ဘာတွေဖြစ်နေတာလဲ
Vol. 36 Ch. 529
“အားလုံး စိတ်မပူကြပါနဲ့၊ ခင်ဗျားတို့ရဲ့ ကလေးတွေ သေချာပေါက် အဆင်ပြေတယ်လို့ ကျွန်တော် အာမခံ ပါတယ်”
ရဲ့လင်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
ယခုတစ်ခေါက်တွင် သူ၏ စကားက ပို၍ ယုံကြည်စရာ ကောင်းနေပြီး လူတိုင်း၏ မျက်လုံးများအား တောက်ပ သွားစေပြီး မျှော်လင့်ချက်တို့နှင့် ပြည့်နှက်လာစေသည်။
လူထုက လေးစားသော လူတစ်ယောက်၏ စကားက လမ်းပေါ်မှ ဖြတ်သွားဖြတ်လာ တစ်ယောက်၏ စကားများထက် ပို၍ ယုံကြည်ရပြီး လူတိုင်း အလိုလို ယုံကြည်သွားကြသည်။
“ရဲ့နတ်ဘုရား၊ မင်း … မင်းမှာ အတွင်းသတင်းများ ရှိနေတာလား၊ ငါ … ငါ …”
လူတိုင်းက ရဲ့လင်းချန်ကို စိတ်လှုပ်ရှား၍ စိုးရိမ်ပူပန်သော အကြည့်များဖြင့် ကြည့်လာကြသည်။ သူတို့ ဘာပြောရမလဲမသိ ဖြစ်နေကြလေသည်။
“လူငယ်လေး၊ မင်း တကယ် ပြောနေတာလား၊ ငါ့မြေးက တကယ်ပဲ အဆင်ပြေတာလား”
အဘွားအိုက ရဲ့လင်းချန်၏ လက်ကိုကိုင်၍ တုန်ယင်စွာ မေးလာသည်။
“အမှန်ပါ”
ရဲ့လင်းချန် ခေါင်းညိတ်၍ မေးလိုက်သည်။
“အရမ်းကြီး စိုးရိမ်မနေပါနဲ့၊ ရဲတွေ ရောက်လာတဲ့အထိ စောင့်ပါဦး”
“ကလေး ဘေးကင်းရင် ရပါပြီ၊ သူ အဆင်ပြေရင် ပြီးတာပါပဲ”
အဘွားအိုက တီးတိုး ရေရွတ်နေသည်။
“ကောင်းပြီ၊ ကောင်းပြီ၊ ငါတို့ စောင့်နေမယ်”
အခြားသူများကလည်း စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြီး သူတို့လက်များကို ပွတ်သပ်နေကြသည်။ ထို့နောက် သူတို့သည် စိုးရိမ်ပူပန်မှုကို ဖြေဖျောက်ရန် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။
ထိုသို့သောအချိန်၌ လျှိုစန်းရွှေ၏ ကြောက်လန့်နေသော အကြည့်အောက်၌ ရဲ့လင်းချန်က သူ့အရှေ့သို့ လျှောက်လာပြီး အေးတိအေးစက် ပြုံးနေသည်။
“မင်းမှာ အခြား အဖော်တွေ ရှိသေးလား ပြော၊ လိုက်နေတဲ့ လူမိုက်အဖွဲ့တွေ အားလုံးကို ပြောပြ၊ မဟုတ်လို့ကတော့ … ဘာဖြစ်မလဲ မင်း သိတယ်မလား”
ဆယ်မိနစ် ကြာပြီးနောက် …
“ဝီးဝေါ် ဝီးဝေါ် …”
ရဲကား ဥဩသံများနှင့်အတူ ခပ်လှမ်းလှမ်းမှနေ၍ အနီနှင့် အပြာရောင် မီးအလင်းရောင်များကို တွေ့လိုက်ရသည်။
