မယ်လို့ မထင်ထားဘူးကွာ။"

"သူတို့တွေ ဆရာကျန်းရဲ့ ပုံနဲ့ အသံကို တရားမဝင်များ သုံးနေကြတာလား။"

"ဆရာကျန်းကိုယ်တိုင် Weibo ပေါ်မှာ ဂိမ်ကုမ္ပဏီတစ်ခုနဲ့ အလုပ်တွဲလုပ်နေတယ်လို့ ပြောထားတယ်လေကွာ။ ဒီကြော်ငြာက ယုံရလောက်ပါတယ်။"

"မင်းတို့တွေ အကောင်းဘက်ကလည်း ကြည့်ကြပါဦးကွာ။ ဝက်ဘ်ဆိုက်ဂိမ်း ကြော်ငြာအများစုက အလိမ်အညာတွေကြီးပဲ။ ဂိမ်းတွေရဲ့ တကယ့်ပုံစံနဲ့ လားလားမှ မသက်ဆိုင်ဘူး။ ဒါပေမယ့် ဒီကြော်ငြာကတော့ တော်တော်လေး အဆင်ပြေတယ်။ ကြယ်ပွင့်တစ်ပွင့်ကို ကြော်ငြာရိုက်ဖို့ ငှားထားပြီး ဂိမ်းထဲက အဝတ်အစားနဲ့ ဆက်တင်တွေအတိုင်း ဆင်ယင်ပေးထားသေးတယ်။ ကြော်ငြာထဲက သူ့စကားတွေကလည်း ဂိမ်းထဲကနဲ့ လိုက်လျောညီထွေမှု ရှိတယ်။ ဒါက ဒီနှစ်ထဲမှာ အကောင်းဆုံး ဝက်ဘ်ဆိုက်ဂိမ်းကြော်ငြာပဲ မဟုတ်လား။"

"ဟယ်လို အားလုံးပဲ။ ကျွန်တော်က ကျားကျုထျစ်ပါ။ ကျွန်တော့်ညီအစ်ကိုမှန်ရင် ကျွန်တော်နဲ့ တူတူလာကစားလိုက်ပါ။ လွတ်သွားလို့ မဖြစ်ဘူးနော်။"

လူထု၏ တုန့်ပြန်ချက်များက အလွန်အမင်း ဆိုးရွားနေတာတော့ မဟုတ်ကြပါ။

အားလုံး ဝါရင့်တွေဖြစ်ကြပြီး အတွေ့အကြုံရှိကြသည်။

လောလောဆယ် ဝက်ဘ်ဆိုက်ဂိမ်းများက အဆိုးရွား အစုတ်ပြတ်ဆုံးအချိန်ကို ရောက်နေပါသည်။ ဒါက ငွေအမြောက်အများကို လိမ်ယူဖို့အတွက်သာ ဒီလိုဂိမ်းမျိုးတွေကို ကုမ္ပဏီများက ဖန်တီးနေသည့်အချိန်မျိုးတွင် အတော်လေး မွန်မြတ်သည့် လုပ်ရပ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဝက်ဘ်ဆိုက်ဂိမ်းကြော်ငြာများလည်း အချိန်နဲ့အမျှ ပြောင်းလဲနေပါသည်။

ဝက်ဘ်ဆိုက်ဂိမ်းများ ဖောင်းပွနေသည့် ကာလတုန်းက ပရိုမိုးရှင်းသမားများမှာ တခြား သူတွေဆီက Content များကို ခိုးယူသည်။ မူပိုင်ခွင့်ဥပဒေ စသည်တို့ကို ချိုးဖောက်မိမှာကိုလည်း ဂရုမစိုက်ကြပါ။ ၎င်းတို့၏ ဂိမ်းများကို ကြော်ငြာသည့်ပုံစံများက ရိုင်းစိုင်းလှသည်။ ပိတ်မရသော ကြော်ငြာမျိုးဖြင့် အတင်းအကြပ် ကြော်ငြာခြင်း ဖြစ်သည်။

သို့သော်လည်း ဝက်ဘ်ဆိုက်ဂိမ်းလောကမှ ညီညီညွတ်ညွတ် ပြန်လည်ပေါင်းစည်းပြီး လုပ်ငန်း စံနှုန်းများကို သတ်မှတ်လိုက်သောအခါ အကြီးစား ကစားသမားများက ၎င်းတို့၏ ကြော်ငြာပုဂ္ဂိုလ်အဖြစ် ကြယ်ပွင့်များကို စတင် ငှားရမ်းလာကြပါသည်။

