← Chapters

ခေါင်းမာတဲ့ ဒါရိုက်တာလင်းနဲ့ အပျော်လွန်နေတဲ့ ဘော့စ်ဖေး

Vol. 17 Ch. 253

ခေါင်းမာတဲ့ ဒါရိုက်တာလင်းနဲ့ အပျော်လွန်နေတဲ့ ဘော့စ်ဖေး

Vol. 17 Ch. 253

ပြီးသွားပြီ။

ယဲ့ကျစ်ကျိုး၏ စကားများကို ကြားပြီးနောက် ဝမ်ရှောင်းပင်တစ်ယောက် ဘောနပ်စ် ရမည့်ကိစ္စကို မေ့ပစ်လိုက်လို့ ရပါပြီ။

သူတို့ Bloody Battle Song : ပိုကြမ်းသည့်ဗားရှင်း၏ ကစားသမားတွေကိုပဲ Review ရေးခိုင်းလိုက်ပါက ၎င်းတို့၏ ဂုဏ်သတင်း ကောင်းမွန်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဂိမ်းကို စေတနာပါပါဖြင့် ဖန်တီးထားသောကြောင့် ဖြစ်သည်။

သို့သော်လည်း ဂိမ်းမီဒီယာနဲ့ သာမန် Netizen တွေကိုပါ TPDb တွင် Review များ ရေးခွင့်ပြုထားသည်။ ထို Netizen များက Review ရေးဖို့အတွက် ဂိမ်းကိုတောင် ကြာကြာ ကစားဖို့ မလိုပါ။ 'ကျွန်တော်က ကျားကျုကျစ်' ကြော်ငြာကို ကြည့်ပြီး ဂိမ်းကို အဆင့်သတ်မှတ်လိုက်နိုင်သည်။ သူတို့ ဂိမ်းကို ခပ်မြင့်မြင့် အဆင့်သတ်မှတ်ချက်ပေးမှ ထူးဆန်းနေပါဦးမည်။

ရှန်းယန်ဂိမ်းကို ဘော့စ်ဖေးဝယ်ယူပြီးနောက် ပထမဆုံး ထုတ်လုပ်လိုက်သည့်ဂိမ်းက ချက်ချင်း ကျရှုံးသွားလေသည်။ ထို့ကြောင့် အားလုံး ကိုယ့်ကိုယ်ကို ရှက်ရွံ့မိနေကြခြင်း ဖြစ်ပါသည်။

ငါတို့က တကယ်ပဲ ကင်ဆာနောက်ဆုံးအဆင့် ဝေဒနာရှင်တွေလား။ ဘော့စ်ဖေး ထုတ်လုပ်တဲ့ ဂိမ်းတိုင်းက အောင်မြင်တယ်ဆိုတာချည်းပဲ။ ရောင်းအားလည်း ကောင်းသလို ဂုဏ်သတင်းလည်း အရမ်းမွှေးကြတယ်။ ဒီလောက်ပါရမီရှိတဲ့ သူ့လို ဖန်တီးသူတစ်ယောက်က ရှန်းယန်ဂိမ်းကိုကျမှ ဆွဲတင်ဖို့ ကျရှုံးသွားခဲ့ပြီလား။

လက်ခံဖို့ ခက်ခဲလှပါသည်။

"အားလုံးပဲ အစည်းအဝေးခန်းထဲကို လာခဲ့ကြပါ။ ကျွန်မ စကားနည်းနည်းပြောစရာရှိတယ်။"

လင်းဝမ်လည်း စိတ်ပျက်နေသည့်ပုံစံ ပေါက်ပါသည်။ သူမ ဂိမ်းရဲ့ ကိန်းဂဏန်းတွေကို မြင်ပြီးမှန်း သိသာသည်။ အခြေအနေက သိပ်မကောင်းမှန်း သူမ ကောင်းကောင်း သိထားပါသည်။

သို့သော်လည်း သူမကတော့ တခြားသူအားလုံးနဲ့ ခြားနားသည်။ လင်းဝမ်က ဘာမှ မတတ်နိုင်တော့သည့်အထိ စိတ်မပျက်သွားပါ။ ထို့အစား သူမ၏ စိတ်အခြေအနေကို ထိန်းသိမ်းထားနိုင်၏။ သူမ ကြိုတင်ပြင်ဆင်ထားသလိုပင်။

အစည်းအဝေးခန်းထဲတွင် အားလုံး ကိုယ်စီ ထိုင်လိုက်ကြသည်။

လင်းဖန်က အခန်းကို ဝေ့ကြည့်လိုက်ပြီး နှစ်နှစ်ကာကာ ပြောလိုက်ပါသည်။ "အားလုံးပဲ ကျွန်မတို့ဂိမ်းကို ထုတ်လုပ်ပြီး ပထမနေ့အတွက် ကိန်းဂဏန်းတွေကို မြင်ပြီးလောက်ပြီပေါ့နော်။ ကြည့်ရတာ အဆင်တော့ မပြေဘူးပေါ့။"

