ပဋိပက္ခ
Vol. 23 Ch. 332
ရေနယ်မြေတွင် လူဆယ်ယောက်တောင် မကျန်ရှိတော့သောကြောင့် တိုက်ပွဲက နောက်ဆုံး အဆုံးသတ်ခါနီးကို ရောက်လာပေပြီ။
ခပ်လှမ်းလှမ်းမှ ကြည့်ရှုနေသော ဆန်းကြယ်တောင်ထွတ်မှ ကျိချန်ရှန်းပြီးလျှင် နောက်ဆုံးတစ်နေရာအတွက် တိုက်ခိုက်နေကြသော မရီးဒါန်လေးခုအခြေတည်အဆင့် ကျင့်ကြံသူလေးယောက် ကျန်ရှိသေးလေသည်။
ရှန်မန်းကီက ဒဏ်ရာရရှိထား၏။ ဒဏ်ရာက သိပ်ပြီး မပြင်းထန်လှသော်လည်း သူမမှာ ဒဏ်ရာကို ကုသဖို့ အချိန်မရသောကြောင့် သွေးများက အဆက်မပြတ် စီးထွက်နေ၏။ သူမ၏ သက်လုံက ကျလာတာရယ်၊ စိတ်ဝိညာဉ်စွမ်းအင်က ခမ်းခြောက်လာတာရယ်ကြောင့် သူမသည် ဆက်လက်တောင့်ခံနိုင်ခြင်း မရှိတော့ပေ။
“အာယား”
သူမသည် ညင်သာစွာ သက်ပြင်းချလိုက်၏။
သူမသည် စိတ်ထဲမှာ မကျေနပ်လှသော်လည်း သူမ၏ အသက်က ပိုအရေးကြီးလေသည်။ သူမသည် ကူကယ်ရာမဲ့စွာနှင့် ကျောက်စိမ်းအဆောင်ကို ချိုးဖျက်ကာ ဒြပ်စင်ငါးမျိုးထီးထဲကနေ ထွက်လာခဲ့လိုက်ရ၏။
ရှန်မန်းကီသည် လေးထောင့်ကွင်းသို့ ရောက်သောအခါ သူမ၏ သိုလှောင်အိတ်ထဲကနေ ဆေးလုံးအချို့ကို ကပျာကယာ ထုတ်ယူပြီး မျိုချလိုက်၏။ ထို့နောက် သူမသည် သူမ၏ ဒဏ်ရာအပေါ် အနာကျက်ဆေးအမှုန့်အချို့ကို ဖြူးကာ ပတ်တီးစီးလိုက်၏။
ဖြစ်စဉ်တစ်လျှောက်လုံး သူမသည် နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး အသံတိတ်နေ၏။
သူမသည် စိတ်ထဲမှာ မချင့်မရဲ ဖြစ်နေ၏။
နည်းနည်းလောက်လေး ဆက်လက်တောင့်ခံနိုင်ခဲ့လျှင် သူမသည် စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းမှာ နေရာတစ်နေရာ ရတော့မှာ ဖြစ်လေသည်။
နည်းနည်းလောက်လေး ဆက်လက်တောင်ခံနိုင်ခဲ့လျှင် သူမသည် ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ခွင့်ကို ရရှိတော့မှာ ဖြစ်လေသည်။
သူမသည် ပကတိအခြေတည်အဆင့်မှာ နောက်ထပ်တစ်နှစ်လောက်သာ ဆက်လက်လေ့ကျင့်ရမည်ဆိုလျှင် နောက်ထပ်မရီးဒါန်တစ်ခု သို့မဟုတ် နှစ်ခုလောက်ကို ဖွင့်လှစ်နိုင်မည်ဟု သူမကိုယ်သူမ ယုံကြည်လေသည်။ အဲ့အချိန်ကျလျှင် သူမက မရီးဒါန်ခြောက်ခုအခြေတည်အဆင့် ဖြစ်လာပေလိမ့်မည်။
