ဝက်ဘ်ဆိုက်ဂိမ်းမှ မိုဘိုင်းဂိမ်းအဖြစ် ပြောင်းလဲခြင်း စတင်ပြီ
Vol. 17 Ch. 255
လင်းချန်းက အလျင်အမြန် ပြန်ပြောလိုက်ပါသည်။
"ဘော့စ်ဖေး အရမ်းတော်တာပဲ။ အရင်တုန်းက ဒီတိုင်း ငွေကို လျှောက်ကစားကြည့်မလို့လို့ ထင်ထားတာ။ အီလက်ထရောနစ် နယ်ပယ်ထဲ အကောင့်တစ်ခုဖွင့်ပြီး ၂ လတည်းနဲ့ ပရိသတ် ၆၀၀,၀၀၀ လောက် ရသွားမယ်လို့ မထင်ထားဘူး ဒါတွေအကုန်လုံးကို တစ်ယောက်တည်းတောင် လုပ်ခဲ့တာလား။"
"ကြည့်ရတာ ဂိမ်းလောကမှာပဲ ပါရမီပါရုံမဟုတ်ဘဲ မီဒီယာဖန်တီးတဲ့နေရာမှာလည်း အရမ်း ပါရမီရှိတဲ့ပုံပဲ။"
ဖေးချမ့် ရင်ထဲတွင် ရယ်မောလိုက်ပါသည်။
အစကတော့ သူလည်း ငွေယူပြီး လျှောက်ကစားကြည့်ဖို့ ဖြစ်သည်။ သူ့အကောင့်က ဒီလောက်မြန်မြန် ရေပန်းစားသွားလိမ့်မည်ဟု မထင်ထားခဲ့ပါ။
ဖေးချမ့်က ဘာမှ ပြန်မပြောပေ။ သို့သော်လည်း လင်းချန်း၏ နောက်ထပ်မက်ဆေ့ချ်တစ်စောင်က ချက်ချင်း ဝင်လာခဲ့ပါသည်။
လင်းချန်းက ပြောလိုက်၏။ "အဲ့ဒါအပြင် ကျွန်တော့်ရဲ့ အစ်မက ခင်ဗျားကို ကျေးဇူးတင်ခိုင်းလိုက်ပါသေးတယ်။"
ဖေးချမ့် “...”
အလင်းလို အလျှင်ဖြင့် ဖေးချမ့် အရင်တုန်းက ဖတ်ခဲ့ဖူးသော သတင်းကို ပြန်သတိရသွားပါသည်။ လင်းချန်းတွင် အစ်မတစ်ယောက်ရှိ၏။ နာမည်က လင်းယုဖြစ်သည်။ လောလောဆယ် သူမက ရှန်းဟွာကော်ပိုရေးရှင်း၏ ဆဲလ်ဖုန်း လုပ်ငန်းခွဲကို တာဝန်ယူထားသူ ဖြစ်သည်။
သူမကလည်း ဘော့စ်တစ်ယောက် ဖြစ်ပါသည်။
သို့သော်လည်း ဖေးချမ့် ဇဝေဇဝါဖြစ်သွား၏။ လင်းယု၏ ရှန်းဟွာ ဆဲလ်ဖုန်းလုပ်ငန်းခွဲ၏ တာဝန်ရှိသူဖြစ်သည်။ လုပ်ငန်း၏ အဓိက ဗဟိုချက်လို့တောင် ပြောလို့ရပါသည်။ ဖေးချမ့်က သူမနဲ့ ဘာဆိုင်လို့လဲ။
လင်းချန်းက ထပ်ပြော၏။ "ခင်ဗျားရဲ့ ပထမဆုံး ဗီဒီယို ၃ ပုဒ်ကို မှတ်မိသေးလား ဘော့စ်ဖေး"
"ရှန်းဟွာက ဖုန်းတွေပြုလုပ်တဲ့နေရာမှာ အရည်အသွေးမြင့်တဲ့ ကုန်ကြမ်းတွေကိုပဲ အသုံးပြုတယ်။ ဒါပေမယ့် ယုတ္တိတန်တဲ့ Netizen တွေနဲ့ အတုအယောင် Review သမားတွေက ရှန်းဟွာရဲ့ ဆဲလ်ဖုန်းတွေကို နာမည်ဖျက်ဖို့ အစွမ်းကုန်ကြိုးစားနေကြတာဗျ။"
"ကျွန်တော့်ရဲ့ Review သမားတွေလည်း ရှန်းဟွာဆဲလ်ဖုန်းတွေကို Review လုပ်တယ်ဆိုပေမယ့် သူတို့ အမြဲတမ်း သာမန်ရလဒ်တွေပဲ ရကြတယ်။ ဆဲလ်ဖုန်းကို အစကတည်းက ကြိုက်တဲ့လူတွေကတော့ ဆက်ပြီး သဘောကျကြပါတယ်။ ဒါပေမယ့် မကြိုက်တဲ့လူတွေကလည်း ဆက်ပြီး မကြိုက်ကြဘူး။ ရှန်းဟွာရဲ့ ဆဲလ်ဖုန်းတွေအကြောင်း ကြားဖူးနားဝရှိတဲ့လူတွေက အဲ့ဒီ Review သမားတွေကို ရှန်းဟွာက ငှားထားပြီး သူတို့ ဖုန်းတွေကို ချီးကျူးခိုင်းထားတာလို့ ထင်နေကြတာဗျ။"
"ဒါပေမယ့် ဘော့စ်ဖေးရဲ့ အမာခံဝေဖန်ချက်များကတော့ လုံးဝ ခြားနားနေတယ်။ ခင်ဗျားရဲ့ ကြမ်းတမ်းတဲ့ စမ်းသပ်ချက်တွေကြောင့် ရှန်းဟွာ ဆဲလ်ဖုန်းတွေရဲ့ မာကြောမှုက ချက်ချင်း ပေါ်လာတယ်။ တခြား နိုင်ငံခြား ဖုန်းတွေလောက်နီးနီး ကောင်းကြတယ်။"
"ခင်ဗျားက ရှန်းဟွာဆဲလ်ဖုန်းတစ်လုံးကို ဖျက်ဆီးလိုက်တာဆိုပေမယ့် ခင်ဗျားရဲ့ ကြည့်ရှုသူတွေကို အကောင်းဘက်က လွှမ်းမိုးနိုင်ခဲ့တယ်။ ကျွန်တော်လည်း ခင်ဗျားရဲ့ ဗီဒီယိုကို ရှန်းဟွာဆဲလ်ဖုန်း တရားဝင် ပလက်ဖောင်းမှာ တွေ့မိပြီး ဗီဒီယိုထဲက တင်ဆက်သူကို မြင်ဖူးပါတယ်လို့ သတိထားမိသွားတာ။ အဲ့ကျမှ ခင်ဗျားကို ပြန်မှတ်မိသွားတာပဲ ဘော့စ်ဖေး"
"ကျွန်တော့်အစ်မကို အဲ့အကြောင်း ပြောပြလိုက်တော့ သူလည်း အပျော်လွန်သွားတာပဲ။ ခင်ဗျားရဲ့ ဗီဒီယိုတွေအတွက် လေးလေးနက်နက် ကျေးဇူးတင်ပြီး အသိအမှတ်ပြုပါတယ်တဲ့။"
ဖေးချမ့် "..."'
