ဉာဏ်အလင်း၊ မိုဆာဆော (က)
Vol. 39 Ch. 580
ထိုအချိန်ဝန်းကျင်တွင် ရွှီချင်းသည် လောကစည်းမျဉ်းများ၏စွမ်းအားကို နိုးထစေလိုက်ပြီး သူစောင့်ကြပ်သောနေရာသို့ ပျံသန်းသွားကာ သင့်တော်သော ရာဇဝတ်သားကို ရှာလိုက်သည်။ တစ်ချိန်ထဲတွင် ကျောက်စိမ်းပေလွှာကို ထုတ်ယူလိုက်ပြီး အမည်စာရင်းကို ကြည့်ရှုလိုက်သည်။
သူရှာဖွေနေသည်က ဖမ်းဆီးလို့ကောင်းမည့် ပြီးပြည့်စုံသောဝိညာဉ်သူငယ်အဆင့် ကျင့်ကြံသူအားလုံးပင်။ ထိုရာဇဝတ်သားများသည် ကောင်းကင်မိုးကြိုးကပ်ဘေးအတွက် ခြေတစ်လှမ်းသာလိုတော့သောသူများ ဖြစ်ကြသည်။
များမကြာမီ ရွှီချင်းသည် သူတို့ထဲက လေးဦးကို ဖမ်းချုပ်လိုက်သည်။ လက်ဟန်အတွဲလိုက်ပြုလုပ်လိုက်ပြီး ရှာဖွေရန်အတွက် လောကစည်းမျဉ်းများ၏ စွမ်းအားကို အကူယူသည်။ မကြာမီ သူက အတောင်ပံမျိုးနွယ်ကျင့်ကြံသူတစ်ဦးကို တွေ့ရှိလိုက်သည်။
၎င်းရာဇဝတ်သားသည် ဂူတစ်ခုထဲတွင် ပုန်းအောင်းကာ တရားထိုင်နေခြင်းဖြစ်သည်။
တစ်ခဏခြင်းပင် သူရှိနေသောဂူသည် တုန်ရီလာပြီး မြေပြင်များအက်ကွဲလာကာ အပေါက်ကြီးတစ်ခု ပေါက်ကွဲသွားသည်။ ပေါက်ကွဲမှုကြောင် တောင်ပံမျိုးနွယ်အကျဉ်းသား၏အမူအရာ ပျက်ယွင်းသွားသည်။
သူ၏တုံ့ပြန်မှုက လျင်မြန်သော်လည်း အကြွင်းမဲ့ခွန်အားအောက်တွင် အသုံးမဝင်ဖြစ်သွားသည်။
ကြီးမာသောဖိအားကြီးက ကောင်းကင်မှဆင်းသက်လာပြီး သူ့ကို လေထဲသို့ တိုက်ရိုက်ဆွဲခေါ်သွားတော့သည်။ သူ့ကို ငြင်းဆန်ခွင့် ရုန်းကန်ခွင့်ပင် မပေးခဲ့ပေ။
လောကစည်းမျဉ်းများနှင့် ဖိနှိပ်ထားသောကြောင့် ရွှီချင်းသည် ဤနေရာတွင် ရှိနေသော ရာဇဝတ်သားအားလုံးကို နင်းခြေပစ်နိုင်သည်။
ခဏအတွင်း အပြင်လောကတွင် စွမ်းအားတို့နှင့် ပြည့်နေသော တောင်ပံမျိုးနွယ်၏ ဝိညာဉ်သူငယ်သည် ရွှီချင်းကို လက်တစ်ဖက်ထဲနှင့် သတ်ပစ်နိုင်သော်လည်း ယခုမူ ရွီချင်း၏လည်ပင်းကိုင်၍ ဖမ်းထားခြင်းကို ခံနေရသည်။
“အရှင်”
စော်ကားခံရသည်ဟု ခံစားနေရသော်လည်း တောင်ပံမျိုးနွယ်ကျင့်ကြံသူက ရိုရိုကျိုးကျိုးနှင့် ကောင်းမွန်စွာ ပြောဆိုနေဆဲပင်။
ရွှီချင်း မည်သည့်စကားမှ မဆိုပါ။ သူ၏ အကြည့်က အေးစက်နေသည်။ အနီးကပ်တစ်ချက် ကြည့်ပြိးနောက် တောင်ပံမျိုးနွယ်ဝင်ကို ဘေးသို့ ပစ်ထုတ်လိုက်သည်။ ထို့နောက် ဆေးလုံးအနည်းငယ် ထုတ်ယူလိုက်ပြီး သူ့အပေါ်သို့ ကြဲချလိုက်သည်။
ထိုဆေးလုံးများတွင် သိပ်သည်းသော ဝိညာဉ်စွမ်းအင်ပါရှိပြီး ပြင်ပကမ္ဘာတွင် အကောင်းစား ဆေးလုံးများဖြစ်သည်။ ဤနေရာတွင်မူ သူတို့အတွက် ပို၍ပင် အဖိုးတန်သေးသည်။ တောင်ပံမျိုးနွယ်အကျဉ်းသားက ထိုဆေးလုံးများကို မြင်သည်နှင့် ထိတ်လန့်သွား၏။ သို့သော်လည်း သူ၏မျက်ဝန်းများတွင် ပေါ်လာသည်က နှစ်သက်မှုများမဟုတ် တွန့်ဆုတ်မှုများသာဖြစ်သည်။
ထိုပုံမှန်မဟုတ်မှုတွင် အကြောင်းရင်းတစ်ခုခုရှိနေမည်ကို သူက အလွန်သေချာနေသည်။ ထို့ကြောင့် ရွှီချင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
“အရှင် ဒါက..”