အားလုံး တိတ်ဆိတ်နေကြ၏။

တကယ်တော့ သူတို့အားလုံးက ဒီလိုအခြေအနေမျိုးနဲ့ အသားကျနေကြပြီးသား ဖြစ်ပါသည်။ သူတို့ရဲ့ ဘော့စ်ဟောင်း ထုယွဲ့ကျီ ရှိနေစဥ်တုန်းက ဂိမ်းများ၏ ကိန်းဂဏန်းများကို မြင်ပြီးတိုင်း ဒီလိုအစည်းအဝေးမျိုး မကြာခဏ ခေါ်တတ်ပါသည်။ အဓိကအားဖြင့် အားလုံးကို အပြစ်လည်းပုံချ၊ အားလည်းပေးဖို့ ဖြစ်သည်။

ဂိမ်းတွင် ပြဿနာတစ်ခုခုရှိပါက ထုတ်လုပ်ပြီးနောက် ကျရှုံးမည့် လက္ခဏာများ ပြသလာပါလိမ့်မည်။ ဆိုလိုရင်းက တစ်နေရာရာမှာ တစ်ခုခုတော့ အလွန်မှားယွင်းသွားသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ အမှန်ပင် ဘော့စ်ကိုယ်တိုင်ကလည်း အပြစ်ကိုခံယူရမည်ဖြစ်သည်။

Bloody Battle Song : ပိုကြမ်းသည့်ဗားရှင်း၏ ပြဿနာက သူတို့ Mini-client လုပ်ဖို့ ရွေးချယ်လိုက်ချိန်တွင် လမ်းကြောင်းရွေးမှားသွားခြင်း ဖြစ်သည်။

ဝမ်ရှောင်းပင်က ဂိမ်းကို Mini-client လုပ်ဖို့ ပထမဆုံး စဥ်းစားမိသူဖြစ်သော်လည်း အားလုံးကပါ သဘောတူခဲ့ကြသည်မဟုတ်လား။ ထို့အပြင် ဒါရိုက်တာလင်းနဲ့ ဘော့စ်ဖေးတို့ကပါ သဘောတူခဲ့ကြပါသေးသည်။

ဒါရိုက်တာလင်းက အပြစ်ကို သူများပုံချလို့ ဖြစ်ပါတော့မလား။

ထို့ကြောင့် သူမ အပြစ်ပုံချဖို့ အချိန်ဖြုန်းနေမှာ မဟုတ်မှန်း အားလုံး ခန့်မှန်းမိပါသည်။ ထို့အစား တတ်နိုင်သမျှ အားပေးသည့် ကဏ္ဍကို အမြန်ကျော်သွားလောက်ပါသည်။

လက်ရှိဂိမ်း၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် အခြေအနေကို ပြန်ပြုပြင်နိုင်ဖို့ အားလုံး အချိန်ပိုလုပ်ရလိမ့်မည်ဟု ခန့်မှန်းမိပါသည်။

အရင်တုန်းက ဘော့စ်ဟောင်း တုယွဲ့ကျီနဲံ အစီစဥ်ဆွဲသူချုပ်ဟောင်း လျို့ကြီးတို့သာ ရှိနေသေးပါက ၉၉၆ စနစ်အောက်တွင် အားလုံးကို မရပ်မနား အလုပ်လုပ်ဖို့ပြောပြီး ဂိမ်းကို တတ်နိုင်သမျှ ပြောင်းလဲမှုများစွာလုပ်ဖို့ ပြောကြပါလိမ့်မည်။ အမှန်ပင်။ သူတို့ အချိန်ပိုလစာလည်း မရဘဲ လုပ်ခဲ့ရပါသည်။ ဘာပဲဖြစ်ဖြစ် ကုမ္ပဏီက ဒေဝါလီခံခါနီး အခြေအနေ ဖြစ်နေခဲ့တာပဲ မဟုတ်လား။ ကုမ္ပဏီနဲ့ အတူတူ ခက်ခဲသည့်အချိန်များကို အတူ မကျော်ဖြတ်တာက ပြဿနာတစ်ခု ဖြစ်သော်လည်း အချိန်ပိုလစာတောင်းဆိုခြင်းက ပိုဆိုးသည့် ပြဿနာ ဖြစ်သည်။

ဝန်ထမ်းဟောင်းတချို့က တိုးတိတ်စွာဖြင့် သက်ပြင်းချလိုက်မိပါတော့သည်။

ဘာပဲဖြစ်ဖြစ် ဘော့စ်ဖေး ကုမ္ပဏီကို ဝယ်ယူလိုက်ပြီးကတည်းက တည်ဆောက်ပုံကို ဘာမှ မပြောင်းလဲခဲ့ပါ။ ကုမ္ပဏီ၏ အော်ပရေးရှင်း တစ်ခုခု မှားယွင်းသွားတာနဲ့ သူတို့ အစကနေ ပြန်စရမည်ဖြစ်သည်။

