← Chapters

သံသယများ

Vol. 36 Ch. 536

သံသယများ

Vol. 36 Ch. 536

သဘောတူညီမှု ရရှိပြီးနောက် တုန်းမြောင်မြောင်က USB drive တစ်ခုကို ထုတ်ပေးသည်။

သူမက USB ကို နောင်တရသော အကြည့်ဖြင့် ကြည့်နေပြီးနောက် ရဲ့လင်းချန်အား ခပ်မြန်မြန် ပေးလိုက်သည်။

“ဒီထဲမှာ ကျွန်မတို့ ကုမ္ပဏီရဲ့ ဆေးဖော်မြူလာတွေ ရှိတယ်၊ ယူလိုက်”

ရဲ့လင်းချန်က ခေါင်းညိတ်ပြီး သူမဆီမှ USB ကို ယူလိုက်သည်။

“ဘော့စ် ရှင် ဘာလုပ်ဖို့ စီစဉ်ထားလဲ”

တုန်းမြောင်မြောင်က တဲ့တိုး မေးလိုက်သည်။

“ငါတို့ ကုမ္ပဏီ ဌာနချုပ်နဲ့ ငါတို့ဆေး ထုတ်လုပ်ဖို့အတွက် မြေတစ်ခု ဝယ်ဖို့ ငါ စိတ်ကူးထားတယ်၊ ငါတို့ ဒါကို လုပ်မယ်ဆိုရင် အကောင်းဆုံး လုပ်ရမှာပေါ့”

ရဲ့လင်းချန်က ပြောသည်။ ထို့နောက် သူက ဆက်ပြောလေသည်။

“ပြီးတော့ လူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်ဖို့အတွက် ငါတို့ သိပ်ထူးခြားတဲ့ ဆေးကို ထုတ်လုပ်ဖို့ လိုတယ်၊ အဲ့ဒါကြောင့် ငါ မဝေးတော့တဲ့ အနာဂတ်မှာ သုတေသနအချို့ လုပ်မယ်၊ ဒီကာလ အတောအတွင်းတော့ မင်း ဒီမှာပဲ နေတာ ကောင်းလိမ့်မယ်”

“ထူးခြားတဲ့ ဆေး ဟုတ်လား”

တုန်းမြောင်မြောင်သည် ရဲ့လင်းချန်အား တစ်ချက်ကြည့်၍ ပြန်ပြောချင်စိတ်ကို ထိန်းထားရသည်။

ရဲ့လင်းချန်အတွက် ထိုသို့ ပြောရန် လွယ်ကူလောက်သော်လည်း ယင်းက အသေးအဖွဲ ကိစ္စလေး မဟုတ်ချေ။

ဆေးများသည် အလွန်အမင်း သတိထားရသည်။ ၎င်းသည် ထိုကဲ့သို့ သုတေသန လုပ်နိုင်သော အရာတစ်ခု မဟုတ်ပါ။ ၎င်းက ထိရောက်ခြင်း မရှိခြင်း သို့မဟုတ် ဘေးထွက် ဆိုးကျိုးများ ရှိနေပါက ကုမ္ပဏီအတွက် အဆုံးသတ် သွားလောက်သည်။

*ဒီလူက တကယ်ကို ကြီးကြီးကျယ်ကျယ် စိတ်ကူးရဲတာပဲ*

ရဲ့လင်းချန် ဝယ်ရန် စိတ်ကူးထားသော မြေကွက်က ကျွန်းတစ်ခုလုံး ဖြစ်သည်ကို သူမ သိခဲ့ပါက သူ့စကားကို သူမ ထပ်မံ၍ ချေပလောက်သည်။

“ဟုတ်သားပဲ၊ မင်း ဝန်ထမ်းဟောင်းတွေနဲ့ အဆက်အသွယ် ရှိသေးလား၊ အဲ့ဒီလူတွေက မင်း ယုံရတဲ့သူတွေပဲ ဖြစ်ရမယ်”

ရဲ့လင်းချန် မေးလိုက်သည်။

“အင်း”

တုန်းမြောင်မြောင် ခေါင်းညိတ်ပြသည်။

“ဒါဆို သူတို့ကို မကြာခင် အသင့်ပြင်ထားဖို့ မင်း သူတို့ကို ဆက်သွယ်ထားလိုက်”

