← Chapters

တရုတ်နိုင်ငံမှ အံ့ဩစရာ

Vol. 36 Ch. 532

တရုတ်နိုင်ငံမှ အံ့ဩစရာ

Vol. 36 Ch. 532

အဲလစ်သည် အိပ်ယာပေါ် လှဲရင်း လက်ထဲမှ အိတ်ကို ကြည့်နေသည်။ သူမသည် ငေးငိုင်နေပုံ ရပြီး ကျည်ဆံကြောင့် ချိုင့်နေသော နေရာကို ကိုင်ကြည့်၍ ခံစားချက်တို့ ရောထွေးနေသည်။

*ငါ တကယ် ကံကောင်းတာပဲ*

အိတ်က သူမအား အသက်ရှင်ရန် ဒုတိယမြောက် အခွင့်အရေး ပေးခဲ့သည်ဟု ခံစားနေရသည်။

“တရုတ်နိုင်ငံက တကယ်ကို ထူးဆန်းတာပဲ”

အဲလစ်သည် တီးတိုးရေရွတ်ရင်း နှုတ်ခမ်းများက ကော့တက်လာသည်။

ဘုရင်မနှင့် အဲလစ်၏ ဆွေမျိုးများလည်း အနား၌ ရှိနေပြီး သူမအား စိုးရိမ်ပူပန်သော အကြည့်တို့ဖြင့် ကြည့်ကာ သူမကို နှစ်သိမ့်ပေးရန် မကြာခဏ ကြိုးစားနေကြသည်။

နိုင်ငံတစ်ခုလုံးတွင်မူ သတိပေးချက် အမြင့်ဆုံးသို့ ရောက်နေပြီး အကြမ်းဖက်သမားများအား မြေလှန် ရှာနေကြသည်။

အင်္ဂလန်နိုင်ငံ ဒေါသူပုန် ထနေလေပြီ။ ယင်းက ပြောင်ပြောင်တင်းတင်း ရန်စလိုက်ခြင်းပင်။

“မင်းသမီးလေး၊ ကျွန်တော်မျိုး ရှာတွေ့ပါပြီ”

ထိုသို့သောအချိန်၌ အစေခံတစ်ယောက်က သတင်းပို့လာသည်။

အဲလစ်၏ မျက်လုံးများ တောက်ပလာပြီး ချက်ချင်း ပြန်မေးလိုက်သည်.

“နင် ဒီဇိုင်နာနဲ့ ဆက်သွယ်လို့ ရလား”

“မင်းသမီးလေး၊ ကျွန်တော်မျိုးတို့ Vatti ကို ဆက်သွယ်ပြီး ဒီဇိုင်နာကို မေးခဲ့ပင်မယ့် သူတို့က လုပ်ငန်း လျှို့ဝှက်ချက်ပါလို့ ပြောပြီး အချက်အလက်ကို ထုတ်မပြောချင်ကြပါဘူး”

“ဪ အဲ့လိုလား”

အဲလစ်၏ မျက်လုံးတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်တို့ ပေါ်လာသည်။

“ဒါပေမဲ့ Vatti က ကျွန်တော်မျိုးတို့ဆီကို ဗွီဒီယိုတစ်ခု ပို့လာပါတယ်၊ အဲ့ဒါက အိတ်ရဲ့ ကုန်ကြမ်းပစ္စည်း မူရင်းလို့ ပြောပါတယ်”

အစေခံက ပြန်ပြောလေသည်။

“ကုန်ကြမ်းပစ္စည်းရဲ့ မူရင်း ဟုတ်လား”

အဲလစ်က အံ့ဩသွားသည့်ဟန်ဖြင့် ပြုံးလိုက်သည်။

“မြန်မြန်ဖွင့်လိုက်”

