← Chapters

ဘုရင်ဖြစ်လာမည့်သူ

Vol. 36 Ch. 533

ဘုရင်ဖြစ်လာမည့်သူ

Vol. 36 Ch. 533

တစ်မိနစ်အတွင်း ဗွီဒီယိုကို နှိပ်၍ ကြည့်ရှုသူများက ငါးသောင်း ကျော်သွားခဲ့သည်။

မျှဝေသူ အရေအအတွက်မှာမူ လေးသောင်းသို့ ရောက်ရှိသွားခဲ့သည်။ မျှဝေသူများထဲမှ ရှစ်ဆယ် ရာခိုင်နှုန်းသည် ဗွီဒီယိုကို ကြည့်ပြီးသူများ ဖြစ်ကြလေသည်။

၎င်းက လူသိများ ကျော်ကြားသွားလေသည်။

အင်္ဂလန်မှ အင်တာနက် အသုံးပြုသူများအားလုံး ဆူညံပွက်လောရိုက်သွားကြသည်။

“သူရဲကောင်း” ဟူသော အသုံးအနှုန်းက မရေတွက်နိုင်သော လူများစွာ၏ စိတ်ထဲ၌ တစ်ချိန်တည်း ပေါ်လာသည်။

လူကြီးလူကောင်းဆန်သော နိုင်ငံဖြစ်သည့် အင်္ဂလန်နိုင်ငံ၌ သူရဲကောင်း တစ်ယောက်သည် သူတို့ လေးစားသော အရာတစ်ခု ဖြစ်သည်။ ကျား၊မ မရွေး သူရဲကောင်းကို လေးစားမြတ်နိုးစိတ် ရှိသည်။ ထို့အပြင် သူတို့သည် စွန့်စားမှုကို နှစ်ခြိုက်သော နိုင်ငံတစ်ခုလည်း ဖြစ်သည်။ ထိုဗွီဒီယိုက သူတို့ နှလုံးသားထဲမှ စွဲလမ်းမှုကို အောင်မြင်စွာ နှိုးဆွပေးလိုက်နိုင်သည်။

[ဘာ … တရုတ်မှာ စူပါမန်း ရှိတာလား]

[အံ့ဩဖို့ကောင်းလိုက်တာ၊ အံ့ဩဖို့ ကောင်းလွန်းတယ်၊ ဒါက ဒိတ်ဒိတ်ကျဲ နာမည်ကြီးတဲ့ ရုပ်ရှင်ကားထက် အဆတစ်ရာမက ပိုမိုက်သေးတယ်]

[လခွမ်း၊ အဲ့ဒီ တန်ဖိုးကြီးပစ္စည်းက ဒီလောက်‌ ကြောက်စရာကောင်းတဲ့ ဧရာမ စပါးအုံးမြွေကြီးရဲ့ အရေခွံနဲ့ လုပ်ထားလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ မယုံနိုင်စရာပဲ]

[အိတ်က အံ့ဩစရာ ကောင်းလွန်းနေတာ မထူးဆန်းတော့ပါဘူး၊ ဒီလို နတ်ဘုရား သားရဲရဲ့ အရေခွံနဲ့ လုပ်ထား လို့ကိုး၊ ဒါ နတ်ဘုရား ပစ္စည်းပဲ]

[ဘုရားသခင်၊ ဒါ တကယ်လား၊ တရုတ်နိုင်ငံက တကယ်ကို အံ့ဩစရာတွေနဲ့ ပြည့်နေတဲ့ ထူးဆန်းတဲ့ နိုင်ငံပါလား]

[ဒါ တရုတ်ကွန်ဖူးများလား၊ အံ့ဩစရာကောင်းလိုက်တာ၊ တရုတ်လူမျိုးတွေက ဒီလို အံ့ဩဖို့‌ ကောင်းလိမ့်မယ်လို့ ငါ လုံးဝ မသိခဲ့ဘူး]

[စူပါမန်းရဲ့ မျက်နှာကို ငါတို့ မမြင်ရတာ ဆိုးတာပဲ၊ စူပါမန်းက အရှေ့ဘက် နိုင်ငံမှာ တကယ် ပေါ်လာတာပဲ]

[လခွမ်း၊ ဒီအိတ်က တကယ်ကို သူရဲကောင်း တစ်ယောက်ရဲ့ သင်္ကေတပဲ၊ ငါတို့ ဝယ်ကို ဝယ်မှဖြစ်မယ်]

