အချိန်တန်ရင် အခြေအနေ ပြောင်းလဲသွားလိမ့်မယ်
Vol. 17 Ch. 254
ဘော့စ်ဖေး၏ စိတ်အားထက်သန်နေပုံကို မြင်လိုက်ရသောအခါ လင်းဝမ် သူမ ဒီကို ဘာကြောင့်လာခဲ့သလဲဆိုတာကိုပင် မေ့သွားလုနီးပါး ဖြစ်သွားသည်။ ဂိမ်းက အောင်မြင်သွားပြီး မကြာခင် သူတို့ ခမ်းခမ်းနားနား အောင်ပွဲကြီးတစ်ခုကျင်းပရတော့မည်ဟု ဘာကြောင့် သူမ ခံစားနေမိပါလိမ့်။
သူတို့နှစ်ယောက် ဧည့်သည်အခန်းထဲဝင်သွားပြီး ဖေးချမ့်က လင်းဝမ်ကို ဆိုဖာပေါ်မှာ ထိုင်ဖို့ လက်ဟန်ပြလိုက်ပါသည်။ ထို့နောက် သူမကို ကိုယ်တိုင် လက်ဖက်ရည်ဖျော်ပေးလိုက်သည်။
စစ်သူကြီးကောင်းတွေကို ဒီလိုပဲ ပြုစုရမှာပေါ့။
ဖေးချမ့်က Bloody Battle Song : ပိုကြမ်းသည့်ဗားရှင်း၏ လက်ရှိအခြေအနေကို အတော်လေး စိတ်ကျေနပ်မှုရှိပါသည်။ သူတို့ ၈ သန်းသုံးစွဲကာ အရှုံးပေါ်အောင်လုပ်နိုင်ခဲ့သည်။ လင်းဝမ်လည်း ဒီတစ်ခေါက် ထိချက် တော်တော်ပြင်းသွားလောက်သည်။ ဧကန္တ သူမ ဖိအားများကို ခံနိုင်ရည် မရှိတော့ဘဲ မကြာခင် အိမ်ပြန်ပြီး မိသားစုလုပ်ငန်းကိုသာ တာဝန်လွှဲယူသွားနိုင်ပါသည်။
သတင်းကောင်းက ၂ ခုတောင် ဖြစ်သည်။
အမှန်ပင်။ ယခင်တစ်ချိန်တုန်းက ရှန်းယန်ဂိမ်းကုမ္ပဏီကို ဝယ်လိုက်တာက မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါသည်။
သို့သော်လည်း ဂိမ်း၏ အဆင့်သတ်မှတ်ချက်များက TPDb ပေါ်မှာ နိမ့်နေသေးတာကတော့ စိတ်မကောင်းဖြစ်စရာပင်။ သူတို့ ၈.၀ ကျော်ကျော်လောက် ရနိုင်ပါက နောက်ထပ် ဘောနပ်စ် ယွမ် ၄၀၀,၀၀၀ လောက် ထပ်ပေးနိုင်ပါလိမ့်မည်။
ဒီပမာဏကို အထင်သေးလို့တော့မရပါ။ အရှုံးပေါ်ခြင်းမှ ယွမ် ၄၀၀,၀၀၀ သာ ဖြုန်းနိုင်သွားရင် ဘယ်လိုလုပ်မလဲ။
အမှန်ပင်။ လင်းဝမ်နှင့် ရှန်းယန်ဂိမ်းတို့က လောလောဆယ်တော့ အတော်လေး ကောင်းမွန်စွာ ဆောင်ရွက်နေကြပါသည်။ ဘော့စ်ဖေးက အလွယ်တကူ စိတ်ကျေနပ်သွားခဲ့သည်။
သူမအတွက် ဘော့စ်ဖေးကိုယ်တိုက် လက်ဖက်ရည် ပြင်ဆင်ပေးနေတာကို ကြည့်ရင်း အလိုလိုက်ခံရသော ကလေးတစ်ယောက်လို ခံစားလိုက်ရပါသည်။ သူမ ဖန်ခွက်ကို လက်နှစ်ဖက်ဖြင့် ယူလိုက်ပြီး လက်ဖက်ရည်သောက်လိုက်ရင်း ဒီကို ဘာအတွက်ကြောင့် လာခဲ့တာလဲဆိုတာကိုတောင် မေ့သွားခဲ့ပါပြီ။
သြော် ဟုတ်သားပဲ။ ဘော့စ်ဖေးကို အစီရင်ခံဖို့ လာခဲ့တာ။
လင်းဝမ် ရှန်းယန်ဂိမ်း၏ လက်ရှိအခြေအနေကို အသေးစိတ်ရှင်းပြလိုက်ပါသည်။
"ဘော့စ်ဖေး ကျွန်မ အဓိက ပြဿနာနှစ်ခုအကြောင်း ပြောပြဖို့ လာခဲ့တာပါ။”
