ရှက်စရာ
Vol. 36 Ch. 537
“သံသယလား”
ရဲ့လင်းချန်၏ မျက်လုံးများ ဖျတ်ခနဲ လင်းလက်သွားသည်။ လင်းအောင်က ပါးပါးနပ်နပ် ပြောသော်လည်း သူ့အား လူတော်တော်များများက သံသယ ဝင်နေကြောင်း သူ ပြောနိုင်ပါသည်။
သို့သော် ယင်းသို့ ဖြစ်လာသည်က မတတ်သာပေ။ သူသည် စစ်သည်တော်ဌာနသို့ တစ်ခါမှ မရောက်ဖူးသလို တော်တော်များများက သူ့မျက်နှာကိုတောင်မှ လုံးဝ မမြင်ဖူးချေ။ သူ ရရှိထားသော အမှတ်များက တကယ်ကို သူ့အမှတ်ပါဟု မည်သူက ပြောနိုင်မည်နည်း။
“ညီလေးရဲ့၊ အနိမ့်တန်းအဆင့် ကြီးကြပ်သူက အနိမ့်တန်းအဆင့် စစ်သည်တော်နဲ့ မတူဘူးဗျ၊ အဲ့ဒါက တင်းကြပ်တဲ့ အကဲဖြတ်မှု လိုအပ်တဲ့ သတိထားရတဲ့ နေရာတစ်ခုပဲ၊ တကယ်တော့ ငါ မင်းကို ဖိတ်ချင်နေတာ”
လင်းအောင်က ရိုးရိုးတန်းတန်း ပြောလာသည်။
“မကြာခင် စစ်သည်တော်ဌာနရဲ့ အထူးလေ့ကျင့်ရေး စခန်းလေးခုက ဒီမှာ စုဝေးကြမှာ၊ မင်း အချိန်ပေးပြီး လာလည်ပါလား၊ မင်း လူလုံးပြပြီး မင်းကိုယ်မင်း သက်သေပြဖို့ပဲ လိုတာပါ”
လင်းအောင်သည် ဤကိစ္စက အလွန် ရိုးရှင်းသည်ဟု ခံစားမိနေသည်။ ရဲ့လင်းချန်၏ အစွမ်းအစများက အစစ်အမှန် ဖြစ်သည်။ အခြားသူများက ၎င်းကို မသိသော်လည်း သူကတော့ အပြည့်အဝ သိပါ၏။
“ရပါတယ်”
ရဲ့လင်းချန်က လိုရင်းကို တန်းပြောလိုက်သည်။
“အချိန် ရွေးနေစရာ မလိုပါဘူး၊ မနက်ဖြန်ပဲ လုပ်လိုက်ကြတာပေါ့၊ ပိုစောလေ ပိုကောင်းလေပဲ”
“ကောင်းတယ်၊ ဒါဆို ငါတို့ အဲ့လိုလုပ်ကြတာပေါ့၊ ငါ အခုချက်ချင်း ငါ့အဖိုးကို အသိပေးလိုက်ဦးမယ်၊ ငါ မနက်ဖြန် မင်းကို လာခေါ်မယ်”
လင်းအောင် စိတ်လှုပ်ရှားသွားသည်။
ရဲ့လင်းချန် အံ့ဩသွားလေသည်။ လင်းအောင် ပြောပုံအရဆိုလျင် သူ၏ အဖိုးကလည်း ပွဲကို တက်ရောက်မည့်ပုံပင်။
ထို့နောက် သူသည် လင်းအောင်နှင့် စကားစမြည် ထပ်ပြောပြီး ဖုန်းချလိုက်သည်။
မနက်ဖြန်၏ ပွဲအစီအစဉ်ကို သူ လုံးဝ စိတ်မပူပါ။ သိုင်းပညာရှင် တစ်ဦးသည် မိမိ၏ သိုင်းပညာနှင့်သာ ပြောဆို ပြသပေမည်။ သူ့ကိုယ်သူ သက်သေပြခြင်းက မကျေနပ်သောသူများကို နားလည်လက်ခံလာအောင် ပြုလုပ်ခြင်း မျှသာ ဖြစ်သည်။ ယင်းက သူ့အတွက် စိတ်ပူစရာ မဟုတ်ချေ။
