← Chapters

နောက်ထပ် အံ့ဩစရာများ

Vol. 36 Ch. 534

နောက်ထပ် အံ့ဩစရာများ

Vol. 36 Ch. 534

“ဒင်”

အလင်းတန်းက တန့်ခနဲ ရပ်သွားပြီး နောက်ဆုံး၌ တူရကီ ဘာသာစကား၌ ကျသွားလေသည်။

*နောက်ထပ် ဘာသာစကားလား*

ရဲ့လင်းချန်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ သူ ဝမ်းမသာသော်လည်း စိတ်မပျက်ပါ။

ဘာသာစကားသို့ ကျလာလျင် ၎င်းတို့က ပုံမှန်အားဖြင့် အကူအညီ သိပ်မဖြစ်ပေ။ လက်ရှိတွင် သူသည် ငှက်ဘာသာ စကားနှင့် ခွေးဘာသာစကားကို နားလည်နိုင်စွမ်း ရှိသည်။ ယခုတစ်ခေါက်၌ ဘာဘာသာစကား ဖြစ်နေမလဲ သိချင်နေ၏။

ဘာသာစကား စွမ်းရည်တစ်ခု၏ အခြေခံအဆင့်က သူ့အား နားလည်နိုင်စွမ်းသာ ပေးပြီး ပြောခွင့်မပေးသဖြင့် အလွန် ကန့်သတ်လွန်းသည်ဟု ရဲ့လင်းချန် ခံစားမိသည်။ အကယ်၍ သူ၏ ဘာသာစကားကိုသာ အဆင့်မြှင့် နိုင်ပါက သူ့အား တိရစ္ဆာန်များနှင့် တိုက်ရိုက် ဆက်သွယ်ခွင့် ပေးနိုင်မည် ဖြစ်ပြီး ယင်းက အနည်းငယ် တန်ဖိုး ရှိလာလောက်သည်။

ရွှေရောင် အလင်းတန်းနှင့်အတူ တူရကီ ဘာသာစကားအစား အခြား ဘာသာစကားတစ်ခု ပေါ်လာလေသည်။ ပိုးကောင် ဘာသာစကား။

*အစက သစ်သား ဝိညာဉ် ခန္ဓာကိုယ်တဲ့၊ အခုတော့ ပိုးကောင် ဘာသာစကားတဲ့လား၊ ငါက သဘာဝနဲ့ တစ်သားတည်း ဖြစ်နေတယ်လို့များ ပြောချင်နေတာလား*

ပိုးကောင် အော်သံများနှင့် ငှက်အော်သံများ ဟူသည့် စကားကို သူ သတိရသွားသည်။ ပိုးကောင်များနှင့် ငှက်များ၏ အသံက သံစုံတီးဝိုင်းအတွက် တေးသွားလိုပင်ဟု ဖော်ပြကြသည်။

*အဲ့တေးသံကို ငါ မခံစားနိုင်တော့တာ ဆိုးတာပဲ၊ နောက်ဆို အဲ့ဒါတွေက ငါ့နားထဲမှ အဆက်မပြတ် ကြားနေရတဲ့ စကားသံတွေ ဖြစ်လာမှာ*

*ဟူး … ပါရမီရှင်တစ်ယောက်က ပိုသန်မာတဲ့ စွမ်းအားတွေ ရလာဖို့ ဘဝရဲ့ ပျော်စရာ တော်တော်များများကို ဆုံးရှုံးရ တာပါလား၊ အကောင်းနဲ့ အဆိုးဆိုတာ ဒါနဲ့တူတယ်*

ကံစမ်းမဲ နှစ်ကြိမ် နှိုက်ပြီး ရေပန်းစားမှုအမှတ် နှစ်သိန်း သုံးလိုက်ပြီးနောက် သူ ကျေနပ်သွားပြီး ရပ်လိုက်လေသည်။

