ရွာငယ်လေးရဲ့ပုံပြင်....
Vol. 38 Ch. 529
စိမ်းပြာရောင် အခိုးအငွေ့များသည် မြို့ရိုးအပြင်ဘက်တွင် လိမ်တွန့်နေသောနွယ်ကြိုးကဲ့သို့ ပတ်ပတ်လည်ကို ဝိုင်းရံထားသည်။ မီးခိုးများအတွင်းမှ ဟိုဟိုဒီဒီ လှုပ်ခါနေသည်ကို ရွာသားများ၏ မျက်လုံးများက ဟိုဟိုသည်သည် ရွေ့လျားနေပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို ခြေရာခံရန် အသည်းအသန် ကြိုးစားနေကြသည်။
နောက်ဆုံးတွင် မြူခိုးများထဲမှ လူသား၏လက်နှင့်တူသော ခြေလက်လေးချောင်းရှိသည့် ဝံပုလွေနှင့်တူသော သတ္တဝါများထွက်ပေါ်လာသည်။
သူတို့၏ မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်သော ဒေါသများဖြင့် တောက်ပနေကာ နံရံများကိုသာစိုက်ကြည့်နေကြသည်။
သူတို့သည် နံရံများကို ဖုံးအုပ်ထားသည့် ရွှေရောင်အလင်းတန်းများကို ကွေ့ပတ်ကာ ခေတ္တရပ်နားပြီး အပြင်ဘက်ပတ်ပတ်လည်ကို လှည့်ပတ်နေကြသည်။ ဤစွမ်းအား၏ရင်းမြစ်မှာ လေထုထဲတွင် လွင့်မျောနေသော ရွှေရောင်ကျားအစွယ် အဆောင်စက္ကူဖြစ်သည်။
ရံဖန်ရံခါတွင် ကမ္ဘာခြားသက်ရှိများက ကလေးလေးလို အော်ဟစ်ပြီး အဆောင်စက္ကူပေါ်သို့ ခုန်တက်နေကြသည်။
သို့သော်လည်း ရွှေရောင်အစွယ်တွေက ၎င်းတို့ကို ချက်ချင်း အနက်ရောင်မြုမှုန်များဖြစ်အောင်ဖျက်စီးလိုက်လေသည်။
ယင်းကြောင့် ရွှေကျားအဆောင်စက္ကူအောက်တွင် ကြောက်စရာကောင်းသော ညစ်ညမ်းသော ပျော့ဖတ်အညစ်အကြေးများ စုပုံလာစေသည်။
ထိုစဉ် မြူခိုးများထဲမှ အရပ်ရှည်သော ဝံပုလွေလူသားတစ်ကောင် ထွက်လာသဖြင့် ရွာသားများ ကြောက်လန့်တကြား ဆုတ်သွားကြသည်။ ထိုဝံပုလွေလူသားတွင်မျက်နှာနှစ်ခုရှိနေသည်။
"မျက်နှာနှစ်ခုရှိတဲ့ ဝံပုလွေလူသား....!"
ရွာသားတွေ အထိတ်တလန့်အော်ဟစ်နေကြသည်။
"တပ်မှုး ငါတို့ အခု ဆုံးခန်းတိုင်သွားပြီ.."
အားလုံးက ကြမ်းတမ်းသော မျက်နှာထားဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဆီသို့ လှမ်းကြည့်ကြသည်။
"ဘာပဲဖြစ်ဖြစ် ငါတို့ဒီမှာကျရှုံးရင် ရွာကလူတိုင်းသေလိမ့်မယ်! ငါ့အမေကို ဒီလိုညစ်ညမ်းတဲ့အကောင်တွေစားတာမခံစေရဘူး.... မင်းတို့မိသားစုအတွက် သတ္တိမွေးကြပါ....."
