နယ်ရုပ်တွေသာ ဒီကမ္ဘာကို စိုးမိုးတယ် (ခ)
Vol. 38 Ch. 571
သူတို့၏ အသက်စွမ်းအင်က ငွေ့ငွေ့သာ ရှိသည်။ ကွင်းပြင်ကြီးတစ်ခုလုံးတွင် သူတို့၏ အသက်စွမ်းအင်နှင့် ကျင့်ကြံခြင်းအခြေခံများကို အဆက်မပြတ် စုပ်ယူနေသော ကြောက်မက်ဖွယ် အစီအရင်ကြီးလည်း ရှိနေသည်။
“ဒီကမ္ဘာမှာ တခြားစည်းမျဉ်းလဲရှိနေတယ်။ အဲဒါက ပြန်လည်ဖန်တီးခြင်းပဲ”
“နယ်ရုပ်တွေ သတ်လို့ သေသွားတဲ့ သူတွေနဲ့ ဒီနေရာမှာ သေသွားတဲ့သူတွေက တစ်လတစ်ခါ ပြန်လည်ဖန်တီးခြင်းဖြစ်စဉ်မှာ ပြန်ပြီး ရှင်သန်ကြတယ်။ ဒါတွေအပြင် သူတို့ရဲ့ မှတ်ဉာဏ်အစိတ်အပိုင်းတွေနဲ့ မှတ်တမ်းတင်ထားတဲ့ အရာတွေဟာ အပြီးတိုင် ဖျက်ပစ်ခြင်း ခံရတယ်”
“အကြိမ်ပေါင်းများစွာ သေပြီးတဲ့နောက် သူတို့က မှတ်ဉာဏ်တွေ အားအင်တွေ မရှိတော့တဲ့ လမ်းလျှောက်နေတဲ့ အသားတုံးကြီးတွေ ဖြစ်လာကြတယ်။ သူတို့က ဒေသငယ်တားမြစ်ဓမ္မရတနာအတွက် စွမ်းအင်အရင်းမြစ် ဖြစ်လာတယ်”
“မင်းသိလား ရွှီချင်း။ အကျဉ်းသားတွေအဖို့ နာကျင်မှုက မှတ်ဉာဏ်တွေက လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှတ်ဉာဏ်တွေက ပစ္စုပ္ပန်နဲ့ ခြားနားလာလို့ပဲ။ ဒါက ဝမ်းနည်းဖို့ သိပ်ကောင်းတယ်”
“ဒါပေမဲ့လည်း တစ်ချိန်ထဲမှာပဲ မှတ်ဉာဏ်ဆိုတာ သူတို့ရဲ့တစ်ခုထဲသော ပိုင်ဆိုင်မှုလည်း ဖြစ်တယ်။ ဒါက အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိပြီး သူတို့ရဲ့လွတ်လပ်ခွင့် ဆုံးရှုံးသွားပြီးတဲ့နောက်မှာ အရာအားလုံးကို ထောက်ပံ့ပေးနေတဲ့အရာ ဖြစ်တယ်။ ဒါကြောင့် တဖြည်းဖြည်းနဲ့ သူတို့မှတ်ဉာဏ်တွေ ဆုံးရှုံးလာခြင်းက သူတို့ကို ပိုပြီး ကြောက်ရွံ့လာစေလိမ့်မယ်”
“ဒါပေမဲ့ သူတို့က အာခီမီဆေးလုံးအတွက် မတိုက်ခိုက်ဘဲ ဝိညာဉ်စွမ်းအင်ကို ပြန်မဖြည့်ရင် သူတို့က ပိုပြီးတောင် မြန်မြန်သေလိမ့်မယ်။ ဒါ့ကြောင့် သူတို့က တစ်ခါသေပြီး အကြိမ်ပေါင်းများစွာ မသေဖို့ အခွင့်အရေးနဲ့ လဲဖို့ မတွန့်ဆုတ်ကြတာပဲ”
“သူတို့ ရေငတ်ပြေဖို့ အဆိပ်သောက်တာဆိုရင်သေချာပေါက် အရမ်း ခံစားလို့ ကောင်းလိမ့်မယ်”
တစေလက်က ရက်စက်စွာ ပြုံးသည်။
