ရှင်နဲ့အတူ တွဲလုပ်ရလို့ ဝမ်းသာပါတယ်
Vol. 36 Ch. 535
ရဲ့လင်းချန် အောက်ထပ်သို့ ဆင်းလာသည်ကို မြင်သောအခါ တုန်းမြောင်မြောင်၏ မျက်ဝန်း၌ အနည်းငယ် တောက်ပလာသည်။ သူမက ပြာအက်နေသော အသံဖြင့် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
“ကိစ္စမရှိပါဘူး၊ အမာတဲရာစု မျိုးရိုးဗီဇကို ရှင်းလင်းရတာက ငါ့တာဝန်ပါ၊ ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး”
ရဲ့လင်းချန်က တည်ငြိမ်စွာ ပြောသည်။
ထို့နောက်တွင်မူ တိတ်ဆိတ်မှုက စိုးမိုးလာသည်။ သူတို့နှစ်ယောက်လုံး ပြောစရာ မရှိတော့ချေ။
အံ့ဩဖွယ်ကောင်းသော အနံ့တစ်ခု ထွက်ပေါ်လာမှသော ငေးငိုင်နေသော တုန်းမြောင်မြောင်တစ်ယောက် သတိပြန်ဝင်လာလေသည်။ သူမ မနေနိုင်ဘဲ နှာခေါင်းတရှုံ့ရှုံ့လုပ်၍ အနံ့ခံမိပြီးနောက် မီးဖိုချောင်သို့ လှမ်းကြည့် လိုက်သည်။
မီးဖိုချောင်မှ အငွေ့တစ်ခု ထွက်လာနေပြီး ၎င်းနှင့်အတူ မွှေးပျံ့သော ရနံ့တစ်ခုက တစ်ခန်းလုံး၌ ပြည့်နှက်နေပြီး ရနံ့က တဖြည်းဖြည်း ပိုပို သိသာလာသည်။
သူမသည် ဆက်လက်၍ ဝမ်းနည်း ပူဆွေးချင်နေသော်လည်း ထိုရနံ့တွင် သူမအား ထိုဝမ်းနည်းခြင်း နွံထဲမှ အလွယ်တကူ ဆွဲထုတ်နိုင်သည့် မှော်ဆန်သော အရည်အချင်း ရှိနေပုံရသည်။
သူမ မနက်စာအတွက် ဘာမှမစားရသေးချေ။ သူမသည် မနေ့ညကတည်းက ဘာမှမစားရမိပါ။
“ဘယ်လိုလဲ၊ မင်း နည်းနည်း စားချင်လား”
ရဲ့လင်းချန်သည် ယာဂုတစ်အိုးနှင့်အတူ နှမ်းကပ်ပေါင်မုန့်ဖြူများနှင့် ကြက်ဥကြော်တို့ကို သယ်ဆောင်လာသည်။
တုန်းမြောင်မြောင်သည် ရိုးရှင်းသော အစားအသောက်ကို ကြည့်ပြီး ဤမျှ ရိုးရှင်းသော စားစရာက ဘယ်လိုလုပ် ထိုသို့ မွှေးပျံ့သော ရနံ့မျိုး ပေးစွမ်းနေသလဲ နားမလည်နိုင် ဖြစ်နေသည်။ ယင်းက အဓိပ္ပာယ် မရှိပေ။
“မင်း စားဦးမလား”
ရဲ့လင်းချန်က သူမကို ကြည့်နေသည်။
“ငါ …”
“ဂွီ …”
တုန်းမြောင်မြောင် စကားဆုံးအောင် မပြောရသေးခင်မှာပင် သူမ အစာအိမ်က အော်မြည်သံကြောင့် သူမ မျက်နှာ တစ်ပြင်လုံး နီရဲသွားလေသည်။
ရဲ့လင်းချန်က တိတ်မြဲတိတ်နေပြီး သူမအား ယာဂု ထည့်ပေးလိုက်သည်။
တုန်းမြောင်မြောင်က ယာဂုကို သေသေချာချာ ကြည့်လိုက်ပြီးနောက် ယင်းက ရိုးရှင်းသော ယာဂုဖြစ်သည်ကို သတိထားမိသွားသည်။ သို့သော် ဆန်စေ့တိုင်းက ညကောင်းကင်ယံက ကြယ်များကဲ့သို့ တောက်ပနေသည်ဟု ထင်မှတ်ရသည်။ ထို့အပြင် ယာဂုက ပျစ်သည်။ ၎င်းကို ကြည့်လိုက်ရုံနှင့်တင် သူမ၏ စားချင်စိတ်ကို တိုးလာစေသည်။
