← Chapters

ထိန်းချုပ်မရတော့ခြင်း

Vol. 36 Ch. 527

ထိန်းချုပ်မရတော့ခြင်း

Vol. 36 Ch. 527

သူတို့၏ ကလေးကို ဆုံးရှုံးရသည့် သောကဝေဒနာထဲ နစ်မြုပ်နေသည့် လူများသည် အလွန်အမင်း စိတ်နှလုံး ပျော့ပျောင်းကြသည်။ ထို့ကြောင့်ပင် မျှော်လင့်ချက် နည်းနည်းလေး ရှိရုံနှင့် သူတို့ ဆက်တိုက် ကြိုးစားကြခြင်း ဖြစ်သည်။ ရေနစ်နေသည့်လူက နောက်ဆုံးသော ကောက်ရိုးမျှင်ကို ဖမ်းဆုပ်ချင်သကဲ့သို့ပင် သူတို့သည် လွယ်လင့်တကူ လှည့်စားခံကြရလေသည်။

ထိုသို့ စိတ်နှလုံးသား ပျော့ပျောင်းသူများသာ နောက်ထပ်တစ်ကြိမ် လှည့်စားခံရပါက ဆိုးရွားသော မြင်ကွင်းတစ်ခု ဖြစ်လာလိမ့်မည်ဟု ကြိုတင်ခန့်မှန်းနိုင်ပေသည်။

အဘွားအို စိုးရိမ်ပူပန်နေသကဲ့သို့ပင် သူမ၏ ဘဝက အတော်လေး ဆိုးရွားနေပြီ ဖြစ်သည်။ အကယ်၍ လျှိုစန်းရွှေသာ သူမထံမှ နောက်ထပ် ယွမ်လေးသောင်းကို လိမ်လည်သွားပါက သူမ၏ လက်ကျန်ဘဝကို ဘယ်လို ဆက်နေရတော့မည်နည်း။ သူမ စုထားသောငွေက စုစုပေါင်း ယွမ်လေးသောင်းသာ ရှိနိုင်လောက်သည်။ သူမ၏ မျှော်လင့်ချက်မှာ ထိုပိုက်ဆံကိုသုံး၍ သူမမြေးကို ကယ်တင်လိုခြင်း ဖြစ်သည်။ သူမ ပိုင်ဆိုင်သမျှ အားလုံး ဆုံးရှုံးရခြင်းက သူမအတွက် ပြင်းထန်သော ထိုးချက်တစ်ခု ဖြစ်လာပြီး သေချာပေါက် ဆောက်တည်ရာမရ ဖြစ်သွား နိုင်စေသည်။

လူငယ်ပင် ၎င်းကို ခံနိုင်ရည် မရှိသဖြင့် အဘွားအိုဆိုလျင် ဆိုဖွယ်မရှိတော့ပေ။

ထိုသို့သော ထိုးနှက်ချက် အဘွားအိုအတွက် သေစေနိုင်လောက်သည်အထိ ဖြစ်နိုင်ပေသည်။

သူခိုးများတောင်မှ လိုက်နာတတ်သည့် စည်းကမ်းများ ရှိသင့်ပေသည်။ သူတို့ ဘာပဲလုပ်ပါစေ လူ့အသက်ကိုတော့ ရန်မပြုသင့်ပါ။

ရဲ့လင်းချန်၏ မျက်လုံးထဲတွင် လျှိုစန်းရွှေ၏ အပြုအမူက အမာတဲရာစု မျိုးရိုးဗီဇထက် ပို၍ ရွံစရာ ကောင်းပေသည်။ ထိုသူသည် လူတို့၏ ရင်ထဲမှ နောက်ဆုံးသော မျှော်လင့်ချက်ကို အသုံးချနေခြင်း ဖြစ်သည်။ ယင်းက သူတို့ကို စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုတစ်ခု ဖြစ်အောင် လုပ်နေသည်နှင့် အတူတူပင်။

“လူလိမ် ဟုတ်လား၊ ငါက ပုံမှန် ကုမ္ပဏီကကွ၊ မင်းကသာ လူလိမ်”