ရွှီချင်း ခေါင်းညိတ်သည်။ သူသည် အတိတ်က လေ့ကျင့်ရေးကတည်းကပင် ဤနယ်ရုပ်အိုကြီး၏ အကျင့်စရိုက်များကို နားလည်ခဲ့ပြီး ဖြစ်သည်။
ထိုအခိုက်အတန့်တွင် သူ့အကြည့်က ဝေ့တိုက်သွားပြီး အနည်းငယ် ကွဲပြားနေသော ပြည့်ကြပ်နေသည့် နေရာတစ်ခုကို ရုတ်တရက် ကြည့်လိုက်သည်။
ထိုနေရာရှိမြေပြင်သည် နီရဲနေပြီး ကွင်းပြင်အရောင်နှင့် ကွဲပြားနေသည်။ ကောင်းကင်မှ ကွက်ကွက်ကွင်းကွင်း မြင်နေရသည်။
ထိုနေရာတွင် အကျဉ်းသား ၄၀အထက် ခြေချိတ်၍ ထိုင်နေကြသည်။ သူတို့အားလုံးသည် ကျွမ်ရှင်းမျိုးနွယ်မှ ဖြစ်ကြသည်။
သူတို့ထဲကတစ်ယောက်ကို ရွှီချင်း အရင်က မြင်ဖူးသည်။
၎င်းလူသည် အတိတ်တွင် သူ့ကို များစွာသော မျိုးနွယ်တို့၏ သေစေနိုင်သော အားနည်းချက်များအကြောင်း တစေလက် ရှင်းပြစဉ် စမ်းသပ်ခံနမူနာ အဖြစ် ခေါ်လာခဲ့သော သူဖြစ်သည်။
“မျိုးနွယ်စုသုံးခုက မဟာမိတ်ဆက်ဆံရေး ရှိကြတယ်။ ဒါ့ကြောင့် ငါတို့ လုပ်နိုင်တာ ဘာမှ မရှိဘူး။ ဒီကျွမ်ရှင်းမျိုးနွယ်စုတွေကို ပြန်မလွှတ်ခင် အများဆုံး ဆယ်နှစ်ထိပဲ ချုပ်ထားလို့ရတယ်”
ရွှီချင်းအကြည့်ကို သတိပြုမိသည်တွင် တစေလက်သည် သေရည် နောက်တစ်မော့ မော့လိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“ဒီလိုအချိန်တိုလေးအတွင်းမှာ မှတ်ဉာဏ်တွေ အများကြီး ဖျက်ပစ်ရတာက အရမ်းခက်ပေမဲ့ ဒါက နည်းနည်းတော့ အသုံးဝင်နေတုန်းပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်သုံးရာလောက်က ကျွမ်ရှင်းမျိုးနွယ်နဲ့ မိတ်ဖက်ဆက်ဆံရေး မပျက်စီးရအောင် ဒေသအကြီးအကဲက ကျွမ်းရှင်းမျိုးနွယ်အကျဉ်းသားတွေရဲ့ မှတ်ဉာဏ်တွေကို ဖျက်မပစ်ဖို့ အမိန့်ထုတ်လိုက်တယ်”
“အဲဒီနောက်ကစလို့ ဒီနေရာက ကျွမ်ရှင်းမျိုးနွယ်အကျဉ်းသားတွေကို ဝိညာဉ်ကျောက်တုံးအနေနဲ့ ကာလတိုပဲ သုံးရတော့တယ်”
ရွှီချင်း ခေါင်းညိတ်လိုက်သည်။ သူက ရုံးတော်သခင်ပြောဖူးသော ကျွမ်ရှင်းအင်မော်တယ်မျိုးနွယ်၏စက္ကောမရုပ်များနှင့် ပတ်သက်သော လျှို့ဝှက်တာဝန်အကြောင်း တွေးလိုက်မိသည်။
“စီနီယာတစေလက် ကျွမ်ရှင်းမျိုးနွယ်အင်မော်တယ်စက္ကောမတွေနဲ့ တိုက်ခိုက်ဖူးလား”
