ကုန်းရှန်ကျွင်း၏ဖိတ်ခေါ်မှု.....
Vol. 38 Ch. 520
ကုန်းရှန်ကျွင်း၏ ဖိတ်ကြားချက်ကို လီလော့ သေချာမသိပေ။
သူ့စိတ်ထဲတွင် အဓိကအကျဆုံးမှာ ကျန်းချင်းအာနောက်ဆုံးပြောခဲ့သောစကားကိုသာကြားယောင်နေမိသည်။ ကုန်းရှန်ကျွင်းက အနိုင်ရဖို့မျှော်လင့်ထားပုံမပေါ်ဘူးဟု သူမပြောခဲ့ဖူးသည်။
ဘာကြောင့်လဲ...ဘာအကြောင်းပြချက်ကြောင့်အနိုင်မရချင်တာလဲ... ပြီးတော့ ဒုကျောင်းအုပ်စုရှင်းတောင်မှ သံသယရှိပုံမပေါ်ဘူး.......
လီလော့ ဘယ်လိုမှစဉ်းစားမရခဲ့ပေ။ ကောလိပ်အတွက် လုံကူရှန့်ပိန်းကိုအနိုင်ရခြင်းသည် အားသာချက်များဖြစ်ပြီး မကောင်းသည့်အရာတစ်ခုမျှမရှိခဲ့ပေ။အရိပ်လှိုဏ်ဂူသည် ရှပြည်ထောင်စုအတွက် အကြီးမားဆုံးသော အန္တရာယ်ဖြစ်သဖြင့် ၎င်းကိုတတ်နိုင်သမျှတားဆီးရပေမည်မဟုတ်လော......
ထို့အပြင်၊ ကုန်းရှန်ကျွင်းသည် ရှပြည်ထောင်စု၏ မင်းမျိုးမင်းနွယ်ဖြစ်ပြီး သူ၏ဖခင်က လက်ရှိတွင်ရှပြည်ထောင်စုကို ကိုယ်စားအုပ်ချုပ်နေသူဖြစ်သည်။
သို့သော် ကျန်းချင်းအာ၏ဗီဇကို မေးခွန်းထုတ်စရာမရှိလိုခဲ့ပေ။
အခြားသူများက သူမ၏ အခြေအမြစ်မရှိသော အပြုအမူများကို ရယ်မောနိုင်သော်လည်း လီလော့ကတော့ ရယ်မောနေမည်မဟုတ်ပေ။
မီးမရှိလျှင် မီးခိုးမရှိနိုင်ဟူသည့်ဆိုရိုးစကားအတိုင်းပင်........
ကျန်းချင်းအာသည် အဆင့်ကိုးအလင်းပဲ့တင်ထပ်သံပိုင်ဆိုင်ထားသောကြောင့် သူမသည် အခြားသူများ၏ နှလုံးသားကို ပြတ်သားစွာ ဖတ်ရှုနိုင်ခဲ့သည်။
တခြားသူတွေအလွယ်တကူမသိနိုင်သည့်အရာကို သူမခံစားမိခဲ့တာများဖြစ်နိုင်မလား?
လီလော့ တကယ်မဆုံးဖြတ်နိုင်ခဲ့တော့ပေ။ ယေဘူယျအားဖြင့် ကုန်းရှန်ကျွင်းသည် ခိုင်မာသောရွေးချယ်မှုဖြစ်ပြီး ငြင်းဆိုရန်အကြောင်းပြချက်ကောင်းမရှိခဲ့ပေ။ ကျန်းချင်းအာနဲ့အတူတူသယတို သူတို့ သုံးယောက်ဟာ တကယ်ကို ကြောက်စရာကောင်းတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်လာမည်မှာတော့သေချာနေသည်။
လီလော့ တုံ့ဆိုင်းနေတုန်းမှာ သူ့နောက်ကနေ ရင်းနှီးတဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။
"စီနီယာကုန်း၊ ကျွန်မတို့မဆုံးဖြတ်ခင် ရောနှောအဆင့်ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ဖို့ ဒုကျောင်းအုပ်စုရှင်းကို စောင့်သင့်တယ်...."