စုစုပေါင်း ရဲကား သုံးစီး လာနေပြီး မကြာခင်မှာပင် အားလုံးရှေ့၌ ရပ်လာသည်။
“ရဲတွေ ရောက်လာပြီ”
လူအုပ်ကြီးသည် အနည်းငယ် အုံအုံကြွကြွ ဖြစ်နေပြီး ဘေးဘီကို ကြည့်နေကြသည်။ ရဲ့လင်းချန်သာ သူတို့ကို အစောပိုင်းက နှစ်မသိမ့်ထားပါက သူတို့ ချက်ချင်း ပြေးသွားပြီး ရှင်းပြချက် တောင်းမည် ဖြစ်သည်။
“ဆရာ”
ရှုနန်သည် ရဲကားထဲမှ အရင်ဆုံး ပြေးဆင်းလာသူ ဖြစ်ပြီး ရဲ့လင်းချန်၏ အနားသို့ ချက်ချင်း ရောက်လာသည်။ သူမက အလျင်အမြန် ပြောလေသည်။
“ဆရာ၊ ပျောက်နေတဲ့ ကလေးတွေကို ရှင် ရှာတွေ့ခဲ့တာလို့ ကျွန်မ ကြားခဲ့တယ်၊ အဲ့ဒါ တကယ်ပဲလား”
တိတ်ဆိတ်သွားလေပြီ။
လူတိုင်း ကြက်သေ သေသွားပြီး သူတို့၏ ရင်ထဲ၌ ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေကာ သူတို့အား တွေးခေါ်နိုင်စွမ်း ကင်းမဲ့နေစေ၏။
ထို့နောက်တွင်မူ လူအုပ်ကြီးသည် အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။
“ဘာ … သူတို့ကို ရှာတွေ့ပြီလား”
“အီးဟီးဟီး … ဒါ တကယ်လား၊ ငါ့ကို မလိမ်နဲ့နော်၊ ငါ့နှလုံးသားက ထပ်ပြီးတော့ ခံနိုင်ရည် မရှိတော့ဘူး”
“ရဲ့နတ်ဘုရား၊ မင်း တကယ် ရှာတွေ့တာလား၊ ဟူးဟူးဟူး … ငါ မရတော့ဘူး၊ ငါ … ငါ …”
“ကလေးတွေ ဘယ်မှာလဲ၊ ငါ့ကလေး ဘယ်မှာလဲ”
…
အခြေအနေက အုတ်အုတ်ကျက်ကျက် ဖြစ်လာပြီး လူတိုင်းက ရဲ့လင်းချန်ထံ ပြေးလာကြသည်။ သူတို့နှင့်အတူ ကပ်လိုက်လာသော ရဲများက သူတို့ကို တားဆီးလိုက်၍ တော်ပါသေးသည်။ သို့မဟုတ်ပါက လူအုပ်ကြီးအား ဖြေရှင်းရန် အလွန် ခက်ပေလိမ့်မည်။
ရှုနန်သည်လည်း သူမ ပြဿနာ ရှာမိပြီဖြစ်ကြောင်း သတိထားမိပြီး ရဲ့လင်းချန်အား လျှာလေး ထုတ်ပြလေသည်။
သူမသည် အလွန် စိတ်လှုပ်ရှားနေခဲ့သည်။ သူမသည် ရဲ့လင်းချန်ကို တွေ့ရ၍ ပျော်နေရုံတင် မကဘဲ ပျောက်နေသော ကလေးများကိုပါ ရှာတွေ့သဖြင့် အပျော်လွန်နေခဲ့သည်။ ထို့ကြောင့်ပင် သူမ ဘာမှမစဉ်းစားဘဲ ထုတ်ပြောလိုက်မိခြင်း ဖြစ်သည်။
“အဲ့ဒီ လူလိမ်တွေကို မင်း အရင် ဖမ်းသင့်တယ်၊ ငါ သူတို့ရဲ့ အဖော်တွေကို စစ်မေးပြီးပြီ၊ သူတို့ရဲ့ ထွက်ဆိုချက်ကို ယူလိုက်တော့ ပြီးရင် ငါ့ကားကို ရဲစခန်းထဲ မောင်းခွင့်ပေးဦး”