ရွှီချင်းမေးသည်။
“အင်မော်တယ်စက္ကောမရုပ်လား။ ငါ အရင်က တိုက်ခိုက်ခဲ့ဖူးပေမဲ့ အဲဒီအရာက တော်တော် ထူးဆန်းတယ်။ တကိုယ်လုံးက ဓာတ်နှောတွေနဲ့ ဖုံးလွှမ်းထားပြီး ထိခိုက်စေဖို့ တော်တော် ခက်တယ်။ သူ့ကိုယ်သူလည်း ပြန်ပြုပြင်နိုင်သေးတာ”
တစေလက်ပြောပြီးသည့်နောက် သူက ရွှီချင်းကို ကြည့်သည်။
“မင်း အင်မော်တယ်စက္ကောမရုပ်တွေကို စိတ်ဝင်စားတာလား”
ရွှီချင်း ခေါင်းညိတ်သည်။
“ဒါဆိုရင် မင်း လက်ထောက်ဒေသအကြီးအကဲဆီက အကြံဉာဏ်ယူဖို့ ငါ တိုက်တွန်းတယ်။ တစ်ခါက သူ ကျွမ်ရှင်းမျိုးနွယ် အင်မော်တယ်စက္ကောမရုပ်တွေကို လေ့လာဖူးတယ်လို့ ငါ ကြားလိုက်တယ်”
“ဒီအကြောင်း ထားလိုက်တော့။ သွားကြစို့။ ရှေ့မှာ ဒီလိုနေရာတွေ အများကြီး ကျန်သေးတယ်”
တစေလက် ရှေ့ဆက်လျှောက်သည်။
ရွှီချင်း နောက်မှ လိုက်သည်။
သူတို့နှစ်ဦးသည် အံအားသင့်ဖွယ်အရှိန်နှင့် ၎င်းကွင်းပြင်ကို ဖြတ်၍ ပျံသန်းလိုက်ကြပြီး ပင်လယ်ကြီးနှင့် ခြောက်သွေ့နေသော တောအုပ်ကို မြင်လိုက်ရသည်။
တစေလက် ရံဖန်ရံခါ ကြဲချသော အာခီမီဆေးလုံးများကြောင့် အစောကကဲ့သို့ ပေါက်ကွဲထွက်လာသော သေရေးရှင်ရေး စစ်ပွဲများစွာနှင့် အသက်စွမ်းအားများကို စုပ်ယူသော အစီအရင်များကိုပါ ရွှီချင်း မြင်တွေ့ခဲ့ရသည်။
လမ်းတစ်လျှောက်ရှိ နယ်မြေဂ၏နယ်ရုပ်များကိုလည်း သူ မြင်တွေ့ခဲ့ရသည်။ ၎င်းလူများသည် နေရာအသီးသီးတွင် တာဝန်ကျနေပြီး တစေလက်ကို မြင်သောအခါ လေးစားစွာ နှုတ်ဆက်ကြသည်။
တစေလက်၏မိတ်ဆက်ပေးမှုအောက်တွင် နယ်မြေဂမှ ၎င်းနယ်ရုပ်များသည်လည်း ရွှီချင်းဆီသို့ အကြည့်ရောက်သွားပြီး အသာ ခေါင်းညိတ်ပြကြသည်။ သို့သော်လည်း သူတို့အများစု၏အမူအရာမှာ အေးစက်နေသည်။
“နောက်ပိုင်း မင်းက ဒီနေရာရဲ့လောကစည်းမျဉ်းတွေကို ခုခံနိုင်သွားပြီး တစ်ဦးထဲ စောင့်ကြပ်နိုင်သွားတဲ့အချိန်ကျရင် သူတို့က မင်းကို အလိုလို လက်ခံလာလိမ့်မယ်။ လက်ရှိမင်းကတော့… မလုံလောက်သေးဘူး”