အလယ်အလတ်အဆင့် မြှင့်တင်မှုက ရေပန်းစားမှု အမှတ် တစ်သန်း လိုအပ်ပေသည်။ ယင်းက အနည်းငယ် အကုန်အကျ များလှသည်။ ရဲ့လင်းချန်သည် ရေပန်းစားမှု အမှတ် ဆယ်သန်း စုနိုင်ရန် မျှော်လင့်ထားသည်။ ထို့ကြောင့် ထူးထူးခြားခြား အခြေအနေများ မရှိသရွေ့ အလယ်အလတ်အဆင့်သို့ မြှင့်တင်ခြင်းအား သူ ရပ်ထား ပေမည်။

ထိုစွမ်းရည် နှစ်ခုကို အဆင့်မြှင့်တင်သည်က အတော်လေး လုံလောက်နေလေပြီ။ ဘဝက အလျင်မလိုသင့်ပါ။

သို့သော် ရေပန်းစားမှု အမှတ်များ ပြသရာနေရာသို့ ရဲ့လင်းချန် အကြည့်ရောက်သွားသောအခါ အံ့ဩလွန်း၍ ကြက်သေ သေသွားလေသည်။

ရေပန်းစားမှု အမှတ် နှစ်သိန်း သုံးပြီးသွားပြီ ဖြစ်သဖြင့် သူ၏ ၄.၈ သန်း အမှတ်က ၄.၆ သန်းသို့ ကျသွားသင့်သည်။ သို့သော် ထိုသို့ဖြစ်မည့်အစား တိုးလာသည့်ပုံပင်။

ရဲ့လင်းချန်သည် မျက်လုံးကို ပွတ်ကြည့်ပြီးနောက် သူ၏ ရေပန်းစားမှု အမှတ်က ၅,၀၈၃,၈၇၆ သို့ ရောက်နေကြောင်း သေချာသွားသည်။

၎င်းသည် နှစ်သိန်း လျော့မသွားပဲ နောက်ထပ် နှစ်သိန်း ထပ်တိုးသွားလေသည်။ ယင်းက အလွန်အမင်း ထူးခြားလွန်းပြီး သူ့အတွက် ထပ်မံ၍ အံ့ဩစရာ ကောင်းနေသည်။

*ဒါက … ကောင်းကင်ဘုံက ငါ့ကိုများ ချစ်ခင်နေတာလား၊ ဒါက ငါ့အတွက် နည်းနည်း အံ့ဩစရာ ကောင်းလွန်းနေတယ် မဟုတ်လား၊ ဒါက ဆက်တိုးနေတာပဲ*

“ကလင် ကလင် ကလင်”

ထိုစဉ် သူ၏ ဖုန်းက မြည်လာသည်။

“ဟဲလို ဖေးဖေး”

“လင်းချန်၊ နင် တကယ်ပဲ အဲ့ဒီ ပျောက်နေတဲ့ မွေးကင်းစ ကလေးတွေကို ကယ်ခဲ့တာလား”

ရှောင်ဖေးဖေး၏ အသံက အလျင်လို၍ မယုံနိုင်ပုံ ပေါက်နေသည်။

ရဲ့လင်းချန် ပြုံးလိုက်မိသည်။ သူ၏ ရေပန်းစားမှု အမှတ် တိုးလာသည့် အကြောင်းရင်းကို သူ နားလည်သွားလေပြီ။ ထို့နောက် သူ ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်”

“နင်က အံ့ဩဖို့ ကောင်းတာပဲ”

ရှောင်ဖေးဖေးကဲ့သို့ တည်ငြိမ်သောသူတောင်မှ ကလေးမလေးလို မအော်ဘဲ မနေနိုင်တော့ချေ။

“နင် တရုတ် မနက်ခင်း သတင်းမှာ ပါနေတာ သိလား၊ ပြီးတော့ သတင်းထဲမှာ နင့်နာမည်ကို ထည့်ပြောထားတယ်၊ ဆယ့်ငါး စက္ကန့်တိတိကြီးကို ပါသွားတာ”