[အား … ငါ တအား ပျော်တာပဲ၊ ဒီအိတ်က တစ်မူထူးခြားတယ်ဆိုတာကို ငါ သိနေတယ်၊ ငါ ဒါကို ဝယ်ထားလို့ တော်သေးတယ်၊ အား … ငါ့ဘဝက ပြည့်စုံနေပြီ]

[တရုတ်နိုင်ငံ၊ ငါ တရုတ်နိုင်ငံကို သွားတော့မယ်]

…

ထိုသို့သောအချိန်၌ ရဲ့လင်းချန်သည် အင်္ဂလန်နိုင်ငံ၌ သူ နာမည်ကြီးနေမှန်း မသိပေ။ နိုင်ငံတိုင်း၌ ၎င်းတို့၏ ကိုယ်ပိုင် အင်တာနက် ကွန်ရက် ရှိသည်။ ဤသည်မှာ နိုင်ငံတွင်း လုံခြုံရေးကြောင့် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ တစ်နိုင်ငံစီမှ သတင်းကို အခြားသူများနှင့် မမျှဝေချေ။

ယင်းကို မျှဝေလျင်တောင်မှ နိုင်ငံများ၌ အထူး ဆယ်သွယ်မှု ရှိရန် လိုအပ်ပေသည်။ ထို့ကြောင့် နိုင်ငံမှ ရည်ရွယ်ချက် ရှိရှိ မဖြန့်ဝေသရွေ့ အခြားသော နိုင်ငံများမှ သတင်းများကို အများပြည်သူ သိရန် ခက်ခဲပေသည်။

ထိုအခိုက်တွင် ရဲ့လင်းချန်၏ နှလုံးသားသည် စိတ်လှုပ်ရှားမှုကြောင့် အခုန်မြန်နေသည်။ ရုတ်တရက် ရလာသော အံ့ဩစရာ ကိစ္စကြောင့် သူ လုံးဝ မှင်တက်နေ၏။ သူ၏ ရေပန်းစားမှု အမှတ်များ ဘယ်နေရာက ရောက်လာသလဲ ဆိုသည်က အရေးမကြီးပါ။ ၎င်းတို့က သူ့အတွက် အကျိုးအမြတ်သာ ဖြစ်စေသည်။

အိမ်သို့ ပြန်ရောက်သောအခါ သူသည် ကြည်နူးစွာဖြင့် ရေပန်းစားမှုအမှတ်များကို ထပ်ခါတလဲလဲ ရေတွက် နေမိသည်။

သူ ပွပေါက် တိုးလာမှတော့ သူ၏ ကံကို စမ်းကြည့်သင့်သည် မဟုတ်ပါလော။

*ရေပန်းစားမှုအမှတ် ၄.၈ သန်းနဲ့ဆိုရင် ကံစမ်းမဲ နှိုက်ကြည့်လဲ မဆိုးပါဘူး*

သူ ထိုသို့ တွေးနေစဉ်မှာပင် စနစ်၏ စွမ်းရည် မြှင့်တင်ခြင်း ကဏ္ဍထဲသို့ ဝင်ပြီးနေလေပြီ။

ရဲ့လင်းချန်သည် လက်ကိုပွတ်ကာ ပြုံးနေပြီး ရလာတော့မည့် အံ့ဩစရာများနှင့် ပတ်သက်၍ စိတ်လှုပ်ရှားနေသည်။

ထို့နောက်တွင်မူ သူသည် နှုတ်ခမ်းသပ်၍ သူ၏ လက်ရှိ စွမ်းရည်စာရင်းကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

လက်ရှိတွင် အလယ်အလတ်အဆင့် စွမ်းရည် လေးခု ရှိသည်။ ၎င်းတို့မှာ ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ရေး (အလယ်အလတ်အဆင့်)၊ လျင်မြန်စွာ ပြေးခြင်း စွမ်းရည် (အလယ်အလတ်အဆင့်)၊ အရဟာ လက်သီးစွမ်းအင် (အလယ်အလတ်အဆင့်)နှင့် သားရဲ ယဉ်ပါးခြင်း (အလယ်အလတ်အဆင့်)တို့ ဖြစ်သည်။