ထိုသို့ပြောပြီး သူက USB ကိုကိုင်၍ အပေါ်ထပ်သို့ အလျင်စလို တက်သွားသည်။

USB ထဲသို့ ကြည့်လိုက်သောအခါ ထောင်နှင့်ချီသော မှတ်တမ်းများ ပါနေလေသည်။ ၎င်းတို့ထဲက အချို့သည် အခြေခံ ဖော်မြူလာများနှင့် အဆင့်မြင့် ဆေးဖော်မြူလာများ ဖြစ်သည်။ ၎င်းတို့အပြင် မပြီးဆုံးသေးသော ဆေးဝါးနှင့် ဆေးပင်များ၏ သုတေသန မှတ်စုများနှင့် ၎င်းတို့၏ တွဲဖက်သုံးနိုင်မှုများလည်း ရှိသည်။

အကြောင်းအရာများက တရုတ် ဆေးပညာနှင့် ဆင်တူသော်လည်း ထပ်တူမကျချေ။ ၎င်း၏ အကြောင်းအရာများက တရုတ် ဆေးပညာနှင့် ယှဉ်လိုက်လျင် ပိုမို၍ အသေးစိတ် ကျပေသည်။

တရုတ် ဆေးပညာတွင် ဆေးနှင့် ၎င်း၏ အသုံးပြုမှုကိုသာလျင် ဖော်ပြပြီး တွဲသုံးနိုင်သည့် ဆေးပင်များကို သုံး၍ ကုသမှု ပေးသည်။

ဤအရာတွင်မူ ဆေးပင်၏ မော်လီကျူး တည်ဆောက်ပုံနှင့် ဒြပ်စင်များကို မှတ်တမ်းတင်ထားပြီး ဆေးပင်၏ ထူးခြားသော အစွမ်းသတ္တိနှင့် ဆေးဖက်ဝင်ပုံကို သုံး၍ ဆေးတစ်မျိုးကို ဖန်တီးထားသည်။ ဖြစ်စဉ်အတွင်း၌ သူတို့သည် အခြားသော ပါဝင်ပစ္စည်းများကိုပါ ထည့်၍ ဖော်စပ်ကြသည်။

ထို့ကြောင့် ဤအကြောင်းအရာက ဓာတုဗေဒနှင့် ဆက်စပ်ပေသည်။

အထက်ပါ အကြောင်းအရာများအားလုံးသည် ရဲ့လင်းချန်၏ အကြမ်းဖျင်း ခန့်မှန်းမှုများသာ ဖြစ်သည်။ တကယ်တမ်း၌ စနစ်က အကြောင်းအရာများကို မည်သို့ ခွဲခြားလဲ သူ မတွေးတတ်ပါ။

ဓာတုဗေဒအကြောင်း ပြောရမည်ဆိုလျင် ရဲ့လင်းချန်၏ တက္ကသိုလ်တွင်းမှ အချိန်များအတွင်း၌ သူသည် ဓာတုဗေဒနှင့် ပတ်သက်သော စာအုပ်များအားလုံးကို ဖတ်ပြီးသား ဖြစ်သည်။ ထို့အပြင် အကြီးအကဲ ဟီရှိုရှီ၏ မျိုးရိုးဗီဇ သုတေသန စခန်းကို သူ ဖျက်ဆီးစဉ်က ဓာတုဗေဒနှင့် ပတ်သက်သော ဗဟုသုတအချို့ကိုလည်း သူ ရခဲ့သည်။

ဗဟုသုတသည် နယ်ပယ်အစုံနှင့် ဆက်စပ်နေသည်။ လူတစ်ယောက်က နယ်ပယ်တစ်ခုကို အထူးပြုလျင်တောင်မှ အလုပ်လုပ်ရန် အခြားနယ်ပယ်မှ ဗဟုသုတကို မကြာခဏ လိုအပ်ပေလိမ့်မည်။