“ဆယ်နှစ်ကြာပြီးလို့ နောက်လာမယ့် ဂိုဏ်းပေါင်းစုံပြိုင်ပွဲကျ ငါဝင်ပြိုင်ရင်.. အဲ့အခါကျရင် စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းမှာ ငါတစ်နေရာတော့ သေချာပေါက် ရကိုရမှာပဲ”
ရှန်မန်းကီသည် စဉ်းစားတွေးတောရင်း လူအုပ်ကြီးဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင်.. သွေးအလိမ်းလိမ်းနှင့် လဲကျသေဆုံးနေသော ဖုန်ဟောက်ယွီကို မြင်လိုက်ရ၏။
သူမ၏ သူငယ်အိမ်များက အထိန်းအကွပ်မဲ့စွာ တင်းကျပ်လှုပ်ခတ်သွား၏။
ဖုန်ဟောက်ယွီဆိုတာ ဆန်းကြယ်တောင်ထွတ်၏ လျှို့ဝှက်ပညာရပ်သုံးခုစလုံးကို သင်ယူလေ့ကျင့်ထားပြီး မရီးဒါန်ငါးခု အခြေတည်အဆင့်တစ်ယောက်ဖြစ်၏။ စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းတွင် တစ်နေရာရဖို့ သေချာပေါက် အာမခံနိုင်သောသူ.. သူ့လိုလူကို ဘယ်သူကများ သတ်လိုက်တာပါလိမ့်။
ရှန်မန်းကီ၏ နုလုံးက ဒိန်းကနဲ ခုန်သွား၏။
ဖြစ်နေမလား..
သူမသည် အလိုလို လှည့်ကြည့်လိုက်မိပြီး တုန်လှုပ်ချောက်ချားသွား၏။ သူမ၏ ပါးစပ်က အနည်းငယ်ပွင့်ဟသွားပြီး မျက်လုံးများက မယုံကြည်နိုင်မှု အပြည့်နှင့် ဖြစ်နေ၏။
သတ္တုနယ်မြေတွင် သူမသည် ရင်းနှီးနေခဲ့ဖူးသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရ၏။
သူက တစ်ကယ်ကြီး.. အဆင့်-၄ သတ်ဖြတ်ခြင်းဝင်္ကပါနှစ်ခုနဲ့ နယ်မြေကြီးနှစ်ခုကို.. ဖြတ်ကျော်သွားခဲ့တာလား..
ဖုန်ဟောက်ယွီကို သတ်ခဲ့တဲ့တစ်ယောက်က တစ်ကယ်ပဲ သူလား..
ထို့နောက် ရှန်းမန်းကီသည် တစ်စုံတစ်ရာကို ကြားလိုက်ရ၏။
“တာအိုရောင်းရင်းတို့ ကျေးဇူးပြုပြီး ထွက်သွားကြပါ.. ဒီနယ်မြေအတွက် နေရာနှစ်နေရာကို.. ဆန်းကြယ်တောင်ထွတ်က ယူလိုက်ပါပြီ”
သူ့လေသံက သာမန်ကာလျှံကာ စကားစမြည် ပြောနေသလိုပင် ဖြစ်သော်လည်း.. မရီးဒါန်လေးခုအခြေတည်အဆင့်များအားလုံး သူ့ကို ဘယ်သူ့မှ ခွန်းတုံ့မပြန်ရဲကြပေ။