ယခုအခါတွင်မှ ညအချိန် ရောက်နေသည်ကို ရဲ့လင်းချန် သတိပြုမိသွားသည်။ သင်ယူခြင်းက လူတစ်ယောက်အား တကယ်ကို အချိန်ကို မေ့သွားအောင် လုပ်နိုင်ပေသည်။ တစ်နေ့တာက ဤသို့နှင့် ကုန်ဆုံးသွားလေသည်။ သို့သော် သူ့အတွက် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။
ရဲ့လင်းချန်သည် အလွန်အမင်း စိတ်ကျေနပ်မှု ရှိနေခဲ့သည်။
ထိုသည်သာမက သူ၏ ရေပန်းစားမှု အမှတ်က စက္ကန့်တိုင်းနီးပါး၌ တက်နေသည်ကိုလည်း သူ သတိပြုခဲ့မိသည်။
ယခုအချိန်သည် တိုက်တိုက်ဆိုင်ဆိုင်ပင် တိုက်ခန်းတွဲတွင်းမှ အချစ်ဇာတ်လမ်း၏ ထုတ်လွှင့်ပြသချိန် ဖြစ်နေ၏။
ရုပ်သံဇာတ်လမ်းတွဲ၏ သက်ရောက်မှုက အကန့်အသတ်နှင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းမှ ရသော ရေပန်းစားမှု အမှတ်များက တစ်ကြိမ်တည်းနှင့် ထိုးတက်မသွားချေ။ သို့သော် ယင်းက ဖြည်းဖြည်းနှင့် ဆက်တက်နေသော အရင်းအမြစ် တစ်ခု ဖြစ်သည်။ ခြုံပြောရလျင် ၎င်းသည် သိသာထင်ရှားသော သက်ရောက်မှုတစ်ခု ဖြစ်ပေသည်။
မနေ့က တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ ပြသမှုတွင် ကြည့်ရှုသူနှုန်းက နှစ်ရာခိုင်နှုန်း ကျော်ခဲ့သည်။ ယင်းက လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။ ထို့အပြင် နာမည်ကြီးလာသဖြင့် ယနေ့တွင် ပိုပို၍ များသော လူများက ဤရုပ်သံဇာတ်လမ်းတွဲကို စ၍ စိတ်ဝင်စားလာသည်။ သူ ခန့်မှန်းကြည့်ရ သလောက်ဆိုလျင် ယနေ့ ကြည့်ရှုသူနှုန်းက ထပ်မံ၍ မြင့်တက်လာလောက်သည်။
*အခုတလော ငါ့ရဲ့ ရေပန်းစားမှုအမှတ် တိုးလာနှုန်းက ပိုပြီး သိသာလာတယ်၊ ဒီလိုပဲ ဆက်သွားနေမယ်ဆိုရင် အဆင့်မြင့်စွမ်းရည်တစ်ခုကို အဆင့်မြှင့်နိုင်ဖို့ သိပ်လိုတော့မှာ မဟုတ်ဘူး*
နောက်တစ်နေ့၌ …
ကျန်းယွင်ရှီနှင့် အခြားသူများကို အသိပေးပြီးနောက် ရဲ့လင်းချန်သည် လင်းအောင်၏ SUV ကားပေါ် တက်ကာ စစ်သည်တော်ဌာနသို့ တန်းသွားလိုက်သည်။
မြို့တော်အတွင်း၌ စစ်သည်တော်ဌာနသည် တပ်စခန်း ဒါဇင်ချီ၍ ရှိပြီး အခွဲ ဆယ်ခုဝန်းကျင် ရှိသည်။ ဌာနချုပ်မှာမူ တစ်ခုတည်း ရှိပေသည်။
ရဲ့လင်းချန် ထင်ထားသည်နှင့် ခြားနားစွာပင် ဌာနချုပ်က လူသူကင်းမဲ့သော ဆင်ခြေဖုံး၌ တည်ရှိနေခြင်း မဟုတ်ပါ။ ၎င်းအား ဖုံးကွယ်ထားခြင်း မရှိချေ။ လင်းအောင်က မြို့လယ်ခေါင်သို့ တောက်လျှောက် မောင်းလာနေ၏။