ရဲ့လင်းချန်က ရှုနန်ကို ပြောလိုက်သည်။
“ဟုတ်ကဲ့ ဆရာ”
ရှုနန်က ချက်ချင်း အမိန့်ပေးလေသည်။
လျှိုစန်းရွှေနှင့် အဖွဲ့သည် ဖမ်းဆီးခေါ်ဆောင်သွားခံချိန်၌ သိသိသာသာ စိတ်အေးသွားသကဲ့သို့ သက်ပြင်းချ ကြသည်။ ရဲ့လင်းချန်က သူတို့ကို ပေးသော ဖိအားက ကြီးလွန်းသဖြင့် မသိလျင် သူတို့သည် နတ်ဆိုးလက်ထဲမှ လွတ်မြောက်သွားသကဲ့သို့ ခံစားနေကြရသည်။
ရဲစခန်းတံခါး ပွင့်သွားပြီးနောက် ရဲ့လင်းချန်သည် စစ်သည်တော်ဌာနမှ လူများကို ကားမောင်းရန် ပြောလိုက်သည်။ သူနှင့် ရှုနန်သည် အခြားသူများ နှင့်အတူ နောက်မှ လိုက်သွားလေသည်။
“ကဲ စလိုက်ရအောင်”
ရဲ့လင်းချန်က အသာအယာ ပြောလိုက်သည်။
“အရင်ဆုံး ပျောက်နေတဲ့ ကလေးတွေရဲ့ အချက်အလက် အားလုံးကို စုစည်းပြီးတော့ တစ်ယောက်ယောက်က သူတို့ကို မှားပြီး ခေါ်သွားမိတာမျိုး မဖြစ်အောင် သူတို့ကို စာရင်းမှတ်ထားပေးပါ”
ရဲစခန်းမှ ဝန်ထမ်းများသည် သူ မပြောလည်း စီမံခန့်ခွဲမှုများ စလုပ်နေပြီ ဖြစ်သည်။ လူအုပ်ကြီးမှာမူ အလိုလို ပူးပေါင်း လိုက်လျောကြသည်။ သူတို့ တစ်ယောက်ချင်းစီက ရဲ့လင်းချန်ကို မကြာခဏ ကြည့်နေပြီး စကားပြောရန် တုံ့ဆိုင်းနေကြသော်လည်း မျှော်လင့်ချက်များဖြင့် ပြည့်နေကြလေသည်။
အရာအားလုံး အဆင်သင့် ဖြစ်သွားသည်နှင့် ရဲ့လင်းချန်က ပျောက်နေသော ကလေးများအားလုံး ရှိနေသည့် ကား၏ တံခါးကို ဖွင့်လိုက်သည်။
“အား … ကလေးတွေ”
“ငါတို့ ကလေးလေး၊ ငါတို့ ကလေးလေး အဲ့မှာ ရှိကို ရှိနေရမယ်”
“အီးဟီးဟီး … သူတို့ကို ရှာတွေ့ပြီ၊ သူတို့ကို တကယ် ရှာတွေ့ပြီ၊ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်၊ မြတ်ဗုဒ္ဓကို ကျေးဇူးတင်ပါတယ်၊ ရဲ့နတ်ဘုရားကိုလဲ ကျေးဇူးတင်ပါတယ်”
“အဲ့ဒါ ငါ့ကလေးလေး၊ လက်ကောက်ဝတ်မှာ ရွှေခေါင်းလောင်းလေးနဲ့ ကလေးလေး၊ အဲ့ဒါ ငါ့ကလေး”
“ရဲသားကြီးတို့ ခေါင်းမှာ အနီစက်လေးနဲ့က ငါ့ကလေးပါ၊ အဲ့ဒါ သေချာပေါက် ငါ့ကလေးလေး”
…
“ဒါ ငါ့မြေးလေး၊ ဓာတ်ပုံကို ကြည့်ပါ၊ အဲ့ဒါ ငါ့မြေးလေး”
