လူတိုင်း မတရားသဖြင့် ခံရသည်ဟု ခံစားရခြင်း
Vol. 36 Ch. 538
*သေစမ်း*
ရှေ့စကားကို သူတို့ နားကြားမှားသည်ဟု ထင်ရသော်လည်း ဒုတိယစကားက သူတို့ပေါ်သို့ ဗုံးတစ်လုံး ကျရောက် ပေါက်ကွဲသကဲ့သို့ ဖြစ်သွားလေသည်။
*မိုက်ရိုင်းလိုက်တာ*
*မောက်မာတယ်*
*အရှက်ကိုမရှိဘူး*
သူနှင့် ပတ်သက်သော ကောလာဟလများစွာကို ကြားဖူးပြီး သူသည် ယခုတလော အောင်မြင်မှုများစွာ ရခဲ့သော်လည်း မည်သူမှ သူတို့မျက်လုံးနှင့် တပ်အပ် မမြင်ခဲ့ရပါ။ ထို့အပြင် သူ့ကဲ့သို့ သိုင်းပညာရှင် တစ်ယောက်က အနုပညာရှင်တစ်ဦး ဖြစ်နေခြင်းက သူတို့အား သူ့အပေါ် အထင်သေးစေခဲ့သည်။ သူတို့အတွက် သူ့ကို အထင်မသေးရန် ခက်ပေသည်။
ယနေ့က ရဲ့လင်းချန်၏ စစ်သည်တော်ဌာန၌ ပထမနေ့ ဖြစ်သည်။ သူတို့သည် သူ့အပေါ် အနည်းငယ် ကြမ်းတမ်းရန် ကြံစည်ထားသော်လည်း ရဲ့လင်းချန်က ထိုမျှ တဲ့တိုးဆန်၍ မောက်မာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိပါ။
“မင်းက တော်တော်လေး လေကျယ်တာပဲ”
အစ်ကိုကျားနှင့် ကြံ့တို့ နှစ်ယောက်လုံး မျက်မှောင်ကြုတ်သွားသည်။ သူတို့သည် ရဲ့လင်းချန်အား ခက်ထန်စွာ စိုက်ကြည့်၍ လေသံမာမာဖြင့် ပြောသည်။
“ငါတို့ နှစ်ယောက်လုံးကို မင်း လက်မခံနိုင်ဘူးဆိုတော့ မင်း ငါတို့ကို သရုပ်ပြပါလား၊ ဒါက ငါတို့ ညီအစ်ကို တွေကိုလဲ လက်ခံသွားစေတာပေါ့”
“ငါ စိတ်မဝင်စားဘူး”
ရဲ့လင်းချန် ခေါင်းခါလိုက်သည်။
“ဒီလို ကလေးကလား ကိစ္စနဲ့ ငါ အပင်ပန်းမခံနိုင်ဘူး”
ထိုသို့ပြောပြီးနောက် သူသည် ဒေါသထွက်နေသော မျက်နှာများကို လျစ်လျူရှု၍ အခြားနေရာများကို ဆက်ကြည့် လေသည်။
သူတို့ ဘေးပတ်လည်မှ အကြည့်များနှင့် ရင်ဆိုင်ရသဖြင့် လင်းအောင်၏ မျက်နှာက နီရဲသွားသည်။ သူသည် ခေါင်းငုံ့၍ ရဲ့လင်းချန်၏ ဘေးနား၌ နေနေသည်။ သူသည် ရဲ့လင်းချန်ကဲ့သို့ အရေမထူပါ။ များပြားလှသော အကြည့်များအောက်၌ သူ အနည်းငယ် အနေရခက်နေ၏။
မကြာခင်မှာပင် ရဲ့လင်းချန်သည် ဓာတ်လိုက်ခြင်းကို အသုံးပြုသည့် လေ့ကျင့်ရေးကွင်းတစ်ခုသို့ ရောက်သွားသည်။
“ညီလေးရဲ့၊ ဒီလျှပ်စစ်လှိုင်းက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ပျံ့နှံ့သွားပြီးတော့ ခန္ဓာကိုယ်ရဲ့ ကလာပ်စည်း လှုပ်ရှားမှုကို တိုးတက်စေနိုင်တယ်၊ ဒါက ကြွက်သားအခြေအနေကိုလဲ အထောက်အပံ့ ဖြစ်စေပြီးတော့ ခွန်အား ကိုလဲ တိုးတက်စေတယ်”
(မှတ်ချက်။ ။ဒါကို စိတ်ကူးယဉ် ရေးသားထားခြင်းဖြစ်၍ အတည်မယူသင့်ပါ။)
လင်းအောင်က ရှင်းပြသည်။