သူမ နှမ်းကပ် ပေါင်မုန့်ဖြူကို လှမ်းယူလိုက်ပြီးနောက် ထပ်မံ၍ အံ့ဩသွားရသည်။
၎င်းက ဝါဂွမ်းကဲ့သို့ နူးညံ့နေ၏။ သို့သော် ဝါဂွမ်းနှင့် မတူဘဲ နူးညံ့မှု၌ ဆန့်နိုင်ကျုံ့နိုင်သော ဂုဏ်သတ္တိ ရှိနေသည်။ လျှာပေါ် တင်လိုက်သောအခါ ၎င်း၏ လျှာလည်နိုင်သော အရသာကို တန်း၍ ခံစားမိလေသည်။
သူမ ရဲ့လင်းချန်ကို တစ်ချက် ခိုးကြည့်လိုက်မိပြီး သူက ကောင်းကောင်း ချက်ပြုတ်တတ်လိမ့်မည်ဟု မထင်ထား သည့်အတွက် အံ့ဩနေသည်။
ပေါင်မုန့်ကို ကိုက်လိုက်သောအခါ သူမ တိမ်တွေကို ကိုက်နေရသည်ဟု ခံစားလိုက်မိသည်။ သူမ ပါးစပ်ထဲ ရောက်သည်နှင့် ၎င်း၌ အချိုဓာတ် မျှတမှု ရှိပုံကို လျှာဖျားနှင့်တင် ခံစားမိပြီး နူးညံ့သော ပေါင်မုန့်အသားက သူမ၏ လျှာဖျား၌ လှည့်ပတ်နေသည်။ ၎င်းက သူမကို စိတ်ကျေနပ်မှု ပြင်းစွာ ရရှိလာစေသည်။
ထို့နောက် သူမ ယာဂုကို တစ်လုတ် မြည်းကြည့်လိုက်သည်။
ခပ်ပျစ်ပျစ် ယာဂုက သူမ၏ နှုတ်ခမ်းထောင့်၌ စွန်းထင်းနေပြီး ရတနာကဲ့သို့သော ဆန်စေ့က ခပ်ပျစ်ပျစ် အရည်နှင့်အတူ သူမ ခံတွင်းထဲသို့ ဝင်လာသည်။
*အရသာ ရှိလိုက်တာ*
*တော်တော် အရသာရှိတယ်*
ရိုးရှင်းသော ယာဂုနှင့် ပေါင်မုန့်။ ယင်းက ရိုးရှင်းသော အတွဲအဖက် ဖြစ်သော်လည်း တုန်းမြောင်မြောင်အား ခမ်းနား ဆန်းကြယ်သော ဟင်းလျာကို စားလိုက်ရသကဲ့သို့ ခံစားရစေသည်။
အံ့ဩဖွယ်ကောင်းသော အရသာအပြင် သူမစိတ်ထဲ၌ စိတ်ကျေနပ်မှုနှင့် ပျော်ရွှင်မှုတို့ပါ ဖြစ်ပေါ်လာ၏။ ၎င်းက သူမ၏ ဝမ်းနည်းမှုကို လျော့ပါးသွားစေပြီး သူမကို ပို၍ ခံစားချက် ကောင်းလာအောင် ကူညီပေးသည်။
နှစ်သိမ့်စရာလည်း မလိုသလို ဆွေးနွေးတိုင်ပင်မှုလည်း မလိုအပ်ပေ။ တုန်းမြောင်မြောင်သည် သူမ၏ ပြဿနာ အားလုံးကို သူမကိုယ်တိုင် လွှတ်ချနိုင်လာသည်။
သူမသည် မနက်စာကို အလျင်စလို စားသောက်ချင်း မပြုဘဲ ဆယ့်ငါးမိနစ်ကျော်မှ စားသောက်၍ ပြီးသွား လေသည်။
“မင်း တော်တော်လေး စားနိုင်တာပဲ ဟုတ်လား”
ရဲ့လင်းချန်က ရုတ်တရက် မေးချလာသည်။
တုန်းမြောင်မြောင်၏ မျက်နှာက ချက်ချင်း နီမြန်းသွားသည်။ သူမသည် ကိုယ်တိုင် သတိမပြုမိခင်မှာပဲ ယာဂု နှစ်ပန်းကန်၊ ပေါင်မုန့် နှစ်လုံးနှင့် ကြက်ဥကြော်တို့ကို စားသောက်ပြီးသွားသည်။