"ပထမတစ်ခုက ကျန်းကျုထျင်ရဲ့ ကြော်ငြာကို လူတိုင်း ကျိန်ဆဲနေကြတယ်။ ကြော်ငြာက Netizen တွေရဲ့ အမြင်မှာ ကျွန်မတို့ဂိမ်းရဲ့ဂုဏ်သတင်းကို ပိုဆိုးယုတ်သွားစေရုံတင်မကဘဲ ကျန်းကျုထျင်ကိုလည်း တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်နေစေပါတယ်။"
"မနေ့ကဆို သူရှန်းယန်ဂိမ်းကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ယောက်ကိုဖုန်းဆက်ပြီး ကျင်းကျိုးမြို့ဆီ ပြန်လာပြီးတော့ ကြော်ငြာကို ပြန်ရိုက်လို့ရမလားလို့ မေးပါတယ်။ ပြီးတော့ ကြော်ငြာကို တစ်ပြားတစ်ချပ်မှမယူဘဲ ပြန်ရိုက်ပေးချင်လို့ပါတဲ့။"
"ဒီကြော်ငြာက သာမန် ဝက်ဘ်ဆိုက်ဂိမ်မာတွေကို ဆွဲဆောင်ဖို့အတွက် ရိုက်ထားမှန်း ကျွန်မသိပေမယ့် ကျန်းကျုထျင်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နေတယ်။ သူ့ကို ပိုအဆင့်မြင့်တဲ့ ကြော်ငြာတစ်ခု ပြန်ရိုက်ဖို့ ငှားလိုက်ပါလားဟင်။"
ကြော်ငြာကို ပြန်ရိုက်မယ်ဟုတ်လား။ မဖြစ်နိုင်တာ။
စဥ်းတောင် စဥ်းစားမနေဘဲ ဖေးချမ့် ခေါင်းခါလိုက်သည်။ "မလိုဘူး။ အစ်ကိုကြီး ကျန်းရဲ့ စိတ်ခံစားချက်ကို ငါကောင်းကောင်း နားလည်ပါတယ်။ ဒါပေမယ့် ကြော်ငြာကို ပြန်ရိုက်လိုက်ရုံနဲ့ ပြီးသွားမယ့် ပြဿနာ မဟုတ်ဘူး။"
"ကြော်ငြာက ထုတ်တောင် ထုတ်လွှင့်ပြီးသွားပြီ။ အားလုံးရဲ့ သဘောထားကိုလည်း မြင်ပြီးသွားကြပြီ။ ငါတို့ လူတိုင်းကို ဦးနှောင်ကျင်းပြီး သူတို့မှတ်ဉာဏ်တွေကို ဖျက်ပစ်လိုက်လို့မှ မရတာလေကွာ။"
"ပြီးတော့လည်း ကြော်ငြာရဲ့ ရေပန်းစားမှုကြောင့် အစ်ကိုကြီးကျန်းက ပရိသတ်တတွေတောင် ပိုရလာသေးတယ်။ တချို့တလေ ဆဲတာဆိုတာက အရေးမကြီးပါဘူး။"
လင်းဝမ်က အနေခက်နေဆဲ ဖြစ်သည်။ "ဒါပေမယ့် လူတွေအများကြီးက သူ့ကို သူ့Weibo ပရိုဖိုင်းမှာ 'ကျားကျုထျစ်'လို့ ဝိုင်းခေါ်နေကြတာ။ အဲ့လိုအခေါ်ခံရတာကို သူ တော်တော်လေး လက်မခံနိုင်တဲ့ပုံပဲ။"
ဖေးချမ့်က ပြုံးလိုက်ပါသည်။ "အစ်ကိုကြီးကျန်းက အရင်တုန်းနဲ့ ဘာဖြစ်လို့ အရမ်းခြားနားသွားတာလဲ။ ဘာလို့လဲဆိုတော့ သူက အိုင်ဒေါတစ်ယောက်အနေနဲ့ အရမ်းအထိမခံဖြစ်ခဲ့တာကိုး။ အခုခေတ် လူငယ်တွေက ဘယ်လိုပုံစံမျိုးလဲဆိုတာကိုတောင် သူ မသိတော့ဘူး။"
"သူ့နည်းလမ်းဟောင်းကြီးတွေအတိုင်း ဆက်လုပ်ပြီး သူ့အတွက်သူ နာမည်ရအောင်လုပ်ပြီးတော့ တစ်ကျော့ပြန်လာဖို့ ကြိုးစားနေတုန်းလား။ အားလုံးက သူ့ကို ကျားကျုထျစ်လို့ ခင်ခင်မင်မင် ခေါ်နေကြတာလေ။ အဲ့တာ သူ့ကို သဘောကျလို့ပေါ့။ ဒီလောက်ရိုးရှင်းတဲ့ သဘောတရားလေးကိုတောင် သူ နားမလည်ဘူးလား။”
လင်းဝမ်က စိတ်ရှုပ်ထွေးသွားသည့်ပုံပင်။
"ဟင်..."