နောက်ဆုံး၌ ကားသည် အထပ်သုံးဆယ်ဝန်းကျင် ရှိသော အဆောက်အဦး၌ ရပ်သွားလေသည်။ ဤအဆောက် အဦးသည် ပုံမှန် ရုံးအဆောက်အဦးနှင့် ခြားနားပုံ မပေါ်ချေ။ တကယ်တမ်းတွင်လည်း ယင်းသာ အလွန် သာမန် ရိုးကျဆန်သော ရုံးအဆောက်အဦးတစ်ခု ဖြစ်ခဲ့သည်။
ကားသည် ဖြည်းညင်းစွာ ရွေ့လျားနေ၏။ ထောင့်တစ်ခု အရောက်၌ နံရံက ရုတ်တရက် လှုပ်ခါသွားပြီး မြေအောက်သို့ ဦးတည်နေသည့် လိုဏ်ခေါင်းတစ်ခု ပေါ်လာသည်။
မြေအောက်သို့ ဝင်လာသောအခါ မြင်ကွင်းက အကြီးအကျယ် ပြောင်းလဲသွားသည်။ ဘေးပတ်ဝန်းကျင် နံရံများက လုံးဝ ဖြူရော်နေ၏။ အဆင့်မြင့် နည်းပညာသုံး ပစ္စည်းများကို နေရာတိုင်း၌ တွေ့နေရပြီး တစ်ချက် ကြည့်ရုံနှင့် အတော်လေး အထင်ကြီးသွားစေသည်။
ကားသည် လိုဏ်ခေါင်းကို ဖြတ်၍ မောင်းလာသည်နှင့် သူတို့သည် အနီအောက်ရောင်ခြည် အာရုံခံကိရိယာနှင့် လျှပ်စစ်လှိုင်းတန်းများဖြင့် ထောက်လှမ်းခြင်း ခံရလေသည်။ ထို့အပြင် သူတို့၏ လမ်းတစ်လျှောက်၌ သူတို့ကို စောင့်ကြည့်ကိရိယာများက ထောင့်ပေါင်းစုံမှ ကြည့်ရှုနေသည်။
မြေအောက်နေရာက ကြီးမားလှသည်။ ဤအတွက် ဧရိယာမည်မျှများများကို ရှင်းလင်းလိုက်ရလဲ ရဲ့လင်းချန် အတပ် မပြောနိုင်ပါ။ ပတ်ဝန်းကျင်သည် လျှို့ဝှက် မြေအောက်လောကနှင့် ဆင်တူလေသည်။
ဤမြင်ကွင်းက ရဲ့လင်းချန်အား သူ၏ ကိုယ်ပိုင်ကျွန်း ဝယ်လိုသည့် ဆုံးဖြတ်ချက်ကို ပို၍ ခိုင်မာသွားစေသည်။ သူ့၌ ကျွန်းတစ်ကျွန်း ပိုင်ဆိုင်သည်နှင့် ဤနေရာ၌ အဆတစ်ရာ ပိုသာအောင် ဖန်တီးရပေမည်။
ကားကို ပါကင်ထိုးပြီးနောက် လင်းအောင်သည် ဧည့်လမ်းညွှန်တစ်ယောက်သဖွယ် ပြုမူ၍ ရဲ့လင်းချန်အား လမ်းပြ လေသည်။
လူအချို့က ရဲ့လင်းချန်ကို လိုက်ကြည့်နေပြီး သူ့အား စူးစမ်းစွာ လေ့လာနေကြသည်။
“ညီလေးရဲ့၊ ဒါက မြို့တော်က စစ်သည်တော်ဌာနရဲ့ ဌာနချုပ်ပဲ၊ ဒါကို လေ့ကျင့်ရေးကွင်းလို့လဲ ပြောလို့ရတယ်၊ ငါ မင်းကို လိုက်ပြမယ်”
လင်းအောင်က မိတ်ဆက်သည်။