ခဏကြာပြီးနောက်.. သူတို့ထဲမှ တစ်ယောက်က ညင်သာစွာ ခေါင်းခါလိုက်ပြီး.. လက်သီးဆုပ်လေးစားဟန်ပြကာ ဘာစကားမှ မပြောတော့ဘဲ ကျောက်စိမ်းအဆောင်ကို ချိုးဖျက်လိုက်၏။
ထိုလူထွက်သွားပြီးနောက်.. သတ္တုနယ်မြေတွင် ကျန်ရှိနေသေးသော ကျင့်ကြံသူများသည် နှမြောတွန့်ဆုတ်နေကြသော်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတော့၏။
မရီးဒါန်ငါးခုအခြေတည်အဆင့်နှစ်ယောက်တောင် ဆိုးဆိုးရွားရွား ဆုံးနိမ့်ခဲ့ရသော ထိုပုဂ္ဂိုလ်ကို ဘယ်သူကများ ဖီဆန်၍ ဆက်လက်နေရဲပါမည်နည်း။
ထိုသည်ကို မြင်လိုက်ရသောအခါ.. ရှန်မန်းကီ၏ မျက်လုံးများသည် တဖြည်းဖြည်း အရောင်မှိန်ကျသွား၏။
“အဲ့တုန်းကသာ.. ငါ.. ခဲ့ရင်.. အခုလောက်ဆို သူ့ဘေးမှာ ရပ်နေတဲ့သူက ငါဖြစ်နေလောက်မှာ”
သူမ၏ ရင်ထဲတွင် ခါးသက်မှုလှိုင်းများက ရုတ်တရတ် ပေါ်ပေါက်လာ၏။
. . .
စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းတွင် နာမည်များက တစ်ခုပြီးတစ်ခု ပေါ်လာ၏။
ဆူဇီမို.. ကျိချန်းရှန်.. ဖက်တီးလေး.. ရှစ်ကျန်.. ကျွင်းဟောက်.. စစ်ယုထန်...
ရွှမ်ယီနှင့် လျှိုဟွေ့တို့သည် စိတ်ကျေနပ်နှစ်ခြိုက်ပီတိဖြစ်၍ သူတို့၏ အပျော်များကို ဖုံးကွယ်မထားနိုင်ပေ။
ပြီးခဲ့သည့်သုံးနှစ်က ဆန်းကြယ်တောင်ထွတ်သည် အတော်လေးပြင်းထန်စွာ အထိနာခဲ့ကြသော်လည်း.. ဒီတစ်ခေါက်ဂိုဏ်းပေါင်းစုံပြိုင်ပွဲတွင် သူတို့က လုံးဝတစ်ဖန်ပြန်လည်တောက်ပလာနိုင်ခဲ့လေသည်။
သူတို့သည် စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းမှာ သုံးနေရာ ရခဲ့တာကို အသာထားဦး.. နတ်ပန်းပဲအဆင့်သတ်မှတ်စာရင်းမှာ ထိပ်ဆုံးစာရင်းဝင်ခဲ့တာကပင် တစ်ကယ့်ကို အံ့မခန်း ဖြစ်နေလေပြီ။
တစ်ကယ်တော့.. ရွှမ်ယီနှင့်လျှိုဟွေ့တို့ကို တစ်ကယ်တမ်း စိတ်အကျေနပ်စေဆုံး၊ အရေးအကြီးဆုံးအရာမှာ ဆူဇီမိုက အသက်ရှင်နေခဲ့ခြင်း ဖြစ်လေသည်။
ဆူဇီမိုသည် အသက်ရှင်ခဲ့ရုံသာမက.. သစ္စာဖောက်ဖုန်ဟောက်ယွီကို ကျဆုံးသွားသည့် ဂိုဏ်းသားများကိုယ်စား.. အားလုံးရှေ့မှောက်မှာ လက်စားချေပေးခဲ့လေသည်။