အိတ်၏ ကုန်ကြမ်းပစ္စည်းက အလွန်အမင်း တစ်မူထူးလှသည်။ သူတို့၏ အတွေ့အကြုံနှင့်တောင်မှ ဘာနှင့် လုပ်ထားမှန်း သူတို့ မသိကြပေ။ သူတို့သည်သာမက အင်္ဂလန်နိုင်ငံ တစ်ခုလုံး သိချင်နေကြသည်။ အကြောင်းမှာ သူတို့ထဲက ဘယ်သူမှ ထိုကုန်ကြမ်းကို မမြင်ဖူး၍ ဖြစ်ပေသည်။

“အမိန့်အတိုင်းပါ မင်းသမီးလေး”

ထိုအစေခံက ချက်ချင်း ပြင်ဆင်လေသည်။

“ဒီကုန်ကြမ်းက တိရစ္ဆာန်တစ်မျိုးမျိုးရဲ့ အရေခွံက လာတယ်လို့ ထင်တယ်၊ အိတ်ရဲ့ ထူးခြားတဲ့ အရည်အသွေးအရ အဲ့ဒါက တိရစ္ဆာန်ဆီက ထုတ်ထားတာဆိုရင် အရမ်း ကြောက်စရာကောင်းတဲ့ အကောင်တစ်ကောင် ဖြစ်လောက် တယ်”

အခန်းထဲမှ တစ်ယောက်ယောက်က ပြောလာသည်။

အခန်းထဲ၌ ရှိနေသူများသည် စူးရှသော အမြင်များ ရှိသည့် တော်ဝင်အမျိုးအနွယ်များ ဖြစ်ကြပေသည်။

“ငါလဲ အစက အဲ့လိုပဲ ထင်တာပဲ၊ ဒါပေမဲ့ အဲ့လို တိရစ္ဆာန်မျိုးက ငါတို့ကမ္ဘာကြီးမှာ မရှိသင့်ဘူး၊ အဲ့ဒါကြောင့် ဒါက အဆင့်မြင့် နည်းပညာကို သုံးထားတဲ့ အမျိုးမျိုး ပေါင်းစပ်ထားတဲ့ ကုန်ကြမ်း ဖြစ်မယ်လို့ ငါ ထင်တယ်”

အခြားတစ်ယောက်က ပြန်ပြောလာ၏။

တစ်ယောက်ချင်းစီ၏ လက်ထဲ၌ အိတ်တစ်လုံးစီ ရှိနေကြသည်။ သူတို့က စစ်ဆေးရင်း သူတို့၏ အတွေးများကို ထုတ်ပြောနေကြသည်။

“အမေ သမီး ဒါကို ကိုင်ကြည့်လို့ ရမလားဟင်၊ နည်းနည်းလေးပဲ ကိုင်ကြည့်မှာလို့ သမီး ကျိန်ပြောရဲပါတယ်”

အဲလစ်နှင့် အတော်လေး တူသော မိန်းကလေး တစ်ယောက်က ပြောလာသည်။ သူမက အိတ်ကို တောင့်တသော အကြည့်ဖြင့် ကြည့်နေ၏။

“မင်းလို ကလေးက အိတ်နဲ့ ဘာဆိုင်လို့လဲ၊ အမေ မင်းကို အခုထဲက သတိပေးထားမယ်၊ ဒါကို အမေ့ဆီကနေ ယူဖို့ မစဉ်းစားနဲ့၊ ဒါ အရမ်း အန္တရာယ်များတယ်”

သူမမိခင်က လေသံမာမာဖြင့် ပြောပြီး ချက်ချင်း အိတ်ကို ရင်အုပ်မကွာ ကိုင်ထားလေသည်။

“ဟွန့်၊ အမေက ဒီအိတ်ကို ဝယ်ဖို့ ငါးသန်းတောင် သုံးထားတာလေ၊ အသုံးအဖြုန်း ကြီးလိုက်တာ”

ကလေးမလေးက ပြစ်တင်ပြောဆိုလာသည်။

“ဒါ ငါ ချမ်းသာလို့လေ၊ နင် အရမ်း တတ်နိုင်တယ်ဆိုရင် ကိုယ့်ဘာသာကိုယ် သွားဝယ်လိုက်”