သို့သော်ငြားလည်း သူ၏ ဓာတုဗေဒ စွမ်းရည် ရာခိုင်နှုန်းက ၇၂% သို့သာ ရောက်သေးသည်။

ယခုတစ်ခေါက်၌ ဓာတုဗေဒကို ရာနှုန်းပြည့်သို့ မြှင့်တင်နိုင်ပါ့မလားဟု သူ သိချင်နေမိသည်။ တရားနည်းလမ်း ကျကျ ပြောရလျင် ဖြစ်နိုင်ချေ ရှိသင့်သည်။

ဤသို့နှင့် ရဲ့လင်းချန်သည် ပထမ အကြောင်းအရာကို ဖွင့်လိုက်သည်။

[သာမန်တုပ်ကွေး ဗိုင်းရပ်စ်နှင့် ဆေးဖော်မြူလာ]

၎င်း၏ မိတ်ဆက်မှာ သာမန် တုပ်ကွေးဖြစ်သည်။ ၎င်းသည် အနောက်တိုင်း ဆေးပညာမှ စိစစ် တွေ့ရှိချက် တစ်ခုသာ ဖြစ်သည်။ ရဲ့လင်းချန်၏ အနောက်တိုင်း ဆေးပညာက ရာခိုင်နှုန်း ပြည့်ပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုကဏ္ဍကို ကျော်ပြီး ဆေးဖော်မြူလာအဆင့်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။

အအေးမိခြင်း ကုသမှုဆေး ထုတ်လုပ်ခြင်း။

အပြာရောင်ဆိုးဆေး ထုတ်လုပ်ခြင်း။

အမောက်ဆလင် ထုတ်လုပ်ခြင်း။

…

“သာမန် တုပ်ကွေး ဗိုင်းရပ်စ်နှင့် ဆေးဖော်မြူလာအား ကိုယ်တိုင် လေ့လာခြင်း၊ ဓာတုဗေဒ စွမ်းရည် တစ်မှတ်”

“သာမန် တုပ်ကွေး ဗိုင်းရပ်စ်နှင့် ဆေးဖော်မြူလာအား ကိုယ်တိုင် လေ့လာခြင်း၊ ဓာတုဗေဒ စွမ်းရည် တစ်မှတ်”

“အကိုက်အခဲ ပျောက်ဆေး ပါဝင်ပစ္စည်းများနှင့် ထုတ်လုပ်ခြင်းအား ကိုယ်တိုင် လေ့လာခြင်း၊ ဓာတုဗေဒ စွမ်းရည် တစ်မှတ်”

“အသည်းနှင့် ကျောက်ကပ် အားဆေး ထုတ်ကုန်များ၏ စိစစ်ချက်အား ကိုယ်တိုင် လေ့လာခြင်း၊ ဓာတုဗေဒ စွမ်းရည် တစ်မှတ်”

…

ရဲ့လင်းချန် အကြောင်းအရာ ဖိုင်တွဲ တစ်ထောင်ကျော်ကို ဖတ်ခဲ့သည်။ အချို့က စာဖိုင် သက်သက် ဖြစ်ပြီး အချို့အား အက်ပ်တစ်ခုအဖြစ် ပြုလုပ်ထားကာ အချို့အား မှတ်တမ်းတင် ဗွီဒီယိုဖိုင်များနှင့် ထားရှိထားသည်။ စာဖိုင်များက စာမျက်နှာ တစ်ရာကျော်သည်။ ၎င်းတို့ကို အဆုံးထိ ဖတ်ပြီးတာတောင်မှ သူ၏ စွမ်းရည်က တစ်ခုပင် တတ်မယောင်ယောင်လေးသာ ရှိပြီး သူ ဆက်ဖတ်သည်နှင့် တိုးရန် ခက်လာသည်။

ဖြစ်စဉ်တစ်ခုလုံးက ပျင်းရိ ထိုင်းမှိုင်းစရာ ကောင်းလှသည်။ သို့သော် ရဲ့လင်းချန်သည် မပင်ပန်းဘဲ သင်ယူရခြင်းကို ပျော်မွေ့နေပြီး အပြည့်အဝ စိတ်နစ်နေသည်။

အချိန်ကား တရွေ့ရွေ့ ကုန်ဆုံးလာသည်။ နောက်ဆုံး စွမ်းရည် အမှတ် ပြည့်သွားသောအခါ ရဲ့လင်းချန် ပြုံးလာသည်။