လာမည့် ရက်သတ္တပတ်များအတွက် အားလုံး အချိန်ပိုလုပ်ဖို့ ပြင်ဆင်ရင်း အားလုံး စိတ်ပျက်လက်ပျက် ဖြစ်သွားကြပါသည်။

သို့သော်လည်း လင်းဝမ်၏ လေသံက ပြောင်းလဲသွားခဲ့၏။ "ဒါ အားလုံးရဲ့ အပြစ် မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို အပြစ်မတင်ကြပါနဲ့။"

ချက်ချင်းဆိုသလို တစ်ခုခု ထူးဆန်းနေသလို အားလုံး ခံစားလိုက်ရ၏။

ဒါရိုက်တာလင်းက အပြစ်ပုံချဖို့ မကြိုးစားဘူးလား။

ကောင်းသည့်ကိစ္စဖြစ်သော်လည်း ဂိမ်းက မအောင်မြင်သဖြင့် တစ်ယောက်ယောက်ကတော့ ရှေ့ထွက်ပြီး အပြစ်ခံယူရမည် မဟုတ်ပါလား။ သူတို့ ရှေ့ဆက်ဘယ်လို တိုးရမလဲဆိုတာကို တစ်ယောက်ယောက်ကတော့ ဆုံးဖြတ်ရမည် မဟုတ်ပါလား။

သူတို့အားလုံးမော့ကြည့်ကာ သေချာ နားထောင်လိုက်ကြသည်။

လင်းဝမ်က ဆက်ပြောလိုက်ပါသည်။ "အားလုံး စဥ်းစားကြည့်လိုက်ပါ။ ဘော့စ်ဖေးက တစ်ခါမှ ဝက်ဘ်ဆိုက်ဂိမ်းတွေကို မဖန်တီးဖူးဘူးလေ။ သူက အရည်အသွေးမြင့် တစ်ကိုယ်တော်ဂိမ်းတွေကိုပဲ ဖန်တီးတဲ့နေရာမှာ ကျွမ်းကျင်တာ။ ဒါတောင် ရှန်းယန်ဂိမ်းကုမ္ပဏီ အရှုံးပေါ်နေတုန်းက ဘာကြောင့် ဝယ်ယူခဲ့တာလဲ။ အဲ့ဒီနောက်ကော Paywall တွေနဲ့ Bloody Battle Song ဂိမ်းကို ဆက်ပြီး ပြင်ဆင်စေခဲ့တာလဲ။"

"သူက Bloody Battle Song ကို အသုံးချပြီး အန္တရာယ် အရမ်းကြီးမားတဲ့ တစ်ခုခုကို လုပ်ဖို့ ကြိုးစားနေတာပဲ။ တခြား ဘယ်သူမှ လုပ်ဖို့ မတွေးဖူးတဲ့ စမ်းသပ်ချက်တစ်ခုကိ သူဆောင်ရွက်နေတာပဲ။"

"ဘော့စ်ဖေးက ဂိမ်မာတွေကို ငွေရဲ့ ကျေးကျွန် မဖြစ်စေချင်တော့ဘူး။ သူတို့ရဲ့ အကြိုက်ကို ပြောင်းလဲပေးချင်တယ်။ အဲ့တာမှ သူတို့ ဂိမ်းထဲမှာ ငွေမဖြည့်သွင်းရင်တောင် ဂိမ်းသူဌေးတွေပဲ ခံစားနိုင်တဲ့ ဂိမ်းရသမျိုးကို ခံစားနိုင်ကြမှာတဲ့။"

"ထုတ်လုပ်မှုကနေ ကြော်ငြာအထိ ဘော့စ်ဖေး ဒီပန်းတိုင်တစ်ခုတည်းဆီကိုပဲ ဇွဲရှိရှိသွားနေခဲ့တာ"

"ကျွန်မတို့လည်း ဒီလောက် ကောင်းမွန်တဲ့ အစီအစဥ်ကြီး ကျရှုံးသွားမှာကို ကြိုတင်ပြင်ဆင်ထားသင့်တယ်။ ဘော့စ်ဖေးလည်း ကြိုတင်ပြင်ဆင်ထားပြီးသားလို့ ကျွန်မယုံကြည်တယ်။"

လင်းဝမ် ရှန်းယန်ဂိမ်းကို ပထမဆုံး စတင် ရောက်ရှိလာတုန်းက ဒီပြဿနာကိုပဲ သူမ အလွန်ဇဝေဇဝါဖြစ်ခဲ့ရပါသည်။ သို့သော်လည်း နောက်တော့ သူမ နားလည်သွားရပါသည်။