ရွာသားများက ခေါင်းညိတ်ပြပြီး ၎င်းတို့၏ လက်နက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ ပဲ့တင်ထပ်သံ စွမ်းအားများကို ဆင့်ခေါ်လိုက်ကြသည်။
စိတ်ဓာတ်တွေ ပြန်လာ်တက်ကြွလာတာကို မြင်လိုက်ရတော့ တပ်မှူးဆိုသူက သက်ပြင်းတစ်ချက်ချပြီး မျက်မှောင်ကြုတ်ကာ ရှေ့ကို ပြန်လှည့်သွားသည်။
ဒီလူနာမည်က ဟွမ်းလောင်ဖြစ်ပြီး သူသည် နတ်ဆိုးခန္ဓာအဆင့်ရောက်နေသူဖြစ်သည်။ သူသည် မဟူရာလေပြင်းအင်ပါယာ၏ အထွတ်အထိပ်ကာလတွင် မြို့ကာကွယ်ရေးတပ်မှူးဖြစ်ခဲ့သည်။ သို့သော် ကမ္ဘာခြားသက်ရှိများ၏ ဘေးအန္တရာယ် ကျရောက်သည်နှင့် တစ်ပြိုင်နက် ထိုအရာအားလုံး မီးခိုးငွေ့များသဖွယ် ပျောက်ကွယ်သွားခဲ့သည်။
အင်ပါယာတစ်ခုလုံး တစ်ညတည်းဖြင့်ပြိုလဲလုနီးပါးဖြစ်ခဲ့ရသည်။
ပြေးစရာနေရာရှိတဲ့ အင်အားကြီးအဖွဲ့တွေအားလုံး နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ပြေးနေကြပါပြီ။
သူလည်း သူအလုပ်လုပ်နေတဲ့မြို့ကနေ ထွက်သွားပြီး ရင်းနှီးတဲ့သူငယ်ချင်းတချို့ကို ခေါ်လာကာ ဒီရွာမှာ အခြေစိုက်စခန်းသစ်တစ်ခု ထူထောင်ခဲ့သည်။သို့သော် နောက်ဆုံးတွင် ကပ်ဘေးများသည် ဤနေရာတွင်ပင် ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။
ထို့ကြောင့် သူ၏ နတ်ဆိုးခန္ဓာအဆင့်အစွမ်းသတ္တိနှင့် ရွှေကျားအဆောင်တို့ဖြင့် ဤရွာကို ယခုအချိန်အထိ ကာကွယ်နိုင်ခဲ့သည်။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကမ္ဘာခြားသက်ရှိတွေ အားကောင်းလာခဲ့သည်။
အခုလည်း မျက်နှာနှစ်ခုရှိတဲ့ ဝံပုလွေလူသားနှင့်ရင်ဆိုင်နေရပြီ......
ပင်ကိုယ်ဗီဇအရ အန္တရာယ်ကြီးမားကြောင်းအလိုလိုသိနေသည်။
သူတို့ရဲ့အဆင့်နိမ့် ရွှေမျက်လုံးအဆင့် ရတနာပစ္စည်းဖြစ်သည့် ရွှေကျားအဆောင် နဲ့တောင် ထိန်းထားနိုင်ပါ့မလား မသေချာတော့ပေ။
မျက်နှာနှစ်ဘက်ရှိသော ဝံပုလွေလူသား စူးစူးရှရှ အူလိုက်သောအခါ အခြားဝံပုလွေများက တစ်ကောင်ချင်း ရှေ့သို့ ပြေးသွားကြသည်။
အစိမ်းရောင် မီးခိုးငွေ့များက သူတို့နှင့်အတူ ရှေ့သို့ ရွေ့လျားသွားကာ လေထဲတွင် မအီမသာ အနံ့အသက်များ သယ်ဆောင်လာသည်။
ဟွမ်လောင် ရွှေကျားအဆောင်ကို ချက်ချင်းအသက်သွင်းလိုက်သည်။
ဝေါင်းးးးးးးးးးးးး
အဆောင်ထဲမှာ ရွှေကျားတစ်ကောင် ခုန်ထွက်လာပြီး ဝံပုလွေများအားလုံးကို အငွေ့ပျံစေသည့် ဟိန်းဟောက်တစ်ခုထုတ်ဖော်လိုက်လေသည်။
သို့သော်လည်း ကမ္ဘာခြားသက်ရှိများက ကြိုးဆွဲရာအတိုင်းလှုပ်ရှားနေသည့် ရုပ်သေးများသဖွယ် တလစပ်တိုးဝင်နေကြဆဲပင်.....
ဝံပုလွေလူသားများ ပိုများလာကာ ကျား၏ဟိန်းဟောက်သံသည် စွမ်းအားတစ်ခုချင်းစီအတွက် အနည်းငယ် ပို၍အားနည်းလာသည်။ ၎င်းထံတွင် အဆုံးမရှိသော စွမ်းအင်မရှိခဲ့ပေ။
ဟိန်းဟောက်သံ အားပျော့သွားသည်နှင့်အမျှ မျက်နှာနှစ်ခုရှိသော ဝံပုလွေလူသား ရှေ့သို့ ခုန်တက်သွားသည်။ ပါးစပ်နှစ်ဘက်စလုံးကနေ မြှားများကဲ့သို့ ပျံသန်းနေသော စေးကပ်နေသော အနက်ရောင် ရွှံ့အမှုန်အမွှားများကို ပစ်လွှတ်လိုက်ကြပြီး ဟောက်သံများကြားမှ ရွှေကျားကို ထိမှန်ရန် ရည်ရွယ်ထားပုံရသည်။
ဟူး!