ပါရမီရှင်တစ်ဦး ဖြစ်သောကြောင့် အသစ် တွေ့ရှိသော ဗဟုသုတကသာ သူ့အား ဤသို့ ပျော်ရွှင်စေတော့သည်။

ထိုသို့သောအချိန်၌ သူ၏ ဦးနှောက်တွင် ဓာတုဗေဒနှင့် ပတ်သက်သော သတင်းအချက်အလက်များနှင့်သာ ပြည့်နေသည်။ လက်ရှိတွင် ရဲ့လင်းချန်သည် သူ့အရှေ့သို့ လာချသော မည်သည့် အရာမဆို၏ မော်လီကျူး တည်ဆောက်ပုံနှင့် အဏုမြူ တည်ဆောက်ပုံတို့ကို အပြည့်အဝ စိစစ်နိုင်လေပြီ။ သူ့တွင် ၎င်းတို့ကို ဖြိုခွဲ၍ ပြန်လည် ဖွဲ့စည်းနိုင်သည့် မရေတွက်နိုင်သော နည်းလမ်းများပင် ရှိလာသည်။

ချက်ချင်းဆိုသလိုပင် ရဲ့လင်းချန်၌ ထူးခြားသော အမူအရာ ဖြစ်လာလေသည်။

ဗဟုသုတများ ပိုမို၍ ရရှိလာပြီးနောက် ယင်းက ကောင်းမွန်သော ဖြည့်စွက် အထောက်အကူ ဖြစ်ကြောင်း သိလိုက်ရသည်။

စွမ်းရည် တစ်ရာ ရာခိုင်နှုန်း ပြည့်နေသော ဓာတုဗေဒကို ဥပမာထား၍ ပြောရပေမည်။ ယင်းက သစ်သား ဝိညာဉ် ခန္ဓာကိုယ်နှင့် ပြီးပြည့်စုံသော စုပေါင်းညှိနှိုင်း ဆောင်ရွက်မှု အကျိုးရလဒ်တစ်ခု ဖြစ်တည်နိုင်စွမ်း ရှိသည်။ ထိုစွမ်းရည် နှစ်ခုသည် လုံးဝ ခြားနားနေသော်လည်း ဆက်သွယ်နေ၏။

ထိုသို့ဖြစ်ရခြင်းမှာ ဆေးဝါး ပြုလုပ်ခြင်းက ကုန်ကြမ်း ပစ္စည်းများ လိုအပ်ခြင်းကြောင့် ဖြစ်သည်။ ဆေးပင်များသည် အခြေခံ လိုအပ်ချက် ဖြစ်သည်။ အထူးသဖြင့် ဂျင်ဆင်းနှင့် စမြိတ်ပန်းကဲ့သို့သော ထူးခြားသည့် ဆေးပင်များပင် ဖြစ်သည်။ အချို့ဆိုလျင် တိကျသော နှစ်ချို့ပင် ဖြစ်ရန် လိုအပ်ပေသည်။

ယခုခေတ်တွင် ထိုသို့သော အဖိုးတန်ဆေးပင်များကို ရရှိရန် အလွန် ခက်ခဲသွားလောက်သည်။ သို့သော် သစ်သား ဝိညာဉ် ခန္ဓာကိုယ်နှင့်ဆိုလျင် ရဲ့လင်းချန်အတွက် ကွဲပြားသွားပေမည်။ ၎င်းတို့ကို သူကိုယ်တိုင် စိုက်ပျိုးနိုင်ပေသည်။

*အံ့ဩစရာပဲ၊ လုံးဝ အံ့ဩဖို့ကောင်းတယ်*

*လယ်စိုက်ခြင်းမှာ အတော်လေး တောက်ပတဲ့ အနာဂတ် ရှိတဲ့ပုံပဲ*

ရဲ့လင်းချန်၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားခြင်းတို့နှင့် ပြည့်နှက်လာသည်။ သူကိုယ်တိုင် ကျွန်းတစ်ကျွန်းလုံးအား ဝယ်နေသည်ကို ကြို၍ မြင်ယောင်နေမိသည်။

