ကလေးလို့ခေါ်တဲ့ကောင် သေစမ်း (က)
Vol. 38 Ch. 573
ရွှီချင်း အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။
သကြားစိမ်အသီးများက အရသာရှိလှသည်။ ၎င်းဆင်တူသောအရသာသည် သူ၏ပြိုင်စံရှားမြို့တော်မှအမှတ်တရများကို ပြန်သတိရသွားစေသည်။ ထို့ကြောင့် သူက လမ်းတစ်လျှောက်တွင် မြန်မြန်မစားခဲ့ဘဲ တစ်လုပ်ချင်းစီတိုင်းကို ဖြည်းဖြည်းချင်း အရသာခံဝါးပြီးမှ မြိုချခြင်း ဖြစ်သည်။
သို့သော် အဆိပ်ပါသောလေသည် သကြားစိမ်အသီးများကို ပျက်စီးသွားစေသည်။
ထိုလူကို သတ်ပြီးနောက် ရွှီချင်းက လျှောက်လာနေသော ချင်းချိုးကို အေးစက်စွာကြည့်လိုက်သည်။ သူ့တွင် ထိုအမျိုးသမီးနှင့်ပတ်သက်၍ အထင်အမြင်ကောင်းမရှိသော်လည်း အဆုံးတွင်တော့ သူမက တာဝန်ထမ်းဆောင်စဉ် ဖြစ်နေသည်။ ထို့ကြောင့် သူသည် အေးစက်စွာ ပြောလိုက်သည်။
“ငါက မင်းရဲ့စစ်ရေးအကျိုးပြုမှတ်တွေကို လုယူမှာ မဟုတ်ဘူး”
ပြောပြီးသည်နှင့် ရွှီချင်း လှည့်ထွက်လိုက်သည်။ ချင်းချိုး၏အသံသည်လည်း အေးစက်စွာ ထွက်ပေါ်လာသည်။
“ဘယ်သူက ဒီစစ်ရေးအကျိုးပြုမှတ်တွေကို ဂရုစိုက်နေလို့လဲ”
သူမ၏အသံသည် ပဲ့တင်နေပြီး ချင်းချိုးက လျှောက်လာသည်။ ထွက်ခွာသွားပြီးဖြစ်သော ရွီချင်းအား သူမက ဂရုမစိုက်တော့ဘဲ ခြေလှမ်းအနည်းငယ်အကွာမှ အနက်ရောင်ဝတ်လူထံသို့ လှမ်းသွားလိုက်သည်။
သူမသည် ပထမဆုံးအနေနှင့် အနက်ဝတ်လူ၏ သိုလှောင်အိတ်ကို ယူလိုက်ပြီး အလောင်း၏ခေါင်းကို တက်နင်းလိုက်သည်။
ဝါးချောင်းလေးက ခေါင်းတွင် စိုက်နေရုံသာ ဖြစ်သော်လဲ ချင်းချိုး၏ တက်နင်းမှုအောက်တွင် ခေါင်းက အစိတ်စိတ်အမွှာမွှာ ကြေသွားသည်။
အဝေးသို့ လျှောက်ထွက်သွားသော ရွှီချင်းသည်ပင် အသံအကျယ်ကြီး ကြားလိုက်ရသည်။ သူက ခေါင်းပြန်လှည့်ပြီး တစ်ချက်ကြည့်လိုက်သည်။
အလောင်းဘေးတွင် ရပ်နေသော ချင်းချိုးသည် ကျေလည်ပုံမရပေ။ သူမသည် အလောင်းကို လုံးဝ တစစီဖြစ်သွားရန် နင်းခြေနေသည်။
ရွှီချင်းသည် ဆိုးဝါးလှသော မြင်ကွင်းကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။ ၎င်းပုဂ္ဂိုဟ်သည် ချင်းချိုးကို ပြင်းပြင်းထန်ထန် ဒေါသဖြစ်စေခဲ့ရမည်ဟု သူက ခန့်မှန်းလိုက်သည်။ သူက အကြည့် ပြန်ရုတ်သိမ်းလိုက်ပြီး ဒေသမြို့တော်ငယ်ကို စွန့်ခွာကာ ဓားခန်းဆောင်ဆီသို့ ဦးတည်လိုက်သည်။