ကျန်သည်မှာ အခြေခံအဆင့် စွမ်းရည်များ ဖြစ်သည်။

နဂါးဖမ်းလက် (အခြေခံအဆင့်)၊ ငှက်ဘာသာစကား (အခြေခံအဆင့်)၊ ဝေဖန်ပြစ်တင်ခြင်း စွမ်းရည် (အခြေခံ အဆင့်) ၊ စားကောင်းသောက်ဖွယ် ချက်ပြုတ်နည်း (အခြေခံအဆင့်)၊ နတ်တေးသံ (အခြေခံအဆင့်)၊ ရုပ်ပြောင်း ရုပ်လွှဲ ပညာ (အခြေခံအဆင့်)၊ အရှိန်အဝါ ဟောကိန်း (အခြေခံအဆင့်)၊ နဂါး အမဲလိုက်ခြင်း ပညာ (အခြေခံ အဆင့်) ၊ အဆိပ်ပြီးခြင်း (အခြေခံအဆင့်)၊ မရဏ အထိအတွေ့ (အခြေခံအဆင့်)တို့ ဖြစ်လေသည်။

အခြေခံအဆင့် စွမ်းရည် ဆယ့်နှစ်ခုလုံးက အံ့ဩစရာကောင်းလောက်အောင် အစွမ်းထက်ပေသည်။

သူ အောက်သို့ ဆက်ကြည့်လိုက်မိသည်။ ကျန်သော အရာများမှာ စွမ်းရည် တစ်ရာ ရာခိုင်နှုန်း အပြည့် ဖြစ်နေသည့် စွမ်းရည်များ ဖြစ်သည်။

ဇီဝဗေဒ၊ လက်ရေးလှပညာ၊ ပန်းချီပညာ၊ ချီသန့်စင်မှု၊ အနောက်တိုင်း ဆေးပညာ၊ လယ်စိုက်ခြင်း၊ ဂျာမန် ဘာသာစကား၊ ဖက်ရှင်ဒီဇိုင်း ပညာ၊ ရုရှားဘာသာစကား၊ တူရကီ ဘာသာစကား …

*ဒီလောက် များနေတာ ချီသန့်စင်မှု ကျဖို့ ခက်မှာပဲ*

ရဲ့လင်းချန်သည် ချီသန့်စင်မှုကို ပို၍ နှစ်ခြိုက်သည်။ သို့သော် သူ လိုချင်လျင်တောင်မှ မထိန်းချုပ်နိုင်ပါ။ သူ သွားရည် တများများနှင့် ကြည့်နေရုံသာ တတ်နိုင်လေသည်။

ချီသန့်စင်မှုအပြင် ရဲ့လင်းချန်သည် ဇီဝဗေဒကိုလည်း မျက်စိကျမိသည်။

ဤစွမ်းရည်ကို အဆင့်မြှင့်ခြင်းက သူ ထင်ထားသကဲ့သို့ အကြီးအကဲ ဟီရှိုရှီ၏ မျိုးရိုးဗီဇ သုတေသနထက် ပိုသာအောင် ကူညီပေးနိုင်လေမလား။

*ငါ့ကံကို စမ်းကြည့်တာပေါ့*

အခြေခံအဆင့် စွမ်းရည် ကံစမ်းမဲနှိုက်ခြင်းအတွက် ရေပန်းစားမှုအမှတ် တစ်သိန်းကို သုံးလိုက်သည်။

ရဲ့လင်းချန်သည် အသက်ကို ပြင်းပြင်းရှူပြီး အာရုံစူးစိုက်ကာ စတင်ခြင်းကို နှိပ်လိုက်လေသည်။

ရွှေရောင် အလင်းတန်းက ရာခိုင်နှုန်း တစ်ရာဖြစ်နေသော စွမ်းရည်တစ်ခုချင်းစီပေါ်သို့ လျင်မြန်စွာ ဖြတ်သန်း သွားသည်။ ရဲ့လင်းချန်သည် စိတ်လှုပ်ရှားလာသည်နှင့်အမျှ အသက်ရှူသံလည်း ပြင်းလာ၏။

အလင်းတန်းက မျက်စိကျိန်းလောက်သည့် အမြန်နှုန်းနှင့် သွားလာနေပြီးနောက် ရပ်သွားလေသည်။