…

အိတ်သည် တော်ဝင်မျိုးနွယ်များကြားမှာတောင်မှ ရှားပါးသော တည်ရှိမှုတစ်ခု ဖြစ်လာသည်။ ၎င်းကို လူရှေ့ ထုတ်ကိုင်နိုင်ခြင်းက အလွန် မြင့်မြတ်သော အရာတစ်ခု ဖြစ်လာစေသည်။

ထိုစဉ် အစေခံများသည် အားလုံး ပြင်ဆင်ပြီးသွားပြီး ဗွီဒီယိုကို စဖွင့်လာသည်။

စကားပြောဆိုသံများ လျော့နည်းသွားပြီး လူတိုင်းက ဖန်သားပြင်ကို စူးစမ်းစွာ ကြည့်လာကြသည်။

ဗွီဒီယို စတင်လာလေသည်။ ငါးများစွာက ကြည်လင်သော ရေထဲ၌ အသည်းအသန် ကူးခတ်နေကြသည်။ ဝဲကတော့ ဖြစ်ပေါ်လာသည်နှင့်အမျှ အလွန် ရုတ်ရုတ်သဲသဲ ဖြစ်လာပုံ ပေါ်သည်။ ယင်းက ရေအောက်၌ ရိုက်ကူးထားမှန်း သိသာလှသည်။

ဤသို့ ထူးခြားသော နေရာတစ်ခုက သူတို့ကို စိတ်ဝင်စားသွားစေပြီး စိတ်အားထက်သန်စွာ ကြည့်လာကြသည်။ ၎င်းသည် လူတစ်ယောက် မြင်နေရသည့်အတိုင်း ရိုက်ကူးထားသဖြင့် ရေအောက်၌ ဘယ်သူ ရှိနေမှန်း မမြင်ရပါ။

ရေ နက်သထက် နက်လာသည်နှင့်အမျှ ငါးများကလည်း ပို၍ သွေးပျက်လာသည်။ အဲလစ်နှင့် အခြားသူများ အသက်ရှူ အောင့်ထားမိပြီး စိုးရိမ်စိတ် ဖြစ်ပေါ်လာကြသည်။

ထိုစဉ် သူတို့ တစ်ခုခု လွဲနေကြောင်း ခံစားမိလာ၏။

*အဲ့ရေကန်က … တော်တော်လေး နက်တာပဲ၊ ပြီးတော့ ကြည်လွန်းနေတယ်၊ ဘာလို့ ငါးတွေက အဲ့လောက် သွေးပျက်နေတာလဲ*

နောက်ဆုံးတွင် ကင်မရာက ဂူဝင်ပေါက်တစ်ခုသို့ ရောက်လာသည်။ အရှေ့သို့ ဆက်သွားသည်နှင့်အမျှ ရေစီးကြောင်းက ပို၍ သန်မာပြင်းထန်လာ၏။

“ဝုန်း”

ကင်မရာက ဂူထဲသို့ ရောက်သည်နှင့် ကြီးမားသော အမြီးတစ်ခုက လွင့်ပျံလာသဖြင့် ကင်မရာက နောက်သို့ အလျင်စလို ဆုတ်သွားလေသည်။

ထို့နောက် ကင်မရာက ရှေ့သို့ ပြန်တိုးသွားသည်။ ကုန်းပေါ်မှ ကြီးမားသော သတ္တဝါနှစ်ကောင်ကို မြင်လိုက်ရသည်နှင့် တစ်ခန်းလုံး၏ အသက်ရှူသံက ပြင်းထန်လာသည်။

ဘယ်သူမှ ဘာမှမပြောဘဲ အားလုံး အလွန်အမင်း ထိတ်လန့်ကာ မှင်တက်နေကြသည်။

ဖန်သားပြင်ပေါ်၌ လိပ်အိုကြီးနှင့် ဧရာမ စပါးအုံးမြွေကြီးတို့ ကြားမှ တိုက်ပွဲကို သူတို့ မြင်နေရသည်။ ကင်မရာ ပိုင်ရှင်က သူ့သဘောနှင့်သူ ချဉ်းကပ်သွားသည်ကို သူတို့ တအံ့တဩ တွေ့လိုက်ရသည်။ ထို့နောက်တွင်မူ ဧရာမ စပါးအုံးမြွေကြီးနှင့် အသေအကြေ တိုက်ခိုက်ကြလေသည်။