ဘော့စ်ဖေးပြောတာ အဓိပ္ပာယ်တော့ ရှိနေပါသည်။ သို့သော်လည်း ကာယကံရှင်က သဘောမကျပေ။
ဖေးချမ့်က ဆက်ပြောလိုက်၏။ "ပြန်ပြီး အစ်ကိုကြီးကျန်းရဲ့ စိတ်အနေအထားကို ပြုပြင်လိုက်ပါ။ ကမ္ဘာကြီးအပေါ် သူမြင်တဲ့ အမြင်ကို ပြောင်းလဲဖို့ ကူညီပေးလိုက်။ 'ကျားကျုထျင်'က တော်တော်လေး ကောင်းတဲ့ နာမည်ပြောင်လို့ ငါတော့ထင်တယ်။ ခင်မင်ရင်းနှီးရာလည်း ကျတယ်။"
"ခေါ်လို့တောင် ကောင်းသေးတယ်။ လူငယ်တွေ သေချာပေါက် သဘောကျကြမှာ။ ငါ့ကို မယုံရင် ကျန်းကျုထျင်ရဲ့ Weibo ကို သွားကြည့်လိုက်။ အခုတလော ပရိသတ်တွေ ပိုများလာတာကို မြင်လား။ သူပိုပြီး ရေပန်းစားလာမှန်း မသိသာဘူးလား။"
လင်းဝမ်က ဇဝေဇဝါဖြင့် သူမဖုန်းကို ကြည့်လိုက်သည်။ "ကြည့်ရတာတော့... ပရိသတ်တွေ ပိုရထားတဲ့ပုံပါပဲ။ ကောင်းပါပြီ ကျွန်မ သူ့ကို ပြန်ပြောကြည့်လိုက်ပါ့မယ်..."
ဖေးချမ့်၏ အလိမ်အညာများကို နားထောင်ပြီးနောက် လင်းဝမ်တစ်ယောက် စိတ်ရှုပ်ထွေးနေဆဲဖြစ်သည်။ ဒီပြဿနာကတော့ ပြေလည်သွားပါပြီ။
"ဒုတိယ ပြဿနာက Bloody Battle Song : ပိုကြမ်းတဲ့ဗားရှင်း ရဲ့ ကိန်းဂဏန်းတွေပါ...။ ဘော့စ်ဖေးလည်း မြင်ပြီးပြီမလာား..."