ထို့ကြောင့် သာမန် Netizen များ၏ ရှုထောင့်က ကြည့်ရင်တော့ Bloody Battle Song :ပိုကြမ်းတဲ့ဗားရှင်း ကြော်ငြာက အောက်ဆုံးနေရာကို အပြိုင်လုနေကြသည့် သာမန်ကြော်ငြာတွေထက်တော့ အရည်အသွေး ပိုကောင်းပါသေးသည်။

မကျေမနပ် အဖြစ်ဆုံးသူများက ကျန်းကျုထျင်၏ ပရိသတ်များ ဖြစ်ကြသည်။ ဒီဝက်ဘ်ဆိုက် ဂိမ်းကြော်ငြာက ကျန်းကျုထျင်၏ အဆင့်အတန်းကို နှိမ့်ချလိုက်သည်ဟု ခံစားလိုက်ရသည်။ သူတို့ကြယ်ပွင့်ကြီးကို အရှက်ခွဲလိုက်သည်ဟု ထင်နေကြသည်။

ဖေးချမ့်က ကျန်းကျုထျင်၏ Weibo ကို ဖွင့်ကြည့်လိုက်ပါသည်။

ကျန်းကျုထျင်၏ နောက်ဆုံးမက်ဆေ့ချ်များက လွန်ခဲ့သည့် ရက်ပိုင်းလောက်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် မက်ဆေ့ချ်များသာ ဖြစ်သည်။ အကြောင်းအရာများက အလွန်ရိုးရှင်းပါသည်။

#သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြစို့

#သဘာဝပတ်ဝန်းကျင်ကို ကိုယ်တိုင်ထိန်းသိမ်းဖို့ လိုအပ်နေပြီ

#တစ်ဦးတစ်ယောက်ချင်းစီက စတင်မှ ဖြစ်မှာပါ

#အတူတူ ကြိုးစားကြပါစို့

စသည်တို့ ဖြစ်ပါသည်။

ထို Weibo မက်ဆေ့ချ်အောက်က ကောမန့်များကလည်း သာမန်အတိုင်း ဖြစ်ကြပါသည်။ ကျန်းကျုထျင်၏ တချို့ပရိသတ်များက ၎င်းတို့၏ အိုင်ဒေါကို ချီးကျူးနေကြ၏။ 'ငါအိုင်ဒေါက အတော်ဆုံးပဲ' အစရှိသဖြင့်ဖြစ်သည်။

သို့သော်လည်း လက်ရှိစကားဝိုင်းများကတော့ လုံးဝ လေသံပြောင်းလဲကုန်ကြပါပြီ။

"အစ်ကိုကြီးကျန်း ဘာလို့ ဝက်ဘ်ဆိုက်ဂိမ်း ကြော်ငြာတစ်ခုကို သွားရိုက်လိုက်တာလဲ။ ငါ့ကမ္ဘာကြီးတော့ ပျက်စီးသွားပြီ။"

"သွားကြည့်လိုက်ပါဦး။ လူတွေ အများကြီးက ခင်ဗျားကို လှောင်နေပြီး 'ကျားကျုထျစ်'လို့ခေါ်နေကြတာဗျ။"

"ကျွန်တော် အသည်းကွဲသွားပြီ။ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို အမြဲတမ်း ချစ်မြတ်နိုးခဲ့တဲ့ အစ်ကိုကြီးကျုထျင်က ငွေတွေကို လိမ်ယူနေတဲ့ ဝက်ဘ်ဆိုက်ဂိမ်းကုမ္ပဏီတွေနဲ့ တကယ်ကြီး အလုပ်တွဲလုပ်နေတယ်တဲ့လား။"

"ဒီတော့ ခင်ဗျား ဂိမ်းကုမ္ပဏီတစ်ခုနဲ့ အလုပ်တွဲလုပ်နေတယ်လို့ ပြောခဲ့တုန်းက ဒါကို ဆိုလိုတာကိုး... ဝက်ဘ်ဆိုက်ဂိမ်းကုမ္ပဏီတစ်ခုလို ပြောချင်တာကိုး..."