“ဒါတွေကို မင်းဘာသာမင်း စားမလား ဒါမှမဟုတ် မင်းကို မသန်မစွမ်းဖြစ်အောင်လုပ်ပြီး အတင်းထိုးထည့်ရမလား”
ရွှီချင်း တည်ငြိမ်စွာမေးသည်။
တောင်ပံမျိုးနွယ်၏ရင်ထဲတွင် မုန်းတီးမှုများ ဖြစ်ပေါ်လာ၏။ သို့သော် သူက အတင်းဖိနှိပ်လိုက်သည်။ သူက အမိန့်မနာခံခြင်း၏ အကျိုးဆက်များကို နားလည်ထားပေသည်။ ထို့ကြောင့် အံကြိတ်လိုက်ပြီး ဆေးလုံးများကို ကောက်ယူကာ မျိုချလိုက်သည်။
သို့သော် ဆေးစွမ်းစုပ်ယူမှုနှုန်းကိုကား ဂရုတစိုက် ထိန်းချုပ်ထားသည်။
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်ပြီး လက်ဖဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။ တောင်ပံမျိုးနွယ် ကျင့်ကြံသူက နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ပြိုလဲလုနီးပါးဖြစ်ကာ သေခါနီးအခြေအနေသို့ ရောက်သွားသည်။
သို့သော် ၎င်းသည် သူ၏ခန္ဓာကိုယ်က အလွန်အားနည်းနေသောကြောင့်သာ ဖြစ်သည်။ ဆေးစွမ်းများက သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်နှင့် ချီအားများသည် သူ့ခန္ဓာကို လျင်မြန်စွာ ကုစားသွား၏။ ရွှီချင်းက သူ့အားတစ်ချက် စစ်ဆေးပြီးနောက် မလုံလောက်သေးဟု ခံစားရသဖြင့် ထိုသူ၏ပါးစပ်ကို ဟကာ နောက်ထပ်ဆေးလုံးအနည်းငယ်ကို ထပ်ထည့်လိုက်သည်။
ဆေးလုံးများသည် ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပြီး စွမ်းအင်အတက်အကျများက တောင်ပံမျိုးနွယ်ကျင့်ကြံသူထံ၌ ဖြစ်ပေါ်လာ၏။
ဖမ်းခံရချိန်တွင် သူသည် ဝိညာဉ်သူငယ်အဆင့် အကန့်အသတ်သို့ ရောက်ရှိနေပြီး ဖြစ်သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူသည် အဆင့်တက်ရန်အချိန်သို့ ရောက်ရှိနေပြီး ဖြစ်သည်။ သို့သော် ဝိညာဉ်သိုက်အဆင့်သို့ ရောက်ရှိရန်က ကောင်းကင်တာအိုကို လိုအပ်သည်။ ရှင်းလင်းစွာပင် သူ့တွင် ထိုအရာ ရှိမနေပေ။ ထို့ကြောင့် သူသည်သာ အဆင့်တက်ရန် ကြိုးစားပါက သေချာပေါက် ကျရှုံးပေလိမ့်မည်။
သို့သော်လည်း ရှုံးနိမ့်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ ဤနေရာရှိ ကောင်းကင်နှင့် မြေပြင်၏လောကစည်းမျဉ်းများ အသက်ဝင်လာပြီး ကောင်းကင်မိုးကြိုးကပ်ဘေးဖြစ်ပေါ်ခြင်းကို မတားဆီးနိုင်ပါ။
ထိုစွမ်းအင်လှုပ်ခတ်ခြင်းများက တောင်ပင်မျိုးနွယ်ဝင်ကို ထိတ်လန့်စေသည်။ သူက ရွှီချင်း ကြံစည်နေသည်ကို ချက်ချင်း သဘောပေါက်သွား၏။ သို့သော် သူက စကားပြောမည်ပြစဉ်၌ပင် အလွန်နောက်ကျသွားပေပြီ။ ကောင်းကင်သည် ရုတ်ချည်း တိမ်များတက်လာပြီး လေထုထဲတွင် မိုးကြိုးကပ်ဘေးတိမ်များ ပြည့်သွားသည်။
