← Chapters

မူလစိတ်ဝိညာဉ်လက်နက်သွန်းလုပ်ခြင်းနည်းစနစ်

Vol. 23 Ch. 334

မူလစိတ်ဝိညာဉ်လက်နက်သွန်းလုပ်ခြင်းနည်းစနစ်

Vol. 23 Ch. 334

ဆူဇီမိုသည် နန်းတော်ထဲရှိ စိတ်ဝိညာဉ်လက်နက်တိုက်ထဲတွင် လှည့်ပတ်ကြည့်ရှုနေ၏။ သူလိုချင်တာမျိုး ဘာတစ်ခုမှ မတွေ့ရသောကြောင့် နောက်ဆုံး သူသည် ဒီအတိုင်းတွေ့ရာ သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကိုသာ ဆွဲယူလာခဲ့၏။

စိတ်ဝိညာဉ်လက်နက်တိုက်နှင့် သိပ်မလှမ်းသောနေရာတွင် လျှို့ဝှက်ကျမ်းစာတိုက် ရှိလေသည်။ စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းဝင်လူများအားလုံး ထိုအထဲသို့ ဝင်သွားကြပြီဖြစ်သောကြောင့် ဆူဇီမိုလည်း နောက်ကနေ လိုက်ဝင်လိုက်၏။

လျှို့ဝှက်ကျမ်းစာတိုက်တွင် အထပ်သုံးထပ်ရှိ၏။ ဆူဇီမိုတို့အုပ်စုကို ပထမထပ်ရှိ လျှို့ဝှက်စိတ်ဝိညာဉ်ပညာရပ်များကိုသာ ရွေးယူခွင့်ပြုပြီး မိတ္တုပွားပေးမည် ဖြစ်လေသည်။

လျှို့ဝှက်ကျမ်းစာတိုက်ထဲတွင် အတန်းလိုက်စီထားသော စာအုပ်စင်များဖြင့်သာ ပြည့်နေပြီး အမျိုးမျိုးသော ဝါးယင်းလိပ်များကို အစီအစဉ်တကျ စီထားလေသည်။

နတ်ဆိုးလက်..

အဲ့ဒါက လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်လေသည်။ ထိုဝါးယင်းလိပ်ထဲတွင် ဖော်ပြထားပုံအရ.. ထိုပညာရပ်က စိတ်ဝိညာဉ်လက်နက်များကို ထိပ်တိုက်ရင်ဆိုင်ခုခံနိုင်ရုံသာမက.. တစ်ဖက်ရန်သူ၏ စိတ်ဝိညာဉ်လက်နက်ကိုပါ လုယူနိုင်မည် ဖြစ်လေသည်။

အလုံးစုံလေအဟုန်..

အဲ့ဒါကတော့ ရွေ့လျားမှုနည်းစနစ်တစ်ခု ဖြစ်လေသည်။ ထိုပညာကို ကျင့်ကြံလေ့ကျင့်ထားမည်ဆိုလျှင် ထိုသူက ထူးခြားစွာ ပေါ့ပါးနေမည်ဖြစ်ပြီး အပြောင်းအလဲ အမျိုးမျိုးနှင့် ရွေ့လျားနိုင်မည် ဖြစ်လေသည်။

ဆူဇီမိုသည် စာအုပ်စင်ဘေးကနေ ဖြည်းဖြည်းချင်းကြည့်၍ လျှောက်လာ၏။

များစွာသော လျှို့ဝှက်ပညာရပ်များက သူ့ကို မျက်စိပွင့်နားပွင့်သွားစေ၏။ တချို့ဆိုလျှင် လွန်စွာနက်နဲရှုပ်ထွေးပြီး ဆူဇီမိုသည် သည့်အရင်က ကြားတောင်မကြားဖူးခဲ့ပေ။ အဲ့ဒါက သူ့အတွက် ဆန်းသစ်သော အတွေ့အကြုံဖြစ်လေသည်။

သို့သော်လည်းပဲ.. သူလျှောက်လာရာ လမ်းတစ်လျှောက်.. သူ့ကို အထူးတလည် စိတ်ဝင်စားစေသော စိတ်ဝိညာဉ်ပညာရပ် တစ်ခုတစ်လေမျှ သူမတွေ့ရသေးပေ။

ရုတ်တရတ်.. သူ့အကြည့်က ရပ်တန့်သွား၏။

မူလစိတ်ဝိညာဉ်လက်နက်သွန်းလုပ်ခြင်းနည်းစနစ်..