ဘော့စ်ဖေးက ကျန်းကျုထျင်ကို ကြော်ငြာခေါ်ရိုက်ခိုင်းရခြင်းမှာ ဝက်ဘ်ဆိုက်ဂိမ်မာတွေကို ပိုပြီးဆွဲဆောင်နိုင်ဖို့ဖြစ်သည်။ Mini-client အဖြစ် ပြောင်းလဲကာ၊ 'ရွေးချယ်ခံ' စနစ်ကို ဖန်တီးခဲ့သည်။ ဝယ်ယူနိုင်သော ပစ္စည်းများကို ဖယ်ရှားခဲ့သည်။ အားလုံးက ဝက်ဘ်ဆိုက်ဂိမ်မာများထံတွင် ကိန်းအောင်းနေသော ငွေဖြုန်းသည့် အကျင့်များကို ပြုပြင်ပေးနိုင်ဖို့သာဖြစ်သည်။

ဒီ လှုံ့ဆော်မှုက မွန်မြတ်သော်လည်း ဝက်ဘ်ဆိုက် ဂိမ်မာများ၏ သဘာဝနဲ့ ဆန့်ကျင်နေပါသည်။ ထို့ကြောင့် ဂိမ်းကျရှုံးတာလည်း သဘာဝကျပါသည်။

သူရဲကောင်းတစ်ယောက်အဖြစ် သေဆုံးသွားတာက ရှက်စရာ မဟုတ်ပေ။

လင်းဝမ်က ဆုံးဖြတ်ချ က်ပြတ်သား၏။ "အဲ့တာကြောင့် ဒီမအောင်မြင်မှုကြောင့် ရှုံးနိမ့်သွားသလို မခံစားကြပါနဲ့။ ကျွန်မတို့က အစကတည်းက ဝင်ငွေကောင်းမယ့် ဝက်ဘ်ဆိုက်ဂိမ်းတစ်ခုကို ဖန်တီးနေတာမှ မဟုတ်တာ။ ကျွန်မတို့က မွန်မြတ်တဲ့ ပရောဂျက်တစ်ခုကို ဖန်တီးနေကြတာ။ နောက်ဆုံးမှာ ကျွန်မတို့ အောင်မြင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ ကျွန်မတို့အားလုံး သူရဲကောင်းတွေပဲ။"

လင်းဝမ်၏ မိန့်ခွန်းကို ကြားပြီးနောက် အားလုံးစိတ်ခံစားချက်များ ပိုကောင်းသွားကြလေသည်။

သူတို့က ကျရှုံးသူများ မဟုတ်ဘဲ ရှာမှရှား သူရဲကောင်းများသာ ဖြစ်သည်။

ဒါရိုက်တာလင်းလည်း တကယ်ပဲ ဘော့စ်ဖေးနဲ့ အတူတူအလုပ်လုပ်ခဲ့တာ ဝါရင့်နေပါပြီ။ ဒီပြဿနာကို သူမ မြင်သည့် ရှုထောင့်ကတောင် ခြားနားနေပါသည်။

၎င်းတို့၏ ဘော့စ်ဟောင်း တုယွဲ့ကျီနဲ့ယှဥ်လျှင် သူမက အများကြီး ပိုတော်နေသည်။

ယဲ့ကျစ်ကျိုးလည်း အားတက်သွားပါသည်။ သူခံစားခဲ့ရသည့် အားလျော့မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ တစ်ဝက်လောက် သက်သာသွားပါပြီ။

သို့သော်လည်း သူ့စိတ်ဝိညာဥ်က အနည်းနဲ့အများ ပြန်ကောင်းသွားပြီဖြစ်သော်လည်း သူလုပ်ဖို့လိုတာကိုတော့ လုပ်ရပါဦးမည်။ Bloody Battle Song : ပိုကြမ်းသည့်ဗားရှင်းက ဝင်ငွေ ရမနေပါ။ သူ ဒီပြဿနာကို ဖြေရှင်းရပါမည်။

ဖြစ်နိုင်သည့် ဖြေရှင်းချက်က ၂ ခုသာရှိသည်။ တစ်ခုက ကန့်သတ်ချက်များကို ဖယ်ရှားပြီး ဂိမ်းသူဌေးများကို သူတို့သုံးချင်သလောက် သုံးခွင့်ပေးလိုက်နိုင်သည်။ ဒုတိယတစ်ခုက ဂိမ်းထဲက ကစားသမား အရေအတွက်ကို အဆပေါင်းများစွာ တိုးမြှင့်နိုင်သည်။ ကစားသမား လုံလုံလောက်လောက်ရှိပြီး နေ့စဥ် ခွန်အားဆေးရည်များကို ဝယ်ယူနေပါက ရှန်းယန်ဂိမ်းလည်း သေချာပေါက် ဝင်ငွေရှိလာမည်ဖြစ်သည်။