"ဂဏန်းတွေက မများပေမယ့် ကျွန်မတို့ မအောင်မြင်ဘူးလို့ ပြောဖို့က စောလွန်းသေးတယ်။ အဲ့တာကြောင့် ၁ ပတ်လောက်စောင့်ကြည့်ဖို့ ပြင်ဆင်ထားပါတယ်။ ၁ ပတ် ကြာလို့မှ မတိုးတက်သေးဘူးဆိုရင်တော့ ကျွန်မတို့ ပြောင်းလဲမှုတချို့ လုပ်လိုက်ပါ့မယ်။"
ဟမ်။ ၁ ပတ်ကြာရင် ပြောင်းလဲမှုလုပ်မယ်ဟုတ်လား။ ဘာလို့ ပြောင်းလဲမှု လုပ်မှာလဲ။ အခုအခြေအနေက အကောင်းဆုံးပဲ မဟုတ်ဘူးလား။
ပြောင်းရဲ ပြောင်းကြည့်နော်။
ဖေးချမ့်မျက်နှာ အလွန်ခက်ထန်သွားပြီး ပြောလိုက်ပါသည်။ "မအောင်မြင်ဘူးဟုတ်လား။ ငါတို့ဘယ်နားမှာ မအောင်မြင်တာရှိလို့လဲ။ ငွေဖြည့်ပြီး ကစားတဲ့ ကစားသမားတွေ TPDb မှာပေးထားတဲ့ အဆင့်သတ်မှတ်ချက်က ၉.၂ တောင်လေ။ ဒီလောက်ကောင်းတဲ့ အဆင့်သတ်မှတ်ချက်ကို။ ပြီးတော့ ငါလည်း ဂိမ်းရဲ့ Forum တချို့ကို ဝင်ဖတ်ထားတယ်။ ကစားသမားဟောင်းတွေက လက်ရှိဂိမ်းကို အရမ်း စိတ်ကျေနပ်မှု ရှိကြတယ်။"
"ထန်းတာ့ဂိမ်းက အခု အောင်မြင်ခြင်း မအောင်မြင်ခြင်းဆိုတာကို ဂုဏ်သတင်းနဲ့ပဲ အဓိက တိုင်းတာတယ်။ ဒီဂိမ်းက ဘယ်လိုပဲဖြစ်ဖြစ် မကျရှုံးဘူး။ အဲ့ဒီအစား တော်တော်လေး အောင်မြင်တယ်လို့တောင် ပြောလို့ရတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကို ပြည့်ပြည့်စုံစုံနဲ့ ရရှိခဲ့တယ်။"
"ခု အမြတ်မရသေးတာ ကြီးကြီးမားမား ပြဿနာမဟုတ်ဘူး။ အမြော်အမြင်ရှိစမ်းပါ။ ငါတို့ရဲ့ နာမည်ဂုဏ်သတင်း မွှေးနေသရွေ့ တစ်နေ့ကျရင် အမြတ်ရလာမှာပဲ။"
လင်းဝမ် အခက်တွေ့သွားသည်။ "အာ... အဲ့တာ မှန်ပေမယ့် ဒါပေမယ့်လေ... Netizen တွေက ဂိမ်းကိုအရမ်းနိမ့်တဲ့ အဆင့်သတ်မှတ်ချက် ပေးထားတာ... ကျွန်မတို့ ၄.၃ လောက်ပဲ ရတယ်။"
ဖေးချမ့်က လက်ဖက်ရည် သောက်ကာ ပြုံးလိုက်ပါသည်။ "သူတို့က အပျော်သဘော လာပေးကြတဲ့ အတုအယောင် ကစားသမားတွေပါ။ အဲ့ဒီလူတွေက ဂိမ်းကိုတောင် ကစားကြည့်ကြတာ မဟုတ်ဘူး။ သူတို့က ကြော်ငြာတစ်ခုတည်းကို ကြည့်ပြီး ဂိမ်းကို အဆင့်သတ်မှတ်နေကြတာ။ သူတို့ကို ငါတို့က ဘာလို့ စိတ်ပူနေရမှာလဲ။”
"Netizen တွေရဲ့ အဆင့်သတ်မှတ်ချက်က ၄.၃ ပဲရှိတယ်ဆိုပေမယ့် TPDb မှာ လောလောဆယ် အသုံးပြုသူတွေ နည်းလွန်းသေးလို့ပါ။ Bloody Battle Song : ပိုကြမ်းတဲ့ဗားရှင်းကို လူတွေ အများကြီးက အထင်လွဲနေကြတယ်။ အဆင့်သတ်မှတ်ချက်တွေက အဲ့လောက်ကြီး မတိကျသေးဘူး။”
"ဒီဂိမ်း မပျောက်ကွယ်သွားနိုင်ဘူးလို့ ငါတို့ ယုံကြည်ထားရမယ်။ ငွေဖြည့်သွင်းထားတဲ့ ကစားသမားတွေက အားပေးနေတယ်ဆိုတော့ ငါတို့တွေ တောင့်ခံထားရမယ်။ တစ်နေ့နေ့တော့ နေသာချိန်ကို ရောက်လာမှာပါ။"