ကျန်းချင်းအာက လီလော့ဘေးတွင် မတ်တပ်ရပ်ရန် လှမ်းတက်လာပြီး သူမ၏ မျက်နှာသည် အမြဲလိုလို တည်ငြိမ်အေးချမ်းနေသဖြင့် ဘာတွေတွေးနေသည်ကို မသိနိုင်ခဲ့ပေ။
ကျန်းချင်းအာကိုမြင်သောအခါ ကုန်းရှန်ကျွင်း၏အပြုံးကာပို၍ပင်အသက်ဝင်လာသည်။
"ဂျူနီယာကျန်းက အချိန်ကိုက်ရောက်လာတာပဲ....ဟုတ်ပါတယ်....ငါ့ရဲ့ ဖိတ်ကြားချက်က လီလော့အတွက်တင် မဟုတ်ပါဘူး....ဂျူနီယာကျန်းနဲ့အတူ လက်တွဲဖို့စိတ်ကူးပြီးသားပါ....."
"ငါ့အခန်းထဲက ရေပိုက်က ပျက်နေတယ်"
ကျန်းချင်းအာ က လီလော့ ကို လက်နဲ့ဆွဲပြီး ရုတ်တရက်ပြောလိုက်သည်။
"ငါ့ကို နင့်အခန်းခဏငှား...."
သူမ လီလော့လက်ကို ကိုင်လိုက်ပြီးတခါတည်းခေါ်ထုတ်သွားလေတော့သည်။
ထိုစကားကိုကြားလိုက်သူတိုင်း ကျန်းချင်းအာ ရူးသွားပြီလို့ပင်ထင်နေမိကြသည်။
ရေပိုက်ပျက်နေတယ်... ...အခန်းခဏငှားပြီး ရေချိုးမယ်.....
ကျန်းချင်းအာက လီလော့ ရဲ့အခန်းထဲမှာ ရေချိုးမှာလား......
လေထုသည် ရုတ်တရက် ပိုမိုတင်းမာလာကာ လီလော့၏ ကျော်ကြားမှုသည် အမျိုးသားကျောင်းသားများကြားတွင် ရုတ်တရက် ကျဆင်းသွားခဲ့သည်။
လီလော့ကို ကျောင်းသားတိုင်းက မျက်မုန်းကျိုးနေပေမယ့်လည်း ပေါ်ပေါ်တင်တင်ထုတ်မပြောဝံ့ကြပေ။
လုချင်းအာသည် သူမ၏ တည်ငြိမ်မှု လျော့ပါးသွားချိန်တွင် လက်ထဲတွင်ကိုင်ထားသော ဝိုင်ခွက်ကို မတော်တဆ အေးခဲသွားစေခဲ့သည်။
ကုန်းရှန်ကျွင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။အခုချိန်တွင် ယခင်ကလို သူ့ရင်ထဲက ခံစားချက်တွေကို ဘယ်လိုမှ အပြည့်အ၀ ဖုံးကွယ်ထားလို့ မရတော့ပေ။ သူသည် ၎င်းတို့နှစ်ဦးကို တားဆီးနိုင်ရန် ကြိုးပမ်းနိူင်ဖို့အခွင့်ရေးမရှိခဲ့ပေ။
ကျန်းချင်းအာနှင့်လီလော့က စေ့စပ်ထားသည့်အတွက် ဘာပဲလုပ်လုပ် သင့်တော်သည့်အခြေနေမျိုးပင်.....
လီလော့၏အခန်းတွင် ကျန်းချင်းအာသာ အမှန်တကယ် ရေချိုးလိုပါက၊ ဒုကျောင်းအုပ်စုရှင်းပင် ၎င်းတို့ကို တားရန် အကြောင်းပြချက်ရှိမည်မဟုတ်ပေ။
ထို့ကြောင့်၊ ထူးထူးခြားခြား တင်းမာနေသော တိတ်ဆိတ်မှုတွင် သူတို့အားလုံး ကျန်းချင်းအာနှင့်လီလော့တို့ ထွက်ခွာသွားသည်ကို ဒီအတိုင်းသာကြည့်နေခဲ့ရသည်။
တခဏအကြာတွင် ခန်းမထဲတွင် အရင်အတိုင်းစကားစမြည်ပြောဆိုသံများနှင့် ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့သည်။
ကုန်းရှန်ကျွင်းကလည်း သူ့ဖိတ်စာတွေကို စွန့်လွှတ််လိုက်ရချေပြီ......
"ဟားးး အဲ့ဒါကြောင့် စီနီယာကျန်းက ငါ့ရဲ့စံပြပုဂ္ဂိုလ်ဖြစ်နေတာ....အမြဲတမ်းစိတ်ထဲရှိတဲ့အတိုင်း ဘွင်းဘွင်းရှင်းရှင်းလုပ်တတ်တာလေးကိုပဲသဘောကျနေရတာ...."