ပထမ ဖြေရှင်းချက်ကတော့ မဖြစ်နိုင်ပါ။ သူတို့ အခုလက်ရှိနေရာကို ရောက်ဖို့အတွက် အများကြီး အားစိုက်ထုတ်ခဲ့ပြီးကြပါပြီ။ ရှုံးနိမ့်မှုမျက်နှာကြောင့် ၎င်းတို့၏ တိုးတက်မှုကို စွန့်လွှတ်လိုက်လို့ မဖြစ်ပါ။

ဆိုလိုတာက ရွေးချယ်စရာမရှိဘဲ ဂိမ်းထဲကို ကစားသမားများ ထပ်ခေါ်ရန် ကြိုးစားဖို့သာ ရှိတော့သည်။

အစည်းအဝေးခန်းထဲက အခြေအနေလည်း အများကြီး ပိုတက်ကြွလာပါသည်။ အားလုံးက လွတ်လွတ်လပ်လပ် စတင်စကားပြောလာကြသည်။ တချို့က Mini-client ပုံံစံကို ပြောင်းလဲဖို့ ပြောကြသည်။ တချို့ကတော့ ဂိမ်း၏ တည်ဆောက်ပုံကိုပြောင်းလဲဖို့ ပြောကြသည်။ အားလုံး အလွန်အမင်း စိတ်လှုပ်ရှားနေပုံ ပေါက်ပါသည်။

လင်းဝမ်က ၎င်းတို့၏ အကြံပေးချက် အားလုံးကို နားထောင်ပေးပြီး ဘာမှတော့ ဝင်မပြောပေ။

နောက်ဆုံးတော့ သူမ ခေါင်းခါလိုက်ပါသည်။ "ဘာတစ်ခုမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ကျွန်မတို့ရဲ့ လက်ရှိအစီအစဥ်ကသာ အကောင်းဆုံးပဲ။ ကျွန်မတို့ ဆက်ပြီး သည်းခံနေသင့်တယ်လို့ ကျွန်မ ထင်တယ်။"

အားလုံး ဇဝေဇဝါဖြစ်စွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိပါသည်။

သူမ နည်းနည်းခေါင်းမမာလွန်းဘူးလား။

ဒါရိုက်တာလင်းရဲ့ ပထမ စိစစ်ချက်များအရ ဒီနည်းလမ်းအတိုင်း စဥ်းစားတာ မမှားပါ။

ဘော့စ်ဖေးက ဂိမ်းကို Mini-client အဖြစ် ဖန်တီးဖို့ ဆုံးဖြတ်ခဲ့သူဖြစ်သည်။ သူတို့က ဂိမ်း၏ အရည်အသွေးကို တိုးမြှင့်ခဲ့ကြသည်။ Mini-client ကို အပိုင်းများအဖြစ် ခွဲလိုက်ပါက ဂိမ်းကို ထစ်ငေါ့သွားစေပါလိမ့်မည်။ ထို့အပြင် သူတို့တွေ ရောဂါလက္ခဏာကိုသာ ကုသနေတာဖြစ်ပြီး ရောဂါအရင်းအမြစ်ကို ကုသနေတာ မဟုတ်ပါ။ ၎င်းတို့၏ ပြဿနာများကို အပြည့်အဝ ပြေလည်သွားစေမှာ မဟုတ်ပါ။

ဒါတွေအားလုံးက မှန်ကန်သော်လည်း သူတို့ကို တကယ်ပဲ ဘာဆိုဘာမှ ပြောင်းလဲခွင့် မပေးဘူးလား။

ဂိမ်း၏ လက်ရှိအခြေအနေကိုကြည့်ခြင်းအားဖြင့် ဒီတိုင်းထားလိုက်လျှင် မျှော်လင့်ချက် မဲ့သွားပါလိမ့်မည်။ လင်းဝမ်ကတော့ စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်သည်။ "ကျွန်မတို့ ဘာမှမပြောင်းဘူး။ အခုလောလောဆယ် ဘာမှ စိတ်မပူကြပါနဲ့ဦး။ အားလုံးပဲ ကောင်းကောင်း အနားယူကြပါ။ အခြေအနေကို ၁ ပတ်လောက် စောင့်ကြည့်ကြအောင်။ ၁ ပတ်ကုန်လို့ ဂိမ်းရဲ့ ကိန်းဂဏန်းတွေက ဒီတိုင်းပဲ ဆက်ရှိနေဦးမယ်ဆိုရင် ကျွန်မတို့ တခြား တစ်ခုခု စဥ်းစားကြတာပေါ့။"

ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဒါရိုက်တာလင်းက စိတ်မပြောင်းတော့မှန်း သူတို့ ပြောနိုင်ပါသည်။