*လယ်စိုက်ခြင်းလား*

*သောက်ကျိုးနည်း*

*ဘာလို့ ဒါကြီးလဲ*

ရဲ့လင်းချန် သွေးအန်လုမတတ် ဖြစ်သွားရသည်။ ဤလယ်စိုက်ခြင်း စွမ်းရည်ကို သူ သတိထားမိတာ ကြာပြီ ဖြစ်သော်လည်း အမြဲ လျစ်လျူရှုထားခဲ့သည်။ ယင်းသည် သူ မရချင်သည့် စွမ်းရည်တစ်ခု ဖြစ်သည်။

လယ်စိုက်ခြင်းသည် ရှင်းရှင်းပြောရလျင် အပင်စိုက်ခြင်းသာ ဖြစ်သည်။ ဘယ်လိုလုပ် ဤသို့သောအရာကို အဆင့်မြှင့်၍ ရနိုင်ပါမည်နည်း။

လယ်စိုက်ခြင်းနှင့် ပတ်သက်သည့် စာအုပ်များ ဖတ်ခဲ့မိသည်ကို သူ နောင်တရမိသည်။

*အခုတော့ ကြည့်ပါဦး၊ ဒီပါရမီရှင်ကြီးက လယ်သမား ဖြစ်တော့မယ်*

ရဲ့လင်းချန်၏ ရင်ထဲ၌ ခါးသီးမှုတို့နှင့် ပြည့်နေပြီး လက်ရှိ ခံစားချက်ကို မဖော်ပြနိုင် ဖြစ်နေလေသည်။

သူ စိတ်မပျက်သော်လည်း တည်ငြိမ်နေခြင်း မရှိပါ။ စွမ်းရည်က ဘာအဖြစ် ပြောင်းလဲသွားမလဲ ဆိုသည်ကို ဘယ်သူက သိနိုင်မည်နည်း။

နောက်ဆုံးတွင် ရဲ့လင်းချန်၏ အကြည့်အောက်၌ ရွှေရောင် အလင်းတန်းနှင့်အတူ လယ်စိုက်ခြင်းက အခြား စွမ်းရည်အဖြစ် အစားထိုး ပြောင်းလဲသွားသည်။

သစ်သား ဝိညာဉ် ခန္ဓာကိုယ်။

*လခွမ်း*

*စနစ်က တကယ် အံ့ဩဖို့ ကောင်းတာပဲ*

လယ်စိုက်ခြင်းသည် အပင်များနှင့် အတော်လေး ပတ်သက်မှု ရှိသည်။ ဟင်းသီးဟင်းရွက် ဖြစ်စေ၊ အသီးအနှံ ဖြစ်စေ၊ ၎င်းတို့အားလုံးက သစ်သားနှင့် ဆက်စပ်နေသည်။ ယင်းက သစ်သား ဝိညာဉ် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲ သွားသည်ကို နားလည်နိုင်ပေသည်။

[သစ်သား ဝိညာဉ် ခန္ဓာကိုယ် (အခြေခံအဆင့်): သစ်သားဓာတ် ရှိသော ထူးခြားသည့် ခန္ဓာကိုယ်၊ အပင်များနှင့် သဘာဝအတိုင်း ရင်းနှီးမှု ရှိခြင်း၊ အပင်များနှင့် ဆက်သွယ်နိုင်ပြီး ၎င်းတို့၏ ကြီးထွားမှုအပေါ် အခြေခံ ထိန်းချုပ်မှု ရှိသည်။]

*အံ့ဩစရာ ကောင်းတာပဲ*

စွမ်းရည် ဖော်ပြချက်က အပင်စိုက်ခြင်းနှင့် ပတ်သက်နေသေးသော်လည်း ရဲ့လင်းချန်သည် ထူးခြားသည်ဟု ခံစားမိ နေဆဲပင်။

အကြောင်းမှာ သစ်သား ဝိညာဉ် ခန္ဓာကိုယ်ကို ရလိုက်သည့် အခိုက်မှာပင် သူ့တစ်ကိုယ်လုံး ရုတ်တရက် သက်တောင့် သက်သာ ဖြစ်သွားခြင်းကြောင့်ပင်။ ပြတင်းပေါက် အပြင်မှ အပင်များ၏ အသက်ရှူသံကို သူ ခံစားမိလာပြီး မိခင် သဘာဝတရားကြီးနှင့် သိသိသာသာ ရင်းနှီးလာသလို ခံစားရလေသည်။