အစမှအဆုံး ချင်းချိုးက ရွှီချင်းကို တစ်ချက်ပင် မကြည့်ပေ။ အနက်ဝတ်လူ၏အလောင်းကို တစစီလုပ်ပြီးနောက် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အလောင်းမှ သိုလှောင်အိတ်ကို ကောက်ယူလိုက်ပြီး မြေပြင်ပေါ်ရှိအသားစများကို ရွံရှာစွာ ကြည့်လိုက်သည်။
“နင့်ကိုနင် ကလေးလို့ ခေါ်ဖို့ တန်လို့လား။ စကားလုံး သနလိုက်တာ”
ချင်းချိုးက အေးစက်စွာ နှာမှုတ်လိုက်သည်။
ဤအလိုရှိရာဇဝတ်ကောင်သည် မူလက သူမ၏ပစ်မှတ် မဟုတ်ခဲ့ပေ။ သို့သော်လည်း အလိုရှိစာရင်းတွင် တဖက်လူ၏အမည်ပြောင် ကလေးဟူသည်ကို သူမက အမြဲမြင်နေရသောကြောင့် ထိုကောင်ကို မျက်စိစူးလာပြီး သတ်ချင်လာခဲ့သည်။
ချင်းချိုး၏ရင်ထဲတွင် ကလေးဟူသည် အလွန်တန်ဖိုးရှိပြီး လှပခြင်းကို ကိုယ်စားပြုသည်။ ထို့ကြောင့် တစ်စုံတစ်ဦးက ထိုစကားလုံးကို ညစ်ပတ်စေရန် ခွင့်မပြုနိုင်ပေ။
“မှန်တယ်။ မှန်တယ်။ သူ့ကိုသတ်။ သူနဲ့တူတူ သေလိုက်”
မကောင်းဆိုးဝါးတစေက ရွှီချင်း၏ပုံရိပ် လုံးဝပျောက်ကွယ်သွားမှ စကားပြောရဲသည်။ ၎င်းက ချင်းချိုး၏စိတ်ထဲတွင် အော်လိုက်သည်။
“ကောင်းပြီ။ ငါ နင့်ကို လုပ်ဖို့ပြောထားတဲ့ကိစ္စ စုံစမ်းပြီးပလား”
ချင်းချိုးက သူမ စိတ်ထဲတွင် အေးစက်စွာပြောသည်။
“ငါ စစ်ပြီးပြီ။ လေးလကြာပြီးတဲ့နောက် မီကာကျောက်တုံးဝယ်ဖို့လာတဲ့ သန့်စင်ရေလှိုင်းမျိုးနွယ်တွေက ကောင်းကင်လတောင်ကြားကို ဖြတ်ပြီး အာ့နေရာမှာရှိတဲ့ သူတို့မျိုးနွယ်ဆီကို ပြန်ကြလိမ့်မယ်။ ဒါပေမဲ့ ခြုံခိုတိုက်ခိုက်ပြီး လုယက်ဖို့ နေရာကောင်းတော့ မဟုတ်ဘူး။ မင်းဒီလို လုပ်ချင်တာသေချာပြီလား”
မကောင်းဆိုးဝါးတစေက သွက်လက်စွာ ပြောလိုက်သည်။
ချင်းချိုးက စကားမပြန်ပေ။ လရောင်အောက်တွင် သူမသည် အဝေးသို့ လျှောက်ထွက်သွားသည်။
“မင်း တကယ်လုပ်ချင်တာ သေချာရင် ငါတို့က သူတို့နဲ့အတူတူ သေဖို့ ပြင်ဆင်ထားသင့်တယ်လို့ ထင်တယ်။ ငါက ဒီလိုနေ့ကို စောင့်နေတာ ကြာပြီ ဆိုပေမဲ့ မင်းကတော့ ပိုပြီးစဉ်းစားဖို့ လိုအုံးမယ်လို့ ငါထင်တယ်”
မကောင်းဆိုးဝါးတစေက အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။