အဘွားအိုက စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များ ကျလာသည်။ ဓာတ်ပုံကိုင်ထားသည့် သူမလက်က တုန်နေပြီး မျက်ရည်ကျ နေသော်လည်း ဝမ်းသာလွန်းသဖြင့် ပြုံးနေသည်။
“ကျေးဇူး တင်ပါတယ်၊ ကျေးဇူး အများကြီး တင်ပါတယ်”
အဘွားအိုသည် ရဲ့လင်းချန်အား ဘယ်လို ကျေးဇူးတင်ရမလဲမသိ ဖြစ်နေသည်။ တကယ်တမ်းတွင် သူမသည် ရဲ့လင်းချန်အား ဒူးထောက်၍ ကျေးဇူးတင်ချင်နေ၏။
“ကျွန်တော် လက်မခံနိုင်ပါဘူး အဘွား၊ ကျွန်တော် လက်မခံပါဘူး”
ရဲ့လင်းချန်က သူမကို ချက်ချင်း တားမြစ်လိုက်သည်။
“ဒီအတွက် ကျွန်တော် တစ်ယောက်တည်း အမှတ်မရချင်ပါဘူး၊ ကျွန်တော်က ရဲနဲ့ ပူးပေါင်းဆောင်ရွက်ရုံ သက်သက် ပါပဲ”
“မင်းက ငါ့ကို အကူညီဆံးသူပါ၊ မင်းကြောင့်သာ မဟုတ်ရင် ငါ့သားကို ငါ ဘယ်လို မျက်နှာပြရမလဲ မသိတော့ဘူး”
အဘွားအိုသည် ထိုအကြောင်း တွေးမိသည်နှင့် ခြောက်ခြားကာ တုန်လှုပ်သွားလေသည်။
“အခု အားလုံး ပြီးသွားပါပြီ၊ ကလေးကို ရှာတွေ့ပြီပဲ၊ သူနဲ့ ပြန်တွေ့လိုက်ပါဦး”
ရဲ့လင်းချန်က ပြုံးလိုက်သည်။
စုစုပေါင်း ကလေး အယောက် ၆၀ ကျော်ပြီး သူတို့ကို ပြန်ခေါ်ချင်သည့် မိသားစုကလည်း ခြောက်ဆယ် ကျော်သည်။ အသက် နှစ်နှစ်ဝန်းကျင် ကလေးများသည် မှတ်မိရန် လွယ်ကူပြီး တစ်ချက် ကြည့်ရုံနှင့် သူတို့မိသားစုကို ပြောနိုင် ပေသည်။ အခြားသော မွေးကင်းစ ကလေးများမှာမူ ထူးခြားသော သင်္ကေတများ မရှိလျင် စစ်ဆေးရန် မလွယ်ချေ။
အခြေအနေက ဆူညံနေသော်လည်း အရာအားလုံးကို အစီအစဉ်တကျ လုပ်နိုင်ခဲ့သည်။ စာရင်း စစ်ဆေး မှတ်သားခြင်းအား တင်းတင်းကြပ်ကြပ် လုပ်ဆောင်နိုင်ခဲ့လေသည်။
ပျောက်ဆုံးသွားပြီးမှ ပြန်ဆုံစည်းရသည့် ပျော်ရွှင်မှုက တစ်ခန်းလုံး၌ ပြည့်နှက်နေကာ သူတို့ကာ အသာတကြည် ပူးပေါင်း ဆောင်ရွက်ကြသည်။
“ကျေးဇူးတင်ပါတယ် ရဲ့နတ်ဘုရား၊ မင်းကြောင့်သာ မဟုတ်ရင် ငါတို့ မိသားစု ဘယ်လို ရှင်သန်ရမလဲ မသိတော့ဘူး”
စုံတွဲတစ်တွဲက သူတို့ကလေးကို ချီ၍ ရဲ့လင်းချန်အား အလေးအနက် ဦးညွှတ်လာသည်။
အခြားစုံတွဲကလည်း ရဲ့လင်းချန်ကို အရိုအသေ ပေးလာသည်။
“ရဲ့နတ်ဘုရား၊ မင်းက တကယ်ကို စူပါစတား ပုဂ္ဂိုလ်ပါပဲ၊ အခုကစပြီး ငါတို့ တစ်မိသားစုလုံးက မင်းရဲ့ ပရိသတ်တွေ ဖြစ်သွားပါပြီ”