လျှိုစန်းရွှေက နီရဲနေသော မျက်လုံးများနှင့် အော်ဟစ်လေသည်။

“ဒါဆိုရင် ရဲတွေ ထွက်လာတာကို စောင့်ကြတာပေါ့၊ အဲ့အခါကျရင် ဘယ်သူက လူလိမ်လဲ ငါတို့ သိရမှာပဲ”

ရဲ့လင်းချန်က အေးအေးလူလူနှင့် စကားကို ပုံမှန်အတိုင်း ပြောလိုက်သည်။

သူသည် အလွန် တည်ငြိမ်နေသော်လည်း လျှိုစန်းရွှေက မတည်ငြိမ်နိုင်ပါ။ သူ့လက်များမှ အရိုးများသည် လုံးဝ နေရာလွဲနေပြီး နာကျင်မှုက လှိုင်းလုံးကဲ့သို့ တလိပ်လိပ် တက်လာ၏။ သူ့ခန္ဓာကိုယ်သည် အချိန်တိုအတွင်း ချွေးစေးများဖြင့် ရွှဲနစ်နေ၏။

“နှောင့်ယှက်တဲ့ကောင်၊ လူရမ်းကား”

လျှိုစန်းရွှေက နာကျင်ကာ ဒေါသတကြီးနှင့် အော်ဟစ်လေသည်။

“ကျွန်တော်က ခင်ဗျားတို့ကို စိတ်ရင်းနဲ့ ကူညီချင်တာပေါ့၊ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ သံသယကိုပဲ ပြန်ရလိမ့်မယ်လို့ ကျုပ် လုံးဝ ထင်မထားမိဘူး၊ ကျုပ် ခင်ဗျားတို့ ကလေးတွေကို လိုက်မရှာတော့ဘူး၊ ကျုပ် အမှုတွေ အများကြီး လက်ခံဖူးတယ်၊ အချို့ကလေးတွေဆို လူကုန်ကူးသူတွေဆီမှာ အဖမ်းခံထားရတာ၊ သူတို့ လက်တွေ ခြေတွေက ကျိုးနေပြီးတော့ လမ်းဘေးမှာ အတင်း တောင်းစားဖို့ အခိုင်းခံရတယ်၊ ပြီးတော့ အချို့ကလေးတွေဆို အဖမ်းခံရ ပြီးတာနဲ့ ဆင်းရဲမွဲတေတဲ့ တောင်ပေါ်ဒေသနေရာတွေကို ကလေး သတို့သမီးတွေအဖြစ် ခေါ်သွားခံရတယ်၊ အဲ့နေရာက သူတို့အတွက် အသက်ရှင်နေတာထက် သေသွားတာကမှ ပိုကောင်းမဲ့ နေရာမျိုးတွေ၊ ခင်ဗျားတို့ အားလုံး စောင့်နေလိုက်”

သူ ပြောပြီးသည်နှင့် သူ့ဘေးပတ်လည်မှ လူတိုင်း၏ အမူအရာက ချက်ချင်း အကြီးအကျယ် ပြောင်းလဲ သွားလေသည်။ လျှိုစန်းရွှေသည် သူတို့ရင်ထဲမှ အထိမခံနိုင်ဆုံးသော အချက်များကို ရက်ရက်စက်စက် ထိုးနှက်လေသည်။ မိခင်များဆိုလျင် ချက်ချင်း ငိုကြွေးလာလေသည်။

“မင်း … သူ့ကို လွှတ်လိုက်စမ်း၊ သူက စုံထောက်၊ ငါတို့ ကလေးတွေကို ရှာပေးဖို့ ငါတို့ သူ့ကို အားကိုးဖို့ လိုသေးတယ်”

အဘွားအိုက တုန်ယင်စွာ ပြောလာသည်။

“ဟုတ်တယ်၊ ငါတို့ကလေးက ဒုက္ခရောက်နေတာ၊ သူက လူလိမ် မဟုတ်ဘူး”

“မင်း ဘယ်လိုလုပ် သူ့အပေါ် အဲ့လောက် ရက်စက်နိုင်ရတာလဲ၊ သူက လူလိမ်ဆိုတဲ့ ဘယ်လို သက်သေမျိုး မင်းမှာ ရှိလဲ၊ မင်း ဘာလို့ သူ့ကို ရိုက်နှက်တာလဲ”