“အမ်”

ဆူဇီမိုသည် မျက်မှောင်နည်းနည်းကြုတ်လိုက်ပြီး ခြောက်ကပ်ကပ်သားရေတစ်မျိုးနှင့် ပြုလုပ်ထားသော ကျမ်းစာလိပ်တစ်ခုကို ကောက်ယူလိုက်၏။

ဆန်းကြယ်တောင်ထွတ်မှ ဖိုသီဖတ်သီအဖိုးအိုက ဆူဇီမိုကို ပြောခဲ့ဖူး၏။ စိတ်ဝိညာဉ်အင်းကွက်ငါးခုပါရှိသော ပကတိစိတ်ဝိညာဉ်လက်နက်တစ်ခုကို သွန်းလုပ်နိုင်ခြင်းက နတ်ပန်းပဲဆရာတစ်ယောက်၏ အကန့်အသတ်ဟုပင်။

မူလစိတ်ဝိညာဉ်လက်နက်များမှာ ဆဋ္ဌမမြောက်စိတ်ဝိညာဉ်အင်းကွက်ပါရှိပြီး အဲ့ဒါကို မူလအင်းကွက်ဟု ခေါ်လေသည်။

မူလအင်းကွက်သည် မြေကြီးနှင့်ကောင်းကင်၏ စိတ်ဝိညာဉ်ချီမှ မွေးဖွားလာခြင်းဖြစ်ပြီး.. လူသားတို့ပြုလုပ်နိုင်သောအရာ မဟုတ်ပေ။

လက်နက်သွန်းလုပ်ခြင်းတွင် ဆူဇီမို၏ နားလည်သဘောပေါက်မှုနှင့် အမြင်တို့က နက်နဲလာသည်နှင့်အမျှ.. ဖိုသီဖတ်သီအဖိုးအို ပြောခဲ့တာက မမှားကြောင်း သူသဘောတူလက်ခံလာရ၏။

သွေးသောက်သူကို သွန်းလုပ်ပြီးနောက် ထိုအချက်က ပိုသေချာလာ၏။

ပဥ္စမမြောက်စိတ်ဝိညာဉ်အင်းကွက်ကို စုဖွဲ့နိုင်ဖို့ပင်.. လိုအပ်ချက်များစွာ ပြည့်မီကိုက်ညီဖို့၊ နတ်ပန်းပဲဆရာ၏ ဇွဲနပဲက ပြည့်စုံနေဖို့၊ အခြေအနေနှင့် အချိန်အခါက အံဝင်ခွင်ကျ ဖြစ်နေဖို့ လိုအပ်လေသည်။ အဲ့ဒါတွေက ဒီအတိုင်း ဥုံဖွမန်းမှုတ်ပြီး ရလာနိုင်သောအရာများ မဟုတ်ပေ။

မဟာကျိုးအင်ပါယာ၏ နံပါတ်တစ်နတ်ပန်းပဲဆရာတစ်ယောက်အနေနှင့် ဆူဇီမိုသည် ဤမူလစိတ်ဝိညာဉ်လက်နက်သွန်းလုပ်ခြင်းနည်းစနစ်ကို အထင်မကြီးနိုင်ပေ။ စိတ်ကြီးဝင်ပြီး မောက်မာနုံနဲ့သော နတ်ပန်းပဲဆရာတစ်ယောက်က၏ ပေါက်ကရလက်ရာတစ်ခုသာဖြစ်မည်ဟု သူမှတ်ယူလိုက်၏။

ဆူဇီမိုသည် ထိုသားရေလိပ်ကို ပြန်ထားမလို့ လုပ်လိုက်စဉ်မှာပင် အညွှန်းစာမျက်နှာတွင် ရေးထားသော အကြောင်းအရာက သူ့ရင်ကို လှုပ်ခတ်သွားစေ၏။

ခဏကြာ အလေးအနက် တွေးတောပြီးနောက် သူ့အကြည့်က ဖျတ်ကနဲလက်သွား၏။

“နောင်ကြီး.. ခင်ဗျား ရွေးပြီးပြီလား”

ထိုအချိန်မှာပင် စိတ်လှုပ်ရှားတက်ကြွစွာ ပြေးချလာသော ဖက်တီးလေး၏ အသံက ထွက်ပေါ်လာ၏။

ဆူဇီမိုလှည့်ကြည့်လိုက်သောအခါ.. ဝါးယင်းလိပ်တစ်ခုကို ဝေ့ရမ်းပြနေသော ဖက်တီးလေးကို တွေ့လိုက်ရ၏။ ဖက်တီးလေးက တိုးတိုးပြောလိုက်၏။

“ကျုပ်တော့ ကျုပ်အတွက် အရမ်းသင့်တော်တဲ့ လျှို့ဝှက်ပညာရပ်တစ်ခုကို ရှာတွေ့သွားပြီ.. ဟက်ဟက်”

ဆူဇီမိုက ပြုံး၍ သူ့လက်ထဲက သားရေလိပ်ကို ငုံ့ကြည့်လိုက်၏။ သူသည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်၏။