သို့သော်လည်း.. ဘာကြောင့်ရယ်မသိ.. သူတို့နှစ်ယောက်စလုံးသည် ရင်ထဲမှာ တလျှပ်လျှပ်နှင့် မအီမသာ ခံစားနေရ၏။
သိပ်မကြာမီ စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းတွင် နောက်ဆုံးလူဆယ်ယောက်က ထွက်ပေါ်လာခဲ့၏။
စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းက အပြီးသတ်ထွက်ပေါ်လာပြီဖြစ်သောကြောင့် ဂိုဏ်းပေါင်းစုံပြိုင်ပွဲက အဆုံးသတ်ပေတော့မည်။
ဧကရာဇ်က ထရပ်ပြီး ပြောလိုက်၏။
“အဆင့်သတ်မှတ်စာရင်းလေးခုစလုံးရဲ့ နာမည်တွေက ထွက်လာပြီဆိုတော့.. သူတို့ထဲမှာမှ မတူညီတဲ့စာရင်းနှစ်ခုမှာ တစ်နေရာစီရထားတဲ့သူက အခြားတစ်ယောက်ယောက်ကို အတူလိုက်ဖို့ ခေါ်နို်ငတယ်”
ဖက်တီးလေးက တိုးတိုးကပ်ပြောလိုက်၏။
“နောင်ကြီး.. သူပြောနေတာ ခင်ဗျားကို ထင်တယ်နော်”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
သူသည် နတ်ပန်းပဲနှင့် စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းများမှာ နှစ်နေရာ ရရှိထား၏။ သူက သူ့အပြင် အခြားတစ်ယောက်ကို တစ်နေရာခွဲပေးနိုင်၏။
သူခေါ်သွားချင်သည့်သူကို အချိန်အတော်ကြာကတည်းက သူက ဆုံးဖြတ်ထားပြီးသားဖြစ်၏။
ရှန်မန်းကီက ထိုစကားကိုကြားသောအခါ.. သူမ၏ နုလုံးက ဒုတ်ကနဲခုန်သွားပြီး.. မျှော်လင့်တောင့်တသောပုံစံနှင့် သူမက ဆူဇီမိုကို အလိုလိုလှမ်းကြည့်လိုက်မိ၏။
ပကတိအရှင်မင်းကျီက ကျယ်လောင်စွာ ထုတ်ကြေညာလိုက်၏။
“ဂိုဏ်းပေါင်းဆုံးပြိုင်ပွဲက အောင်မြင်စွာ ပြီးဆုံးသွားပါပြီ.. အဆင့်သတ်မှတ်စာရင်းလေးခုမှာ ဝင်ရောက်နိုင်ခဲ့သူများ.. သင်တို့ရဲ့ ဆုလာဘ်များကို ရွေးချယ်ယူဆောင်ဖို့အတွက်.. နန်းတော်ထဲကို ကျုပ်နောက်ကနေ လိုက်ခဲ့ကြပါ.. အဲ့ဒါပြီးရင်တော့ ရှေးဟောင်းတိုက်ပွဲမြေ ဖွင့်လှစ်မှာကို စောင့်ဆိုင်းရင်း.. သင်တို့ရဲ့နေရာကို ပြန်ပြီး အနားယူနိုင်ပါတယ်”
“နေဦး”
ရုတ်တရတ် အေးစက်စက် ကျောချမ်းဖွယ်ရာအသံတစ်သံက သတ်ဖြတ်လိုစိတ်များနှင့်အတူ ထွက်ပေါ်လာ၏။