ရှောင်ဖေးဖေး၏ အသံက တုန်ယင်နေသည်။ သူမသည် အလွန် စိတ်လှုပ်ရှားနေလေသည်။

*အဲ့ဒါက တရုတ် မနက်ခင်း သတင်းလေ၊ နိုင်ငံထဲမှာ လုပ်ပိုင်ခွင့် အရှိဆုံး သတင်းဌာန*

ဤသတင်း အစီအစဉ်၌ ပါလာခြင်းက အစိုးရက အသိအမှတ် ပြုလိုက်သလိုပင်။ ထိုအစီအစဉ်၌ ပါလာသူများသည် အနုပညာရှင်များထက် ပို၍ ခမ်းနားပေသည်။

အကယ်၍ အနုပညာရှင်တစ်ယောက်သာ တရုတ် မနက်ခင်း သတင်း၌ တစ်ခဏမျှ ပါလာပါက တစ်သက်လုံး ထိုင်ကြွားနေ၍ ရပေသည်။

ရဲ့လင်းချန်က ဘယ်လို ပါလာသနည်း။

သူသည် ချီးကျူးခံရရုံသာမက ဆယ့်ငါးစက္ကန့်တိတိ ပါခွင့်ရသည်။ သတင်း အစီအစဉ်က မည်မျှ ကြာမည်နည်း။ စက္ကန့်တိုင်းက အရေးကြီးသည်။

သတင်း တင်ပြချက်က ဆယ့်ငါးစက္ကန့် ကြာပါက တစ်နိုင်ငံလုံးအတွက် ၎င်း၏ အရေးပါပုံကို သက်သေ ပြရန် လုံလောက်ပေသည်။

“ဟားဟား ငါ ကံကောင်းသွားရုံလေးပါ”

ရဲ့လင်းချန်က ရယ်၍ ပြန်ပြောလိုက်သည်။

ထိုသတင်း တင်ပြချက်က စစ်သည်တော်ဌာနနှင့် ပတ်သက်နေကြောင်း သူ သိနေသည်။ ရဲ့လင်းချန်က ကလေး အချို့ကို ကယ်ခဲ့ရုံတင် မကပါ။ သို့သော် အခြားကိစ္စများက အများပြည်သူ သိ၍ မဖြစ်ပေ။ အစိုးရက ထိုသို့ တမင် အာရုံလွှဲခဲ့ခြင်း ဖြစ်သည်။

ထိုသတင်း တင်ပြချက်နှင့်တင် ရဲ့လင်းချန်သည် အနုပညာ နယ်ပယ်တွင်း၌ သူ နှစ်သက်သလို လုပ်ခွင့်ရ ပေလိမ့်မည်။ နိုင်ငံက အသိအမှတ်ပြုသော သူရဲကောင်းအား မည်သူမှ ရန်လုပ်ရဲမည် မဟုတ်ပါ။

“ဟန်လုပ်နေပြန်ပြီ”

ရှောင်ဖေးဖေး ပြန်နောက်လိုက်လေသည်။ ထို့နောက် သူမက စိုးရိမ်သော လေသံဖြင့် မေးသည်။

“နင် … ထိခိုက်သွားသေးလား”

ထိုကိစ္စက ရဲ့လင်းချန် ပြောသလောက် ရိုးရှင်းမည် မဟုတ်ဟု သူမ ခန့်မှန်းမိသည်။

“ငါ ဘာများ ဖြစ်နိုင်မှာမို့လို့လဲ၊ ငါက တအား သန်မာတာလေ”

ရဲ့လင်းချန်က ပြုံး၍ ပြန်ပြောလိုက်သည်။ သူတို့ နှစ်ယောက်လုံး တစ်ခဏမျှ စကားစမြည် ပြောပြီးနောက် ဖုန်းချ လိုက်ကြသည်။ သို့သော် ဖုန်းချပြီးသည်နှင့် နောက်ထပ် ဖုန်းခေါ်ဆိုမှုက ထပ်ဝင်လာသည်။

ရဲ့လင်းချန်သည် ဖုန်းခေါ်သူ အမည်ကို ကြည့်ပြီးနောက် မျက်လုံးတွင်း၌ နွေးထွေးသော အရိပ်အယောင် ပေါ်လာသည်။