“ရုံးထဲမှာပဲ ကုန်နေမဲ့ ငါ့အချိန်တွေကို လျှော့ချဖို့ လုံလောက်တဲ့ စစ်ရေးအကျိုးပြုမှတ်တွေ လိုတယ်။ ငါက သူတို့ရဲ့ကုန်ပစ္စည်းတွေကို လုယက်ပြီးတော့ စစ်ရေးအကျိုးပြုမှတ်တွေနဲ့ လဲရမယ်”
ချင်းချိုးက သူမ၏အတွေးများကို တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါက တန်လို့လား။ သုံးနှစ်တောင် ကျန်သေးတယ်လေ။ အခုမှ တစ်နှစ်ခွဲပဲ ရှိသေးတာ”
မကောင်းဆိုးဝါးတစေ သက်ပြင်းချလိုက်သည်။ သူက ရန်သူနှင့်တူတူသေရန် ဆန္ဒရှိသော်လည်း သာမန်လူတချို့နှင့်တော့ မသေချင်ပေ။
“တကယ်တော့ အတူတူသေဖို့အတွက် သင့်တော်တဲ့ပစ်မှတ်က ခွေးရူးပဲ”
ချင်းချိုးက မကောင်းဆိုးဝါးတစေ၏အချို့သောစကားလုံးများကို လျစ်လျူရှုလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ သုံးနှစ် မစောင့်နိုင်ဘူး။ နန်ဟွမ်ကုန်းမြေကို တစ်နှစ်အတွင်း ပြန်ချင်တယ်”
“မင်း ဒီလို စဉ်းစားထားတာလား။ သုံးနှစ်က ကုန်ပြီးသွားပြီ။ ဒါ့ကြောင့် နောက်ထပ်သုံးနှစ်က ဘာများတစ်ခုခု ဖြစ်နိုင်မှာမို့လဲ”
မကောင်းဆိုးဝါးတစေက အရှုံးပေးဖို့ ငြင်းဆန်ကာ သူ၏အမြင်ကို ခုခံပြောဆိုသည်။
“မဖြစ်နိုင်ဘူး”
“မကြာသေးခင်က ငါ့ခံစားချက်တွေ မကောင်းဘူး။ နန်ဟွမ်ကုန်းမြေမှာ ရှိနေတဲ့ ငါ့အစ်ကို ကလေးက သေရေးရှင်ရေး ဖြစ်နေတယ်လို့ ခံစားရတယ်။ ငါက အချိန်ထိုင်ဖြုန်းနေလို့ မရဘူး”
“အခု ငါ့မှာ သူ့ကို ကာကွယ်နိုင်စွမ်း ရှိနေပြီ။ ငါ သူ့ကို ရှာချင်တယ်။ ငါသူ့ကို အသက်ကြွေးတင်နေတယ်”
အမှောင်ထဲတွင် လျှောက်နေသော ချင်းချိုးသည် သူမလက်မောင်းရှိ ကျောက်တုံးငယ်လေးကို တို့ထိလိုက်သည်။ သွားရင်း သွားရင်းနှင့် သူမ၏မျက်လုံးများသည် ဆုံးဖြတ်ချက် ပြတ်သားလာသည်။
ထိုအခိုက်တွင် ရွှီချင်းသည် ဓားခန်းဆောင်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။
သူသည် တစ်နေရာတွင် ထိုင်ပြီးနောက် လက်ထောက်ဒေသအကြီးအကဲ၏ကျောက်စိမ်းပြားလေးကို ထုတ်ယူလိုက်ပြီး သေသေချာချာ လေ့လာနေသည်။
အချိန်က ကုန်ဆုံးသွားသည်။ ကောင်းကင်သည် ရောင်နီသန်းလာသောအခါက ရွှီချင်းက ခေါင်းမော့လိုက်သည်။ သူ၏မျက်လုံးတို့က အတွေးနက်နေသည်။
“အင်မော်တယ်စက္ကောမရုပ်တွေကို သက်ရှိအရာတွေကနေ သန့်စင်ပြီး အလိုရှိသလို စေခိုင်းရတာပဲ..”