လင်းဝမ်က ဘာမှ မပြောတော့ဘဲ ခေါင်းသာ ငြိမ့်ပြလိုက်သည်။
အင်း... ဘော့စ်ဖေးက ငါထင်ထားတာထက် ပိုပြီး အကောင်းမြင်တတ်တာပဲ။
Netizen များ၏ အဆင့်သတ်မှတ်ချက်များက လင်းဝမ်ကို စိတ်အနှောင့်အယှက်ပေးနေသော်လည်း ဘော့စ်ဖေးအတွက်တော့ ကြီးကြီးမားမား ပြဿနာ မရှိသည့်ပုံပင်။
ဘော့စ်ဖေးက အနည်းငယ်ပြုံးလိုက်ပါသည်။ "အမြော်အမြင်ရှိအောင်လုပ်ပြီး ရေရှည်အတွက်ပဲကြည့်ပါလို့ ငါခဏခဏ မပြောထားဘူးလား။"
"Bloody Battle Song : ပိုကြမ်းတဲ့ဗားရှင်း အားလုံးရဲ့ ကြိုးစားအားထုတ်မှု ရလဒ်တစ်ခုပဲ။ ငါတို့အားလုံး ဂိမ်းကောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တယ်လို့ ထင်မှတော့ ဘာလို့ အခုမှ အရှုံးပေါ်မှာကို စိုးရိမ်နေဦးမှာလဲ။"
"စိတ်မချောက်ချားဘဲ ကိုယ့်ကိုယ်ကို စိတ်ရှုပ်အောင်လည်း မလုပ်နဲ့။ ဘာပြောင်းလဲမှုမှလည်း မလုပ်နဲ့။ ဒီတိုင်းပဲ ဆက်ရှိနေပါစေ။"
လင်းဝမ်က ခေါင်းငြိမ့်လိုက်ပါသည်။ ဘော့စ်ဖေးက အစေ့စပ် အသေချာဆုံး ဖြစ်သည်။
ဘော့စ်ဖေးကိုယ်တိုင်က ဂိမ်းအတွက် ပြောင်းလဲမှု လုပ်စရာမလိုဘူးဟု မြင်သဖြင့် ဘာပြောင်းလဲမှုမှ လုပ်စရာ မလိုတာ ဖြစ်နိုင်ပါသည်။
သို့သော်လည်း.... ဒီတိုင်း ထိုင်စောင့်နေဖို့က သူတို့အတွက် သင့်တော်ပါ့မလား။ သူတို့လက်တွေ့ကျတာ တစ်ခုခု လုပ်လို့ မရဘူးလား။
လင်းဝမ် ခေတ္တ စဥ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ "ဒါဆို သူတို့ကို လောလောဆယ်အတွက် အသေးစား အဆင့်မြှင့်တင်မှုလေးတွေပဲ လုပ်ထားခိုင်းလိုက်ပါ့မယ်။ ဂိမ်းရဲ့ Content တွေကို လက်ရှိအတိုင်းပဲ ဆက်ထိန်းသိမ်းထားမယ်။ Bug တွေကိုပဲ ပြင်သွားမှာပါ။"
ဖေးချမ့်က ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။ "အင်း ကောင်းပြီ။"
အကြီးစား ပြောင်းလဲမှုတွေမလုပ်ဘဲ ကိစ္စတွေကို ဒီတိုင်းပဲ ထားမယ်ဆို ဘာဖြစ်ဖြစ် ငါအဆင်ပြေတယ်။
"ဒါပေမယ့်... Bloody Battle Song : ပိုကြမ်းတဲ့ဗားရှင်းရဲ့ အခြေအနေ ပြောင်းလဲမှုကို ဘယ်တော့ မြင်ရမယ်လို့ ဘော့စ်ဖေးထင်လဲ" လင်းဝမ်က မေးလိုက်ပါသည်။
အခြေအနေ ဘယ်တော့ပြောင်းလဲသွားမလဲ ဟုတ်လား။ နင်ငါ့ကို မေးခွန်းသတ်လိုက်တာပဲ။ ငါလည်းမသိဘူး။ ငါ့ကိုဆုံးဖြတ်ခိုင်းရင်တော့ အခြေအနေတွေ ဘယ်တော့မှ မပြောင်းလဲအောင် လုပ်ပစ်မှာကွ။
သို့သော်လည်း လင်းဝမ်၏ မျှော်လင့်ချက် ပြည့်ဝနေသော မျက်လုံးများကို ကြည့်ရင်း သူမ စိတ်ကျေနပ်ဖို့ ဖေးချမ့် တစ်ခုခု ပြောလိုက်ရပါတော့သည်။
"ကံကြမ္မာပေါ်မှာပဲ မူတည်တယ်။ အချိန်တန်ရင် အခြေအနေ ပြောင်းလဲသွားပါလိမ့်မယ်။"
...