“အမေ”

“သား၊ မင်း သတင်းမှာ ပါလာတယ်နော်”

ရှုကျန်းသည် အလွန် ပျော်ရွှင်နေပြီး ဂုဏ်ယူစိတ်တို့နှင့် ပြည့်နေ၏။

သူမသည် ရှောင်ဖေးဖေးကဲ့သို့ မဟုတ်ဘဲ ဤကိစ္စ၏ အရေးပါပုံကို မသိပေ။ ထိုအစား သူသည် သူမသားက အံ့ဩစရာ ကောင်းသည်ဟု တွေးမိကာ သူ့အတွက် ပျော်ရွှင်နေသည်။

“အမေ စိတ်ထိန်း၊ စိတ်ထန်း၊ ဒီလိုကိစ္စလေးတွေက အမေ့သားအတွက် ဘာမှမဟုတ်ပါဘူး”

ရဲ့လင်းချန်က ကြွားဝါးလိုက်သည်။

“ဟမ့် … မင်းက တော်တော် မာန်တက်နေတာပဲ၊ မင်းက အရွယ်ရောက်ပြီးနေပြီလေ၊ ဘယ်တော့မှ ပိုပြီး ရင့်ရင့် ကျက်ကျက် ပြုမူမှာလဲ”

ရဲ့ကျင်း၏ အသံကို ဖုန်းတစ်ဖက်မှ ကြားလိုက်ရသည်။ ဖုန်းကို စပီကာ ဖွင့်ထားပုံ ရသည်။

“ဒီနေ့ ကျွန်တော့်ရဲ့ အောင်မြင်မှုတွေက အမေတို့ သင်ပြပေးလို့ပါပဲ၊ အမေတို့ ကျွန်တော့်ကို‌ ကောင်းကောင်း သင်ပေးခဲ့လို့ပါ”

ရဲ့လင်းချန်က ချက်ချင်း ပြန်ပြောလိုက်သည်။

တစ်ဖက်တွင် ရဲ့ကျင်း၏ စိတ်ခံစားချက်က ပို၍ နူးညံ့လာသည်။

“ဒီတစ်ခေါက် မင်း လုပ်တာ ကောင်းတယ်၊ မင်းက အဖေတို့ မိသားစုကို ဂုဏ်တက်စေတာပဲ”

အစက သူသည် ရဲ့လင်းချန် အနုပညာ နယ်ပယ်ထဲ ဝင်သွားပပြီးနောက် မကောင်းသော အကျင့်များ တတ်လာမည်ကို စိုးရိမ်ခဲ့သည်။ ထိုသတင်း တင်ပြချက်ကို မြင်ပြီးနောက် သူ စိတ်အေးသွားသည်။

“သား၊ မင်းအဖေ အရူးလုပ်တာ မခံနဲ့၊ သူက သူတို့ ဆေးရုံရဲ့ အဖွဲ့လိုက် စကားပြောခန်းထဲကနေ သူ့လူတွေကို မနက်ခင်း သတင်းကို ကြည့်ဖို့ ပြောနေတာ”

ရှုကျန်းက မညှာမတာ ဖော်လိုက်လေသည်။ ထို့နောက် သူမက စိုးရိမ်တကြီး မေးသည်။

“အဲ့ကလေးတွေကို ကယ်ရတာက အန္တရာယ်များလား၊ သား ထိခိုက်သွားလား”

“ကျွန်တော် အဆင်ပြေပါတယ်၊ ကျွန်တော် ကံကောင်းသွားပြီးတော့ တရားခံ ပုန်းနေတဲ့ နေရာကို တွေ့သွား ရုံလေးပါ၊ ကျွန်တော် ဘာမှမဖြစ်ပါဘူး”

ရဲ့လင်းချန် ပြန်ဖြေလိုက်သည်။

“မင်း ဘေးကင်းလို့ တော်ပါသေးတယ်၊ ဒီလောက်ပဲ ပြောကြတာပေါ့၊ ဒီသတင်းကို အမေ့ရဲ့ WeChat Moments မှာ ပြန်တင်ဖို့ လိုတယ်”