ရေဝိညာဉ် ခန္ဓာကိုယ် ရဖူးသည့် အတွေ့အကြုံကြောင့် ရဲ့လင်းချန်သည် ဤသို့ ထူးခြားသည့် ခန္ဓာကိုယ် အမျိုးအစားအား အခြေခံအားဖြင့် နားလည်နိုင်ပေသည်။

ရေဝိညာဉ် ခန္ဓာကိုယ်က သူ့အား ရေအောက်၌ ပို၍ သွားလာရ လွယ်ကူစေသည်။ ရေစီးကြောင်းကို အသုံးချ၍ သူ၏ အာရုံခံစနစ်များ ပို၍ တိုးတက်လာခဲ့သည်။ ထို့အပြင် သူ၏ ချီသန့်စင်မှု စွမ်းရည်က ရေထဲ၌ ပိုမြင့်ခဲ့သည်။ သစ်သား ဝိညာဉ် ခန္ဓာကိုယ်တွင်လည်း တူညီသော သက်ရောက်မှုများ ရှိသည်။ ရဲ့လင်းချန်သည် သူ စုပ်ယူနေသော စိတ်ဝိညာဉ် စွမ်းအင်က သုံးဆယ် ရာခိုင်နှုန်း တိုးလာသည်ကို ချက်ချင်း ခံစားမိသည်။ ထို့အပြင် သူ၏ အာရုံခံ စနစ်များက ပို၍ စူးရှလာ၏။

ထိုအာရုံခံစနစ်က အမြင်နှင့် အကြားအာရုံနှင့် မတူချေ။ လေက သူ၏ အရေပြားကို တိုး၍ ဝင်ရောက်နေသည်ကို ခံစားမိနေ၏။ သူ၏ ခန္ဓာကိုယ်က သဘာဝ ပတ်ဝန်းကျင်က ပေးလာသော သတင်း အချက်အလက်ကို လက်ခံ နေသလိုပင်။

၎င်းတစ်ခုတည်းကတင် သူအား ကျေနပ်လောက်သည့် အံ့ဩမှု ပေးနေပြီ ဖြစ်သည်။

ထို့အပြင် အပင် ကြီးထွားမှုကို အခြေခံ ထိန်းချုပ်နိုင်ခြင်းက ထူးခြားလှသည်။ သူ့အတွေးထဲသို့ စကားလုံးတစ်ခု ဝင်ရောက်လာသည်။ ယင်းမှာ … ကောင်းကင်ဘုံ လယ်သမားပင်တည်း။

*မိုက်တယ်၊ ဒါ လှည့်စားနည်းပဲ၊ နောက်ထပ် ရူးချင်စရာကောင်းတဲ့ လှည့်စားနည်း*

လှည့်စားမှု မရှိသည့် ဘဝက ထိုင်းမှိုင်းစရာ ကောင်းလှသည်။ သူသည် လှည့်စားခြင်းဘုရင် ဖြစ်လာမည့် ကံပါသော သူတစ်ယောက်ပါတကား။

ရဲ့လင်းချန် ကျေနပ်အားရစွာ ပြုံးလိုက်သည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ကံစမ်းမဲနှိုက်ခြင်း ခလုတ်ကို ထပ်နှိပ်ရန် ဆုံးဖြတ်လိုက်လေသည်။

ယင်းက ရေပန်းစားမှု အမှတ်တစ်သိန်းသာ ရှိသည်။ လက်ရှိတွင် ယင်းက သူ့အတွက် မပြောပလောက်သည့် အမှတ်လေးပင်။

ဇီဝဗေဒ၊ လက်ရေးလှပညာ၊ ပန်းချီပညာ၊ ချီသန့်စင်မှု၊ အနောက်တိုင်း ဆေးပညာ၊ ဂျာမန် ဘာသာစကား၊ ဖက်ရှင်ဒီဇိုင်း ပညာ၊ ရုရှားဘာသာစကား၊ တူရကီ ဘာသာစကား …

အလင်းတန်းက စွမ်းရည်တစ်ခုခြင်းစီပေါ်မှ ထပ်မံ၍ ဖြတ်သန်းသွားသည်။ အလင်းရောင် နှေးလာသည်နှင့်အမျှ ရဲ့လင်းချန်၏ နှလုံးခုန်နှုန်းက မြန်သထက် မြန်လာသည်။

*ဒီတစ်ခေါက် ဘာများ ဖြစ်နေလဲ*

All Chapters