ရွှေကျား နာကျင်စွာ ညည်းတွားပြီး ၎င်း၏ ရွှေရောင်အလင်းတန်းသည်လည်း အနက်ရောင် ရွှံ့ရည်များကြောင့် ချုပ်ငြိမ်းသွားခဲ့သည်။
ယခုအခါတွင် အဆောင်စက္ကူပေါ်တွင် ခရမ်းပုပ်ရောင်အစွန်းအထင်းများ စွန်းထင်နေပြီဖြစ်သည်။
"အားလုံး အသင့်ပြင်ထားကြ!"
ဟွမ်လောင်က သတိပေးလိုက်ပြီး ရွှေကျား အဆောင်ကို အမြန်သိမ်းလိုက်သည်။
သူတို့ကို ကာကွယ်ဖို့ ရွှေကျားအဆောင် မရှိရင် လမ်းရှင်းသွားပြီဖြစ်သည်။ထိုအခါ မျက်နှာနှစ်ဘက်ရှိသော ဝံပုလွေ ဦးဆောင်ကာ ၎င်း၏ မေးရိုးများအောက်သို့ ရွှဲနစ်နေသော တံတွေးများ ရွှဲရွှဲစိုသည်အထိ ကလေးငိုသံနှင့်တူသော အော်သံများ ထွက်ပေါ်လာသည်။
"အသင့်ပြင်ထား!!"
ဟွမ်လောင်က ဓားကိုဆွဲထုတ်လိုက်သည်။
သူတို့သည် ဤရွာအတွက် နောက်ဆုံး ခံတပ်ဖြစ်သည်။ ဒီနေရာ ကျိုးပျက်သွားရင် ရွာလုံးကျွတ် အသတ်ခံရမည်သာ.....
"ချေမှုန်းကြ!!"
နံရံပေါ်ရှိ ဒါဇင်အနည်းငယ်သော ခံစစ်သမားများသည် ၎င်းတို့၏ အကြောက်တရားများကို ချေမှုန်းဖို့ ကြိုးစားရန် ကြွေးကြော်ခဲ့ကြသည်။ ၎င်းတို့သည် ယခင်က ကမ္ဘာခြားသက်ရှိများနှင့် အကြိမ်များစွာ ရင်ဆိုင်ခဲ့ဖူးပြီး ၎င်းတို့၏ ရဲဘော်များစွာသည် ၎င်းတို့၏ မျက်စိရှေ့တွင် ကူးစက်ခံခဲ့ရသည်။ သူတို့သည် တစ်ချိန်က ချစ်လှစွာသော ညီအကိုများ နတ်ဆိုးအဖြစ်ပြောင်းလဲသွားသည်ကို ဒီအတိုင်းသာကြည့်နေခဲ့ရသည်။
၎င်းတို့နောက်တွင် ရွာသားများကလည်း ထိတ်လန့်တကြား စောင့်ကြည့်နေကြသည်။ ကာကွယ်သူတွေ ကျဆုံးသွားသည်နှင့် သူတို့အားလုံး ကြောက်စရာကောင်းတဲ့ သေဆုံးမှုနှင့်ရင်ဆိုင်ရပေတော့မည်။
ကမ္ဘာခြားသက်ရှိအဖြစ်ကူးစက်ခံရသည်နှင့် နှိုင်းစာလျှင် သေခြင်းတရားက ပို၍ နှစ်သက်ဖွယ် ရွေးချယ်မှု ဖြစ်နိုင်သည်။
ဝုန်းးးးး
ဟွမ်လောင်သည် မီးခိုးရောင် ပဲ့တင်ထပ်သံ စွမ်းအားများကိုထုတ်ဖော်ပြီး မျက်နှာနှစ်ခြမ်းရှိသော ဝံပုလွေကိုစိုက်ကြည့်နေသည်။
သူသည် ကျောက်တုံး ပဲ့တင်ထပ်သံ အသုံးပြုသူဖြစ်သည်။
ဒိုင်း!