“ပြီးတော့ သူတို့ ဘာလို့ ငါ့ကို လေးစားကြတယ် ထင်လဲ။ ငါက ဒီကမ္ဘာရဲ့ ထောင်မှူးဖြစ်နေလို့ မဟုတ်ဘူးနော်။ ဒီကောင်တွေ အကုန်လုံးက ရိုးတွင်းခြင်ဆီထဲကနေ မောက်မာတာ။ ငါ့ထက် ကျင့်ကြံခြင်းအခြေခံ မြင့်တဲ့ သူတွေတောင် ပါတယ်”
တစေလက်က သေရည်တစ်ကျိုက် သောက်လိုက်ပြီး သူ့ကိုယ်သူ ကျေနပ်သော အရိပ်အယောင်များ ထုတ်ဖော်လိုက်သည်။ ထိုကဲ့သို့သော အမူအရာက သူ့ထံတွင် မြင်ရခဲလှသည်။
ရွှီချင်း ထိုစကားကြားသောအခါ စပ်စုလိုသော အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက် သူက တစေလက်ကို ကြည့်လိုက်သည်။
တစေလက်က ရယ်မောလိုက်ပြီး သူ့နဖူးသူ လက်နှင့် ရိုက်လိုက်သည်။
“ငါ့ရဲ့နားလည်နိုင်စွမ်းက သာမန်ပဲ။ ငါက ဝိညာဉ်သူငယ်အဆင့်မှာ နှစ်ပေါင်းရှစ်ရာကျော် ကြာခဲ့တာတောင် ဝိညာဉ်သိုက်ကို မချိုးဖျက်နိုင်သေးဘူး။ ဒါပေမဲ့ ငါက အင်ပါယာဓားကို ငါ့ဘဝမှာ ဘယ်တော့မှ မသုံးခဲ့ဘူး”
“ငါက ဒီဓားကို နှစ်ရှစ်ရာ ပျိုးထောင်ခဲ့တာနော်။ ငါတစ်ကြိမ်သုံးလိုက်တာနဲ့ ဒီအရာက ဘယ်လောက်စွမ်းအားကြီးမယ်လို့ မင်းထင်လဲ”
“နှစ်ရှစ်ရာလား”
ရွှီချင်း လှုပ်ရှားသွားသည်။ အင်ပါယာဓား၏စွမ်းအားကို သူ ကြားဖူးသည်။ ၎င်းကို ကြာရှည်စွာ ပျိုးထောင်သည်နှင့်အမျှ ယင်း၏စွမ်းအားက ကြီးလာလေ ဖြစ်သည်။ တစ်ခါက ဓားကို နှစ်၂၀၀၀ကြာအောင် ပျိုးထောင်ခဲ့သော ဝိညာဉ်သူငယ်ကျင့်ကြံသူတစ်ဦးသည် ဗလာနတ္ထိတစ်ဦးကို သတ်ပစ်ခဲ့ဖူးသည်။
သို့သော် ထိုသည်က မှတ်တမ်းထဲတွင်သာ ဖြစ်ပြီး သူက ကိုယ်တိုင် မမြင်ခဲ့ရပေ။
ယနေ့တွင် သူက အင်ပါယာဓားကို နှစ်၁၀၀၀နီးပါး ပျိုးထောင်ခဲ့သူကို ပထမဆုံးအကြိမ် မြင်ဖူးလိုက်သည်။
၎င်းက အောင်မြင်ရန် အလွန် ခက်ခဲသည်။ အဆုံးတွင်တော့ ကျင့်ကြံသူတိုင်းသည် သေခြင်းရှင်ခြင်း တိုက်ပွဲများကို ခပ်စိပ်စိပ် ကြုံတွေ့ကြရသည်။ ထိုကဲ့သို့ အရေးကြီးသော အခိုက်အတန့်များတွင် သူတို့က ရွေးချယ်စရာမရှိ ဓားကို ထုတ်သုံးကြရသည်။
သူတို့က ဓားကို အကြာကြီး ပျိုးထောင်လိုပါက ကြီးမားသော အခွင့်အလမ်းတစ်ခုနှင့် ကံကောင်းရန် လိုအပ်ပေသည်။
ရွှီချင်းအမူအရာကို သတိပြုမိသည်တွင် တစေလက်မျက်နှာရှိ ကိုယ့်ကိုယ်ကို ကျေနပ်မှုများက ပိုများပြားလာသည်။