“အီးဟီးဟီး … ငါတို့ လုပ်နိုင်တာ ဘာမှမရှိတော့ဘူး၊ ဒါက ငါတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ”

…

လူအများသည် လျှိုစန်းရွှေအတွက် ဝင်ပြောလာပြီး ရဲ့လင်းချန်အား မကျေမချမ်း ကြည့်လာကြသည်။

ရဲ့လင်းချန်သည် ဘာမှမပြောသလို လူတိုင်းကို ကြည့်လည်း မကြည့်ချေ။ သူသည် လက်ကို အသာမြှောက်၍ လျှိုစန်းရွှေ၏ ပါးကို ရိုက်ချလိုက်သည်။

“ဖြောင်း”

ထိုရိုက်ချက်ကြောင့် လျှိုစန်းရွှေ၏ သွားများ ကျွတ်ထွက်သွားသည်။ သူ့ပါးစပ်တွင် သွေးများနှင့် ပြည့်နှက်လာပြီး သူ၏ ထိုပါးတခြမ်းက ချက်ချင်း ရောင်ကိုင်းလာသည်။

“မင်း … မင်း …”

လျှိုစန်းရွှေ၏ အမူအရာက လုံးဝ ပြောင်းလဲသွားပြီး ရဲ့လင်းချန်အား ပြန်ကြည့်၍ နတ်ဆိုးလေလားဟုပင် ထင်မိသွားသည်။ လက်ရှိတွင် သူ တကယ် ကြောက်ရွံ့နေပြီး ရဲ့လင်းချန်သည် တကယ် ထိန်းမရသူဟု ခံစားမိနေ၏။

“မင်း လူတစ်ယောက်ဆီက ယွမ်လေးသောင်း လိမ်ယူတယ်ဆိုရင် ဒီမှာ ကလေးပျောက်နေတဲ့ မိသားစုက ငါးဆယ်လောက် ရှိတယ်၊ ဒါက အနည်းဆုံး နှစ်သန်းလောက်ပဲ၊ မင်းက တစ်ညတည်းနဲ့ ဒါတွေ အကုန်ရပြီးရင် ထွက်ပြေးမှာပဲ၊ ဒါက ဈေးရောင်းရတာထက်တောင် ပိုကောင်းသေးတယ်”

ရဲ့လင်းချန်၏ မျက်နှာက တည်ငြိမ်နေပြီး သူတို့ကိုယ်စား လျှိုစန်းရွှေအား စာရင်းရှင်းပေးနေသည်။

“ဒီရိုက်ချက်က အားလုံးအတွက် အစားရိုက်ပေးတာ”

ထို့နောက် သူသည် လက်ကို ထပ်မြှောက်၍ လက်ပြန်ရိုက်ချလိုက်သည်။

“ဖြောင်း”

သူ၏ ကျန်ရှိနေသော သွားများ ကျွတ်ထွက်သွားပြီး မျက်နှာတစ်ပြင်လုံး ဖုတ်ထားသော ပေါင်မုန့်ကဲ့သို့ ရောင်ကိုင်းကာ မြေကြီးပေါ်သို့ သွေးများ လွင့်စဉ်လာ၏။ သူ့မျက်လုံးများကိုပင် မမြင်ရတော့ချေ။

လျှိုစန်းရွှေ၏ နှုတ်ခမ်းများက အပေါ်အောက် လှုပ်ရှားနေသော်လည်း စကားမပြောနိုင်ချေ။

“ဒီရိုက်ချက်က အဲ့ဒီကလေးတွေအတွက်ပဲ”

ရဲ့လင်းချန်၏ မျက်လုံးများက အေးစက်မြဲ အေးစက်နေပြီး သူ၏ အေးတိအေးစက် အသံက လူတိုင်းကို ရေခဲရေ လောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရစေသည်။

သူ့ခန္ဓာကိုယ်မှ လူသတ်ချင်သော အငွေ့အသက်သည် တကယ်ကို လူသတ်ချင်နေသည့် အငွေ့အသက်ပင်။ သူ သတ်ခဲ့သော လူအရေအတွက်ကလည်း မနည်းချေ။ သူ၏ အေးစက်သော အရှိန်အဝါက ဘေးလူများကို ကြောက်ရွံ့ သွားစေသလို ရဲ့လင်းချန်၏ စိတ်ထဲမှ ဒေါသကိုလည်း လူတိုင်း ခံစားမိလာသည်။