ထိုပမာဏက ယောက်ျားလေး တစ်ယောက်အတွက် များသည်ဟု မထင်ရသော်လည်း တုန်းမြောင်မြောင်အတွက်မူ သူမ၏ တစ်နေ့လုံးစာ ပမာဏနှင့် ယှဉ်နိုင်ပေသည်။
“ဟွန့်”
တုန်းမြောင်မြောင်က မကျေနပ်သံ ပြုလာသည်။
“ချွန်းမြောင် ကျန်းမာရေး စောင့်ရှောက်မှုအကြောင်း တွေးနေတုန်းပဲလား”
ရဲ့လင်းချန်က ရုတ်တရက် ထမေးလိုက်သည်။
တုန်းမြောင်မြောင် တဒင်္ဂမျှ တိတ်ဆိတ်သွားပြီးနောက် အသာအယာ သက်ပြင်းချလိုက်သည်။ သူမက အပြစ်ရှိသော အသံဖြင့် ပြန်ပြောလာသည်။
“လက်စားချေဖို့ကတော့ မဖြစ်နိုင်တော့ပါဘူး၊ ကျွန်မအဖေအတွက် ကျွန်မ ဝမ်းနည်းမိရုံပါပဲ၊ ကုမ္ပဏီက အဖေ့ တစ်ဘဝလုံးရဲ့ လက်ရာလေ၊ ဒါပေမဲ့ ကျွန်မ လက်လွှဲယူလိုက်တဲ့ သုံးနှစ်မှာမှ လုံးဝကြီး ပျက်စီးသွားခဲ့ရတာ”
“ဒီအတွက် မင်း အပြစ်တင်သလို ခံစားနေစရာ မလိုပါဘူး၊ မင်း ကောင်းကောင်းကြီး လုပ်ခဲ့ပြီးပါပြီ၊ ဒီလိုအရာမျိုးနဲ့ ရင်ဆိုင်ရတဲ့ ဘယ်ကုမ္ပဏီမျိုးမဆို ကံဆိုးရမှာပါပဲ”
ရဲ့လင်းချန်က နှစ်သိမ့်သည်။
အမှန်အတိုင်း ပြောရမည်ဆိုလျင် တုန်းမြောင်မြောင်၏ အရည်အချင်း၊ ကိုယ်ရည်ကိုယ်သွေးနှင့် ဆွဲဆောင်မှုတို့က ထိပ်တန်းပင်။ ထို့အပြင် သူမက ငယ်နေသေးသည်။ သူမ သက်တူရွယ်တူများနှင့် ယှဉ်လိုက်လျင် သူမက အံ့ဩစရာ ကောင်းသော လူတစ်ယောက် ဖြစ်သည်မှာ အသေအချာပင်။ သူမ အနည်းငယ် ကံဆိုးနေသည်က စိတ်မကောင်း စရာပင်။ ထို့အပြင် ချွန်းမြောင် ကျန်းမာရေး စောင့်ရှောက်မှုက အချိန်သာ ပေးလျင် ဈေးကွက်တွင်း၌ နေရာရမည်မှာ သေချာလှသည်။
တုန်းမြောင်မြောင် သက်ပြင်းချလေသည်။ ထိုသို့သော စကားမျိုးက သူမကို မနှစ်သိမ့်ပေးနိုင်ချေ။
“မင်း ဒုတိယ အခွင့်အရေး လိုချင်လားဂ
ရဲ့လင်းချန်၏ စကားက တုန်းမြောင်မြောင်ကို ဆတ်ခနဲ ခေါင်းမော့လာစေပြီး သူ့အား အံ့ဩမှုအပြည့်နှင့် စိုက်ကြည့်ကာ သူမ ကြားလိုက်ရသည့် စကားကို ယုံနိုင်စွမ်းမရှိ ဖြစ်နေသည်။
“ရှင်…ရှင်…ရှင်က ကျွန်မကို ကူညီမလို့လား”
“အတိအကျကြီး ကူညီတယ်လို့လဲ မဟုတ်ဘူး၊ ပူးပေါင်းရုံ သက်သက်ပါပဲ”
ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။
“ပူးပေါင်းတာလား”
တုန်းမြောင်မြောင် နှုတ်ခမ်းကိုက်မိသွားသည်။
“ကျွန်မတို့က ဘယ်လို ပူးပေါင်းမှာလဲ”