တောင်ပံမျိုးနွယ်ကျင့်ကြံသူက စူးရှစွာ အော်ဟစ်လိုက်ပြီး ရုတ်တရက် ခုန်ထွက်ကာ အလျင်အမြန် ပြေးထွက်သွားတော့သည်။ သူက မိမိကိုယ်ကို တိုက်ခိုက်ကာ ကျင့်ကြံဆင့်အား ဖိနှိပ်ရန်လည်း ကြိုးစားနေသေးသည်။ ထိုနည်းဖြင့် သူက မိုးကြိုးကဒ်ဘေးကို ပျောက်ကွယ်သွားစေလို၏။
သို့သော်လည်း အကြိမ်အနည်းငယ်တိုက်ခိုက်ပြီးနောက် သူ့တကိုယ်လုံး တုန်ခါသွားကာ ထိုနေရာတွင် ရပ်လိုက်၏။ သူ့မျက်နှာက မကြုံဖူးသောအရာတစ်ခုအား တွေ့ကြုံလိုက်ရသကဲ့သို့ အလွန်အမင်းကြောက်လန့်မှုကို ဖော်ပြနေသည်။
သူ့ခန္ဓာကိုယ်သည် ထိန်းချုပ်ခံထားရဟန်တူကာ နောက်သို့အတင်းလှည့်လျှက် ရွှီချင်းရှေ့၌ ဒူးထောက်ထိုင်ချလိုက်သည်။
“သခင် ကျွန်တော်… သေ… ဖို့ … ဆန္ဒရှိပါတယ် …”
သူ၏အဆီအငေါ်မတည့်သော စကားများအရ အရိပ်လေး၏သူ့အပေါ်ထိန်းချုပ်မှုက မတည်မငြိမ်ဖြစ်နေသည်ဟု ဆိုလိုသည်။ ထိုအခိုက်အတန့်တွင် တောင်ပံမျိုးနွယ်ဝင်သည် ပို၍ပင် ရုန်းကန်လာသည်။ သူ၏မျက်နှာအမူအရာက ပြောင်းလဲသွားပြီး အထိတ်တလန့်အမူအရာမှာလည်း အလျင်အမြန် ပျောက်ကွယ်သွားသည်။ သူ၏မျက်နှာသည် ပုံပျက်လာကာ ချိုးဖျက်လွတ်မြောက်သွားတော့မည့်ပုံပေါ်လာ၏။
ကောင်ကင်တွင် မိုးကြိုးက ထစ်ချုန်းနေပြီးသည်။ မရေတွက်နိုင်သော လျှပ်စီးများမှ ဖြစ်တည်လာသည့် တာအိုသတ်ဖြတ်ခြင်းကောင်းကင်ဓားမော့က တောင်ပံမျိုးနွယ်ပေါ်သို့ ရုတ်တရက် သက်ဆင်းလာကြသည်။
ထိုအရာဆင်းသက်လာသော အခိုက်အတန့်တွင် အရိပ်လေး ပျောက်ကွယ်သွားသည်။ နဂိုအတိုင်းပြန်ဖြစ်လာသော တောင်ပံမျိုးနွယ်ကျင့်ကြံသူက ရှောင်ရှားနိုင်ရန် အခွင့်အရေး မရှိတော့ပေ။ အော်သံနက်ကြီးဖြင့် အော်ဟစ်လိုက်ပြီး ကောင်းကင်ဓားမော့၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရတော့သည်။
မြည်ဟီးသံကြီးတစ်ခု အရပ်မျက်နှာမျိုးစုံသို့ ပျံ့နှံ့သွားသည်။
ရွှီချင်းက သူ၏ မူလနေရာတွင် ခြေနှစ်ဖက်ကို ချိတ်လိုက်ပြီး တာအိုအုတ်မြစ် ဖြတ်တောက်ခံရပြီးနောက် သေလုဆဲဆဲ ဖြစ်နေသော တောင်ပံမျိုးနွယ်အကျဉ်းသားကို လျစ်လျူရှုလိုက်သည်။ သူက ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ဓားမော့ကို ကြည့်ကာ ထပ်၍ ဆင်ခြင်လိုက်သည်။
ခဏအတွင်း အသက်ရှုကြိမ်ရေ ၃၀၀ခန့် ကုန်ဆုံးသွားသည်။