အဲ့လိုဖြစ်ခဲ့တာကိုး။
ဆဲလ်ဖုန်းတစ်လုံးကို ဘာမှမစဥ်းစားဘဲ ဖျက်ဆီးခဲ့ရာမှ ဒီလောက်ရှုပ်ထွေးသည့် သက်ရောက်မှုများ ဖြစ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ပြောရရင် ရှန်းဟွာက ဒီလောက်ကောင်းတဲ့ ဆဲလ်ဖုန်းတွေကို ထုတ်ထားလို့ပါဗျာ။ ကျွန်တော် ဖျက်ဆီးဖို့ လုပ်ခဲ့တုန်းက ဘာမှတောင် သိပ်မစဥ်းစားခဲ့ဘူး..." ဖေးချမ့်က ပြန်ဖြေလိုက်သည်။ "ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ဘော့စ်လင်းက 'အမာခံဝေဖန်ချက်များ' ကို စပွန်ဆာပေးခဲ့တဲ့လူပဲ မဟုတ်လား။"
လင်းယု၏ ကျေးဇူးတင်မှုက ပိုင်ဆိုင်မှုပစ္စည်း ဆုလာဘ်တစ်ခုအနေနဲ့ ရောက်လာမှာကို ဖေးချမ့် ပြောနိုင်သည်။ သို့သော်လည်း လက်ဆောင်ကို လက်ခံဖို့ ဖေးချမ့်မှာ စိတ်ကူး မရှိပေ။
တစ်ဖက်မှာတော့ သူ တကယ်တမ်း ဘာမှ မလုပ်ခဲ့သောကြောင့် ဖြစ်သည်။ သူ့ကို ကမ်းလှမ်းသည့် ပိုက်ဆံကို ယူရမှာ လိပ်ပြာမလုံဖြစ်နေပါသည်။ ထို့အပြင် ဒီတစ်ခေါက် အောင်အောင်မြင်မြင် အရှုံးပေါ်နိုင်သေးသရွေ့ ယွမ် သောင်းဂဏန်းလောက်ကတော့ ဘော့စ်ဖေးအတွက် ပမွှားလေးသာ ဖြစ်သည်။
သူက စနစ်တစ်ခုကို ပိုင်ဆိုင်ထားသော လူတစ်ယောက်ပင်။ တခြားသူတွေဆီက အမြဲတမ်း ငွေရေးကြေးရေး အကူအညီယူနေရမည့်လူ မဟုတ်ပါ။
ဘော့စ်ဖေးက မာနရှိသော ယောက်ျားတစ်ယောက် ဖြစ်၏။
လင်းချန်းက ပြောလိုက်သည်။ "ခင်ဗျားက သဘောကောင်းလွန်းပါတယ်ဗျာ။ ခင်ဗျား ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်ဖြစ်စေ မလုပ်ခဲ့သည်ဖြစ်စေ ဘော့စ်ဖေး ကျွန်တော်တို့အတွက် အများကြီး အကူအညီဖြစ်စေခဲ့တာပဲလေ။ ကျေးဇူးတင်ရမှာပေါ့။ ကျွန်တော့် အစ်မကတော့ ဒီလိုတွေးထားတယ်။ နောက်ပိုင်း ရှန်းဟွာကနေ ထုတ်ကုန်အသစ်ထုတ်တိုင်း ဘော့စ်ဖေးဆီကို တစ်လုံး ချက်ချင်း ပို့ပေးမယ်။ သြော် မဟုတ်ဘူး။ ၂ လုံးပို့ပေးမယ်တဲ့ ဘော့စ်ဖေး။ ဒါမှ တစ်ခုကို သုံးပြီး တစ်ခုကို ဖျက်ဆီးလို့ရမှာတဲ့။"
"အဲ့ဒီအပြင် ဘော့စ်ဖေးကိုလည်း ကျေးဇူးတင်တဲ့အနေနဲ့ ယွမ် ၁၀၀,၀၀၀ ဆုချမယ်တဲ့။ အရင်တစ်ခေါက်က အကောင့်နံပါတ်ထဲပဲ ကျွန်တော် လွှဲပေးလိုက်မယ်နော်။"
"ဘာပဲဖြစ်ဖြစ် ဒီချိန်တောအတွင်း အာ့ဝမ်လေးကိုလည်း သေချာ ဂရုစိုက်ပေးခဲ့တာပဲ။"
အမှန်ပင်။ အားလုံးက ဖေးချမ့် မျှော်လင့်ထားသလို ဖြစ်နေခဲ့ပါသည်။
ယွမ် ၁၀၀,၀၀၀ ဟုကြားလိုက်ရသောအခါ ဖေးချမ့် တုန်လှုပ်သွားပါသည်။ သို့သော်လည်း ချက်ချင်း စိတ်ပြန်ထိန်းလိုက်သည်။
သူ ငွေကို ယူလို့ရသော်လည်း မလိုချင်ပါ။
ဖေးချမ့်က ပြန်ပြောလိုက်၏။။ "ဘော့စ်လင်းက သဘောကောင်းတာပဲ။ လင်းဝမ်ကလည်း ကြိုးစားပါတယ်။ သူ့ကို အထူးတလည်ကြီး ဂရုစိုက်စရာတောင် မလိုဘူး။ သူအောင်မြင်ခဲ့တာတွေ အကုန်လုံးက သူ့ကိုယ်ပိုင်ကြိုးပမ်းအားထုတ်မှုကြောင့်ပဲ။ ဒီပိုက်ဆံကို လင်းဝမ်ကိုပဲ ပေးလိုက်ပါလား။ ဒီအချိန်တောအတွင်း သူက ကျွန်တော့်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို တာဝန်သိသိနဲ့ ကူထမ်းပေးခဲ့တယ်။"