ရှုကျန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူမ ဖုန်းမချခင်တွင် ရဲ့ကျင်းက ရုတ်တရက် ပြောလာသည်။

“မင်း စွမ်းစနိုင်သလောက်ပဲ လုပ်ပါ၊ မင်း လုပ်နိုင်တာထက် ကျော်သွားရင် တခြားနည်းကို စဉ်းစား၊ မင်းကိုယ်မင်း ဖိအား မပေးနဲ့”

သူက စိုးရိမ်နေဆဲပင်။

“ကျွန်တော် နားလည်ပါတယ်၊ အဖေ …”

ရဲ့လင်းချန် နူးညံ့စွာ ပြန်ပြောလိုက်သည်။

ထို့နောက်တွင် ကျောက်လျန့်ရင်၊ ဟူယွဲ့အာနှင့် အိုးရန်ချင်းတောင်မှ ဖုန်းခေါ်လာသည်။ သူတို့က သူ့ကို ဂုဏ်ပြုစကားနှင့် စပြောကြပြီးနောက် သူတို့ စိုးရိမ်မှုကို ထုတ်ပြောကြသည်။

သူ ဖုန်း ပြောပြီးသွားသောအခါ တစ်နာရီကျော် အချိန် ကုန်ဆုံးသွားလေသည်။ ရဲ့လင်းချန် အောက်ဆင်း သွားလိုက်သည်။

အောက်ထပ်တွင် အလီနှင့် လီကျင့်က အိမ်သို့ ပြန်သွားကြလေသည်။ ကျန်းယွင်ရှီနှင့် မီယာကိုကလည်း ဝိုင် အလှကုန် ပစ္စည်းဆိုင်သို့ သွားကြသည်။ မိန်းကလေး တစ်ယောက်တည်းသာ ကျန်ခဲ့လေသည်။ ထိုသူမှာ တုန်းမြောင်မြောင်ပင်။

ကျန်းယွင်ရှီနှင့် ကျန်သုံးယောက်က အအံ့ဩဆုံးပင်။ အကြောင်းမှာ ရဲ့လင်းချန် ဘာလုပ်ခဲ့သလဲ သူမတို့ သိနေ၍ ဖြစ်သည်။ အင်တာနက်ပေါ်မှ သန္ဓေပြောင်း သားရဲများအကြောင်း ကောလာဟလများနှင့် မွေးကင်းစ ကလေးများ၏ သတင်းကို ပေါင်းလိုက်သောအခါ ဘာဖြစ်ခဲ့သလဲ သူတို့ ခန့်မှန်းမိကြသည်။ သို့သော် သူတို့သည် ရဲ့လင်းချန်နှင့် အနေကြာလာ၍ ဘာတွေ ဖြစ်နေသလဲ ဆိုသည်ကို ကောင်းကောင်း နားလည်နိုင်၏။ ရဲ့လင်းချန်သည် သူတို့အား စိတ်တည်ငြိမ်အောင် ရိုးရိုးရှင်းရှင်း ရှင်းပြရန်သာ လိုအပ်ပေသည်။

တုန်းမြောင်မြောင် တစ်ယောက်တည်းသာ အံ့ဩ၍ ကျန်ခဲ့လေသည်။ သူမ အတွေးထဲ ဗလာ ဖြစ်နေ၏။ လက်ရှိတွင် သူမသည် ဆိုဖာပေါ် ထိုင်၍ တရုတ် မနက်ခင်း သတင်း အစီအစဉ်အား သတိလက်လွတ် ငေးကြည့်နေသည်။

ထိုအခိုက်တွင် သူမ ခေါင်းထဲ၌ အတွေးတစ်ခုတည်းသာ ရှိသည်။ ကုမ္ပဏီက … ဤသို့နှင့် အချည်းနှီး ဖြစ်သွားလေပြီ။

All Chapters