လင်းဝမ်ကို ပြန်လွှတ်လိုက်ပြီးနောက် ဖေးချမ့် စိတ်အေးလက်အေး သက်ပြင်းချလိုက်မိတော့သည်။ အားလုံးတော့ ပွဲသိမ်းခါနီးပြီ။
သိပ်မကြာသေးခင်ကမှ မင်ယွမ်စားဖိုဆောင်၏ မအောင်မြင်မှုက သူ့ကို အလွန် စိတ်ဖိစီးသွားစေခဲ့သည်။ အခုတော့ ရှန်းယန်ဂိမ်းထံမှ သတင်းကောင်းများ ကြားရသဖြင့် ဖေးချမ့် နောက်ဆုံးတော့ စိတ်လျှော့နိုင်ပါပြီ။
လင်းဝမ်က ကျန်းကျုထျင်ကို အားပေးလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူ့ကို ပိုက်ဆံရှင်းထားပြီးသားဖြစ်ကာ ကောင်းကောင်းမွန်မွန်လည်း ဆက်ဆံပေးထားသေးသည်။ ဖေးချမ့်သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံသည်ဟု ဘယ်သူမှ အထွန့်မတက်နိုင်ပါ။
အစ်ကိုကြီးကျန်းက ဟိုဟိုဒီဒီ အဆဲခံနေရရုံသာ ရှိသည်။ ဒါက ဘယ်လောက်အရေးကြီးတဲ့ ကိစ္စမို့လို့လဲ။ အစ်ကိုကြီးကျန်းသာ တကယ် စိတ်အနှောင့်အယှက်ဖြစ်ပါက နောက်တစ်ခေါက် ကြော်ငြာရိုက်သည့်အခါ ဟောင်ကောင် နာမည်ကြီးတချို့ကိုပါ သူနဲ့အတူ ခေါ်လာနိုင်သည်။ သူတို့ ခင်မင်ရင်းနှီးမှုအရ ကူညီပေးဖို့ တောင်းဆိုနိုင်ပါသည်။
အလွန်ဆုံး ဖေးချမ့်က အစ်ကိုကြီးကျန်းကို ကျင်းကျိုးမြို့ဆီ ပြန်ခေါ်ပြီး နောက်ထပ် ညစာ ကောင်းကောင်း ကျွေးလိုက်မည်ဖြစ်သည်။
သို့သော်လည်း မင်ယွမ်စားဖိုဆောင်ကို သူသွားတိုင်း ကြိုတင် ဘိုကင်လုပ်ထားရမည်ဖြစ်ပြီး သူစားချင်တိုင်း စားလို့မရတော့ဘူး ဟူသည့် အတွေးက ဖေးချမ့်ကို အလွန်အမင်း စိတ်ဓာတ်ကျသွားစေပါသည်။
"သြော် ဟုတ်သားပဲ။ ငါ လင်းကန်ရုံကို ဖုန်းဆက်ရဦးမယ်။"
ဖေးချမ့် အရေးကြီးပြဿနာတစ်ခုကို ပြန်သတိရသွားခဲ့ပါသည်။
မင်ယွမ်စားဖိုဆောင်၏ အခြေအနေက ယခင်တုန်းက အလွန်ကောင်းမွန်ခဲ့သည်။ ဘိုကင်အရေအတွက်လည်း အလွန်နည်းပါးက ပြည့်သွားဖို့ မလုံလောက်ခဲ့ပေ။
ယခု နောက်တစ်ပတ်အထိ မင်ယွမ်စားဖိုဆောင်က ဘိုကင်ပြည့်နေပြီဖြစ်သော်လည်း ထို့နောက်ပိုင်း ဘိုကင်လုပ်ဖို့အတွက်တော့ ဖေးချမ့်မှာ အချိန်ရှိပါသေးသည်။
ဖေးချမ့်က ဘိုကင်များ ပိုလုပ်ဖို့ လင်းကန်ရုံကို ဖုန်းဆက်လိုက်သည်။
ဒီ့မတိုင်ခင်တုန်းက စုံဂဏန်း လတိုင်း၏ ၂၀ ရက်နေ့တွင်သာ စားသောက်ဆိုင်တစ်ဆိုင်လုံးကို ဘိုကင်လုပ်ထားသည်။ ထို့နောက် လတိုင်း၏ ပထမနဲ့ တတိယမြောက် တနင်္ဂနွေနေ့များမှာလည်း အကြီးဆုံး သီးသန့်ခန်းကို ဘိုကင်လုပ်ထားပါသည်။