ဘေးလူများအားလုံး တိတ်ဆိတ် ငြိမ်သက်သွားလေသည်။

ရုတ်တရက် …

“သောက်ပြဿနာရှာတဲ့ကောင် သေပေတော့”

ထိုစဉ် လူတစ်ယောက်သည် ရဲ့လင်းချန်၏ နောက်ကျောသို့ ခိုးကြောင်ခိုးဝှက် လျှောက်လာပြီး လက်ထဲမှ ဓားဖြင့် ရဲ့လင်းချန်၏ ကျောကို ခုတ်လေသည်။

ထိုစက္ကန့်ပိုင်းလေးအတွင်းမှာပင် အပူချန်က ရေခဲမှတ်သို့ ထိုးကျသွားပြီး လူတိုင်း အလိုလို တုန်လှုပ်သွားကြသည်။

ရဲ့လင်းချန်သည် သူ့အနောက်မှ အန္တရာယ်ကို မခံစားမိသကဲ့သို့ သို့မဟုတ် ကြောက်လန့်တကြား ဖြစ်သွားဟန်ဖြင့် မလှုပ်မယှက် ရပ်နေသည်။ ဓားသည် တဖြည်းဖြည်း ပိုနီးလာပြီး ရဲ့လင်းချန်၏ အဝတ်အစားနှင့် အလွန် နီးကပ် လာ၏။ ရဲ့လင်းချန်၏ ကျောပြင်ကို ခုတ်ပိုင်း၍ အပေါက်ကြီး ဖြစ်လာတော့မည်ဟုပင် ထင်မှတ်လေသည်။

ထိုသို့သောအချိန်၌ ရဲ့လင်းချန်၏ ခန္ဓာကိုယ်က တစ်ဖက်သို့ ရွေ့သွားသည်။ ထို့နောက် သူသည် ညာခြေကို မြှောက်၍ ထိုလူ၏ ဝမ်းဗိုက်ကို ကန်ကျောက်လိုက်သည်။

“ဘုန်း”

သူ၏ ပြင်းထန်သော ခွန်အားက မီးတောင်တစ်လုံး ပေါက်ကွဲ၍ မြေဆီလွှာ အက်ကွဲလာသကဲ့သို့ ပြင်းထန်လှသည်။

ထိုလူသည် မသဲမကွဲ အော်ဟစ်မိသွားပြီးနောက် အနောက်သို့ ငါးမီတာမျှ လွင့်ထွက်သွားပြီးမှ ပြန်ပြုတ်ကျ လာသည်။ သူ၏ ဝမ်းဗိုက်မှ နာကျင်မှုက တစ်ကိုယ်လုံးသို့ ပျံ့နှံ့လာသဖြင့် သူ အော်ပင် မအော်နိုင်တော့ချေ။ မြေကြီးနှင့် ပွတ်တိုက်သွားခဲ့သဖြင့် သူ့အဝတ်အစားများ စုတ်ပြဲကုန်ကာ ခန္ဓာကိုယ်၌ ခြစ်ရာများစွာ ဖြစ်ပေါ်လာသည်။ အဆိုပါ မြင်ကွင်းက ထိတ်လန့်စရာ ကောင်းလှသည်။

ရဲ့လင်းချန်က စိုက်ကြည့်နေပြီးနောက် ဖြည်းဖြည်းချင်း ကိုယ်ကိုပြန်မတ်ကာ လည်ပင်းကို လိမ်ချိုး၍ လူအုပ်ကြီး ဘက်ကို လှည့်ကြည့်လိုက်သည်။

ထိုအချိန်တွင် လူတစ်ဒါဇင်ကျော်က လက်ထဲ၌ ဓားများ ကိုင်ထားကြသည်။ သူတို့သည် ရဲ့လင်းချန်အား ရန်လိုသော အမူအရာဖြင့် စိုက်ကြည့်နေပြီး သူတို့၏ အကြည့်များက ရက်စက်ခက်ထန်နေ၏။