ဖေးချမ့်က အခြေအနေကို အခွင့်ကောင်းယူပြီး လင်းယု သူ့အတွက် ပြင်ဆင်ထားသည့် ယွမ် ၁၀၀,၀၀၀ ကို လင်းဝမ်ဆီသို့ လွှဲပေးဖို့ ကြိုးစားနေခြင်း ဖြစ်သည်။
လင်းဝမ်က မကြာသေးခင်ကမှ အတော်လေး ကြီးမားသော အောင်မြင်မှုတစ်ခုကို ရရှိထားခဲ့၏။ သူမ တစ်ယောက်တည်း ယွမ် ၈ သန်း အရှုံးပေါ်အောင် လုပ်ခဲ့ပါသည်။
ဒီ ယွမ် ၁၀၀,၀၀၀ က လင်းမိသားစုထဲမှာပဲ ပျောက်ကွယ်သွားသင့်သည်။
လင်းချန်းက အတန်ကြာမှ ပြန်ပြောလာခဲ့သည်။ "ဘော့စ်ဖေး ကျွန်တော့်အစ်မနဲ့ အာ့ဝမ်နဲ့ အဆင်သိပ်မပြေကြတာကို သိတယ်မလား။ အခြေအနေကို အခွင့်အရေးယူပြီး သူတို့နှစ်ယောက် ဆက်ဆံရေးကို ပြုပြင်ပေးဖို့ ကူညီချင်တာမလား။"
ဖေးချမ့် “...”
ဘာလဲဟ။ မင်း အတွေးလွန်နေတာပဲ။ ငါအဲ့လိုလုပ်ဖို့ မရည်ရွယ်ထားပါဘူး။
လင်းချန်းက ကိုယ့်ကိစ္စကိုယ်သာ အာရုံစိုက်လိုက်ပြီး ထပ်ပြောလိုက်ပါသည်။ "ဘော့စ်ဖေးက အရမ်းစဥ်းစားတတ်တာပဲ။ ကျွန်တော် ဒါကို အကြောင်းပြချက်အဖြစ် သုံးပြီး ညီအစ်မနှစ်ယောက်ကြားက ဆက်ဆံရေးကို ပြန်ပြုပြင်ပေးလို့ရတယ်။"
"အဲ့လိုဆိုရင်လည်း ခင်ဗျားရဲ့ စေတနာကို ကျွန်တော် မငြင်းတော့ပါဘူး။ ကျွန်တော်တို့ ခင်ဗျားအပေါ် ကျေးဇူးကြွေး ရှိသွားပြီ ဘော့စ်ဖေး။ နောက်ပိုင်း အကူအညီလိုလာခဲ့ရင်လည်း ကျွန်တော်တို့ကို တောင်းဆိုလို့ ရပါတယ်။"
ဖေးချမ့် "...ကောင်းပါပြီ။"
ဘာတွေဖြစ်သွားမှန်း သူ အပြည့်အဝ နားမလည်သော်လည်း လျှို့ဝှက် အဖြစ်အပျက်များစွာကို သွားဆွလိုက်မိပြီဟု ခံစားနေရသည်။
သို့သော်လည်း အများကြီးတော့ ဂရုမစိုက်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် လင်းမိသားစု သူတို့မိသားစု ပြဿနာကို သူတို့ ရှင်းပါစေလား။
ဘော့စ်ဖေးက အရှုံးပေါ်ဖို့ ဘာလုပ်ရမလဲဆိုတာကိုသာ စိတ်ဝင်စားပါသည်။
လင်းချန်းနဲ့ ဖေးချမ့်တို့ ယဥ်ကျေးမှုအရ စကားတချို့ပြောပြီးနောက် စကားဝိုင်းကို အဆုံးသတ်လိုက်သည်။
လင်းချန်း ပြောသွာားသည့် ကိစ္စကို ဖေးချမ့် သေချာစဥ်းစားကြည့်၏။ တစ်ခုခု မှားနေသလို ခံစားနေရသည်။ သို့သော်လည်း နားမလည်နိုင်ပါ။
"လင်းယုနဲ့ လင်းဝမ်တို့က ဆက်ဆံရေး အဆင်မပြေဘူးတဲ့လား။ ဒါပေမယ့် လင်းဝမ်က သူ့အစ်ကိုနှစ်ယောက်နဲ့တော့ အဆင်ပြေတဲ့ ပုံပါပဲ။ ဒါဆို လင်းယုက ဆရာကြီးလင်းနဲ့ ပိုတူတဲ့သဘောလား။ လင်းယုက လင်းဝမ်ကို ဂိမ်းလောကထဲက ထွက်ပြီး အိမ်စီးပွားရေးလုပ်ငန်းကိုပဲ တာဝန်ယူစေချင်တာ ဖြစ်မယ်။"
"ဒါဆို... လင်းယုနဲ့ ငါနဲ့က တစ်ဖက်တည်းကပေါ့။ နောက်ပိုင်းကျရင် ငါတို့ အလုပ် အတူတူ လုပ်ဖို့တောင် အခွင့်အရေး ရလာနိုင်တယ်။"
"ဟုတ်တယ်... ဒီတစ်ခေါက် ငါသူ့အတွက် ကောင်းကောင်း ကူညီပေးလိုက်တယ်လို့ပဲ သဘောထားလိုက်မယ်။"
ဖေးချမ့် အများကြီး ထပ်မစဥ်းစားတော့ပေ။ ထို့အစား အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းမှာ ထပ်ပြီး အနာခံဖို့ ပြန်ကစားလိုက်ပါသည်။