“နယ်ရုပ်တစ်ယောက်အနေနဲ့ ငါ့ဓားက ဒီကမ္ဘာကို ကာကွယ်ဖို့ပဲ”
“ငါက ဒီအကြောင်း စဉ်းစားခဲ့တယ်။ ငါ့ရဲ့သက်တမ်းက ကုန်ခါနီးနေပြီ။ ငါက နယ်ရုပ်တစ်ယောက်အဖြစ် အကြာကြီး ရှိနေတော့မှာ မဟုတ်ဘူး။ ငါက အပြင်ထွက်ပြီး ငါမကြိုက်တဲ့ စွမ်းအားကြီး လူသားမဟုတ်တဲ့ မျိုးနွယ်တစ်ယောက်ကို ရှာသတ်ပြီး ငါတို့ လူသားမျိုးနွယ်အတွက် ခြိမ်းခြောက်မှု တစ်ခုကို ရှင်းလင်းပစ်ရမယ်။ ဒီနည်းနဲ့ ငါက အချည်းနှီး အသက်ရှင်တာမျိုး မဟုတ်ဘဲ ငါ့ရဲ့သေဆုံးမှုက တန်ဖိုးတချို့ ရှိသွားလိမ့်မယ်”
ထိုစကားကို ရွှီချင်းကြားသောအခါ အထင်ကြီးသော အကြည့်တစ်ခု သူ့မျက်နှာတွင် ပေါ်လာပြီး သူ၏လေးစားမှုကို ပြသရန် တစေလက်ကို ဦးညွတ်လိုက်သည်။
သိသာစွာပင် နှစ်ပေါင်းရှစ်ရာကျော် ပျိုးထောင်လာခဲ့သော ဤဓားချက် ရှိနေခြင်းက တစေလက်ကို လုံးဝ ကျေနပ်စေသည်။ ရွှီချင်း အလွန်လေးစားနေသည်ကို ကြည့်လျက် သူက ရယ်မောလိုက်ပြီး နောက်ထပ် သေရည်တစ်ကျိုက်ကို အားရပါးရမော့လိုက်ကာ ပျော်ရွှင်စွာ ရှေ့သို့ ဆက်လျှောက်သည်။
ထိုသို့နှင့် မျက်စိတစ်မှိတ်အတွင်း နာရီပေါင်းများစွာ ကုန်ဆုံးသွားသည်။ တစေလက်၏လမ်းညွှန်မှုအောက်တွင် ရွှီချင်းသည် ၎င်းအကျဉ်းထောင်ကမ္ဘာနှင့် ပိုမိုရင်းနှီးလာခဲ့သည်။ သူတို့နှစ်ဦးသည် ခရီးစဉ်ကို အဆုံးသတ်လိုက်ပြီး အကျဉ်းထောင်ဌာနသို့ ပြန်ရန် ပြင်ဆင်လိုက်ကြသည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် တစေလက်သည် သူ၏ခေါင်းကို ရုတ်တရက်လှည့်လိုက်ပြီး အောက်ရှိ မြေပြင်ကို ကြည့်လိုက်သည်။ သူ့မျက်နှာ မည်းမှောင်သွားသည်။
သူကြည့်လိုက်သည်က ခြောက်သွေ့နေသော တောအုပ် ဖြစ်သည်။ များပြားလှသည့် ခြောက်သွေ့နေသော သစ်ပင်များကြားတွင် မိုးထိုးနေအောင် မြင့်မားသော သစ်ပင်ကြီး တစ်ပင် ရှိနေသည်။ ၎င်းအပင်၏ပင်စည်သည်လည်း ခြောက်သွေ့နေသော်လည်း ထူထဲနေဆဲပင်။ အိုမင်းသောမျက်နှာသည်လည်း ၎င်းပေါ်တွင် ရှိနေသည်။
ထိုအခိုက်အတန့်တွင် ၎င်းမျက်နှာမှ မျက်လုံးများသည် အစိမ်းရောင်မျက်လုံးများ ထုတ်ဖော်လျက် ဖြည်းညှင်းစွာ ပွင့်လာသည်။ ၎င်းက ကောင်းကင်ပေါ်မှ ကောင်းကင်ပေါ်ရှိ ရွှီချင်းနှင့် တစေလက်ကို ကြောက်ရွံနေသော အရိပ်အယောင်များနှင့် ကြည့်သည်။
