← Chapters

မင်းက ငါ့ကို အပြစ်တင်နေတာလား

Vol. 36 Ch. 528

မင်းက ငါ့ကို အပြစ်တင်နေတာလား

Vol. 36 Ch. 528

တစ်ဒါဇင်မျှသော ဓားများနှင့် ရင်ဆိုင်ရသောအခါ ရဲ့လင်းချန်သည် နောက်ဆုတ်မည့်အစား အရှေ့သို့ လျှောက်လာသည်။

တစ်လှမ်း၊ နှစ်လှမ်း …

သူ၏ ခြေလှမ်းသည် သားကောင်ကို ချောင်းနေသော ကျားတစ်ကောင်ကဲ့သို့ နှေးကွေး၍ တည်ငြိမ်ပြီး သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါသည် ဘေးပတ်ဝန်းကျင်၌ လေပြင်းတိုက်ခတ်လာစေသည်။

“ယီးပဲ သေမင်းက အနားရောက်လာတာတောင်မှ မင်းက ဟန်လုပ်ချင်နေသေးတယ်ပေါ့လေ၊ ငါတို့ ရုပ်ရှင် ရိုက်နေတယ်လို့များ ထင်နေလား”

ရဲလင်းချန်၏ ပုံစံက ဟန်ထုတ်နေပုံ ပေါ်နေပြီး အမုန်းလှိုင်းများကို အောင်မြင်စွာ ဆွဲဆောင်သွားနိုင်ခဲ့သည်။ သူ၏ ချောမောသော ရုပ်ရည်အား လောကအား အထင်သေးတတ်သော ပုံစံနှင့် ပေါင်းလိုက်သောအခါ ယောက်ျားချင်း မျက်မုန်းကျိုးခြင်းကို အလွယ်တကူ ဆွပေးသွားသည်။

ဘေးလူများ ချက်ချင်း ပင့်သက်ရှိုက်မိသွားသည်။ သူတို့သည် ရဲ့လင်းချန်အား အလန့်တကြားနှင့် မယုံနိုင်သလို ကြည့်နေသည်။

အခြေအနေက ပြင်းထန်၍ စိတ်လှုပ်ရှားစရာ ကောင်းနေပြီး တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်၏ သတ္တိကို သူတို့ လေးစားမိသည်။ သူတို့ တစ်ခဏမျှ ငေးငိုင်ကာ ဘာမှမတွေးနိုင် ဖြစ်နေကြသည်။

*နီးလာပြီ*

*သူ ပိုပြီး နီးလာပြီ*

အေးစက်စက် အလင်းတန်းများ ရုတ်တရက် ပေါ်ထွက်လာလေသည်။

လူနှစ်ယောက်သည် ရဲ့လင်းချန်ရှေ့သို့ ပြေးလာပြီး ရက်စက်ခက်ထန်သော အပြုံးများ ပြုံးနေကြသည်။ သူတို့ နှစ်ယောက်လုံးက ဓားကို လွှဲယမ်းလာကြပြီး ရဲ့လင်းချန်အား အချိန်မရွေး ထက်ပိုင်း ပိုင်းနိုင်စွမ်း ရှိသည်ဟု ထင်နေပုံ ရသည်။

“မျိုးမစစ်လေး သေပေတော့”

သူတို့၏ လုပ်ရပ်များက အညှာအတာ ကင်းမဲ့ပြီး ဓားများထံမှ လေတိုးသံများ ထွက်ပေါ်လာသဖြင့် မြင်ကွင်းက အလွန် ကြောက်ရွံ့စရာ ကောင်းပေသည်။

သူတို့အား ချမ်းသာကြွယ်ဝနိုင်မည့် ကိစ္စမှ တားမြစ်လိုက်ခြင်းသည် သူတို့၏ မိဘများကို သတ်လိုက်သည်နှင့် အတူတူပင်။ ထိုသို့သော မုန်းတီးမှုက သူတို့ကို မိုးကောင်းကင်တစ်ခုတည်းအောက်၌ မနေနိုင်သည်အထိ ဖြစ်စေသည်။