ဒီဆိုဆိုမှတော့ ဘာမှပြောဖို့မလိုတော့ပါ။ အစည်းအဝေးပြီးဆုံးသွားသောအခါ အားလုံး ကိုယ့်အလုပ်စားပွဲကိုယ်ပြန်သွားကြပြီး အလုပ်ပြန်လုပ်နေကြပါသည်။ သူတို့ ၁ ပတ်လောက် စိတ်ရှည်ရှည်ဖြင့် စောင့်ကြည့်လိုက်မည်။ ၁ ပတ်ကျော်လို့မှ အခြေအနေတွေ မတိုးတက်ပါက သူတို့ထပ်ပြီး ဆွေးနွေးကြပါမည်။

ကိစ္စတွေသာ မတိုးတက်လာပါက..... သူတို့ ပြောင်းလဲမှု ကြီးကြီးမားမား လုပ်ရလောက်ပါသည်။

လင်းဝမ် ရုံးခန်းထဲကို ပြန်ရောက်တော့ ခေါင်းများ စတင်ကိုက်လာသည်။

အစည်းအဝေးမှာ အားလုံကို အားပေးနိုင်ခဲ့ပြီး သန်မာသည့်ပုံစံ ဟန်ဆောင်နိုင်ခဲ့သော်လည်း အနာဂတ်ကိုတော့ သူမ မသေချာမရေရာဆဲဖြစ်နေပါသည်။

"ဒီရက်ပိုင်းထဲ တစ်ရက်လောက် ဘော့စ်ဖေးနဲ့ တွေ့ပြီး သူ့အကြံဉာဏ်တောင်းဦးမှပါ။"

စက်တင်ဘာလ ၃ ရက်နေ့။ သောကြာနေ့...

ဖေးချမ့်က ရုံးခန်းထဲတွင် ရှိနေကာ TPDb ၏ဝက်ဘ်ဆိုက်ကို ဖတ်နေသည်။ ဝက်ဘ်ဆိုက် နမူနာပုံစံကို ဝယ်ပြီးပါပြီ။ ထို့ကြောင့် ပထမ ဗားရှင်းကို ဒီလောက်မြန်မြန် ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ စမ်းသပ်အဆင့်မှာပဲ ရှိနေသေးသော်လည်း လက်ရှိ TPDb ဝက်ဘ်ဆိုက်က ၎င်း၏ စဦးပိုင်းအဆင့်မှာတင် အတော်လေး အဆင်ပြေနေပါသည်။ အနည်းနဲ့အများ အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပြီဟု ဖေးချမ့် ခန့်မှန်းမိပါသည်။

သူ့ပရော်ဖက်ရှင်နယ် ဝန်ထမ်းများကိုလည်း တခြား ဝက်ဘ်ဆိုက်များနဲ့ မိတ်ဖက်ဆောင်ရွက်ဖို့အတွက် ဆွေးနွေးခိုင်းထားပါသည်။ လောလောဆယ်တော့ အားလုံးက သဘောတူကြ၏။

မီဒီယာမှ Review များရနိုင်ဖို့ဆို ဂိမ်းမီဒီယာများနဲ့ ပါတနာကိစ္စ ဆွေးနွေးရမည်။ ကစားသမားများထံမှ Review များရရှိဖို့အတွက် ESRO တရားဝင်ပလက်ဖောင်းမှ ကိန်းဂဏန်းများကို ယူရပါမည်။ တစ်ချိန်တည်းမှာပင် ဂိမ်း၏ အသေးစိတ်စာမျက်နှာထဲ TPDb ဝက်ဘ်ဆိုက် URL ကိုထည့်သွင်းပေးထားလိုက်မည်။ ဒီလိုဆို ကစားသမားတွေက ဂိမ်းတိုင်း၏ အသေးစိတ် စာမျက်နှာများကို ဝင်ကြည့်တိုင်း အဆင့်သတ်မှတ်ချက်များ ပေးနိုင်ပါလိမ့်မည်။

ဒီလို အနှစ်ချုပ် အဆင့်မြှင့်တင်ချက်များက အချိန်အကြာကြီး ဆောင်ရွက်ရမည်ဖြစ်ကာ တစ်ရက်တည်းနဲ့ အပြီးသတ်ဖို့ မဖြစ်နိုင်ပါ။

လောလောဆယ် TPDb ထဲဝင်ရောက်သူ အလွန်နည်းပါးသေးသည်။ အများစုက ထန်းတာ့ဂိမ်းမှ ဝန်ထမ်းများသာ ဖြစ်သည်။ သူတို့အပြင် ဂိမ်းပေါင်းစုံမှ ကစားသမားတချို့သာ လာရောက်ကြပါသည်။

အဘယ့်ကြောင့်ဆိုသော် ဒီဝက်ဘ်ဆိုက်အကြောင်း သိသူနည်ပါးသေးပြီး ဒီဝက်ဘ်ဆိုက်အကြောင်း လူတွေ သိပ်မပြောကြသေးသောကြောင့်ဖြစ်ပါသည်။

ဖေးချမ့်က Bloody Battle Song : ပိုကြမ်းသည့်ဗားရှင်း၏ အဆင့်သတ်မှတ်ချက်များကို လောလောဆယ်ကြည့်နေပါသည်။