“မင်းရှိနေတဲ့ နေရာကနေ ထွက်မသွားဖို့ မပြောခဲ့ဘူးလား။ မင်းက တကယ်ပဲ အမိန့်ကို လွန်ဆန်ပြီး ဒီနေရာကို ရွှေ့လာတာပဲ”
ကောင်းကင်တွင် တစေလက်၏အမူအရာသည် မည်းမှောင်နေပြီး သူက အေးစက်စွာ ပြောသည်။
ထို့နောက်တွင် သူသည် သစ်ပင်ကို လက်ညှိုးထိုးပြပြီး ၎င်းကို ရွှီချင်းနှင့် မိတ်ဆက်ပေးသည်။
“သူ့ကို မှတ်ထား။ သူက မူလသစ်ပင်လူသားမဟုတ်ပေမဲ့ အကျဉ်းထောင်ဌာနတစ်ခုလုံးမှာ တစ်ဦးထဲသော သစ်ဝိညာဉ်မျိုးနွယ်ဝင်ပဲ”
“သူ့မျိုးနွယ်က လက်ရှိမှာ သာမန်ပဲ ဆိုပေမဲ့ အတိတ်တုန်းက ထူးခြားတယ်”
တစေလက် ဖြည်းညင်းစွာ ပြောသည်။
ရွှီချင်းက သစ်ဝိညာဉ်မျိုးနွယ်ဝင်ကို စိုက်ကြည့်ပြီး အကဲခတ်လိုက်သည်။
“ရှေးဘုရင်ရွှမ်ယုံ မတိုင်မီက ရှေးဝိညာဉ်မျိုးနွယ်က ဆင်းသက်လာတဲ့ ရှေးဘုရင်ဝိညာဉ်မျှော်စင်က ဝမ်ယုကုန်းမြေကို စုစည်းခဲ့တယ်။ အဲဒီအချိန်မှာ ရှေးဟောင်းဝိညာဉ်မျိုးနွယ်က ဝမ်ယုကုန်းမြေမှာ အားကောင်းတဲ့ မျိုးနွယ်ဖြစ်ပြီးတော့ ကောင်းကင်ကြမ္မာမျိုးနွယ်လို့တောင် ခေါ်ကြတယ်”
“သူတို့အမိန့်အောက်က ဒြပ်စင်ဝိညာဉ် ငါးခုမှာ သူတို့ရဲ့ကိုယ်ပိုင်မျိုးနွယ် ရှိတယ်”
တစေလက် တည်ငြိမ်စွာ ပြောသည်။
“ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့က နိမ့်ပါးသွားခဲ့တယ်။ ရှေးဟောင်းဝိညာဉ်မျိုးနွယ်သွေးမျိုးဆက်က ပျောက်ကွယ်လုနီးပါး ဖြစ်သွားပြီး သူတို့အောက်က ဝိညာဉ်ငါးခုမျိုးနွယ်ကလဲ ကွဲပြဲသွားကြတယ်။ သစ်ဝိညာဉ်မျိုးနွယ်စု အကြွင်းအကျန်အုပ်စုပဲ ငါ့ရဲ့ဖုန်းဟိုင်ဒေသငယ်ထဲမှာ အသက်ရှင်ကျန်နေခဲ့တယ်။ သူတို့က နူးညံ့တဲ့အကျင့်စရိုက် ရှိကြတယ်။ တခြားသူတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေကြတယ်”
“သူက အဲဒီအုပ်စုက တစ်ယောက်ဆိုပေမဲ့ သူ့ရဲ့စရိုက်က သူ့မျိုးနွယ်နဲ့ မတူဘူး။ သူက အရမ်းသွေးဆာတယ်။ နှစ်ပေါင်း ၃၀၀ အကြာက ဒီကောင်က နေရာတိုင်းကို ပရမ်းပတာ ဖြစ်စေခဲ့လို့ ငါက ဖမ်းပြီး ဒီမှာ ချုပ်ထားလိုက်တာ”