“နို့နံမစင်သေးတဲ့ကောင်၊ မင်းကများ ငါ့ကိစ္စတွေကို ဝင်ရှုပ်ရဲတယ်ပေါ့လေ၊ မင်းက သူရဲကောင်း လုပ်ရတာ ကြိုက်တယ် မဟုတ်လား၊ မင်းလုပ်ရပ်အတွက် ပြန်ပေးဆပ်စေရမယ်ကွ”

“ညီအစ်ကိုတို့ သူ့ကို ဆော်ပလော် တီးလိုက်စမ်း”

ထိုလူ တစ်ဦးတစ်ယောက်ချင်းစီက အလွန် ရက်စက်ကြမ်းကြုတ်ပေသည်။ သူတို့သည် လက်ထဲမှ ဓားကို ကျစ်နေအောင် ကိုင်ထားပြီး အကြည့်များက ခက်ထန်နေသည်။ ထို့နောက် သူတို့က ရဲ့လင်းချန်ထံသို့ သည်းကြီးမည်းကြီး ပြေးတက်လာလေသည်။

ဘေးမှလူများသည် ဘာဖြစ်နေလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေပြီး အသည်းအသန် နောက်ဆုတ်ကြသည်။ တစ်ခဏအတွင်းမှာပင် ကြောက်စိတ်၊ စိုးရိမ်စိတ်နှင့် အထိတ်တလန့် ဖြစ်ခြင်း စသည့် ခံစားချက်များ ဖြစ်ပေါ် လာသည်။

“အဲ့ကောင်လေး အဆင်ပြေမှာပါ ဟုတ်တယ်မလား”

“အဲ့လူက တကယ် လူလိမ်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားမိဘူး၊ ပုံပန်းသွင်ပြင်က လှည့်စားလို့ ရတာပဲ၊ သူက လူမဆန်တဲ့ပုံ မပေါက်ပါဘူး”

“ငါတို့ကလည်း စိုးရိမ်လွန်းနေတော့ ယောင်ချာချာ ဖြစ်သွားခဲ့တယ်၊ ငါတို့ အဲ့လူငယ်လေးကို အထင်လွဲမိလုနီးပါးပဲ”

“ဥပဒေက ဘယ်ရောက်နေတာလဲ၊ သူက လိမ်လည်မှု ကျူးလွန်ရုံတင်မကဘဲ ကြံရာပါတွေလဲ ရှိသေးတယ်၊ သူ လွန်နေပြီ”

“အား … သတိထား”

ထိုသို့သောအချိန်၌ လူတိုင်းက ရဲ့လင်းချန်ကို စိုးရိမ်တကြီး ကြည့်နေကြပြီး ဓားတစ်လက်က ရဲ့လင်းချန်ထံသို့ မရပ်မနား ကျရောက်လာ၏။ ထိုမြင်ကွင်းက တကယ်ကို ကြောက်စရာ ကောင်းလှပြီး လူတိုင်း နှလုံးခုန်ထွက် လာတော့မည်ဟု ခံစားနေရသည်။

“မင်းတို့က တကယ်ကို … သေချင်နေတာပဲ”

ရဲ့လင်းချန်က အေးအေးလူလူ လေသံဖြင့် ပြောလိုက်သည်။ ၎င်းအသံသည် မမြင့်သော်လည်း လူတိုင်း၏ နားထဲ၌ မိုးကြိုးသံကဲ့သို့ ကြောက်စရာ ကောင်းသည့် အရှိန်အဝါမျိုး ရှိနေသည်။ အထူးသဖြင့် အခြေအနေကို မြင်နေရသည့် လူများပင်။ သူတို့၏ စိတ်က ပြင်းထန်စွာ တုန်လှုပ်နေပြီး ကြောက်စိတ်က ချက်ချင်း ပေါ်ထွက်လာသည်။

မကြာခင်မှာပင် သူတို့သည် စိတ်အခြေအနေကို ပြန်ပြင်ဆင်၍ ဓားကို ပိုတင်းနေအောင် ကိုင်၍ ပိုအားပြင်းသော ခုတ်ချက်မျိုးဖြင့် ခုတ်ပိုင်းလေသည်။

*အဲ့ကောင်က ငါတို့ကို လက်ဗလာနဲ့ ဘယ်လို တိုက်နိုင်မှာလဲ*

All Chapters