ဟွမ်လောင်က လက်ထဲကဓားနှင့် မျက်နှာနှစ်ခုရှိသောဝံပုလွေ၏ဦးခေါင်းကို ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။
မျက်နှာနှစ်ဘက်ရှိသော ဝံပုလွေကလည်း လူသားလက်ချောင်းများဖြင့် ဓားချက်ကို ပိတ်ဆို့ထားသည်။ထိုစဉ်လက်သည်းခြေသည်းများမှ အညစ်အကြေးများ ထွက်လာသည်။
ထန်....
ခြေသည်းများနှင့် ဓားသွားထိမိသည့်အခါ မီးပွားများ လွင့်ပျံလာသည်။
ထို့ကြောင့် ဟွမ်လောင်၏ အမူအရာ ပြောင်းလဲသွားသည်။ ရန်သူ၏ ခုခံမှုနောက်ကွယ်က ကြီးမားလှသော ခွန်အားကို သူခံစားနိုင်သည်။ ကျောက်တုံးပဲ့တင်ထပ်သံ အသုံးပြုသူတစ်ဦးအနေဖြင့် ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှုက သူ၏ အထူးကျွမ်းကျင်မှုဟု ယူဆရသော်လည်း ဤနေရာတွင်ပင် သူသည် လုံးဝအဆင့်အတန်းမမီကြောင်း ခံစားနေရသည်။
ဒိုင်း!
ဝံပုလွေ၏ခြေသည်းများက ရက်စက်ကြမ်းကြုတ်သော ခွန်အားဖြင့် ဆုတ်ခွာသွားကြသည်။
ဟွမ်လောင် နောက်သို့အရှိန်ပြင်းစွာလွင့်ထွက်သွားပြီး ရဲတိုက်နံရံနှင့်ဆောင့်မိသွားသည်။ နံရံတွင် အက်ကွဲရာတစ်ခု ပေါ်လာပြီး သူ့ပါးစပ်မှ သွေးများ ထွက်ကျလာသည်။
"တပ်မှူး!"
သူ့လူများထံမှ စိုးရိမ်တကြီး အော်ဟစ်သံများကြားနေရသည်။
ပထမဆုံးအကြိမ် တိုက်ခိုက်လိုက်ကတည်းက ဝံပုလွေ၏ခွန်အားသည် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်နှင့်ညီမျှကြောင်းသိလိုက်ရသည်။
“ဒုက္ခရောက်ပြီ " ဟု ရေရွတ်လိုက်မိသည်။
သူ့ထက်အဆင့်မြင့်သောရန်သူကိုတွန်းလှန်ရန် ကြီးမားသောတန်ဖိုးတစ်ခုပေးဆပ်ရတော့မည်။
ဒါဟာ သူ့ရဲ့နောက်ဆုံးတိုက်ပွဲဖြစ်သွားနိုင်သည်။
သူသေမှာကို မကြောက်ပေမယ့် အဝေးကို လမ်းမလျှောက်နိုင်တဲ့ သူ့အမေ အပါအဝင် သူကာကွယ်ဖို့ မျှော်လင့်ထားတဲ့ ရွာသားတွေအများကြီးရှိသေးသည်။
"ဒါက ဘဝပဲ...သေခြင်းရှင်ခြင်းဆိုတာ ရှောင်လွှဲလို့မရတဲ့ သံသရာစက်ဝန်းပဲ....."
ဟွမ်လောင် သက်ပြင်းချလိုက်သည်။ သူသည် ဓားရှည်ကို ရုတ်သိမ်းလိုက်ပြီး မျက်နှာနှစ်ဘက် ဝံပုလွေ၏ မျက်လုံးများ နီရဲလာသည်ကို ကြည့်လိုက်သည်။ ၎င်း၏သားမွေးများသည်လည်း သွေးနီရောင်ပြောင်းနေပြီဖြစ်သည်။
နောက်တစ်ကြိမ် တိုက်ခိုက်ခါနီးတွင် မိုးကုတ်စက်ဝိုင်းပေါ်တွင် ရွှေရောင်အလင်းတန်းများ ရုတ်တရက် ထွန်းလင်းလာသည်။
တောက်ပနေသော ရွှေကြယ်တံခွန်တစ်ခုသည် ကတ္တီပါပြာရောင်ညကောင်းကင်ယံကို ဖြတ်၍ ပျံသန်းလာသည်မှာ ကယ်တင်ရှင်တစ်ပါးသဖွယ်ပင်.....
ထိုအလင်းတန်း၏နောက်ကွယ်ကနေ ထွက်ပေါ်လာသောအေးမြသည့်စကားသံက.......
"အလင်းကမ္ဘာ......"