ယခုတော့ လတိုင်း၏ ၂၀ ရက်နေ့တွင် စားသောက်ဆိုင်တစ်ခုလုံးကို ဘိုကင်လုပ်မည်။ ထို့နောက် လတိုင်း၏ ပထမနဲ့ တတိယမြောက် တနင်္ဂနွေနေ့နဲ့ ဒုတိယနဲ့ စတုတ္ထမြောက် စနေနေ့များတွင် အကြီးဆုံး သီးသန့်ခန်းကြီးကို ဘိုကင်လုပ်ထားပါမည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် အရင်တစ်ခေါက်က လုပ်ထားသည့် ဘိုကင် အရေအတွက်များထက် ၂ ဆ တိုးလိုက်ခြင်း ဖြစ်သည်။
ဖေးချမ့်က ဘိုကင်များ ထပ်လုပ်ချင်သော်လည်း သူ တွေ့ဆုံပွဲတစ်ခု ကျင်းပလိုက်တိုင်း ယုတ္တိရှိသည့် အကြောင်းအရင်းတစ်ခုတော့ လိုအပ်ပါသည်။
တစ်ပတ်ကို သီးသန့်အခန်းတစ်ခန်း ဘိုကင်လုပ်ကာ တစ်လကို စားသောက်ဆိုင်တစ်ဆိုင်လုံး ဘိုကင်လုပ်ခြင်းက သူ အများဆုံး လုပ်နိုင်တာပဲ ဖြစ်သည်။
ဘိုကင်များ လုပ်ဆောင်ပြီးသောအခါ သူ စိတ်အေးလက်အေး သက်ပြင်းရှည်ကြီး ချလိုက်ပါတော့သည်။
လာမည့် တနင်္ဂနွေနေ့တွင် ဆရာချောင်း၏ ပျက်စီးနေသာ စိတ်အခြေအနေကို နှစ်သိမ့်ပေးဖို့အတွက် ညစာ ခေါ်ကျွေးမည်။
ဒီလ ၂၀ ရက်နေ့မြောက်တွင် ရှန်းယန်ဂိမ်း၏ ဝန်ထမ်းများကို ၎င်းတို့၏ ကြိုးစားအားထုတ်မှုအတွက် ဆုချသည့်အနေဖြင့် ညစာ ကျွေးလို့ရပါသည်။
လောလောဆယ်အတွက်တော့ ရှန်းယန်ဂိမ်းကို သူစိတ်ပူစရာမလိုတော့ပါ။ အများကြီး ပိုစိတ်ချမ်းသာသွားပါသည်။ ထို့နောက် သူ့ ဂိမ်းခလုတ်ကို ပြန်ကောက်လိုက်ပြီး အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းထဲတွင် ထပ်ပြီး နာကျင်ရဖို့ ပြင်ဆင်လိုက်ပါသည်။ ထိုအချိန်တွင် သူ့ဆဲလ်ဖုန်း ဖန်သားပြင် မီးလင်းလာခဲ့၏။
လင်းချန်းထံမှ မက်ဆေ့ချ်တစ်စောင် ဝင်လာခြင်းဖြစ်ပါသည်။ "ဘော့စ်ဖေး အမာခံဝေဖန်ချက်များဆိုတာ ခင်ဗျားလား။"
ဖေးချမ့် ကြောင်သွားသည်။
ဟ... ဘယ်လိုလုပ် ဒီလောက်မြန်မြန်သိသွားတာလဲ။
လင်းချန်းလိုလူမျိုးက အလုပ်များသည့်လူဖြစ်သဖြင့် အမာခံဝေဖန်ချက်များကဲ့သို့ အသေးစား အကောင့်လေးတစ်ခုကို သတိထားမိမှာ မဟုတ်လောက်ပါ ဟု သူထင်ခဲ့သည်။