ရှန်းယန်ဂိမ်းတွင်... လင်းဝမ်က Forum ထဲက ပို့စ်များကို ဖတ်ရှုနေဆဲ ဖြစ်၏။
ဂိမ်မာတွေက Bloody Battle Song : ပိုကြမ်းတဲဗားရှင်းမှာ အလွန်သွေးကွဲနေကြသည့်ပုံစံပင်။ တချို့က ကောင်းကင်ဘုံတမျှ ချီးမွမ်းနေကြပြီး တချို့ကတော့ အရူးမျက်ကန်းလို ဝေဖန်နေကြသည်။ တချို့တွေဆို အဆင့်မြှင့်တင်နိုင်ဖို့ အကြံပေးချက်တွေတောင် ထုတ်နေပါပြီ။
သို့သော်လည်း ကစားသမားဟောင်း အများစုကတော့ ဂိမ်းသစ်ကို အားပေးကြသည့်ပုံ။ ကစားသမားများစွာက အကြံပေးချက်များ ကမ်းလှမ်းနေကြသည်။ သို့သော်လည်း နေ့ဝက်လောက် ဖတ်ပြီးတာတောင် အဖိုးတန်သည့် ပို့စ် တစ်ခုမှ မတွေ့ရသေးပါ။
သူမ သက်ပြင်းပျော့ပျော့ ချလိုက်မိသည်။
ကစားသမားတွေက အကြံပေါင်းစုံ ပေးကြသော်လည်း အများစုက လက်တွေ့မကျသည့် အရာများ ဖြစ်သည်။
ဒီလိုအဓိပ္ပာယ်မရှိသည့် အကြံပြုချက်များကို စဥ်းစားရင်း အချိန်ဖြုန်းနေမည့်အစား လင်းဝမ်က ဘော့စ်ဖေး ပြောခဲ့သည့်အရာကို စဥ်းစားတာ ပိုကောင်းပါလိမ့်မည်။ သူ့စကားလုံးတွေထဲက နက်ရှိုင်းသည့် အဓိပ္ပာယ်ကို သူမ နားလည်ချင်သည်။
"ဘောစ့်ဖေးပြောသွားတာက အချိန်တန်ရင် အခြေအနေပြောင်းလဲသွားလိမ့်မယ်တဲ့။ ဒါပေမယ့် Bloody Battle Song : ပိုကြမ်းတဲ့ ဗားရှင်းရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်လာမှာလဲ။"
"အချိန်တန်ရင်ဆိုတာ ဘယ်တော့လဲ။ ဘယ်တော့မှ ရောက်မလာရင် ဘယ်လိုလုပ်မလဲ။ အဲ့ကျရင် ငါက ဘာလုပ်ရတော့မလဲ။ ဒီဂိမ်းကို ဒီတိုင်းဆက်ပြီး အရှုံးပေါ်ခွင့်ပြုထားရမှာလား" လင်းဝမ်က သူမ စိတ်ထဲမှာ အတွေးပေါင်းစုံ တိုက်ခိုက်နေသဖြင့် ခေါင်းကိုက်လာခဲ့ပါသည်။
ဘော့စ်ဖေးက သူမကို လမ်းကြောင်းတစ်ခု ပြခဲ့သော်လည်း လမ်းကြောင်းက အလွန်အမင်း ဝေဝါးနေသည့်ပုံစံပင်။ ဒီနေရာကစပြီး ဘယ်လိုဆက်လုပ်ရမှန်း သူမ မသိတော့ပါ။
ဒါရိုက်တာတစ်ယောက်အနေဖြင့် သူမ ပခုံးပေါ် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကျလာသလို ခံစားလိုက်ရပြန်ပါသည်။
လင်းဝမ် ရင်ထဲ ပဋိပက္ခဖြစ်နေချိန် ဖုန်းသံမြည်လာ၏။ လင်းချန်း ဖုန်းဆက်ခြင်း ဖြစ်သည်။
"ဟမ် အစ်ကိုကြီး ဘာဖြစ်လို့လဲ။"
လင်းဝမ်က သူမအတွေးများ နှောင့်ယှက်ခံလိုက်ရသဖြင့် အနည်းငယ် စိတ်တိုသွားသည်။
လင်းချန်းက ပြုံးလိုက်၏။ "ဘာမှ မဟုတ်ပါဘူး။ ငါတို့အစ်မကြီးက ဘော့စ်ဖေးကို ကျေးဇူးတင်တဲ့အနေနဲ့ ယွမ် ၁၀၀,၀၀၀ ပေးတာ ဘော့စ်ဖေးက နင့်ကိုပဲ လွှဲပေးလိုက်ဖို့ ပြောတယ်။ နင့်အကောင့်နံပါတ် မပြောင်းရသေးဘူးမလား။ ခဏနေရင် နင့်အကောင့်ထဲ ငါလွှဲပေးလိုက်တော့မယ်။"
လင်းဝမ် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်းဆိုသလို ငြင်းဆန်လိုက်သည်။
"ငါ မလိုချင်ပါဘူး။ ငါ့ပိုက်ဆံငါ အခု ရှာနိုင်နေပြီ။ လင်းယုရဲ့ ပိုက်ဆံဆို ပိုတောင် မလိုချင်ဘူး။"