ကျန်းကျုထျင်၏ Weibo လည်း အထိနာနေပါပြီ။

သူ့ပရိသတ်အများစုက ဝက်ဘ်ဆိုက်ဂိမ်းများနှင့် သက်ဆိုင်ရာကြော်ငြာများကို မုန်းတီးနေကြပုံပေါ်သည်။ ဝက်ဘ်ဆိုက်ဂိမ်းများအတွက် ကြော်ငြာပေးသည့် ကြော်ငြာပုဂ္ဂိုလ်က ငွေညစ်များကို လက်ခံပြီး ကိုယ့်ကိုယ်ကို ဂုဏ်သိက္ခာကျအောင် လုပ်နေသည်ဟု ယူဆကြသည်။ ထို့ကြောင့် သူတို့ ဝက်ဘ်ဆိုက်ဂိမ်းကို အရေးတောင်မလုပ်ဘဲ ချက်ချင်း ကျန်းကျုထျင်၏ Weibo မှာ ဆန္ဒလာပြကြခြင်း ဖြစ်ပါသည်။

ကျန်းကျုထျင်က အခုချိန်ထိတော့ ဘာတုန့်ပြန်မှုမှလည်း မလုပ်သေးသလို မက်ဆေ့ချ်အသစ်များလည်း မတင်ရဲသေးပါ။ ကျန်းကျုထျင်က သူ့ပရိသတ်တွေနဲ့ ဆက်ဆံရတာကို သဘောကျပြီး သူ့ Weibo အကောင့်ကို စောင့်ကြည့်နေမည့်လူမျိုးဆိုတာ ဖေးချမ့် သိပါသည်။ ဒီကောမန့်တွေကို သူ မမြင်သေးဘူးဆိုတာ မဖြစ်နိုင်ပါ။

ကျန်းကျုထျင် မြင်ပြီးသားဖြစ်ကာ ဘာပြန်ပြောရမှန်း မသိသေးတာသာ ဖြစ်နိုင်ပါသည်။

တစ်ဖက်မှာတော့ သူ့ပရိသတ်တွေရှိနေပြီး တစ်ဖက်မှာတော့ သူ့အလုပ်ရှင် ရှိနေပါသည်။ ဘယ်ဘက်ကိုမှ စော်ကားလို့ မဖြစ်ပါ။

ထို့အပြင် ဘော့စ်ဖေးက ညစာတစ်ခေါက် ကျွေးထားဖူးပါသည်။

လက်ဆောင်များက ဉာဏ်အမြော်အမြင်ကြီးသူများကိုတောင် စုံလုံးကန်းသွားစေသည်ဟူသော ဆိုရိုးစကား ရှိသည်။ ကျန်းကျုထျင်က ယခု ပရိသတ် အနည်းငယ်ကိုသာ ဆုံးရှုံးသွားခြင်း ဖြစ်သဖြင့် ဒီ့အတွက်နဲ့ ဘော့စ်ဖေးကို အငြှိုးထားလို့ မဖြစ်ပါ။

ကျန်းကျုထျင်က သူ့ခါးသီးမှုကို ထုတ်မပြနိုင်သဖြင့် လောလောဆယ်တော့ ငကြောက်တစ်ယောက်လိုပဲ ပုန်းနေနိုင်ပါတော့သည်။

ဖေးချမ့်က ကြော်ငြာနဲ့ပတ်သတ်သည့် တုန့်ပြန်ချက်များကိုလည်း ကြည့်လိုက်သေးသည်။ အနည်းနဲ့ အများ သူမျှော်လင့်ထားသလိုပဲဖြစ်ပါသည်။ ဖေးချမ့် အနည်းငယ် စိတ်ပျက်သွားရသည်။ ကြည့်ရတာ သူမျှော်မှန်းထားသလောက်တော့ အားကောင်းသည့် တုန့်ပြန်ချက်ဆိုးများကို မဖြစ်ပေါ်စေခဲ့ပေ။

သို့သော်လည်း ကြော်ငြာကို ထုတ်ထားတာ မကြာသေးတာကြောင့်လည်းဖြစ်နိုင်ပြီး လူတွေရဲ့ မုန်းတီးမှုက ကြီးမားမလာသေးတာ ဖြစ်နိုင်ပါသည်။