အပိုင်း ၂၀ စလုံးရိုက်ပြီးမှ ဖေးချမ့်က လင်းချန်းကို ဗီဒီယိုများအကြောင်း အသိပေးဖို့ ကြံထားသည်။ လင်းချန်း သူ့အကြောင်း အစောကြီး သိသွားလိမ့်မည်ဟု မထင်ထားခဲ့ပါ။ အရင်လ အမာခံဝေဖန်ချက်များ၏ ဗီဒီယိုများကို သူ စတင် တင်စဥ်ကတည်းကဆို စုစုပေါင်း ၁၁ ပိုင်း တင်ပြီးပါပြီ။ ၂၀ ပြည့်ဖို့ တစ်ဝက်လောက်သာ လိုတော့သည်။ ဖေးချမ့်က အပျော်သဘောဖြင့် အပိုင်း ၂၀ စလုံးကို လျှောက်ကစားကာ တင်ဖို့ စီစဥ်ထားသည်။ ဒါမှ စိတ်အေးလက်အေး ယွမ် ၂၀၀,၀၀၀ ကို သုံးစွဲနိုင်မည်ဖြစ်သည်။
သို့သော်လည်း ရလဒ်များက သူမျှော်မှန်းထားတာထက် ပိုကောင်းနေပါသည်။ အမာခံ ဝေဖန်ချက်များက ပရိသတ်များစွာ ရရှိခဲ့သည်။ ယခုဆို ကြည့်ရှုသူ ၆၀၀,၀၀၀ ကျော်နေပါပြီ။
ပထမ ဆဲလ်ဖုန်း ၃ လုံး၏ Review ဗီဒီယိုများက အထူးသဖြင့် ပိုပြီး ရေပန်းစားသည်။ ထိုဖုန်း ၃ လုံး၏ ပရိသတ်များက ကောမန့်ထဲမှာ အခုချိန်ထိ သတ်နေကြဆဲဖြစ်သည်။ အခုထိလည်း ဗီဒီယိုများက ရေပန်းစားမှု တိုးနေဆဲ ဖြစ်၏။ အမှန်ပင်။ အိုင်လီကျွန်းဝက်ဘ်ဆိုက်မှာ ပရိသတ် ၆၀၀,၀၀၀ နဲ့ အကောင့်တစ်ကောင့်ကတောင် သာမန်အဆင့်သာ ရှိသည်ဟု သတ်မှတ်နိုင်ပါသည်။ စနစ်ထဲတွင် နာမည်အနည်းငယ်သာ ရခဲ့သည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် လင်းချန်း သူ့ဗီဒီယိုတွေကို သတိထားမိသွားလိမ့်မည်ဟု ဖေးချမ့် မထင်ထားခဲ့ပါ။ မဟုတ်မှလွဲရော ဘော့စ်လင်းလည်း ဘာမှလုပ်စရာမရှိတုန်း အိုင်လီကျွန်းကို ဒီတိုင်း ဝင်ကြည့်မိလိုက်တာများလား။
တခြားသူတွေသာ အမာခံဝေဖန်ချက်များကို ကြည့်ရှုပါက ဘော့စ်ဖေးကို မှတ်မိမှာ မဟုတ်ပါ။
တစ်ဖက်မှာတော့ ဖေးချမ့်က မျက်နှာကို ထုတ်မပြထားပါ။ သူ့အသံကိုလည်း အနည်းငယ် ပြောင်းလဲထားသည်။ တစ်ဖက်မှာတော့ ဘော့စ်ဖေးလို သူဌေးမျိုးက အပျော်သဘော ဗီဒီယိုတွေကို ရိုက်လိမ့်မည်ဟုလည်း လူတွေ မထင်ထားကြလောက်ပါ။
သို့သော်လည်း လင်းချန်းကတော့ မတူပေ။
သူက ဒီအစီအစဥ်အတွက် ရန်ပုံငွေပေးထားသူဖြစ်သည်။ ဘော့စ်ဖေးက ဟန်ဆောင်မှု အနုပညာကိုလည်း စမ်းသပ်နေမှန်း သိပါသည်။ ဗီဒီယိုကိုကြည့်ရင်း ကိုယ်လုံးကိုယ်ပေါက်နဲ အသံကို ကြည့်ရုံနဲ့ တင်ဆက်သူက ဘော့စ်ဖေးမှန်း သူခန့်မှန်းနိုင်လောက်ပါသည်။
ဖေးချမ့်အတွက်လည်း ဘာမှ ဖုံးကွယ်ထားဖို့ မလိုပေ။ အစကတည်းက လင်းချန်းကို ပြဖို့သာ ဗီဒီယိုတွေကို ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူ ဝန်ခံလိုက်ပါသည်။
"ကျွန်တော်ပါ။"