"အဲ့ဒီပိုက်ဆံက ဘော့စ်ဖေးအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာဆို။ ဘာဖြစ်လို့ ငါ့ကို လွှဲပေးနေတာလဲ။"
လင်းချန်းက အမြန်ရှင်းပြလိုက်ပါသည်။ "နင်က အလုပ်အရမ်းကြိုးစားနေပြီး ကုမ္ပဏီအတွက် တော်တော်လေး အထောက်အကူပြုပေးလို့ဆိုပြီး ဘော့စ်ဖေးက ထင်နေတာ။ အဲ့တာကြောင့် နင့်ကို ငွေလွှဲပေးခိုင်းလိုက်တာလေ။ ဘော့စ်ဖေးရဲ့ စေတနာကို မငြင်းနဲ့နော်။"
"ပြီးတော့ နင်နဲ့ ငါတို့အစ်မကြီးရဲ့ ကြားက သူစိမ်းဆန်တဲ့ ရန်ပွဲကို ဆက်မဖြစ်စေချင်တော့ဘူး။ ဘော့စ်ဖေးက နင်တို့နှစ်ယောက် ဆက်ဆံရေးကို ပြန်ပြုပြင်ပေးလို့ရအောင် ဒီငွေကို လွှဲပေးခိုင်းလိုက်တာပဲ။”
လင်းဝမ်က ပို၍ပင် မပျော်မရွှင်ဖြစ်သွားရသည်။ "အစ်ကိုကြီး နင်အတွေးလွန်နေပြီထင်တယ်။ ဘော့စ်ဖေးက အဲ့ ယွမ် ၁၀၀,၀၀၀ လောက်ကို စိတ်ထဲတောင် မထည့်လို့ပဲနေမှာ။ လင်းယုက တော်တော်လွန်တာပဲ။ သူများကို ကျေးဇူးတင်တဲ့နေရာမှာတောင် တွန့်တိုလိုက်တာ။"
"ဘာပဲဖြစ်ဖြစ် ငါ ငွေမလိုဘူး။ နင်ပဲ သိမ်းထားလိုက်။"
လင်းချန်း ဆွံ့အသွားသည်။ "နင်ငွေမယူလည်း ရပါတယ်။ တခြားဟာ တစ်ခုခု တောင်းဆိုကြည့်လိုက်လေ။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကမှ ငါတို့အစ်မကြီးနဲ့ ငါ ညစာစားခဲ့သေးတယ်။ သူလည်း နင့်အတွက် တကယ် ဂရုစိုက်တယ်ဆိုတာ ငါပြောရဲတယ်။ ခေါင်းမာနေတာကို ရပ်လိုက်ပါတော့။"
လင်းဝမ် ခေတ္တ ရပ်တန့်သွား၏။ "ငါ သိပါတယ်။ ဒါပေမယ့် ငါတကယ် ဘာမှ မလိုအပ်ဘူး။ ဒီမှာ ငါ့ကို အရမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေးကြတယ်။ လစာနဲ့ ဘောနပ်စ်တွေနဲ့တင် ငါသုံးမလောက်ဖြစ်နေပြီ။ နင့်စေတနာကို နားလည်ပါတယ်။ ငါတို့အစ်မကြီးကို ငါ့အစား ကျေးဇူးတင်ပေးပါ။"
"အဲ့လောက်ကြီး အဆုံးအဖြတ် မမြန်ပါနဲ့ဦး" လင်းချန်းက ခေတ္တ စဥ်းစားလိုက်ကာ ပြောလိုက်ပါသည်။ "နင်က ဂိမ်းကုမ္ပဏီမှာ လုပ်နေတာနော်။ ငါထင်တာ မမှားဘူးဆိုရင် ငါတို့ အစ်မကြီးရဲ့ ဆဲလ်ဖုန်းလုပ်ငန်းက သူတို့ရဲ့ App Store ပြန်တည်းဖြတ် Edition တစ်ခုကို ပြင်ဆင်နေကြတာ။ ထန်းတာ့ရဲ့ ဂိမ်းတချို့ကို App Store ပေါ်မှာ တင်ပေးချင်လား။ ဘော့စ်ဖေးကို ကျေးဇူးတင်တဲ့အနေနဲ့ ထောက်ခံချက်နေရာတွေမှာ တင်ပေးလို့ ရတယ်။"
လင်းဝမ် ခေါင်းခါလိုက်သည်။ "ရပါတယ်။ မိုဘိုင်းဂိမ်းတွေပဲဥစ္စာ။ ငါတို့မှာ မိုဘိုင်းဂိမ်းက တစ္ဆေစစ်သူကြီးဂိမ်းတစ်ခုပဲ ရှိတယ်။ ပြီးတော့လည်း ကစားသမားအရေအတွက်က တည်ငြိမ်နေပြီ။ ရေပန်းစားမှုကို ထပ်ပြီးမြှင့်တင်ပေးလို့တော့ ရမယ် မထင်ဘူး။"
လင်းချန်းက ပြန်ပြောလိုက်သည်။ "မိုဘိုင်းဂိမ်းဖြစ်မှ မဟုတ်ဘူးလေ။ တခြားဂိမ်းတွေကိုလည်း မိုဘိုင်းဗားရှင်း ပြောင်းလိုက်လို့ ရတာပဲ။ ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ ကိုယ်ပိုင် ထောက်ခံချက်နေရာတွေမှာ တင်ပေးခံရမှာနော်။ မသုံးရင် နှမြောစရာကြီးဟ။"