“ဗို့အား ငါးရာထဲလား”
ရဲ့လင်းချန်က ကိန်းဂဏန်းကို ကြည့်၍ ခေါင်းခါသည်။
“ဒါက အားပျော့လွန်းတယ်၊ ဒီလောက် နည်းတဲ့ ဗို့အားနဲ့ ဘာများ အသုံးဝင်မှာလဲ”
ဓာတ်လိုက်ခြင်းကို လက်ခံ အသုံးပြုနေသည့်သူများအားလုံး ချက်ချင်း ရပ်သွားပြီး ရဲ့လင်းချန်အား လှည့်ကြည့် လာသည်။
“ဟေ့ ငါတို့ရဲ့ အမြင့်ဆုံး စံချိန်က ဗို့အား ၁,၁၀၀ပဲ၊ မင်း စမ်းကြည့်မလား”
သူတို့ထဲက တစ်ယောက်က အော်ငေါက်လေသည်။
“ဗို့အား ၁,၁၀၀ လား”
ရဲ့လင်းချန် အံ့ဩသွားသည်။
“အမြင့်ဆုံး စံချိန်က အဲ့လောက် နည်းတာလား၊ ငါ ထင်ထားတာထက် အများကြီး အားနည်းတာပဲ”
“ယီးပဲ၊ လေနဲ့ပဲ ပြောမနေနဲ့၊ မင်းဘာသာမင်း သက်သေပြပါလား”
“ဟုတ်တယ်၊ လေနဲ့ပဲ ပြောတာ ဘာထူးမှာလဲ၊ ဗို့အား ၁,၁၀၀ မပြောနဲ့ ဗို့အား ၁၀၀ ကတောင် မင်းကို ဒုက္ခိတ ဖြစ်သွားစေလောက်တယ်ကွ”
“လင်းအောင် သူက ဘာဖြစ်နေတာလဲ၊ တစ်ခုခု ပြောဦး”
အလေးနှင့် ဓာတ်လိုက်ခြင်း လေ့ကျင့်ခန်း လုပ်နေသည့် သိုင်းပညာရှင်များ ဒေါသူပုန် ထကုန်သည်။ ရန်ဖြစ်ခြင်း ကိုသာ တားမြစ်မထားလျင် သူတို့ ရဲ့လင်းချန်နှင့် ယခင်ကတည်းက တစ်ပွဲတစ်လမ်း နွှဲမိလောက်သည်။
“ညီလေးရဲ့၊ နှိမ့်ချပြီး နေရအောင်လားကွာ၊ စကားမပြောပါနဲ့တော့”
လင်းအောင်က ရဲ့လင်းချန်ကို တိတ်တဆိတ် ဆောင့်ဆွဲ၍ မသိမသာ တောင်းပန်လေသည်။
ရဲ့လင်းချန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အခြားသိုင်းပညာရှင်များကို ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းက အပေါ်သို့ ကော့တက်လာ၏။
“စမ်းကြည့် ဟုတ်လား၊ ကလေးဆန်တဲ့ ကစားစရာကို ငါ ယောင်လို့တောင် မကြည့်ဘူး”
ထိုသို့ပြောပြီးနောက် သူက ထပ်မံ၍ တည်ငြိမ်စွာ ထွက်သွားလေသည်။
နောက်တစ်ခုက အပြေး လေ့ကျင့်ရေးကွင်း ဖြစ်သည်။ သိုင်းပညာရှင်များက အပြေးစက်ပေါ်၌ ပြေးလွှား နေကြသည်။ သူတို့၏ ခြေထောက်များက လျင်မြန်သည့် အရှိန်ဖြင့် လှုပ်ရှားနေသည်။ တစ်ဖက်တွင် သူတို့၏ အမြန်ပြေးနှုန်းကို မီတာ မှတ်တမ်း တင်ထားလေသည်။
လင်းအောင် ဒိတ်ခနဲ ရင်တုန်သွားလေသည်။ သူ ဘာမှမပြောနိုင်ခင်မှာပင် ရဲ့လင်းချန်က ပြောပြီးနေလေသည်။
“မိုင်ခြောက်ဆယ်တောင် မရောက်ဘူး၊ နှေးလွန်းတယ်”
ထို့နောက် အသက်အောင့် လေ့ကျင့်ရေးဇုန်သို့ ရောက်လာသည်။
“ကိုးမိနစ်တည်းလား၊ မင်းရဲ့ အဆုတ် လုပ်ငန်းစဉ်က တော်တော် ဆိုးနေတာပဲ”
တိုက်ခိုက်မှုန်နှုန်း လေ့ကျင့်ရေးဇုန်။