ရဲ့လင်းချန်၏ ဝင်ရောက် နှောင့်ယှက်မှုက သူတို့အား စုစုပေါင်း ယွမ်နှစ်သန်းကျော် ဆုံးရှုံးစေခဲ့သည်။ ပိုက်ဆံအား ခွဲဝေယူချင် လူတစ်ယောက်က ယွမ်နှစ်သိန်းနီးပါး ဆုံးရှုံးသွားပေသည်။

ယွမ်နှစ်သိန်းက တစ်ညတည်းနှင့် ပျောက်ကွယ်သွားခဲ့လေပြီ။

ထိုအကြောင်း တွေးမိသည်နှင့် သူတို့၏ မျက်လုံးများက ဒေါသကြောင့် နီရဲလာကာ အသည်း တဆတ်ဆတ် တုန်မိသည်။

သူတို့ကဲ့သို့ လူရမ်းကားများအတွက် ပိုက်ဆံက အရာရာပင်။ သူတို့ ၎င်းအတွက် လက်စားမချေရလျင် မတန်ဟု ခံစားမိနေ၏။

*ရက်စက်တယ်၊ ရက်စက်လွန်းတယ်*

ဘေးလူများ မကြည့်ရက်နိုင် ဖြစ်နေသည်။ လူတော်တော်များများသည် ဘေးကိုသာ ကြည့်နေပြီး ထပ်မကြည့်ရဲ ကြချေ။ တစ်ချို့ဆိုလျင် မျက်လုံးကို လက်ဖြင့် အုပ်ထားကြသည်။

“ချီးပဲ၊ ‌ေ-ာက်ချီးကောင်”

ထိုမြင်ကွင်းကို ကြည့်ပြီး လျှိုစန်းရျွေသည် စိတ်လှုပ်ရှားစွာ အော်ဟစ်ပြီး ရဲ့လင်းချန်အား အလွန် နက်ရှိုင်းသည့် အမုန်းတရားများ ပါဝင်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။ သူ့ပါးစပ်က ‌ရောင်ကိုင်းနေဆဲ ဖြစ်သဖြင့် အသံထွက်က အလွန့်ကို မတိမကျ ဖြစ်နေလေသည်။

ဓား၏ အေးစက်စက် အလင်းရောင်က ရဲ့လင်းချန်နှင့် တစ်ပေမျှသာ ကွာဝေးတော့သည်။

“ချွမ်”

အလွန် ကြည်လင်ပြတ်သား၍ ညင်သာသော အသံက လူတိုင်း၏ နားထဲသို့ ပဲ့တင်ထပ်၍ ဝင်ရောက်လာသည်။

“ဒါက … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဓားကိုင်ထားသောလူသည် အံ့ဩနေပြီး လျှိုစန်းရွှေနှင့် ဘေးလူများသည်နှင့် အံ့အားသင့်နေ၏။

ရဲ့လင်းချန်က လက်ကိုမြှောက်၍ လက်နှစ်ဖက်လုံးမှ လက်နှစ်ချောင်းကိုဆန့်ကာ ဓားနှစ်လက်ကို လွယ်လင့်တကူ မြဲမြဲညှပ်ထားသည်ကို သိသိသာသာ မြင်နေရသည်။

တကယ်ကိုပင် သူက အလွန် လွယ်ကူစွာ ပြုလုပ်သွားခဲ့ပေသည်။ အလွန်တရာမှကို လွယ်ကူလွန်းလှပေ၏။

လူတိုင်း၏ မျက်လုံးထဲတွင် ရဲ့လင်းချန်သည် ဘာအားမှ စိုက်ထုတ်ထားပုံ မရချေ။ သူ၏ အပြုအမူများက ထမင်းစား ရေသောက်ကဲ့သို့ ရိုးရှင်းနေပြီး သူ့မျက်လုံးတွင်း၌ ပြောင်းလဲမှု များများစားစား မရှိချေ။

“လင်း … လင်းရှီ လက်ချောင်းလား”

လူတစ်ယောက်က မနေနိုင်ဘဲ ထအော်လေသည်။

“မင်း … မင်း …”