“ချွန်းမြောင် ကျန်းမာရေး စောင့်ရှောက်မှုကို ပြန်စတင်ဖို့ မင်းအတွက် ငါ ပိုက်ဆံ ထောက်ပံ့ပေးနိုင်တယ်၊ ဒါပေမဲ့ ဒီအမှတ်တံဆိပ်က ဝိုင်လုပ်ငန်းစုရဲ့ လက်အောက်ခံ ဖြစ်ကိုဖြစ်ရမယ်”
သူက တစ်ခဏမျှ ရပ်လိုက်ပြီးမှ ဆက်ပြောသည်။
“ကျန်းမာရေး စောင့်ရှောက်မှု ထုတ်ကုန်တွေနဲ့ပဲ သေချာပေါက် ရပ်နေမှာတော့ မဟုတ်ဘူးပေါ့၊ ချွန်းမြောင် ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေးလို့ ခေါ်ရင် ပိုကောင်းမယ်ထင်တယ်”
“ချွန်းမြောင် ဆေးဝါး ထုတ်လုပ် ဖြန့်ချိရေး ဟုတ်လား”
တုန်းမြောင်မြောင် ထိတ်လန့်သွားသည်။ ထို့နောက် သူမ ပြန်မေးလိုက်သည်။
“ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေး ကုမ္ပဏီတစ်ခုကို လည်ပတ်ရတာ ဘယ်လောက် ခက်ခဲလဲ ရှင် သိလား၊ ပိုက်ဆံ ရှိရုံလေးနဲ့ မဖြစ်ဘူး၊ ကျွန်မအဖေက သူ့တစ်သက်လုံး ကြိုးစားခဲ့တာတောင် ခြေကုပ်ယူနိုင်ရုံလေးပဲ လုပ်နိုင်ခဲ့တာ၊ မဟုတ်ရင် ကျွန်မ ကျန်းမာရေး စောင့်ရှောက်မှု ထုတ်ကုန်တွေပဲ လုပ်နေမှာ မဟုတ်ဘူး”
“အဲ့ဒါကို မင်း စိုးရိမ်စရာ မလိုပါဘူး၊ ငါ့မှာ ငါ့နည်းနဲ့ငါ ရှိပါတယ်၊ ပြီးတော့ ငါက ဒါကို ဆေးဝါး ထုတ်လုပ် ဖြန့်ချိရေး နယ်ပယ်မှာ ခိုင်မာတဲ့ ရပ်တည်ချက် ရှိအောင် လုပ်ရုံတင် မကဘူး၊ ငါ ထိပ်ဆုံးကို ရောက်အောင် လုပ်မှာ”
ရဲ့လင်းချန်၏ တုံ့ပြန်စကားကို ကြားပြီး တုန်းမြောင်မြောင် ရယ်မိလုနီးပါး ဖြစ်သွားသည်။ နယ်ပယ်၏ အမြင့်ဆုံးကို စိုးမိုးခြင်းနှင့် ပတ်သက်သော ထိုစကားများက အရွယ်ရောက်ပြီးသား လူတစ်ယောက် ပြောသင့်သော စကားများ မဟုတ်ပါ။ ယင်းက ရိုးအလွန်းလှသည်။ သို့သော် ရဲ့လင်းချန်၏ အမျိုးမျိုးသော အောင်မြင်မှုများကို စဉ်းစား ကြည့်ပါက ထိုသို့ ဖြစ်နိုင်ချေ ရှိသည်ဟု သူမ ခံစားမိလာသည်။
ထို့နောက် ရဲ့လင်းချန်က ထပ်ပြောသည်။
“ဒါပေမဲ့ ငါ့မှာ အခြေအနေ နှစ်ခု ရှိတယ်”
*ထင်တဲ့အတိုင်းပဲ*
တုန်းမြောင်မြောင်၏ နှလုံးက တစ်ချက် ဒိတ်ခနဲ ဖြစ်သွားသည်။ ရဲ့လင်းချန်က သူမကို အကြောင်းပြချက် မရှိဘဲ ကူညီမည် မဟုတ်ပါ။
“အခြေအနေတွေက ဘာလဲ”
“ပထမဆုံးအချက်က ချွန်းမြောင် ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေးက ဝိုင်လုပ်ငန်းထဲ ပူးပေါင်းရမယ်၊ ရှယ်ယာ တစ်ဝက်ကို ဝိုင်လုပ်ငန်းစုက ပိုင်ဆိုင်ရမယ်၊ ပြီးတော့ အောင်မြင်မှုနဲ့ ကုန်အမှတ်တံဆိပ်ကို ဝိုင်လုပ်ငန်းစု ပိုင်တယ်”