ထိုအရာအားလုံးက ဝက်ဝက်ကွဲအောင် လူကြိုက်များသည့် ရုပ်ရှင်ကားတစ်ကားလိုပင်။ လူတိုင်း ငြိမ်သက်နေပြီး ရုပ်ရှင်ရုံထဲ ရောက်နေသည်ဟု ခံစားနေရသည်။ ဖန်သားပြင်က အမဲရောင် ဖြစ်သွားသောအခါ အရာအားလုံး ရပ်တန့်သွားတော့သည်။

“ဘုရားသခင်”

“ဒါက ဘာလဲ၊ ရုပ်ရှင်ကားလား”

“အရမ်း အံ့ဩဖို့ ကောင်းပြီးတော့ ကြောက်ဖို့ကောင်းတယ်၊ အဲ့မိစ္ဆာကောင်တွေက တရုတ်ကလား”

အဲလစ် အပါအဝင် လူတိုင်းသည် သူတို့ မြင်လိုက်ရသည့် အရာကို မယုံကြည်နိုင် ဖြစ်နေကြသည်။ သူတို့ အံ့အားသင့် နေ၏။

“Vatti က ပို့လာတဲ့ ဒီဗွီဒီယိုက ဘာသဘောလဲ”

ဘုရင်မက အရင်ဆုံး မေးလာသည်။

အစေခံများသည် ဗွီဒီယိုကြောင့် မှင်တက်နေ၏။ ဘုရင်မ၏ မေးခွန်းကို ကြားသောအခါ သူတို့က ပင့်သက်ရှိုက်၍ ပြန်ဖြေကြားသည်။

“သ…သ…သူတို့က ဒီအိတ်ကို ဧရာမ စပါးအုံးမြွေကြီးရဲ့ အရေခွံနဲ့ လုပ်ထားတာလို့ ပြောပါတယ်”

“ဘာ”

သူတို့အားလုံး ပြိုင်တူ ရေရွတ်လာ၏။ သူတို့၌ ထင်ကြေးကိုယ်စီ ရှိကြသော်လည်း အမှန်ကို ကြားရသောအခါ မထိတ်လန့်ဘဲ မနေနိုင်အောင် ရှိနေကြသည်။

“ဒီမိစ္ဆာနှစ်ကောင်က တကဘ်လား၊ ပြီးတော့ ငါ့လက်ထဲဥ အိတ်က အဲ့ဒီ ဧရာမ စပါးအုံးမြွေကြီးရဲ့ အရေခွံနဲ့ လုပ်ထားတာလား”

မင်းသမီးတစ်ပါးက သူမလက်ထဲမှ အိတ်ကို ကြည့်ပြီး တအံ့တဩ ပြောကာ ခံစားချက်တို့ ရောထွေးလာ၏။ သူမ တစ်ခဏမျှ မှင်တက်နေပြီး ကျိုးကြောင်းဆီလျော်စွာ မတွေးနိုင် ဖြစ်နေကြသည်။

“ဒီလို ထူးခြားတဲ့ ကုန်ကြမ်း ဖြစ်နေတာ မဆန်းတော့ဘူးပဲ၊ အဲ့ဒီမိစ္ဆာကောင်ရဲ့ အရေခွံနဲ့ လုပ်ထားတာကိုး”

အဖွဲ့ထဲမှ အခြားတစ်ယောက်က ရေရွတ်လာသည်။

“ဟူး … အဲ့ဒါ ထူးခြားတဲ့ အကောင်ပဲ၊ သေချာပေါက် ရှားပါးမျိုးစိတ်ပဲ”

“မဖြစ်ဘူး၊ ဈေးဘယ်လောက်ဖြစ်ဖြစ် မြန်မြန် ဝယ်ဖို့ လိုနေပြီ”