သူသည် စိတ်လှုပ်ရှားနေရင်းနှင့် ဖုန်းကိုထုတ်၍ ကျွန်းနှင့် ပတ်သက်သော ကိစ္စကို မေးမြန်ရန် လင်းအောင်အား ဖုန်းခေါ်ရန် ပြင်လိုက်သည်။

မထင်မှတ်ဘဲ ဖုန်းသံ ထွက်ပေါ်လာပြီး ဖုန်းခေါ်သူက လင်းအောင် ဖြစ်နေ၏။

“အစ်ကိုကြီးလင်း”

“ညီလေးရဲ့၊ မင်းရဲ့ ဂုဏ်သတင်း တိုးလာလို့ ဂုဏ်ပြုပါတယ်၊ တရုတ် မနက်ခင်း သတင်းကတောင်မှ မင်းအကြောင်း တင်ဆက်နေပြီ၊ အခု မင်းက ပြည်သူတွေအတွက် သူရဲကောင်းတစ်ယောက် ဖြစ်နေပြီ၊ ဟားဟားဟား …”

လင်းအောင်က နှစ်ထောင်းအားရစွာ ရယ်မောနေသည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ခင်ဗျား ကျွန်တော့်ကို နောက်နေစရာ မလိုပါဘူး”

ရဲ့လင်းချန်ကလည်း ရယ်နေသည်။ သူသည် အင်တာနက်ပေါ်သို့လည်း ဝင်ကြည့်ပြီးလေပြီ။ ယင်းက အင်တာနက်တစ်ခွင်၌ လူပြောအများဆုံး ကိစ္စ ဖြစ်နေ၏။ ပထမ အကြောင်းရင်းမှာ သတင်း တင်ဆက်မှုကြောင့် ဖြစ်သည်။ နောက်ထပ် အကြောင်းရင်းမှာ အင်တာနက်ပေါ်သို့ တင်ထားသည့် လူလိမ်များကို ပညာပေးနေသော သူ၏ ဗွီဒီယိုကြောင့် ဖြစ်သည်။ ထို့ကြောင့် အားပေးသံများ ပို၍ တိုးလာခဲ့လေသည်။

လူလိမ်များနှင့် လူကုန်ကူးသူများကို နှိမ်နင်းခြင်းက သူ့အား ဗီလိန် နှိမ်နင်းရေးသမားဟု လူအများက သူ့အား ခေါ်လာကြသည်။ အချို့သော အနုပညာရှင်များက အချင်းချင်း ဖက်၍ သူ့ကို ချီးကျူးကြပြီး သူ့အား ရဲ့နတ်ဘုရားဟု အော်ခေါ်ကြသည်။

“အစ်ကိုကြီးလင်း၊ ကျွန်းနဲ့ ပတ်သက်ပြီးတော့ အခြေအနေ ဘယ်လိုရှိလဲ”

ရဲ့လင်းချန်က စိတ်အားထက်သန်စွာ မေးလိုက်သည်။

“အခု ဖုန်းခေါ်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကလဲ ကျွန်းကြောင့်ပဲ”

လင်းအောင်က တစ်ခဏမျှ ငြိမ်သွားပြီးမှ ဆက်ပြောသည်။

“ကျွန်းတစ်ကျွန်း ဝယ်ခွင့် ရနိုင်ဖို့ဆိုရင် အနည်းဆုံး အနိမ့်တန်းအဆင့် ကြီးကြပ်သူ ဖြစ်ဖို့ လိုတယ်လို့ ငါ မင်းကို အရင်က ပြောခဲ့ဖူးတယ်လေ၊ မင်းရဲ့ လက်ရှိ အမှတ်တွေအရ စစ်သည်တော်ဌာနက မင်းကို အနိမ့်တန်းအဆင့် ကြီးကြပ်သူ ရာထူးကို တိုးပေးဖို့ ဆွေးနွေးကြတယ်၊ အဲ့ဒါကွာ … အဲ့လိုဖြစ်ဖို့ဆို လူတိုင်းရဲ့ အသိအမှတ်ပြုတာကို ရဖို့ လိုတာ၊ ဒါပေမဲ့ မင်းက ပေါ်လာခဲတော့ ဌာနထဲက လူတစ်ချို့က သံသယဝင်နေကြတယ် …”

All Chapters