"မိုဘိုင်းဂိမ်းတွေက ပြန်ပြီး ခေတ်ထလာပြီလို့ ကြားမိတယ်။ ရှန်းဟွာဆဲလ်ဖုန်း သုံးစွဲသူတွေကလည်း အများကြီး။ အဲ့ဒီ ထောက်ခံချက်နေရာကွက်တွေက အရမ်း အသုံးဝင်လိမ့်မယ်။"
ဟင်...။ တခြားဂိမ်းတွေကို မိုဘိုင်းဗားရှင်း ပြောင်းလိုက် ဟုတ်လား။
လင်းဝမ်၏ ဦးနှောက်ထဲဲ အကြံတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ သူမ တစ်ခုခုကို နားလည်သွားသည့်ပုံပင်။ ဘော့စ်ဖေး အရင်က ဘာပြောသွားတာလဲ။ သူတို့ Bloody Battle Song : ပိုကြမ်းတဲ့ဗားရှင်း ရေပန်းစားလာဖို့ အချိန်မှန်ကို စောင့်ရမယ်တဲ့။
သူပြောတာ လုံးဝ မှန်ကန်သည်။ ဂိမ်းရဲ့ ကိန်းဂဏန်းတွေက ဘာလို့ ဒီလောက်ဆိုးရွားနေရတာလဲ။ အဘယ့်ကြောင့်ဆိုသော် အခုအချိန်က Mini-client များ ခေတ်ထချိန်မဟုတ်သောကြောင့်ဖြစ်သည်။ အခုလောလောဆယ် ဝက်ဘ်ဆိုက်ဂိမ်းတွေတောင် ဂိမ်းလောကထဲမှာ စတင် ကျဆင်းလာချိန် ဖြစ်နေသည်။ ခေတ်ရေစီးကြောင်းကို ဆန့်ကျင်သည့် ဆန်းသစ်သော ဝက်ဘ်ဆိုက်ဂိမ်းများ ဖန်တီးဖို့ မျှော်လင့်ချက်က လက်တွေ့မကျလှပါ။
သို့သော်လည်း မိုဘိုင်း ဂိမ်းများကတော့ မတူပေ။ ၎င်းတို့က စတင်ပြီး ခေတ်စားလာပြီဖြစ်သည်။
အချိန်တန်ရင်ဆိုတာ ဘယ်တော့လဲ။ မိုဘိုင်းဂိမ်းများအတွက် အချိန်တန်ချိန်ဖြစ်ပါသည်။
ဝက်ဘ်ဆိုက်ဂိမ်မာတွေကလည်း Bloody Battle Song : ပိုကြမ်းတဲ့ဗားရှင်း ၏ 370MB Mini-client ကို ဒေါင်းလုတ်ဆွဲဖို့ အခက်တွေ့နေသည်။ သို့သော် မိုဘိုင်းဂိမ်မာတွေကကော။
သူတို့ကတော့ ထိုကဲ့သို့ ပြဿနာမျိုးရှိမည် မဟုတ်ပေ။ 200 - 300 MB ရှိသည့် မိုဘိုင်းဂိမ်းတွေ ရှိနေပြီးသားဖြစ်သည်။ ဂိမ်မာတွေက ထိုကဲ့သို့ ဂိမ်းတွေကို မလန့်ကြပေ။ ထို့အစား အများကြီး သဘောကျတတ်သည်။
Bloody Battle Song : ပိုကြမ်းတဲ့ဗားရှင်းကို မိုဘိုင်ဂိမ်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ခြင်းက Mini-client ပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်မှာ မဟုတ်လား။
လင်းဝမ်ချက်ချင်းပဲ စိတ်အားထက်သန်သွားပြီး ပျော်ရွှင်စွာ အော်လိုက်ပါသည်။ "အစ်ကိုကြီး နင့်အကြံ တကယ်ကောင်းတယ်။ နောက်ဆုံးတော့ ဘော့စ်ဖေး ဘာကို ဆိုလိုလဲဆိုတာ ငါနားလည်သွားပြီ။"
လင်းချန်းက ပြန်ပြောလိုက်၏။ "ဟမ်"
"ငါတို့အစ်မကြီးကို မိုဘိုင်းဂိမ်းတွေအတွက် ထောက်ခံချက်နေရာကွက် တချို့ ချန်ထားပေးဖို့ ပြောလိုက် ငါတို့ဂိမ်းကို မိုဘိုင်းဗားရှင်း ထုတ်ဖို့ ဘယ်လောက်ကြာမလဲ ငါ့လူတွေကို မေးလိုက်ဦးမယ်။"
လင်းဝမ် ဖုန်းချလိုက်ပြီး အလင်းလို အမြန်နှုန်းနဲ့ တခြားသူတွေကို အစည်းအဝေး ခေါ်ယူလိုက်ပါသည်။
ရှန်းယန်ဂိမ်း၏ အစည်းအဝေးခန်းထဲတွင်.... အားလုံးရောက်လာတာနဲ့ လင်းဝမ်က လိုရင်းကို တန်းပြောလိုက်ပါသည်။ "ကျွန်မတို့ဂိမ်းကို မိုဘိုင်းဂိမ်းအဖြစ် ပြောင်းလဲမယ်ဆိုရင် အချိန်ဘယ်လောက်ကြာနိုင်မလဲ။"