“သွားကြရအောင်.. ငါလဲ ငါ့အတွက် အဆင်ပြေတာ ရွေးပြီးသွားပြီ”

ဝင်ပေါက်ဝသို့ ရောက်လာပြီး.. ဆူဇီမိုနှင့် ဖက်တီးလေးသည် သူတို့လက်ထဲက ကျမ်းစာလိပ်များကို အဖိုးအိုတစ်ယောက်ထံသို့ လက်ကမ်းပေးလိုက်ကြ၏။

အဖိုးအိုက လက်ခံရယူပြီး ထိုကျမ်းစာလိပ်များကို ကြည့်လိုက်၏။ ရုတ်တရတ်.. သူသည် မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းမော့၍ ဆူဇီမိုကို အထူးတဆန်းကြည့်ကာ ကြင်နာစွာ သတိပေးလိုက်၏။

“ကောင်လေး.. ဒီနည်းစနစ်က လူရူးတစ်ယောက် ရောက်တတ်ရာရာ လျှောက်ရေးသွားတာပဲ.. သူကိုယ်တိုင်တောင် အဲ့ဒါကို ပြီးမြောက်အောင် ကြိုးစားဖူးခဲ့တာ မဟုတ်ဘူး.. မင်းက တစ်ကယ်ပဲ အဲ့ဒါရဲ့မိတ္တူကို ယူမှာလား”

“ဟုတ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

အဖိုးအိုက ပြုံးရုံသာပြုံး၍ ထပ်ပြီးဖျောင်းဖျမနေတော့ပေ။ သူသည် မိတ္တူနှစ်ခုပွားလိုက်ပြီး ဆူဇီမိုနှင့်ဖက်တီးလေးတို့ကို ကမ်းပေးလိုက်၏။

လျှို့ဝှက်ကျမ်းစာတိုက်ထဲမှ ထွက်လာပြီးနောက် ဖက်တီးလေးက စူးစမ်းချင်စိတ်ဖြင့် မေးလိုက်၏။

“နောင်ကြီး.. ခင်ဗျား ရွေးလာခဲ့တာ ဘာလျှို့ဝှက်ပညာရပ်လဲ.. ဘာလို့အဖိုးအိုက အဲ့လိုပြောရတာလဲ”

“မူလစိတ်ဝိညာဉ်လက်နက်သွန်းလုပ်ခြင်းနည်းစနစ်လေ” ဆူဇီမိုက ကွယ်ဝှက်မနေဘဲ ပြောလိုက်၏။

“အာ”

ဖက်တီးလေး ကြောင်အသွား၏။

သူသည် နတ်ပန်းပဲဆရာတစ်ယောက် မဟုတ်သော်လည်း.. မူလစိတ်ဝိညာဉ်လက်နက်များသည် မြေကြီးနှင့်ကောင်းကင်၏ စိတ်ဝိညာဉ်ချီမှ မွေးဖွားလာခြင်းဖြစ်သည်ဆိုသည့် ကျင့်ကြံရေးလောကဗဟုသုတအချို့ကိုတော့ သိထားလေသည်။

“မူလ.. စိတ်ဝိညာဉ်လက်နက်တွေက.. သွန်းလုပ်လို့ ရလို့လား” ဖက်တီးလေးက မဝံ့မရဲနှင့် ပြောလိုက်၏။

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“ငါလဲ သေချာမသိဘူး.. ဒီကျမ်းစာမှာက ဖြစ်နိုင်ခြေတစ်ခုကို ဖော်ပြထားရုံပဲ.. အရင်က အဲ့ဒါကို ငါမကြိုးစားကြည့်ဖူးတဲ့အတွက် သေချာမပြောနိုင်ဘူး”

တစ်ကယ်တော့ အဲ့ဒါကို မူလစိတ်ဝိညာဉ်လက်နက် သွန်းလုပ်ခြင်းနည်းစနစ်ဟု ခေါ်ဖို့ထက် ပြန်လည်ပြင်ဆင်ခြင်းနည်းစနစ်ဟု ခေါ်လျှင် ပိုမှန်ပေလိမ့်မည်။

သားရေလိပ်ကျမ်းစာထဲတွင် နည်းလမ်းတစ်ခုကို ဖော်ပြထား၏။

ပထမဆုံးအနေနှင့်.. ပျက်ဆီးနေသော မူလစိတ်ဝိညာဉ်လက်နက်တစ်ခု ရှိရပေမည်။

ပျက်ဆီးနေသောဟုဆိုရာ၌ စိတ်ဝိညာဉ်လက်နက်၏ ပျက်ဆီးမှုကို ရည်ညွှန်းခြင်းမဟုတ်.. ဆဋ္ဌမမြောက်စိတ်ဝိညာဉ်အင်းကွက်၏ ပျက်ဆီးမှုကို ဆိုလိုလေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဆူဇီမို၏ သိုလှောင်အိတ်ထဲ၌ ပျက်ဆီးနေသော မူလစိတ်ဝိညာဉ်လက်နက်တစ်ခု ရှိနေလေသည်.. ဆန်းကြယ်ရွှေပိုးချပ်ဝတ်။