ပိုင်တုတုက ကျန်းချင်းအာကို အားပါးတရထောက်ခံအားပေးနေသည်။
"ဟိုက ဘွင်းဘွင်းရှင်းရှင်းပြောတတ်ပေမယ့် ကြိုက်မယ့်သူရှိသေးတယ်...နင့်ကိုတော့ဘယ်သူမှကြိုက်မှာမဟုတ်ဘူး...."
ယုလန်၏ ခပ်တိုးတိုးစကားသံကြောင့် ပိုင်တုတုက သူ့ကို လှည့်ကြည့်သည်။
"နင်ဘာပြောလိုက်တာလဲ..."
"ဟင့်အင်း...ဘာမှမဟုတ်ပါဘူး....ငါပြောချင်တာက... စီနီယာကျန်းက စီနီယာကုန်းနဲ့မပူးပေါင်းချင်ဘူးနဲ့တူတယ်....."
ပိုင်မျန်မျန်က ခေါင်းညိတ်လိုက်သည်။
“ငါလည်း အဲ့လိုပဲထင်တယ်....ဒါပေမယ့် ဘာကြောင့်လဲ၊ စီနီယာကုန်းက တကယ်ပဲ ချန်ပီယံအသင်းနဲ့အဖွဲ့ ဖွဲ့ဖို့ အကောင်းဆုံး ရွေးချယ်မှုမဟုတ်လား... စီနီယာကျန်းမှာ ငြင်းစရာ အကြောင်းမရှိဘူး.....
" သူမသည် လီလော့နှင့်ကျန်းချင်းအာ ထွက်ခွာသွားသည်ကိုလှမ်းကြည့်နေသေးသည့် လုချင်းအာကို မေးခွန်းတစ်ဝက်ရော၍လှမ်းမေးလိုက်သည်။
"နင် ဘာတွေတွေးနေတာလဲ ချင်းအာ"
လုချင်းအာသည် သူမ၏ ဝိုင်ခွက်ကို အရည်ပျော်အောင် ပွတ်သပ်ရင်း.....
"စီနီယာကျန်းက လီလော့ကို ဘာမှလုပ်လောက်ပါဘူးနော်...ဟုတ်တယ်မလား....."
ပိုင်မျန်မျန်က အပြစ်ကင်းစွာ မျက်တောင်ခတ်လိုက်ပြီး.....
"ဒါတော့ ငါလည်းဘယ်သိမလဲ... ခေါင်းဆောင်သာ အသန်မာဆုံး ကြယ်တစ်ပွင့်ခန်းမကျောင်းသားဖြစ်လာရင် သူ့ကို ဆုတစ်ခုပေးမယ်လို့ စီနီယာကျန်းက ကတိပေးထားတယ်...."
လုချင်းအာ ထိုစကားကြောင့် ထိုင်ခုံပေါ်ကပြုတ်ကျလုမတတ်လန့်ဖြန့်သွားသည်။
"လာပြန်ပြီလား...နင် ဒါကို ဘယ်လိုသိလဲ?!"
" ငါ ...ဒါကို မတော်တဆ ကြားလိုက်တာပါ...နင် အကောင်းဆုံးကြိုးစားမှဖြစ်တော့မယ် ချင်းအာ...."
လုချင်းအာသည် ချောမောသော မျက်နှာကလေးဖြင့် အရုပ်မလေးအား စိုက်ကြည့်နေသည်။ တစ်နည်းအားဖြင့် သူမသည် ယခုအချိန်တွင် ပိုဆိုးသွမ်းနေပုံရသည်။ သူမ လီလော့ကိုသဘောကျနေမှန်း ပိုင်မျန်မျန်လို ထူတူတူ အတတလေးတောင်သိနေပြီဆိုတော့ နောက်ဆို သူမ အပြုမူတွေကို ပိုသတိထားရပေတော့မည်။
.................................
ကျန်းချင်းအာက လီလော့ကိုဆွဲခေါ်ကာ သူ့အခန်းထဲသို့ ပြန်သွားခဲ့သည်။
"ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်" ဟုသာ ပါးစပ်ကပြောနေသော်လည်း လီလော့ကာသူမလက်ကို တင်းတင်းဆုပ်ကိုင်ထားဆဲပင်....