အားလုံး ဇဝေဇဝါဖြစ်သွားကြသည်။ အချိန်ခဏလောက်အထိ ဘာပြန်ပြောရမှန်း မသိကြတော့ပေ။ မိုဘိုင်းဂိမ်းအဖြစ် ပြောင်းမယ် ဟုတ်လာား။ သူတို့ ဘာလို့ မိုဘိုင်းဂိမ်းအဖြစ် ပြောင်းရမှာလဲ။ ဒီကုမ္ပဏီထဲက ဘယ်သူကမှ မိုဘိုင်းဂိမ်း ဖန်တီးရာတွင် အတွေ့အကြုံ မရှိကြပါ။
အားလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း ဘာလုပ်ရမလဲ လမ်းပျောက်နေသည်။ လင်းဝမ် ဘာကြောင့် ဒီလိုမေးခွန်း မေးရသလဲ ဘယ်သူမှ နားမလည်ကြပေ။
နောက်ဆုံးတော့ ဝမ်ရှောင်းပင်က ပြောလိုက်သည်။ "မိုဘိုင်းဂိမ်းအဖြစ် ပြောင်းလဲဖို့က... သိပ်ပြီး မခက်ပါဘူး။"
"တကယ်တော့ ဂိမ်းလောကထဲမှာ ဝက်ဘ်ဆိုက်ဂိမ်းတွေကို မိုဘိုင်းဂိမ်းတွေအဖြစ် ပြောင်းလဲလိုက်ကြတဲ့ ဖြစ်ရိုးဖြစ်စဥ်တွေ ရှိခဲ့ဖူးတယ်။။ ဝက်ဘ်ဆိုက်ဂိမ်းတွေက ဟာ့ဒ်ဝဲ မြင့်မြင့်တွေ မလိုအပ်သလို မိုဘိုင်းဂိမ်းတွေကလည်း မလိုအပ်ဘူး။ ကျွန်တော်တို့ Client တစ်ခုလုံးကို ပြောင်းလဲပစ်လိုက်လို့ရတယ်။"
"ပြီးတော့ ကျွန်တော်တို့ရဲ့ Mini-client က 370MB တောင် ရှိတယ်။ ဒါက မိုဘိုင်းဂိမ်းတွေအတွက်တော့ လက်ခံနိုင်တဲ့ အတိုင်းအတာ တစ်ခုပဲ။ ကျွန်တော်တို့ရဲ့ ပန်းချီအရင်းအမြစ် ဘာညာကိုလည်း ချုံ့ဖို့ မလိုတော့ဘူး။ အရမ်း အဆင်ပြေသွားလိမ့်မယ်။"
"တစ်ခုတည်းသော ပြဿနာက ဝက်ဘ်ဆိုက် ဂိမ်းတွေနဲ့ မိုဘိုင်းဂိမ်းတွေအကြားက လုပ်ငန်းဆောင်တာတွေရဲ့ ကြီးကြီးမားမား ခြားနားချက်ပဲ။ ဝက်ဘ်ဆိုက်ဂိမ်းတွေအတွက် မောက်စ်ကို သုံးပြီး မိုဘိုင်းဂိမ်းတွေအတွက်က ဖန်သားပြင်ကိုပဲ သုံးရမှာ။ ဂိမ်းကစားပုံနဲ့ UI ကိုလည်း လိုအပ်တဲ့ ချိန်ညှိမှုတွေ လုပ်ရဦးမယ်။"
"အဲ့ဒီအပြင် ကျွန်တော်တို့ထဲက တစ်ယောက်မှ မိုဘိုင်းဂိမ်း ဖန်တီးတဲ့နေရာမှာ အတွေ့အကြုံ မရှိကြဘူး။ ဂိမ်းကို မိုဘိုင်းဂိမ်းတစ်ခုအဖြစ် ပြောင်းလဲချင်တယ်ဆိုရင် ကျွန်တော်တို့ အခုရေပန်းစားနေတဲ့ ဂိမ်းတွေကို ကစားကြည့်ပြီး သင်ယူမှ ရမယ်။"
"အချိန်အရဆိုရင်... အားလုံး အလုပ်ကြိုးစားမယ်ဆိုရင်တော့ အလွန်ဆုံး ၂ ပတ်အတွင်းမှာ ပြီးအောင် လုပ်နိုင်မယ်ထင်တာပဲ။ နှေးမယ်ဆိုရင်တော့ ၁ လအတွင်း ပြီးနိုင်လိမ့်မယ်။"
လင်းဝမ်က ခေါင်းငြိမ့်လိုက်၏။ ဒီအဖြေကို သူမ ကျေနပ်မှုရှိပါသည်။
သူတို့ အချိန်မှီလုပ်နိုင်လောက်သည်။
လင်းဝမ်က လည်ချောင်းရှင်းလိုက်၏။
"အားလုံးပဲ ကျွန်မ ရဲရဲတင်းတင်း အကြံပြုစရာရှိပါတယ်။ ကျွန်မအစောပိုင်းက ဘော့စ်ဖေးနဲ့ စကားသွားပြောခဲ့တယ်။ ကျွန်မတို့ဂိမ်းက အဆင်ပြေနေပြီး ဘာပြောင်းလဲမှုမှ လုပ်စရာ မလိုဘူးလို့ ဘော့စ်ဖေးက ပြောလိုက်ပါတယ်။ ကျွန်မတို့က အချိန်မှန်ကို စောင့်ဖို့ပဲ လိုတယ်တဲ့။ အခုက ဘယ်လိုအချိန်မျိုးလဲ။ ဝက်ဘ်ဆိုက်ဂိမ်းတွေ ကျဆင်းနေပြီး မိုဘိုင်းဂိမ်းတွေက မြင့်တက်နေတဲ့ အချိန်လေ။ ဒါက အချိန်မှန်ပဲပေါ့။"
"ဘော့စ်ဖေးက ကျွန်မတို့ကို ခေတ်ရေစီးကြောင်းနဲ့အညီ လိုက်တတ်ဖို့ အရိပ်အမြွက်ပေးနေတာပဲ။ မိုဘိုင်းဂိမ်းတွေ ရေပန်းစားလာတဲ့ ခေတ်ရေစီးကြောင်းနဲ့ လိုက်သွားမယ်ဆိုရင် ကျွန်မတို့ဂိမ်းလည်း ရေပန်းစားမလာနိုင်ဘူးလား။ ပြီးတော့ ကျွန်မတို့ရဲ့ ဂိမ်းကို ဗားရှင်း၂ ခုထုတ်လို့ရတာပဲ။"