ဂိမ်း၏ အနှစ်ချုပ် အဆင့်သတ်မှတ်ချက်က ၇.၂ ရှိသည်။ အများဆုံးက ဂိမ်မာများ၏ Review နဲ့ Netizen များ၏ Review များဖြစ်ပါသည်။ ဂိမ်မာများက ဂိမ်းကို ၉.၁ အထိ အဆင့်သတ်မှတ်ပေးထားသော်လည်း Netizen များတော့ စိတ်ပျက်စရာ ၄.၃ လောက်သာ ပေးထားကြသည်။

ဂိမ်းအတွက် တကယ်ငွေသုံးသည့် ကစားသမားများ ဂိမ်းကို အတော်လေး ကျေနပ်ကြမှန်း ပြသနေပါသည်။

Netizen များကတော့ အများအားဖြင့် ကျန်းကျုထျင်၏ ကြော်ငြာကို မကျေနပ်ကြတာပဲ ဖြစ်သည်။

ဒီလူတွေက ဂိမ်းကိုတောင် တကယ်မကစားကြည့်ကြပါ။ သူတို့ ဂိမ်း၏ တရားဝင်ဝက်ဘ်ဆိုက်ကို နှိပ်ကြည့်ပြီး မတော်တဆ TPDb ၏ URL ကို တွေ့သွားကြတာ ဖြစ်မည်။ ထို့ကြောင့် Review ဆိုးများနဲ့ အဆင့်သတ်မှတ်ချက် ကြယ် ၁ ပွင့်သာ ပေးကြခြင်း ဖြစ်နိုင်ပါသည်။

ဒီလူတွေမှာ ဂိမ်းကို Review ပေးပိုင်ခွင့် မရှိသော်လည်း ၎င်းတို့ စုစုပေါင်း Review အရေအတွက်က နည်းပါးဆဲ ဖြစ်ပါသည်။ ဒီအချိန်အတောအတွင်း အဆင့်သတ်မှတ်ချက်များ ပြောင်းလဲသွားနိုင်သေးသည်။

သတ်မှတ်ချက်များအရဆို ၆.၀ မှ ၇.၀ အကြားရှိ အဆင့်သတ်မှတ်ချက်များဖြင့် ဂိမ်းက C အဆင့် ရလိမ့်မည်။ ဒီပရောဂျက်အတွက် ဘောနပ်စ်က စုစုပေါင်း ရင်းနှီးမြှုပ်နှံခဲ့ငွေ၏ ၁ ရာခိုင်နှုန်း ဖြစ်လိမ့်မည်။ ဂိမ်း၏ အဆင့်သတ်မှတ်ချက်က ၆.၀ အောက် နိမ့်ကျပါက ဘောနပ်စ်ရမည်မဟုတ်ပါ။

ဂိမ်း၏ အနှစ်ချုပ် အဆင့်သတ်မှတ်ချက်က ၇.၂ ဖြစ်သဖြင့် B အဆင့်ရပါသည်။ ဒီပရောဂျက်အတွက် ဘောနပ်စ်ကလည်း စုစုပေါင်း ရင်းနှီးမြှုပ်နှံခဲ့ငွေ၏ ၅ ရာခိုင်နှုန်း ဖြစ်သွားမည်။

အဆင့်သတ်မှတ်ချက်ကသာ ၈.၀ ထက်ကျော်လွန်သွားပါက A အဆင့်ရမည်ဖြစ်ပြီး ဘောနပ်စ်က ၁၀ ရာခိုင်နှုန်းရမည်။ အဆင့်သတ်မှတ်ချက် ၉.၀ ထက်ကျော်သွားလျှင် S အဆင့်ရမည်ဖြစ်ပြီး ဘောနပ်စ်က ၁၅ ရာခိုင်နှုန်းရမည်ဖြစ်သည်။

ထန်းတာ့က Bloody Battle Song အတွက် ယွမ် ၈ သန်း ရင်းနှီးမြှုပ်နှံထားပါသည်။ ဘောနပ် ၅ ရာခိုင်နှုန်းဆို ၄၀၀,၀၀၀ ယွမ်ဖြစ်ပြီး ပျမ်းမျှအားဖြင့် တစ်ယောက်စီကို ယွမ် ၁၀,၀၀၀ကျ ရပါလိမ့်မည်။

ဖေးချမ့် ဒီပမာဏကို သိပ်ပြီး စိတ်တိုင်းမကျလှပါ။

အားလုံးက ငါ့အတွက် ယွမ် ၈ သန်း ဖြုန်းပေးဖို့ ဒီလောက်ကြိုးစားခဲ့ရတာကို ငါက သူတို့ကို ဘောနပ်စ် ၄၀၀,၀၀၀ ယွမ်ကျော်ကျော်ပဲ ပေးနိုင်တယ်။ မဟုတ်သေးပါဘူး။