ထိုလူနှစ်ယောက်လုံး၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး သူတို့၏ မျက်လုံးများက ရုတ်တရက် ငြိမ်သက်သွားသည်။ သူတို့သည် အလွန် အံ့အားသင့်နေပြီး ကြောက်စိတ် ဖြစ်ပေါ်လာသည်ကို ခံစားမိလာသည်။

အကြောင်းမှာ သူတို့ ဘယ်လောက် အားသုံးပါစေ သူတို့၏ လက်နက်များကို ပြန်ဆွဲထုတ်၍ မရကြောင်း သတိပြုမိ သွား၍ ဖြစ်သည်။ ရဲ့လင်းချန်၏ လက်ချောင်းနှစ်ချောင်းက သံကဲ့သို့ မာကျောနေပြီး သူ၏ ခွန်အားက … ကြောက်မက်ဖွယ် ကောင်းလှသည်။

လျှိုစန်းရွှေသည် သရဲတစ္ဆေကို တွေ့လိုက်ရသကဲ့သို့ မျက်လုံး ပြူးကျယ်နေသည်။

ထိုစဉ် ရဲ့လင်းချန်၏ လက်များက လျော့တိလျော့ရဲ ဖြစ်လာပြီး ခန္ဓာကိုယ်ကို အရှေ့သို့ ကိုင်းလိုက်သည်။ သူသည် လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်၍ သူတို့၏ ဝမ်းဗိုက် အလယ်တည့်တည့်ကို အားဖြင့် ထိုးနှက်လိုက်လေသည်။

“အွတ်”

ထိုလူနှစ်ယောက်၏ ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွားပြီး ရဲ့လင်းချန်၏ လက်ပေါ်သို့ ချက်ချင်း ပျော့ခွေကျ လာသည်။ သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်နေသော်လည်း ဘာအသံမှ မထွက်နိုင်ချေ။ ပြင်းထန်သော နာကျင်မှုက သူတို့ကို အပြင်းအထန် တုန်လှုပ်လာစေသည်။

“ဒုန်း”

သူတို့နှစ်ယောက်သည် မြေကြီးပေါ် ပစ်လဲကျသွားပြီး ဗိုက်ကို လက်နှစ်ဖက်ဖြင့် အုပ်၍ လူးလိမ့်နေကြသည်။

ရဲ့လင်းချန်သည် သူတို့ကို ထပ်ပင်မကြည့်ချေ။ သူက လက်တစ်ဖက်မြှောက်၍ အံ့ဩနေသော လူအုပ်ကြီးအား လက်ယပ်ခေါ်လေသည်။

“လာစမ်းပါ”

ထိုလူစု၏ မျက်လုံးတွင် ကြောက်စိတ် ဖြတ်ပြေးသွားပြီး ချီတုံချတုံ ဖြစ်နေကြသည်။

“မင်းတို့ မလာရင် ငါ လာမယ်”

ရဲ့လင်းချန်က လှောင်ရယ်လိုက်သည်။ သူ ခြေလှမ်း လှမ်းလိုက်တိုင်း ခြေလှမ်းတစ်လှမ်းချင်းစီက ဆောင့်နင်းသံ ထွက်ပေါ်လာပြီး မသိလျင် သူက သူတို့၏ နှလုံးသားကို နင်းနေသလိုပင်။

သူ၏ ခြေလှမ်းက မမြန်သော်လည်း သူ ရှေ့တိုးလိုက်တိုင်း ထိုလူစုသည် ဖိအားကို မခံနိုင်ဘဲ မသိမသာ စ၍ နောက်ဆုတ် ကြလေသည်။

“ဒုန်း ဒုန်း ဒုန်း”

ခြေလှမ်းသံများက မှော်မန္တန်သဖွယ် ဖြစ်နေကာ မမြင်ရသော ဖိအားတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံ နေ၏။ ရဲ့လင်းချန်၏ ခြေလှမ်းများက ထိုလူစုကို နင်းချေသကဲ့သို့ ဖြစ်နေပြီး သူတို့၏ နဖူးမှ ချွေးများ တဒီးဒီး ကျဆင်းကာ အသက်ရှူသံ မြန်ဆန်လာသည်။

“သတ်”

“သူ့ကို ချကြ”