လောလောဆယ် Meme ဖန်တီးသူတွေ ပေါ်မလာသေးပါ။ ဒီကြော်ငြာက ဦးနှောက်ကျင်း သက်ရောက်မှုမျိုးလည်း မဖန်တီးရသေးပေ။ အားလုံး၏ အဆိုးရွားဆုံး မုန်းတီးမှုကို မဆွနိုင်သေးတာ ဖြစ်သင့်ပါသည်။

ဖေးချမ့်က ဂိမ်း၏ ကိန်းဂဏန်း အချက်အလက်များကိုသာ အာရုံစိုက်ရတောာ့မည်။

ဖေးချမ့် ရှန်းယန်ဂိမ်း၏ စနစ်ပလက်ဖောင်းကို ဖွင့်လိုက်ပြီး Bloody Battle Song : ပိုကြမ်းသည့် ဗားရှင်း၏ ဒေတာကို ကြည့်လိုက်ပါသည်။ စာရင်းသွင်းထားသည့် ကစားသမားများ၊ ထိန်းသိမ်းနှုန်းနဲ့ ပျမ်းမျှ ရရှိငွေတို့ ပါဝင်သည်။ ကြော်ငြာတွေက အနည်းငယ် အာနိသင်ရှိတာကိုတော့ သူ ငြင်းလို့ မရပါ။ ဝက်ဘ်ဆိုက်ဂိမ်း ကစားသမား တချို့ကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

ဝက်ဘ်ဆိုက်ဂိမ်းများကို ကစားချင်စိတ်မရှိသည့် သာမန်လူတွေအတွက်တော့ ကြော်ငြာက အလွန် ပေါသည့်ပုံပေါက်သော်လည်း ဝက်ဘ်ဆိုက် ဂိမ်းသမားများအတွက်ကတော့ ကြော်ငြာက အလွန်အမင်း စွဲဆောင်မှုရှိနေပါသည်။

ဝက်ဘ်ဆိုက်ဂိမ်းကြော်ငြာတစ်ခုမှ တစ်စုံတစ်ယောက်က ဂိမ်းကို တရားဝင် စတင်ကစားသည့်အချိန်အထိ အလွန်စနစ်ကျသော လုပ်ငန်းစဥ်များ ဖြစ်သည်။ တစ်ဆင့်ချင်းစီတိုင်းကို ခြေရာခံပြီး ဒေတာများကို စုဆောင်းထားပါလိမ့်မည်။

လူတွေရဲ့ဖန်သားပြင်ပေါ် ကြော်ငြာတက်လာတာနဲ့ လူဘယ်နှယောက် နှိပ်သလဲ၊ နှိပ်ပြီးနောက် ဘယ်နှယောက် ဂိမ်းကို ဒေါင်းလုတ်ဆွဲသလဲ၊ ဒေါင်းလုတ်ဆွဲပြီးနောက် ဘယ်နှယောက်က အကောင့်ဖွင့်ပြီး ဂိမ်းထဲဝင်သလဲ၊ ဂိမ်းထဲဝင်ပြီးနောက် ဘယ်နှယောက် ဂိမ်းကို ၁ နာရီကျော် ကစားခဲ့သလဲ၊ ဂိမ်းကိုဒေါင်းလုတ်ဆွဲပြီးနောက် နောက်တစ်နေ့ ကစားသမား ဘယ်နှယောက် ပြန်လာသေးသလဲ၊ ကစားသမားတွေ ပျမ်းမျှ ငွေဘယ်လောက်သွင်းပြီး အများဆုံးသွင်းငွေက ဘယ်လောက်ရှိသလဲ စသည်တို့ကို ပြသပါသည်။

ဒေတာတွေအားလုံးက တိကျသည်။ ၎င်းတို့ကိုကြည့်ပြီး စိစစ်ချက်များစွာကို ရေးဆွဲနိုင်ပါသည်။

'ဒေတာတွေက ဘယ်တော့မှ မညာ' ဟူသော ဆိုရိုးရှိသည်။ လူတစ်ယောက်၏ အသိအမြင်နဲ့ ဒေတာက ပြသတာနဲ့ ကွဲပြားမှုရှိနေပါက ဒေတာက တိကျလျှင် ထိုလူ၏ အသိအမြင်က မှားယွင်းနေတာ ဖြစ်နိုင်သည်။

ဖေးချမ့်က သူ့ရှေ့က ဒေတာကိုကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်များ အပေါ်ကို ကွေးတက်သွားလေသည်။

အားလုံးက သူခန့်မှန်းထားသည့် အတိုင်းပင်။

All Chapters