သို့သော်လည်း TPDb ၏ စည်းမျဥ်းများက သတ်မှတ်ထားပြီးသား ဖြစ်သည်။ ဘော့စ်ဖေးတောင် နောက်ကွယ်က ဂဏန်းတွေကို ပြောင်းလဲလို့ မရတော့ပါ။

"ဂိမ်းရဲ့ အဆင့်သတ်မှတ်ချက်သာ ၈.၀ ထက်ကျော်သွားရင် နောက်ထပ် ၄၀၀,၀၀၀ ယွမ်လောက် ငါထပ်ရှင်းနိုင်လိမ့်မယ်။"

ဂိမ်၏ အဆင့်သတ်မှတ်ချက်နိမ့်မှုအတွက် ရှန်းယန်ကလူတွေကို အပြစ်တင်လို့မရမှန်း ဖေးချမ့် ကောင်းကောင်းသိပါသည်။ ဒီဂိမ်းကို စေတနာကောင်းကောင်းဖြင့် ဖန်တီးထားခြင်းဖြစ်သဖြင့် အဆင့်သတ်မှတ်ချက်မြင့်မြင့် ရထိုက်ပါသည်။ သို့သော်လည်း Netizen များက ကြော်ငြာကို ရွံရှာသွားကြသည်။ ဂိမ်းကို မကစားဘဲနဲ့တောင် အငြှိုးကြီးစွာဖြင့် Review ဆိုးများ ပေးသွားကြပါသည်။ ထို့ကြောင့် အနှစ်ချုပ် အဆင့်သတ်မှတ်ချက်က နိမ့်ကျနေခြင်း ဖြစ်သည်။

သို့သော်လည်း ဖေးချမ့် အခု စိတ်ဖိစီးဖို့ မလိုပါ။ အချိန်တွေအများကြီး ရှိပါသေးသည်။

TPDb မှာလည်း အသုံးပြုသူတွေ အများကြီး မရှိသေးပါ။ ထို့ကြောင့် အနှစ်ချုပ်သတ်မှတ်ချက်က ဒီလောက် အတက်အကျမြန်နေခြင်းဖြစ်ပါသည်။ သူသိသလောက်တော့ Netizen တွေက ဒီအတောအတွင်း BLoody Battle Song ပိုကြမ်းသည့်ဗားရှင်းကို ပိုပြီး Review လုပ်ကြပါဦးမည်။

လင်းဝမ်က စိုးရိမ်တကြီးဖြင့် ဘော့စ်ဖေး၏ ရုံးတံခါးကို ခေါက်လိုက်သည်။

ဘော့စ်ဖေးက ဂိမ်းဒီဇိုင်းက ဗဟို Concept ကို ခေါင်းငြိမ့်ခဲ့သောာ်လည်း လက်ရှိအခြေအနေကို လင်းဝမ် မသေချာ မရေရာ ဖြစ်နေဆဲ ဖြစ်ပါသည်။ တခြားသူတွေရှေ့မှာတော့ သူမ ပုံစံက အလွန်ယုံကြည်မှုပြည့်ဝနေနိုင်သော်လည်း ဘော့စ်ဖေး၏ ရုံးခန်းရှေ့တွင် ရပ်နေသည့်အခါမှာတော့ သူမ လုံးဝ လမ်းပျောက်နေသလို ခံစားရပါသည်။

"ဝင်ခဲ့ပါ"

လင်းဝမ်က စိတ်အေးအေးထားလိုက်ပြီး တံခါးကိုတွန်းဖွင့်ကာ ရုံးခန်းထဲဝင်လိုက်ပါသည်။

သူမ၏ ဆုံးဖြတ်ချက်ကို ဘော့စ်ဖေးအား တင်ပြဖို့ လာခဲ့ခြင်း ဖြစ်သည်။ သူ့ထောက်ခံမှုကို ရဖို့လည်း မျှော်လင့်ထားပါသည်။ အမှန်ပင်။ ဂိမ်းက စတင်ထုတ်လုပ်လိုက်သည့်အချိန်ကစလို့ ဝင်ငွေအလွန်နည်းပါးခဲ့သည်။ ဒါရိုက်တာတစ်ယောက်အနေဖြင့် လင်းဝမ်က အပြစ်တင်မှုကို ခံယူပြီး မေးခွန်းထုတ်ခံရဖို့ ပြင်ဆင်ထားပြီးသား ဖြစ်သည်။

သို့သော်လည်း လင်းဝမ်ကိုမြင်လိုက်တာနဲ့ ဘော့စ်ဖေး၏ မျက်နှာ တောက်ပသွားသလိုပင်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး တော်တော်လေး ပျော်ရွှင်နေသလိုပင်။ အောင်မြင်မှုများစွာ ရရှိထားသည့် လက်ရုံးတော် တစ်ယောက်ကို ကြိုဆိုနေသလိုပင်...။

All Chapters