နောက်ဆုံးတွင် သူတို့သည် နှိပ်စက်မှုကို သည်းမခံနိုင်တော့ချေ။ သူတို့၏ နဖူးကြောများ ထောင်တက်လာပြီး ညာသံပေး၍ ရှေ့သို့ ပြေးတက်ကြသည်။

ရဲ့လင်းချန်သည် လူနှစ်ယောက်၏ လက်မောင်းကို အသာ ဖမ်းချုပ်၍ လျှပ်တပြက် လိမ်ချိုးလိုက်သည်။

“ဂျွတ်”

သူတို့၏ လက်နှစ်ဖက်လုံး ချက်ချင်း ကျိုးသွားလေသည်။ ရဲ့လင်းချန်က တစ်ချက် ကန်လိုက်သောအခါ ထိုလူ နှစ်ယောက်လုံး မြေကြီးပေါ် ဒူးထောက်ကျသွားသည်။

ထို့နောက် သူသည် မျက်လုံး အသာပင့်ကြည့်၍ လက်တစ်ဖက်ကို မြှောက်ကာ ရှေ့သို့ ပြေးတက်လာနေသည့် လူကို လွှဲရိုက်လိုက်သည်။

“ဖြောင်း”

ကျယ်လောင်သော ရိုက်သံတစ်သံကို ကြားလိုက်ရပြီး ထိုလူ၏ မျက်နှာက ပုံပျက်ပန်းပျက် ဖြစ်သွားလေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လေထဲ မြောက်တက်သွားပြီး အကြိမ် အနည်းငယ်မျှ လည်ထွက်ကာ မြေကြီးပေါ်သို့ သွားအကုန် ကျွတ်ကာ ပြန်ကျလာသည်။ ထိုရိုက်ချက်က သူ့အား ကြက်သေ သေသွားစေ၏။

သူတို့နှင့် ရင်ဆိုင်ပြီးနောက် ရဲ့လင်းချန်က ဆက်၍ တိုက်ခိုက်လေသည်။ ဘယ်သူမှ သူ့ကို မတားနိုင်သလို ဘယ်သူမှလည်း ပြေးမလွတ်ကြပေ။

လမ်းတစ်လျှောက်၌ တဂျွတ်ဂျွတ် အသံများကို အဆက်မပြတ် ကြားနေရသည်။ ရဲ့လင်းချန်သည် သူတို့ကို မသတ်သော်လည်း ညှာတာမှု မရှိချေ။ သူတို့ကို နှိပ်စက်ရန် သူ လုပ်ချင်တာမှန်သမျှ လုပ်နေ၏။

အရာအားလုံး တည်ငြိမ်သွားသောအခါ ဘေးလူများ မှင်တက်နေပြီး ရဲ့လင်းချန်အား ကြောက်လန့်တကြား ကြည့်နေကြသည်။

ဓားကိုင်ထားသော လူများနှင့် ယှဉ်လိုက်လျင် ရဲ့လင်းချန်၏ အပြုအမူက တကယ့် ရက်စက်မှုအား သူတို့ကို ပြသလိုက်သလိုပင်။

ထိုလူတစ်စုသည် သူတို့အမေများပင် မမှတ်မိနိုင်လောက်အောင် မျက်နှာ ဆိုးဆိုးရွားရွား ဖြစ်လျင်ဖြစ်၊ မဖြစ်လျင် ခြေလက်များ လုံးဝ ကျိုးပဲ့သွားလေသည်။ တစ်ချို့ဆိုလျင် မုန့်ကြိုးလိမ်သဖွယ် အလိမ် ခံထားရသည်။ သွေးများက မြေကြီးပေါ်၌ အိုင်ထွန်းနေသဖြင့် ကမ္ဘာပေါ်သို့ ကြေးချွတ်သန့်စင်ဘုံ ရောက်နေသည်ဟုပင် ထင်မှတ်မှားရသည်။