“သာမန် အခြေအနေမှာဆိုရင် အရေးကြီး ကိစ္စ ဆွေးနွေးဖို့ ရှိပြီဆိုရင် ဒီမှာ လုပ်ကြတယ်၊ ပြီးတော့ စိန်ခေါ်မှုတွေ ဒါမှမဟုတ် ပြိုင်ပွဲတွေ ရှိပြီဆိုလဲ ဒီမှာပဲ လုပ်ကြတယ်၊ အဲ့ဒါအပြင် ရာဇဝတ်သားတွေ ထောင်ချတာ၊ စစ်ဆေး မေးမြန်းတာ၊ လျှို့ဝှက် စာရွက်စာတမ်းတွေ သိမ်းဆည်းတာနဲ့ အခြားကိစ္စ တော်တော်များများကိုလဲ ဒီမှာပဲ လုပ်ကြတယ်”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ သူ ပတ်ဝန်းကျင်ကို လေ့လာကြည့်သောအခါ ဤနေရာမှ လူတိုင်းက သင့်တော်သော အရည်အချင်းများ ရှိသည့် သိုင်းပညာရှင်များ ဖြစ်သည်ကို သတိပြုခဲ့မိသည်။
“ဒီနေရာကို လာနိုင်ခဲ့တဲ့သူတွေက အနည်းဆုံး အထူးလေ့ကျင့်ရေး စခန်းတွေမှာ ပါဝင်ခဲ့တဲ့သူတွေပဲ”
လင်းအောင်က ထပ်ပြောသည်။
“အပြာရောင် ဝံပုလွေ၊ နဂါး၊ ကျားနဲ့ အမဲလိုက် သိမ်းငှက်၊ အထူး လေ့ကျင့်ရေး စခန်းလေးခုက အမာတဲရာစု မျိုးရိုးဗီဇ ကိစ္စကြောင့် ဒီကို ရောက်နေတာ၊ ငါတို့ကလဲ ဒီအခွင့်အရေးကို ယူပြီး ရာထူး ပြန်ညှိတာလေး လုပ်ကြတာပေါ့”
သူတို့သည် စကားပြောရင်းနှင့် လမ်းလျှောက်လာကာ အခန်းတစ်ခန်းသို့ လျင်မြန်စွာ ရောက်လာကြသည်။
၎င်းသည် ကျယ်ဝန်းသော လေ့ကျင့်ရေး အခန်းတစ်ခု ဖြစ်သည်။ ဘေးဘီကို ကြည့်လိုက်သောအခါ အားကစားရုံ တစ်ခုနှင့် တူလေသည်။ သို့သော် ကိရိယာများက လုံးဝ ခြားနားနေ၏။
ထို့အပြင် နံရံ၌ စာတန်းတစ်ခုကို ချိတ်ဆွဲထားသည်။
“ချွေးထွက်များမှ သွေးထွက်နည်းမယ်”
ထိုစကားလုံးကို မြင်သောအခါ ရဲ့လင်းချန် အနည်းငယ် အနေရခက်သလို ခံစားမိသည်။
သိုင်းပညာရှင်တစ်ဖွဲ့က အတူတကွ တိုးဝှေ့၌ အားပေးနေကြသည်။
“အစ်ကိုကျား အကောင်းဆုံးလုပ်ထား၊ သူ့ကို နင်းခြေပစ်”
“အစ်ကိုကြံ့၊ အားလေး နည်းနည်း ထည့်ပါဦး၊ တကယ်ကို နည်းနည်းလေးပဲ”
အဖွဲ့ထဲတွင် သိုင်းပညာရှင် နှစ်ယောက်က ကြီးမားသော ကျောက်ပြားတစ်ချပ်ကို မထားကြသည်။ ထိုကျောက်ပြားသည် ကြီးသော်လည်း အလေးချိန်ကို ချိန်ညှိထားသည်။ ၎င်းပေါ်၌ ဒိုင်ခွက်တစ်ခုက နှစ်ယောက်လုံး အလေးချိန် တစ်ရာ ကီလိုဂရမ်သို့ ရောက်နေကြောင်း ပြသနေ၏။
နောက်ဆုံးတွင် အစ်ကိုကျားဟု ခေါ်သောတစ်ယောက်က ပိုကြာကြာ ထိန်းထားနိုင်ပြီး အနိုင်ရသွားသည်။ ချက်ချင်း ဆိုသလိုပင် သူသည် အံ့အားသင့်သော အသံများနှင့် ကြုံလိုက်ရလေသည်။
“အစ်ကိုလင်း၊ ခင်ဗျား ရောက်လာပြီပဲ”