လူတိုင်းကြည့်လိုက်သောအခါ..သွေးကျီးကန်းဘုရင်က ပွဲကြည့်စင်ထက်သို့ ဖြည်းဖြည်းချင်း လျှောက်လာသည်ကို မြင်လိုက်ကြရ၏။ သူ့ထံမှ ကြောက်မက်ဖွယ်ရာအော်ရာက ဖြာထွက်နေပြီး သူက ဆူဇီမိုကို အသေစိုက်ကြည့်ကာ အေးစက်စွာပြောလိုက်၏။
“သူ့ကို ငါနဲ့အတူ ခေါ်သွားရလိမ့်မယ်”
“မရဘူး”
ရွှမ်ယီက တုံ့ဆိုင်းခြင်းမရှိ၊ စားပွဲခုံကို ဝုန်းကနဲရိုက်၍ ထရပ်လိုက်၏။
“ဟမ့်”
သွေးကျီးကန်းဘုရင်၏ အကြည့်က ဖျတ်ကနဲလက်သွားပြီးနောက် သူ၏ ပိန်လှီနေသောလက်တစ်ဖက်ကိုထုတ်ကာ လေဟာနယ်ကိုဖြတ်၍ ရွှမ်ယီကို လှမ်းဆွဲလိုက်၏။
လေထုထဲမှ ကြောက်စရာကောင်းသည့် စွမ်းအင်များက ရုန်းကြွထွက်ပေါ်လာ၏။
ကောင်းကင်ထက်တွင် သားရဲချီများက ရုန်းကြွလာပြီး ခြောက်ကပ်ပိန်လှီနေသော သွေးသံရဲရဲလက်သည်းတစ်ခုက ပေါ်လာကာ ရွှမ်ယီကို အညှာတာမဲ့စွာ လှမ်း၍ကုတ်ဆွဲလိုက်၏။
ပွဲကြည့်စင်ထက်ရှိ ရွှေအမြုတေများ ကျောချမ်းတုန်လှုပ်သွားကြ၏။
ထိုစွမ်းအင်က အလွန်သန်မာအားကောင်းပြီး စိတ်ဝိညာဉ်စွမ်းအင်၏ အကန့်အသတ်ကို ကျော်လွန်နေပေပြီ။
အဲ့ဒါက တစ်ကယ့်ဓမ္မအတတ်ပညာပင် ဖြစ်လေသည်။
ရွှယ်ယဟု ကျော်ကြားသော ထိုကျင့်ကြံသူသည် တစ်ကယ်တမ်းတော့ နိုးထဝိညာဉ်အဆင့်မှာ ရှိနေသော သားရဲမိစ္ဆာတစ်ကောင် ဖြစ်လေသည်။
ထိုသည်ကို တွေးတောပြီးနောက် လူတိုင်းသည် ပို၍ပင် တုန်လှုပ်သွားကြ၏။
မြို့တော်ထဲတွင် သားရဲမိစ္ဆာတစ်ကောင် ပေါ်ပေါက်လာခြင်းက လက်ခံလို့ရသေး၏။ သို့သော် သူက ဧကရာဇ်၏ ရှေ့မှောက်မှာတောင် တိုက်ခိုက်ရဲသည်ဆိုတော့... ဒါက ဘယ်လိုသတ္တိ၊ ဘယ်လိုနောက်ခံပိုင်ဆိုင်မှုကြောင့်ပါလိမ့်။
ရွှမ်ယီ၏ မျက်နှာက ဖြူလျော့သွား၏။
ထိုဖိအားအောက်တွင် သူသည် အစွမ်းအစမဲ့လုနီးပါး ဖြစ်သွားရ၏။
ဒါ့အပြင် သွေးကျီးကန်းဘုရင်၏ ထိုလက်သည်းက သူ၏ ထွက်လမ်းအားလုံးကို ပိတ်ဆို့ချိတ်ပိတ်ထား၏။
ဇီ.. ဇီ.. ဇီ..
ရွှမ်ယီသည် အံကိုကြိတ်၍ သားရဲမိစ္ဆာ၏ စွမ်းအားကို တောင့်ခံကာ သူ့သိုလှောင်အိတ်ထဲကနေ ဓါးပျံခြောက်လက်ကို ဆွဲထုတ်လိုက်၏။ သူသည် လက်ညိုးဖြင့် လမ်းညွှန်ကာ ကြယ်ပုံသဏ္ဌာန် ဓါးဝင်္ကပါတစ်ခုကို အလျှင်အမြန် ထုတ်ဖော်လိုက်၏။
ဆဋ္ဌဂံဓါးဝင်္ကပါ..