သူသည် ကျောက်စိမ်းပြားထဲမှ အကြောင်းအရာများကို အကြိမ်ပေါင်းများစွာ ဖတ်ရှုခဲ့ပြီး ဂရုတစိုက် လေ့လာခဲ့သည်။ ယခုတွင် သူသည် ကျွမ်ရှင်းမျိုးနွယ်စု၏ အင်မော်တယ်စက္ကောမရုပ်ဖန်တီးခြင်းဖြစ်စဉ်ကို ပို၍ သဘောပေါက်နားလည်လာပြီ ဖြစ်သည်။
သို့သော်လည်း အဆုံးသတ်တွင် ဤအရာသည် ကျွမ်ရှင်းမျိုးနွယ်စု၏ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်သောကြောင့် လက်ထောက်ဒေသအကြီးအကဲအနေဖြင့် ၎င်း၏အနှစ်သာရထိ ရရှိရန် မဖြစ်နိုင်ပေ။
မည်သို့ပင်ဖြစ်စေ ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာများက ရွှီချင်းအတွက် လုံလောက်ပေပြီ။
“ထိပ်တန်းလျှို့ဝှက်ချက် ဟုတ်ဟုတ် မဟုတ်ဟုတ် ကျွမ်ရှင်းမျိုးနွယ်ရဲ့ အသွင်ပြောင်းလဲခြင်းနည်းလမ်း ဒါမှမဟုတ် ကိုးနဝင်းသန့်စင်ခြင်းမှာ ဒီအကြောင်းရေးထားတယ်။ ဒါတွေက တကယ်တော့ အရေးမကြီးပါဘူး။ အရေးကြီးတာက ကျွမ်ရှင်းမျိုးနွယ်တွေ သူတို့ရဲ့မျိုးနွယ်ဝင်တွေကို ပါဝင်ပစ္စည်းအနေနဲ့ ဘယ်လိုရွေးလဲ ဆိုတာပဲ”
အကျဉ်းထောင်ထဲရှိ ကျွမ်ရှင်းမျိုးနွယ်ဝင်များကို သတိရလိုက်သောကြောင့် ရွှီချင်းမျက်လုံးများက ကျဉ်းမြောင်းသွားသည်။
“အကျဉ်းသားတွေကို ဆယ်နှစ်ကြာပြီးရင် ပြန်ပို့ရမယ်ဆိုတဲ့ မျိုးနွယ်စုသုံးခုကြား သဘောတူညီမှုက ကျွမ်ရှင်းမျိုးနွယ်အတွက် တခြားအကြောင်းရင်းတွေ အဓိပ္ပါယ်တွေ ရှိနိုင်တာလား။ ဥပမာ…”
“ပြန်လွှတ်လိုက်တဲ့ ရာဇဝတ်သားတွေကို အင်မော်တယ်စက္ကောမရုပ်အဖြစ် သန့်စင်ပစ်တာလား”
“သာမန်အခြေအနေမှာ ရာဇဝတ်သားတွေရဲ့အကျဉ်းထောင်ထဲမှာ အကြိမ်ကြိမ်သေဆုံးမှုက သူတို့ရဲ့မှတ်ဉာဏ်တွေကို ပျောက်ဆုံးသွားစေတာလား။ ဒီနည်းနဲ့ တစိတ်တပိုင်းအားဖြင့် ဒီလူတွေက ကျေကျေနပ်နပ် အမိန့်နာခံလာကြတာ ဖြစ်မယ်”
စူးရှသောအကြည့်တစ်ချက် ရွှီချင်းမျက်လုံးများတွင် လက်သွားသည်။ သူက စီနီယာတစေလက် ပြောဖူးသော လွန်ခဲ့သည့်နှစ်၃၀၀က ဒေသအကြီးအကဲ၏ အမိန့်များကို တွေးမိလိုက်သည်။
“ကျွမ်ရှင်းမျိုးနွယ်စုနဲ့ မိတ်ဖက်ဆက်ဆံရေး မပျက်စီးဖို့ ဒေသအကြီးအကဲက ကျွမ်ရှင်းမျိုးနွယ်စုအကျဉ်းသားတွေရဲ့ မှတ်ဉာဏ်တွေကို ဖျက်မပစ်ဖို့ အမိန့်ပေးခဲ့တာလား။ ဒီကိစ္စက..”
ရွှီချင်း အတွေးနက်သွားသည်။ ထိုကိစ္စသည် ဒေသအကြီးအကဲ သနားကြင်နာသောကြောင့်ဟု ထင်ရသော်လည်း ယခု ရွှီချင်းရရှိထားသော အချက်အလက်များအရ ဒေသအကြီးအကဲသည် အင်မော်တယ်စက္ကောမရုပ်ပြုလုပ်နည်းကို သိရှိနားလည်ထားကြောင်း ထင်ရှားနေပြီး ဤအတွက်ကြောင့် သူက ၎င်းအမိန့်များကို ပေးခဲ့ခြင်းဖြစ်သည်။