တော်ဝင်မျိုးနွယ်များထဲတွင် အချို့သည် အစက မဝယ်နိုင်သဖြင့် ဟန်လုပ်နေကြရသည်။ ယခုအခါတွင်မူ သူတို့သည် ထိုအိတ်ကို ဈေးကြီးပေး၍ မဝယ်ဘဲ မနေနိုင် ဖြစ်သွားကြသည်။ အကြောင်းမှာ ဤသတင်းသာ ပေါက်ကြားသွားပါက အိတ်၏ ဈေးက တစ်ဟုန်ထိုး မြင့်တက်လာမည် ဖြစ်သောကြောင့်ပင်တည်း။

“ငါ့အသက်ကို ကယ်နိုင်တာ မဆန်းတော့ပါဘူး၊ လတ်စသက်တော့ သူက သူရဲကောင်းတစ်ယောက် ဖြစ်နေတာကိုး၊ မြင့်မြတ်တဲ့ သူရဲကောင်း”

အဲလစ်သည် ရေရွတ်ရင်း ဖန်သားပြင်နှင့် သူမလက်ထဲမှ အိတ်ကို အခေါက်ခေါက် အခါခါ ကြည့်နေ၏။

သူမ၏ ဆယ်ကျော်သက် နှလုံးသားက ကြည်နူးမှင်တက်နေသည်။ သူရဲကောင်း စစ်သည်တော်တစ်ဦးက မိစ္ဆာနဂါးကို နှိမ်နင်း၍ သူမအတွက် အိတ်တစ်လုံး လုပ်ပေးခဲ့ပြီး သူမကို သွယ်ဝိုက်၍ ကယ်တင်ခဲ့သည်ဟု ခံစားနေ ရသည်။

“အဆုံးသတ်မှာ သူ ဘာဖြစ်သွားလဲ ငါ သိချင်တယ်၊ ဒီအိတ်တွေကို လုပ်တယ်ဆိုတော့ အဲ့ဒီ ဧရာမ စပါးအုံးမြွေကြီးကို သူ သတ်လိုက်တယ်လို့ ဆိုလိုချင်တာပေါ့ ဟုတ်တယ်မလား”

အဲလစ်က စိုးရိမ်သော လေသံဖြင့် မေးလိုက်သည်။

အဲလစ်သည် အံ့ဩနေပြီးနောက် အခြားသူများအား ဤသူရဲကောင်းဆန်သော လုပ်ရပ်ကို မပြောဘဲ မနေနိုင် ဖြစ်နေသည်။ ဤသို့သော အိတ်မျိုးကို မလျှို့ဝှက်ထားသင့်ပါ။ ယင်းနောက်ကွယ်မှ ကြီးမြတ်သော ဒဏ္ဍာရီကို ကမ္ဘာကြီးအား သိအောင် ပြသင့်ပေသည်။

တကယ်လည်း သူမ ထိုသို့ လုပ်ခဲ့ပေသည်။ သူမ၏ ဆိုရှယ် မီဒီယာ၌ သူမက ယင်းကို မျှဝေခဲ့သည်။

[ဒီအိတ်ကို ဘာနဲ့ လုပ်ထားလဲဆိုတာကို ငါ နောက်ဆုံးတော့ သိလာရပြီ၊ ဒါက ငါ့အသက်ကို ကယ်နိုင်ခဲ့တာ မဆန်းပါဘူး၊ ကျေးဇူးတင်ပါတယ် ရဲရင့်တဲ့ တရုတ်လူမျိုး စစ်သည်တော်‌ရေ၊ ကျွန်မ ရှင့်နဲ့ လူချင်းတွေ့ပြီး ကိုယ်တိုင် ကျေးဇူးတင်စကား ပြောနိုင်မယ်လို့ တကယ် မျှော်လင့်ပါတယ်]

အဲလစ်၏ များပြားလှသော ဖော်လိုဝါများကြောင့် ၎င်းကို မျှဝေလိုက်သည်နှင့် ချက်ချင်း ပျံ့နှံ့သွားလေသည်။

All Chapters