ရွှမ်ယီက ရွှေအမြုတေနယ်မြေကို မလေ့ကျင့်နိုင်သေးသော်လည်း သူ၏ ဆဋ္ဌဂံဓါးဝင်္ကပါက ထိုနေရာကို အစားထိုးဖို့ လုံလောက်လေသည်။
“သွား”
သူက ရှေ့သို့ ညွှန်လိုက်၏။
ဆဋ္ဌဂံဓါးဝင်္ကပါမှ အဆုံးမဲ့ဓါးချီများက ရုန်းကန်ထွက်ပေါ်လာပြီး သွေးရောင်လက်သည်းဆီသို့ ပြင်းထန်စွာ ပစ်ဝင်သွား၏။
“ဟဲဟဲ.. မင်းကိုယ်မင်း ဘာထင်နေတာလဲ”
သွေးကျီးကန်းဘုရင်က အေးစက်စက် ရယ်မောလိုက်ပြီး လက်သည်းကို ကုတ်ဆွဲလိုက်၏။
ချွမ်း..
ချက်ချင်းပင် ရွှမ်ယီ၏ ဆဋ္ဌဂံဓါးဝင်္ကပါက အပိုင်းပိုင်းကွဲထွက်သွားပြီး သာလွန်အဆင့် ဓါးပျံခြောက်လက်သည် ကျိုးပဲ့ကာ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်၏။
ကွာဟချက်က ကြီးမားလွန်း၏။
ရွှေအမြုတေနှင့် နိုးထဝိညာဉ်အကြား ကွာဟချက်က ဖြတ်ကျော်ဖို့ မည်သို့မျှ မဖြစ်နိုင်သော တစ်စုံတစ်ရာ ဖြစ်လေသည်။
“ဟေ့ကောင်.. မင်းဘယ်လိုတောင် အတင့်ရဲနေတာလဲ”
ရုတ်တရတ် ပွဲကြည့်စင်ထက်မှ ဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာပြီး ထိုအသံက ကြီးမားသည့် ခေါင်းလောင်းမြည်သံလို.. အကန့်အသတ်မဲ့ ထည်ဝါမှုကို ပိုင်ဆိုင်ထား၏။
လေထဲတွင် ဧရာမလက်သီးကြီးက ပေါ်လာပြီး သွေးကျီးကန်းဘုရင်၏ လက်သည်းကြီးကို ဝုန်းကနဲ ထိုးနှက်ချလိုက်၏။
ဝုန်း..
ဓမ္မအတတ်နှစ်ရပ်က ထိတွေ့ရိုက်ခတ်မိသွားပြီး အချင်းချင်းချေဖျက်လိုက်သောကြောင့် ပတ်ဝန်းကျင်ရှိ ရွှေအမြုတေများသည် ထိတ်လန့်တကြား မျက်နှာများနှင့် ကြမ်းပြင်ပေါ်သို့ ပစ်လဲကျကုန်၏။
သွေးကျီးကန်းဘုရင်ကို ရပ်တန့်ဖို့ တိုက်ခိုက်လိုက်သူက ဧကရာဇ်ပင် ဖြစ်လေသည်။
“ကျွတ် ကျွတ် ကျွတ်..”
သွေးကျီးကန်းဘုရင်က သနားဂရုဏာသက်သလို ပြုံးပြီး ဧကရာဇ်ကို စိုက်ကြည့်လိုက်၏။
“ကျိဖန်.. နေရာတကာ ဝင်မပါချင်စမ်းပါနဲ့ကွာ.. မဟုတ်ရင် အဲ့အတွက်နဲ့ မင်းရဲ့မဟာကျိုးအင်ပါယာက ဖျက်ဆီးခံနေရဦးမယ်.. မင်းက အင်ပါယာတစ်ခုရဲ့ ဧကရာဇ်ဆိုရင်တောင် ဒီလောကမှာ မင်းဆန့်ကျင်လို့မရတဲ့ လူတွေရှိတယ်ကွ”