မိုးကြိုးကပ်ဘေးတိမ်များက ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်ဓားမော့သည်လည်း ပျောက်ကွယ်သွားသည်။ ရွှီချင်း၏ မျက်လုံးများက ထိုပုံရိပ်များထဲ၌ ဈန်ဝင်စားနေ၏။
ခေတ္တမျှကြာပြီးနောက် သူက မတ်တပ်ရပ်က ထလျှောက်လိုက်ပြီး သင့်တော်သော စမ်းသပ်ခံများ ရှာဖွေရန် တခြားနယ်မြေသို့ ဦးတည်လိုက်သည်။
ထိုနည်းနှင့် ရက်ပေါင်းများစွာ ကုန်ဆုံးသွားသည်။
ရွှီချင်းက တာအိုသတ်ဖြတ်ခြင်း ဓားမော့ကို နားလည်ရန် ထပ်ခါထပ်ခါကြိုးစားခဲ့သည်။ နောက်ဆုံးတွင် နင်ယန်နှင့်တွေ့ရန် ချိန်းထားသောနေ့ရက်အချိန်သို့ ရောက်လာ၏။
ထိုနေ့က ညနေချမ်းအချိန်တွင် ကောင်းကင်သည် လိမ္မော်ရောင် အလင်းတို့နှင့်ပြည့်နေကာ ကျက်သရေရှိနေသည်။ ၎င်းသည် မြေပြင်ပေါ်တွင် ရေပြင်အလား လူးလွင့်နေကြကာ ခေါင်မိုးများနှင့် ဓားကိုင်ရုံးတော်၊ စစ်ရေးအကျိုးပြုမှတ်တမ်းဌာန၏ရင်ပြင်များပေါ်သို့ ကျဆင်းနေကြ၏။
ထိုနေရာတွင် ဓားကိုင်အများအပြား စီတန်းနေကြသည်။
သူတို့သည် တခြားပြည်နယ်များမှ ဓားကိုင်အရံများဖြစ်ကြသည်။
တချို့မှာ စိုးရိမ်သောအမူအရာများ ရှိနေကြပြီး မသက်မသာ စောင့်ဆိုင်းနေကြ၏။ နင်ယန်သည်လည်း သူတို့ထဲက တစ်ဦးဖြစ်သည်။
တစ်ကြိမ်ပြီးတစ်ကြိမ် သူသည် အဝေးသို့ ကြည့်နေတတ်၏။ သူ့စိတ်နှလုံးသည် မကြည်မသာဖြစ်နေကာ စိုးရိမ်ပူပန်မှုများက သူ့မျက်လုံးများထဲတွင် အထင်းသားပေါ်နေ၏။ သူသည် နေ့တစ်ဝက်ခန့် စောင့်ဆိုင်းနေပြီး ဖြစ်သည်။
စားပွဲနောက်တွင် သတ်လတ်ပိုင်းဓားကိုင်တစ်ဦး သုန်မှုန်စွာ ထိုင်နေသည်။ သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်၌ ရှိကာ သူ့မျက်လုံးများထဲ၌ မိုးကြိုးအငွေ့အသက်များ ရံဖန်ရံဖန် ဖြစ်ပေါ်လာတတ်သည်။ သိသာစွာပင် သူသည် ကမ္ဘာဦးမိုးကြိုးမျိုးနွယ်မှ ဖြစ်သည်။
ထိုအခိုက်တွင် သူက အဝေးကို မကြာမကြာ ကြည့်နေတတ်သော ဓားကိုင်အရံများကို ကြည့်လိုက်သည်။
“ဓားကိုင်အရံထောက်ခံမှုမှတ်တမ်းတွေအများစုဟာ အပြီးသတ်သွားပြီ။ မင်းတို့ပဲ ကျန်တော့တယ်။”
“မင်းတို့နဲ့ တစ်ပြည်နယ်ထဲက တခြားလူတွေကို မတွေ့သေးဘူးလား။”
ထိုဓားကိုင်အရံများအားလုံးမှာ မျက်နှာမကောင်းကြတော့ပေ။ တချို့က ရှင်းပြရန် ကြိုးစားကြကာ တချို့မှာ တိတ်ဆိတ်နေကြ၏။
နင်ယန်က အလျင်အမြန် ခေါင်းညိတ်ကာ သတ်လတ်ပိုင်းဓားကိုင်အား ဦးညွှတ်လိုက်သည်။
“နည်းနည်းစောင့်ပေးပါဦး။ ကျွန်တော့ကို ထောက်ခံပေးမယ့်သူက သေချာပေါက်လာမယ်လို့ ကတိပေးထားတယ်။”