"ကျွန်မတို့ မိုဘိုင်းဗားရှင်းကို ထုတ်ပြီးတာနဲ့ လူတွေက ဖုန်းပေါ်မှာလည်း ကစားလို့ရသလို ကွန်ပျူတာပေါ်မှာလည်း Mini-client ကို ဒေါင်းလုတ်ဆွဲပြီး ဆက်ကစားလို့ရဦးမယ်။ ကျွန်မတို့က ဒီပလက်ဖောင်း နှစ်ခုစလုံးမှာ ကစားသမားတွေနဲ့ ထိတွေ့နိုင်မယ်ဆိုတော့ အားသာချက်တွေ အများကြီး ရသွားမှာပေါ့။"
လင်းဝမ် ဒီလိုတောက်ပသည့် အနာဂတ်အကြောင်းကို ဖော်ပြလိုက်သည့်အခါ အားလုံး နားလည်စပြုလာသည်။
အဓိပ္ပာယ်ရှိပါသည်။
သူတို့ ဒီလမ်းကြောင်းကို အရင်တုန်းက မစဥ်းစားမိခဲ့ခြင်းမှာ သူတို့ ကျွမ်းကျင်သည့်အရာကြောင့် အကန့်အသတ်ရှိနေသဖြင့် ဖြစ်သည်။ အားလုံးက အစကတည်းက ဝက်ဘ်ဆိုက်ဂိမ်းများကိုသာ ဖန်တီးခဲ့ကြသည်။ ထို့ကြောင့် သူတို့ထဲကဘယ်သူမှ ဝက်ဘ်ဆိုက် ဂိမ်းတစ်ခုကို မိုဘိုင်းဂိမ်းတစ်ခုအဖြစ် ပြောင်းလဲဖို့ မတွေးမိကြခြင်း ဖြစ်ပါသည်။ Bloody Battle Song : ပိုကြမ်းတဲ့ဗားရှင်းက အရည်အသွေးမြင့်သည်။ တစ်ခုတည်းသော ပြဿနာက သာမန်ဝက်ဘ်ဆိုက်ဂိမ်မာတွေက Mini-client ကို ဒေါင်းလုတ်ဆွဲချင်ကြမှာ မဟုတ်ခြင်းပင်။
သဘာဝကျသည့် ဖြေရှင်းချက်တစ်ခုကတော့ သာမန် ဝက်ဘ်ဆိုက်ဂိမ်မာတွေကို စွန့်လွှတ်ပြီး မိုဘိုင်းဂိမ်မာတွေဘက် ခုန်ကူးဖို့ ဖြစ်ပါသည်။
သူတို့ သာမန်ဝက်ဘ်ဆိုက်ဂိမ်းနယ်ပယ်ထဲမှာ မည်သည့် အားသာချက်မှ မရှိပါ။ သို့သော်လည်း မိုဘိုင်းဂိမ်းနယ်ပယ်ထဲမှာတော့ အားသာချက် ကြီးကြီးမားမား ရှိပါသည်။
ဒီမိုဘိုင်းဗားရှင်းသာ တကယ်တမ်း ရေပန်းစားလာပါက သူတို့ ဝက်ဘ်ဆိုက်ဂိမ်မာတွေကိုလည်း ၎င်းတို့၏ Mini-client ဖြင့်ထိတွေ့ဖို့ ကြိုးစားမည်ဖြစ်သည်။ ဒီပလက်ဖောင်းနှစ်ခုစလုံးမှာ ဂိမ်းကိုကစားနိုင်သည့်အချက်က ချက်ကောင်း ဖြစ်သည်။
ဒီအစီအစဥ်က အဓိပ္ပာယ်ရှိပါသည်။
ယဲ့ကျစ်ကျိုးက စိတ်အားထက်သန်စွာ ခေါင်းငြိမ့်လိုက်သည်။ "စမ်းကြည့်သင့်တယ်လို့ ကျွန်တော်လည်း ထင်တယ် မိုဘိုင်ဂိမ်းတစ်ခုအဖြစ် ပြောင်းလဲလိုက်တာက Mini-client ကို အပိုင်းတွေခွဲတာထက် ပိုပြီး လက်တွေ့ကျတယ်။ ဒါစိတ်အချရဆုံး နည်းလမ်းဖြစ်မယ်ထင်တယ်။"
ဝမ်ရှောင်းပင်ကလည်း ခေါင်းငြိမ့်လိုက်သည်။ "အင်း အဓိပ္ပာယ်ရှိတယ်။ ငါတို့အရင်တုန်းက မိုဘိုင်းဂိမ်းတွေ တစ်ခါမှ မလုပ်ဖူးပေမယ့် မိုဘိုင်းဂိမ်းတွေက သာမန်ဝက်ဘ်ဆိုက်ဂိမ်းတွေထက်တောင် အမျာားကြီး ပိုရိုးရှင်းသေးတယ်။ ငါတို့ လေ့လာမှုတချို့လုပ်မယ်ဆိုရင် ငါတို့ဂိမ်းရဲ့ လုပ်ဆောင်ချက်တွေကို မိုဘိုင်းတွေအတွက် သင့်လျော်အောင်လုပ်ဖို့ မခက်လောက်ဘူးဆိုတာ သေချာပါတယ်။”
လင်းဝမ် ဝမ်းသာသွားပါသည်။ "ဒါဆို ဆုံးဖြတ်လိုက်ပြီနော်။ Bloody Battle Song : ပိုကြမ်းတဲ့ဗားရှင်းကို ဝက်ဘ်ဆိုက်ဂိမ်းတစ်ခုကနေ မိုဘိုင်ဂိမ်းအဖြစ် ပြောင်းလဲမှု စတင်ကြမယ်။"