“တစ်စက္ကန့်ကို လက်သီးချက် ငါးချက်တည်းလား၊ ဟားဟား မင်းတို့ ဘယ်လိုတောင် ဒီလောက် နှေးနှေးကွေးကွေး ထိုးနိုင်လဲဆိုတာကို ငါ သိချင်မိသား၊ မင်းတို့ ကနေတာလား”
အမြင်အာရုံ လေ့ကျင့်ရေးဇုန်။
…
ရဲ့လင်းချန်သည် ဆယ်မိနစ်အတွင်း သိုင်းပညာရှင် အားလုံးကို အောင်မြင်စွာ ရန်စပြီးသွားသဖြင့် ရာချီသော သိုင်းပညာရှင်များက သူ့အနောက်မှ လိုက်လာပြီး သူ့အား ခက်ထန်သော အကြည့်များဖြင့် ကြည့်လာကြသည်။
သူတို့ကို စိတ်အတိုစေဆုံး အရာမှာ ရဲ့လင်းချန်က လူတိုင်းကို ရန်စပြီး ဘာမှမလုပ်ခြင်း ဖြစ်သည်။ သူတို့နှင့် ရန်စသည့် စကားသာ ပြောခဲ့လေသည်။
သူတို့သည်လည်း ပြန်လည် ချေပပြောဆိုချင်၏။ သို့သော် သူတို့သည် လူအရေအတွက် များသော်လည်း ရဲ့လင်းချန်အား မယှဉ်နိုင်သည်ကို အလျင်အမြန် သတိထားမိသည်။ ရဲ့လင်းချန်နှင့် တစ်ခဏမျှ အပြန်အလှန် ပြောဆိုပြီးနောက် သူတို့ အရှက်ရကာ ပြောစရာစကား မဲ့သွားခဲ့သည်။
သူတို့သည် သူ့အတွက် ရုပ်ပိုင်းဆိုင်ရာရော နှုတ်အားဖြင့်ပါ မယှဉ်နိုင်ပါ။ ယခု သူတို့ လုပ်နိုင်တာဟူ၍ ရဲ့လင်းချန်ကို စိုက်ကြည့်၍ သူ့စိတ်ကို ဒုက္ခပေးရုံသာ တတ်နိုင်လေသည်။
“ဟားဟားဟား စိတ်ဝင်စားဖို့ကောင်းတဲ့ လူငယ်လေးပဲ”
စစ်သည်တော်ဌာန၏ အဆောက်အဦးများထဲမှ တစ်ခုတွင် အကြီးအကဲ တစ်ဖွဲ့သည့် စောင့်ကြည့်ခန်းထဲ၌ ထိုင်နေကြသည်။ သူတို့သည် အောက်ခြေမှ မြင်ကွင်းကို ကြည့်ပြီး ထိန်းမရအောင် ရယ်နေကြသည်။
“ဒီကောင်လေးကို အခက်တွေ့အောင် လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ငါ ပြောခဲ့သားပဲ”
သူတို့နှင့်အတူ ရယ်နေသည့်သူက လင်းအောင်၏ အဖိုးဖြစ်သူ လင်းထျန်းရှုံး ဖြစ်သည်။
“သူတို့တွေက သူ့ကို အခက်တွေ့အောင် မလုပ်နိုင်ဘဲ သူ့ကြောင့်ပဲ သူတို့ ပြန်ဒေါပွသွားတာပဲ၊ စိတ်ဝင်စားစရာပဲ”
“ဒါ အကုန် မဟုတ်သေးဘူး၊ အထူးသဖြင့် သူက ဘာမှ မလုပ်ရှားသေးဘူး၊ သူ့ရဲ့ ဘာအရည်အချင်းကိုမှ မပြသေးဘူး၊ ဒီသိုင်းပညာရှင် အဖွဲ့က တော်တော်လေး သုံးမရတာပဲ”
“ဒီလူက နည်းနည်း စိတ်မချရဘူးလို့ ငါ ဘာလို့ ခံစားမိနေတာလဲ၊ လူတိုင်းကို ရန်စနိုင်တဲ့ အဲ့အရည်အချင်းက တော်တော်လေး အံ့ဩစရာ ကောင်းတယ်”
“အခု အထူး လေ့ကျင့်ရေး စခန်းလေးခုက သိုင်းပညာရှင် အများစုကို သူ ရန်စပြီးပြီဆိုတော့ ရန်စကို သူ ဘယ်လို ရှင်းမလဲ ငါ သိချင်မိတယ်”
“အဘိုးကြီးလင်း၊ မင်း အရင်က သူနဲ့ တွေ့ဖူးတာပဲ၊ သူက ဘယ်လောက် သန်မာလဲ”
သူတို့ထဲက တစ်ယောက်က လင်းထျန်းရှုံးကို မေးလာသည်။