ယင်းက ချွန်းမြောင် ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေးအား ဝိုင်လုပ်ငန်းစုအတွက် အလုပ်လုပ်ခိုင်းသည်နှင့် အတူတူပင်။ အမြတ်ငွေ တစ်ဝက် ရသည်ကလွဲလျင် သူတို့သည် ဝိုင်လုပ်ငန်းစုကို အပြည့်အဝ နာခံရပေမည်။
“ဒုတိယက ချွန်းမြောင် ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေးက ဖော်မြူလာတိုင်းကို ငါ လိုအပ်တယ်”
အခြေအနေ နှစ်ခုလုံးက အလွန်အမင်း ပြင်းထန်လွန်းလှသည်။ ၎င်းက တုန်းမြောင်မြောင်ကို သူမ၌ ရှိသမျှ အရာအားလုံး လက်လွှဲခိုင်းသည်နှင့် အတူတူနီးပါးလောက်ပင်။
အရေးအကြီးဆုံးအချက်မှာ ဖော်မြူလာများ ဖြစ်သည်။ ရဲ့လင်းချန်သည် သင်ယူရသည်ကို နှစ်သက်သည့် လူတစ်ယောက် ဖြစ်သည်။ ဆေးဝါး ဖန်တီးသည့် သူ၏ ဗဟုသုတကို အားဖြည့်နိုင်ပါက သူသည် ဝိုင်အလှကုန် ပစ္စည်းအား ကိုယ်ပိုင် အလှကုန်ထုတ်ကုန်များ ဖန်တီးနိုင်အောင် ကူညီနိုင်လောက်သည်။
“ချွန်းမြောင် ဆေးဝါး ထုတ်လုပ် ဖြန့်ချိရေး ကြီးထွားလာအောင် ရှင် တကယ်ပဲ ကျွန်မကို ကူညီပေးနိုင်လား”
တုန်းမြောင်မြောင်၏ လှပသော မျက်ဝန်းများက ရဲ့လင်းချန်ကို စိတ်အားထက်သန်စွာ ကြည့်နေသည်။
“သေချာပေါက်ပဲ၊ ငါ့အရည်အချင်းကို မင်း သိသင့်ပါတယ်”
ရဲ့လင်းချန်က ရယ်၍ ပြန်ပြောလိုက်သည်။
ဝိုင်အလှကုန်ပစ္စည်း၊ ဝမ်ရုံ နည်းပညာနှင့် ဝိုင်လုပ်ငန်းစု။ ဤလူက ထိုနာမည်ကြီးအရာများအားလုံး၏ နောက်ကွယ်၌ ရပ်တည်နေသော လူဖြစ်ကြောင်း တုန်းမြောင်မြောင် သိပါသည်။ ထို့အပြင် ရဲ့လင်းချန်၏ ကြောက်စရာ ကောင်းသော အတိုက်အခိုက် စွမ်းရည်ကို သူမ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့သည်။ ဤလူသည် အလက်ဘက်မှနေ၍ အထင်ကရ ဖြစ်ပုံရသည်။
“ကျွန်မအသက်ကို ရှင် ကယ်ထားခဲ့တာပဲ၊ ပြီးတော့ အခု ကျွန်မမှာ ဘာမှမရှိဘူး၊ ကျွန်မ အခြား ဘာရွေးချယ်မှုတွေ ရှိနိုင်မှာလဲ”
တုန်းမြောင်မြောင်က ချက်ချင်း ပြုံးလာပြီး သူတို့ ပထမဆုံး တွေ့စဉ်ကကဲ့သို့ ယုံကြည်ချက် ရှိပုံ ပြန်ပေါ်လာသည်။ သူမက အပြုံးနှင့် သဘောတူလိုက်သည်။
“ကျွန်မ သဘောတူတယ်၊ ကျွန်မအဖေရဲ့ ကုမ္ပဏီက ရှင် ပြောသလို ကြီးမားတဲ့ ဆေးဝါး ထုတ်လုပ် ဖြန့်ချိရေးလုပ်ငန်း အဖြစ် ပြောင်းနိုင်မယ်ဆိုရင် အဖေ သေချာပေါက် ကျေနပ်မှာပဲ၊ အခုက စပြီး … ကျွန်မ ရှင်နဲ့ အလုပ်တွဲလုပ်ရလို့ ဝမ်းသာပါတယ်”
…