ထိုစဉ် တစ်စုံတစ်ယောက်က လင်းအောင်ကို သတိထားမိသွားသည်။ ထို့နောက် သူတို့သည် ရဲ့လင်းချန်ကိုလည်း သတိပြုမိသွားလေသည်။ သူတို့အားလုံး၏ မျက်လုံးများက အရောင်တောက်လာပြီး သူ့အား ကြည့်၍ တိတ်တဆိတ် အကဲဖြတ်နေသည်။
သူတို့သည် အနည်းနှင့်အများဆိုသလို ကောလာဟလ အချို့ကို ကြားထားသဖြင့် လင်းအောင် ခေါ်လာသောသူက ဘယ်သူမှန်း ရိပ်မိကြသည်။
အထူး လေ့ကျင့်ရေးစခန်း လေးခုကို ကျော်ဖြတ်နိုင်သော သိုင်းပညာရှင်များသည် အတော်လေး သန်မာကြသည်။ သူတို့ တစ်ယောက်ချင်းစီ၌ မာန်မာနများ ရှိကြသည်။ သူတို့သည် ရဲ့လင်းချန်၏ ကျော်ကြားမှုများကို ကြားဖူး သော်လည်း သူ့အား ယခုမှ ပထမဆုံးအကြိမ် လူချင်း တွေ့ဖူးခြင်း ဖြစ်သည်။
“မင်းက ရဲ့လင်းချန်ပဲ ဖြစ်မယ်၊ မင်းနာမည်ကို ကြားဖူးနေတာ ကြာပြီ၊ မင်းက အနုပညာရှင်တစ်ယောက်လို့လဲ ငါ ကြားထားတယ်၊ တွေ့ရတာ ဝမ်းသာပါတယ်”
ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ်ရှိသည့် ကြမ်းကြုတ်သော အစ်ကိုကျားက ရှေ့ထွက်လာပြီး ရဲ့လင်းချန်အား နှုတ်ဆက်သည်။
သို့သော် သူက အနုပညာရှင်ဟူသည့် စကားလုံး၌ အတော်လေး ဖိ၍ ပြောခဲ့သည်။ သူ့လေသံက အနည်းငယ် အထင်သေးပုံ ပေါ်နေပြီး သရော်ဟန် ပေါ်လွင်နေသည်။
သိုင်းပညာရှင်များသည် အနုပညာရှင်များကို အထင်သေးကြပြီး အဆင့်နိမ့်၍ မိန်းကလေးကဲ့သို့ ပျော့ပြောင်း သည်ဟု သတ်မှတ်ကြသည်။
“မင်းရဲ့ နာမည်ကျော် သတင်းတွေကို ကြားဖူးတာ ကြာပြီ၊ ဒါပေမဲ့ အခုမှ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ၊ ရှက်စရာ ကောင်းတဲ့ အခိုက်အတန့်တစ်ခု ဖြစ်သွားတာပဲ၊ ငါတို့ရဲ့ စွမ်းဆောင်ရည်ကို မင်း လက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်”
အစ်ကိုကြံ့ဆိုသူကလည်း ဝင်ပြော၍ ထပ်တူ ခနဲ့လေသည်။
“လက်မခံနိုင်ဘူး”
ရိုးရှင်း၍ တဲ့တိုးဆန်သော စကားကို သူတို့ မျှော်လင့်မထားမိပါ။ ယင်းက သူတို့မျက်နှာပေါ်မှ အပြုံးကို အေးခဲသွား စေပြီး နားကြားများ မှားနေသလားဟု ထင်သွားစေသည်။
“ခင်ဗျားတို့ မာနကို ကျုပ် ထိခိုက်အောင် မလုပ်ချင်ပင်မယ့် ခင်ဗျားတို့ရဲ့ စွမ်းဆောင်ရည်က တကယ်ကို ရှက်စရာပဲ၊ ဒါမှမဟုတ် … ရှက်စရာလို့တောင် မသတ်မှတ်နိုင်လောက်ဘူး …”