“သူ ဘယ်လောက် သန်မာလဲဆိုတာကို ငါ အတိအကျ မသိဘူး၊ ဒါပေမဲ့ ငါ့မြေးတွေ ပြောပြချက်အရဆို သူက အတွင်းအား အဆင့်ကို ရောက်နိုင်ချေ များတယ်”
“ဒီလိုဆိုရင်တော့ သူ့အမှတ်တွေက တကယ် စစ်မှန်တာပဲ”
ရဲ့လင်းချန်၏ အောင်မြင်မှုများသည် အတွင်းအားသုံး သိုင်းပညာရှင် တစ်ယောက်မှသာလျင် ရနိုင်သော အမှတ်များ ဖြစ်သည်။
ထိုအခိုက်တွင် လင်းအောင်က ရဲ့လင်းချန်ကို ဆက်လက်၍ ရှေ့မှ လမ်းပြပေးနေသည်။
တွေ့ဆုံခြင်း ဧရိယာ။
အစည်းအဝေးခန်းများ။
အနားယူသည့် ဧရိယာ။
နောက်ဆုံးတွင်မူ စိန်ခေါ်ခန်းမ ဖြစ်သည်။
“ရဲ့လင်းချန်၊ မင်း မဟားတရား အံ့ဩတယ်မလား၊ ငါ မင်းကို စိန်ခေါ်တယ်၊
ယခုအထိ သည်းခံနေပြီးနောက် သူ့အနောက်မှ သိုင်းပညာရှင်အချို့သည့် သူ့အား စိတ်အားထက်သန်စွာ အော်ဟစ်၍ စိန်ခေါ်လေသည်။
“ဟုတ်တယ၊ ငါလဲ မင်းကို စိန်ခေါ်တယ်”
“မင်း ယောက်ျားဆိုရင် ငါနဲ့ ချစမ်း”
သူတို့ သူ့အနောက်သို့ လိုက်နေရသည့် အကြောင်းရင်းမှာ ရဲ့လင်းချန်အား လက်စားချေရန်အတွက် စိန်ခေါ်ခန်းမ၌ စိန်ခေါ်နိုင်ရန် ဖြစ်သည်။
ရဲ့လင်းချန်က သူတို့ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူ့အကြည့်က လေးနက်၍ ခန့်မှန်းမရချေ။ သူသည် လက်နောက်ပစ်၍ ပြုံးလိုက်သည်။
“ငါ့ကို စိန်ခေါ်ချင်တဲ့သူတွေ ရှေ့တက်လာခဲ့ပါ”
“ငါပဲ”
လူအယောက် နှစ်ဆယ်ကျော်က ရှေ့ထွက်လာပြီး ရဲ့လင်းချန်အား တိုက်ခိုက်ချင်သည့် အကြည့်များဖြင့် ကြည့်လာသည်။
“သိပ်ကောင်းတယ်”
ရဲ့လင်းချန် ခေါင်းညိတ်သည်။
“မင်းတို့ ရာထူးတွေကိုပြော”
လူနှစ်ယောက်ကျော်သည် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီးမှ သူတို့ အဆင့်ကို ထုတ်ပြောသည်။ ရာထူး အမြင့်ဆုံးသူမှာ အလယ်အလတ်အဆင့် စစ်သည်တော်သာ ဖြစ်လေသည်။
“မင်းတို့ကို ဘယ်သူက ငါ့ကို စိန်ခေါ်ခွင့် ပေးလဲ”
ရဲ့လင်းချန်က သူ၏ အမြင့်တန်းအဆင့် စစ်သည်တော် အိုင်ဒီကို ထုတ်လိုက်သည်။
“ဒါကို ကြည့်ထား၊ ငါ့ကို သေသေချာချာဖြေ၊ မင်းတို့ ငါ့ကို ဘယ်လို ခေါ်ဝေါ်သင့်လဲ”
သူတို့၏ အမူအရာများက ကြည့်ရဆိုးသွားပြီး အင်တင်တင်ဖြင့် နှုတ်ဆက်လေသည်။
“ဆာ”
“ငါက မင်းတို့ အထက်လူကြီးမှန်းတော့ သိသေးသားပဲ၊ ခုနက အပြုအမူက ဘာလဲ”
ရဲ့လင်းချန်၏ အမူအရာက ခက်ထန်သွားသည်။
“အခု မင်းတို့အားလုံး ‘ဆာ ကျွန်တော် မှားသွားပါတယ်’ လို့ အော်စမ်း”
လူအုပ်ကြီးက ဆွံ့အသွားလေသည်။
“မင်းတို့ မလုပ်ချင်ဘူးလား”
“ဆာ ကျွန်တော် မှားသွားပါတယ်”
“ဆာ ကျွန်တော် မှားသွားပါတယ်”
…
လူတိုင်း မတရားသဖြင့် ခံရသည်ဟု ခံစားလိုက်ရသည်။