“ငါက တစ်သက်လုံး စူပါစတားတွေကို မမှတ်ထားတတ်တဲ့ လူအိုကြီးပါ၊ ဒါပေမဲ့ အခုကစပြီး ငါက မင်းရဲ့ ပရိသတ် ဖြစ်သွားပါပြီ”
အဘိုးအိုတစ်ယောက်က ပြောလာသဖြင့် လူတိုင်း ရယ်မောမိကြသည်။
“ရဲ့နတ်ဘုရား၊ ငါ မင်းနဲ့ ဓာတ်ပုံ ရိုက်လို့ရမလား”
တစ်စုံတစ်ယောက်က ရုတ်တရက် ကမ်းလှမ်းလာသည်။
“ငါလဲ လိုချင်တယ်၊ ရဲ့နတ်ဘုရား ငါလဲ မင်းနဲ့ ဓာတ်ပုံ ရိုက်ချင်တယ်”
ရဲ့လင်းချန်က ရယ်မော၍ ဂုဏ်ယူစွာ ပြောလိုက်သည်။
“ကောင်းပြီလေ၊ ခင်ဗျားတို့ ဓာတ်ပုံ ရိုက်ချင်တယ်ဆိုရင် အားလုံး အတူတူ ရိုက်ကြတာပေါ့”
“ဆရာ ကျွန်မ ဓာတ်ပုံ ရိုက်ပေးမယ်”
ရှုနန်က ချက်ချင်း လိုလိုလားလား ပြောလာပြီး ကင်မရာကို ထုတ်လိုက်သည်။
ကလစ်ဟူသော အသံကို ကြားလိုက်ရပြီးနောက် ရဲစခန်း၏ အများပြည်သူကို ကူညီပေးခြင်း ဟူသော စာတန်းကို နောက်ခံထား၍ သူတို့ အဖွဲ့လိုက် ဓာတ်ပုံ တစ်ပုံ ရိုက်လိုက်ကြသည်။
ရဲ့လင်းချန်က အလယ်၌ ရပ်နေပြီး မိသားစုများစွာက သူတို့၏ ကလေးများကို ပွေ့ဖက်၍ ရယ်မောကာ ဘေး၌ ဝိုင်းရပ်နေကြသည်။ ယင်းက အလွန် ပျော်ရွှင်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပြီး ကြည့်မိသည့်သူတိုင်း သူတို့ ရင်ထဲမှလာသော ပျော်ရွှင်မှုကို ခံစားမိနိုင်ပေသည်။
စိတ်လှုပ်ရှားမှုများ ပြီးဆုံးသွားချိန်တွင် အရုဏ်ဦး အလင်းရောင် ပေါ်လာလေသည်။ မနက်ခင်း နေရောင်က အလွန် ညင်သာပြီး ကိုယ်ပေါ် ကျရောက်သည်နှင့် နွေးထွေးသွားစေသည်။ ရဲ့လင်းချန်သည် ရဲစခန်းမှ ထွက်လာပြီးနောက် နေထွက်ရာဘက်သို့ မျက်နှာမူ၍ အကြောဆန့်ပြီးနောက် အိမ်သို့ ပြန်လေသည်။
မနေ့ညက ကိစ္စများစွာ ဖြစ်ပျက်သွားခဲ့သည်။ တစ်ညလုံး နိုးနိုးကြားကြား သတိဖြင့် နေခဲ့ရသဖြင့် သူသည် အနားယူရန် လိုအပ်နေပြီး အိမ်ပြန်ရောက်သည်နှင့် အားဖြည့်ရန် လိုအပ်နေသည်။
သူ လမ်းလျှောက်နေစဉ်မှာပင် အကျင့်အရ စနစ်ကို ဝင်ကြည့်မိလိုက်သည်။ တစ်ချက် ကြည့်မိသည်နှင့် တစ်ကိုယ်လုံး ထိတ်လန့် တုန်လှုပ်သွားလေသည်။
*လခွမ်း၊ ငါ့ရေပန်းစားမှုအမှတ်က ဘာတွေ ဖြစ်နေတာလဲ*