ထိုနာကျင်မှုကြောင့် သူတို့ ဘာအသံမှ မထွက်နိုင်သဖြင့် အော်ပင် မအော်နိုင်ကြချေ။

လျှိုစန်းရွှေသည် အလွန်အမင်း ကြောက်ရွံ့နေလေပြီ။ သူသည် ရဲ့လင်းချန်ကို ကြောက်လွန်း၍ သူ့ကို သတိမထားမိအောင် ခေါင်းကိုငုံ့ထားကာ စိတ်ထဲ၌ ကြောက်စိတ်တို့ ဖုံးလွှမ်းနေ၏။

“ဟူး…”

ရဲ့လင်းချန် စိတ်သက်သာရာ ရသွားသကဲ့သို့ သက်ပြင်းချလိုက်သည်။ သူ့ဒေါသကို ဖြေလျှော့ပြီးနောက် သူ သက်တောင့်သက်သာ ဖြစ်သလို ခံစားလိုက်ရသည်။

“မင်း ကံဆိုးတယ်လို့ ငါ ခုနကတည်းက ပြောခဲ့သားပဲ၊ မင်း အချိန်မရွေး ပေါ်လာလို့ ရရဲ့သားနဲ့ မင်းက ငါ စိတ်မကြည်တဲ့ အချိန်ကျမှ ပေါ်လာတာကိုး”

ရဲ့လင်းချန် ခေါင်းခါလိုက်သည်။

“အခု မင်းဒုက္ခကို မင်း ပြန်ကြည့်ဦး”

လူတိုင်း ဆွံ့အသွားလေသည်။

လျှိုစန်းရွှေသည် ဒေါသထွက်နေသော်လည်း အသံမထွက်ရဲချေ။

*မင်းက သောက်ကျိုးနည်း ဘာကောင်မို့လို့ ငါ့ကို အပြစ်လာတင်နေတာလဲ*

“မင်း … မင်းက ရဲ့နတ်ဘုရားလား”

ထိုသို့သောအချိန်၌ လူအုပ်ထဲမှ မတိုးမကျယ် အသံတစ်သံ ထွက်ပေါ်လာပြီး အခြားသူများအား အလန့်တကြား ဖြစ်သွားစေသည်။ ထိုအခါတွင်မှ လူတိုင်းက ရဲ့လင်းချန်ကို ကြည့်ကြလေသည်။

“သေရောဟေ့၊ တကယ်ကို ရဲ့နတ်ဘုရားပဲ”

“သူက သန်မာလွန်းနေတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ သူက တကယ်ကို ရဲ့နတ်ဘုရားပဲ”

“ရဲ့နတ်ဘုရားက သိပ်ထူးချွန်တာ၊ သူက ရေထဲမှ ဧရာမ စပါးအုံးမြွေကြီးနဲ့ တိုက်ခိုက်ခဲ့တဲ့သူပဲ”

“ရဲ့နတ်ဘုရား ရောက်လာတာကို ကျေးဇူးတင်ရမယ်၊ ဒီလူတွေက တကယ် ရွံဖို့ကောင်းတယ်၊ ဒီလိုအချိန်မျိုးမှာမှ သူတို့က လူတွေကို လိမ်ရဲတယ်ပေါ့လေ၊ သူတို့က တကယ်ကို နှလုံးသား မရှိတာပဲ”

“ရဲ့နတ်ဘုရား၊ ခုနက ငါတို့ ကလေးတွေ အဆင်ပြေတယ်လို့ မင်း ပြောခဲ့တယ်နော်၊ အဲ့ဒါ တကယ်ပဲလား”

…

ညအချိန် မှောင်မိုက်နေသဖြင့် ယခင်က ရဲ့လင်းချန်ကို ဘယ်သူမှ သတိမထားမိကြချေ။ ယခု သူ့ကို သတိထားမိ သွားသည့် အခါမှသာ လူတိုင်းက တအံ့တဩ ပြောလာကြသည်။

သို့သော် အချို့သောသူများက တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသည်။ သူတို့၏ မျက်နှာများက စိတ်ဓာတ်ကျ သုန်မှုန်နေပြီး အခြား ဘယ်အရာကမှ သူတို့အတွက် အရေးမကြီးချေ။ သူတို့ စိုးရိမ်သည့် တစ်ခုတည်းသော အရာမှာ သူတို့၏ ကလေးများသာ ဖြစ်လေသည်။

All Chapters