"မဟုတ်ရင် ငါသူ့ကို ဘယ်လိုပြန်ဖြေရမှန်းမသိဘူး....."
ထိုအခါ ကျန်းချင်းအာက....
"ရှန့်ပိန်းတွေ့ဆုံပွဲကို နင် အနိုင်ရချင်တယ် မရချင်ဘူးဆိုတဲ့ပေါ်မူတည်တယ်....ငါတို့ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ အသန်မာဆုံး ကျောင်းသားဘွဲ့တစ်ခုနဲ့တင် ချမ်းသာကြွယ်ဝဖို့ လုံလောက်နေပြီ...."
လီလော့ မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပေမယ့် ကုန်းရှန်ကျွင်းက ဘာလို့ မအနိုင်ယူချင်ရတာလဲ... ငါတို့ အောင်နိုင်ရင် ကျောင်းက သူ့ကို ကျေးဇူးတင်လိမ့်မယ်...ရှပြည်ထောင်စုမှာလည်း သူ့ရဲ့ဂုဏ်သတင်းကျော်ဇောလာလိမ့်မယ်.... ပြီးတော့ သူအဖေက လက်ရှိ ကိုယ်စားအုပ်ချုပ်နေတဲ့သူလေ....."
"ငါသေချာမရှင်းပြနိုင်ပေမယ့် ငါ့ပင်ကိုယ်အသိစိတ်ကမမှားနိုင်ဘူး.....ရှန့်ပိန်းတွေ့ဆုံပွဲမှာအနိုင်ရချင်တယ်ဆိုရင်တော့ ကုန်းရှန်ကျွင်းရဲ့အဖွဲ့ကို ရှောင်ရမယ်....နင် မအနိုင်ယူချင်ရင် ကျန်တာဘာမှဆက်တွေးမနေနဲ့တော့....."
"ငါအနိုင်ရချင်တယ်.... ကျောင်းအုပ်ကြီးဖန်ကို ငါ ကတိပေးထားတယ်...."
"ဖန်ချန်းယွမ်?"
ကျန်းချင်းအာ ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ လီလော့ ဘာကိုပြောနေမှန်း သူမ မသိပေမယ့် ရှည်ရှည်ဝေးဝေးသိပ်တွေးမနေခဲ့ပေ။
"နင် အနိုင်ရချင်ရင် မင်းသမီးကို သွားရှာရမယ်.... ဘယ်လိုပဲဖြစ်ဖြစ်၊ ရောနှောအဆင့်ပြိုင်ပွဲရဲ့ အသေးစိတ်အချက်အလက်တွေကို မနက်ဖြန်မှာ မဆုံးဖြတ်ခင်အထိ အချိန်ရပါသေးတယ်....."
သူမ ပြုံးလိုက်သည်။
"ပြီးတော့ ငါ နင့်ကို ကူညီမှာပါ....."
"ကျေးဇူးတင်ပါတယ် ချင်းအာ..."
လီလော့က ကျေးဇူးတင်စကားဆိုလိုက်သည်။
"ဒါဆို ကျေးဇူးတင်တဲ့အနေနဲ့ နင် ငါ့လက်ကိုလွှတ်ပေးလို့ရမလား...."
လီလော့ ဝမ်းနည်းစွာဖြင့် သူမ လက်ကို လွှတ်ပေးလိုက်ရသည်။ အကယ်၍ သူသာ ခန်းမအဆင့်ပြိုင်ပွဲတွင် ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် မဟုတ်ပါက၊ အခုလောက်ထိ သူမ သဘောကောင်းနေမည်မဟုတ်ပေ။
သူမ ထရပ်လိုက်ပြီး....
"ရေချိုးခန်းက ဘယ်မှာလဲ"
အူလည်လည်ဖြင့် ရေချိုးခန်းကိုညွန်ပြပြီးကာမှ လီလော့၏ မေးရိုး ပြုတ်ကျသွားသလိုပါးစပ်အဟောင်းသားဖြစ်သွားရှာသည်။
"အင်း...ဘာလို့လဲ?"
သူမ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး....
“ငါ့အခန်းထဲက ရေပိုက်က တကယ်ပျက်နေတာ....”
လီလော့သည် သူမ၏ သဲနာရီပုံသဏ္ဍာန် ခန္ဓာကိုယ်ကောက်ကြောင်းကို ကြည့်ရင်း ရုတ်တရက် ရေဆာရေငတ်လာသလိုခံစားနေရသည်။