ဒုတိယအနေနှင့် သူသည် မူလစိတ်ဝိညာဉ်မီးတောက်ကို ရှာဖို့လိုလေသည်။

မူလစိတ်ဝိညာဉ်မီးတောက်က အဆင့်-၃ စိတ်ဝိညာဉ်မီးတောက်ထက်ပင် ပိုကြောက်ဖို့ ကောင်းလေသည်။ မြင့်မားသော အပူချိန်နှင့် အသိစိတ်ကို ပိုင်ဆိုင်ထားသောကြောင့် အဲ့ဒါက မြေအောက်အနက်ပိုင်းများတွင် ပုန်းလျှိုးနေတတ်ပြီး တွေ့ကြုံရဖို့ လွန်စွာခဲယဉ်းလေသည်။

မူလစိတ်ဝိညာဉ်လက်နက်တစ်ခုက ပျက်ဆီးနေလျှင်‌တောင် သူ့အထဲမှာ ဘာအညစ်အကြေးမသန့်စင်မှုမှ မရှိပေ။

တစ်နည်းအားဖြင့်ပြောရလျှင် မူလစိတ်ဝိညာဉ်မီးတောက်ကိုသုံးပြီး မူလစိတ်ဝိညာဉ်လက်နက်တစ်ခုကို ပြန်လည်သွန်းလုပ်မည်ဆိုလျှင် လက်နက်သွန်းလုပ်ခြင်း၏ ပထမဆုံးအဆင့်လေးဆင့်ကို လျစ်လျူရှုထားလို့ရလေသည်။ ထိုနတ်ပန်းပဲဆရာက စိတ်ဝိညာဉ်စုဆောင်းခြင်းအဆင့်သို့ တန်းသွားပြီး သွေးနီရောင် ရဲရဲနီလာသည့်အထိ လက်နက်ကို အပူပေးရပေမည်။

မူလစိတ်ဝိညာဉ်မီးတောက်၏ အပူချိန်က အလွန်မြင့်မားသောကြောင့် ပန်းပဲမီးဖိုများပင်လျှင် အဲ့ဒါကို ခံနိုင်ရည်မရှိပေ။

ထိုသို့ဖြစ်သောကြောင့် စိတ်ဝိညာဉ်စုဆောင်းခြင်းကို ပန်းပဲမီးဖို၏ ကာကွယ်မှုမပါရှိဘဲ.. လုပ်ဆောင်ရမည် ဖြစ်လေသည်။

စိတ်ဝိညာဉ်အင်းကွက်ငါးခုကို တစ်ဆက်တည်း စုဖွဲ့ပြီးနောက်.. ထိုသူသည် မူလစိတ်ဝိညာဉ်မီးတောက်၏ အပူချိန်နှင့် အသိစိတ်ကို အသုံးချကာ.. ဆဋ္ဌမမြောက်စိတ်ဝိညာဉ်အင်းကွက်ကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးပမ်းရမည် ဖြစ်လေသည်။

အဲ့ဒါက ပြောရသည်မှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း.. တစ်ကယ်တမ်း အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့က အလွန်တရာခဲယဉ်းလေသည်။

သည့်အရင်တုန်းကဆိုလျှင် ထျန်ဟွမ်ကမ္ဘာရှိ မည်သည့်နတ်ပန်းပဲဆရာမှ.. စိတ်ဝိညာဉ်အင်းကွက်လေးခုကိုပင် ၁၀၀% အောင်မြင်အောင် အာမခံမပြုလုပ်ပေးနိုင်ခဲ့ပေ။ ငါးခု၊ ခြောက်ခုဆို ပြောနေစရာပင် မလိုတော့ပေ။

နောက်ပြီး လုပ်ဆောင်ချက်တစ်ခုလုံးကို ပန်းပဲမီးဖို၏ အကာအကွယ်မပါဘဲ လုပ်ဆောင်ရဦးမည် ဖြစ်လေသည်။

နည်းနည်းလေး ခြေချော်လက်ချော် မှားယွင်းသွားသည်နှင့် နတ်ပန်းပဲဆရာက နေရာမှာတင် အသက်ပျောက်သွားနိုင်လေသည်။

အပုံတစ်ထောင်မှာ တစ်ပုံပင် အောင်မြင်နိုင်ခြေမရှိသော ပျက်ဆီးနေသောမူလစိတ်ဝိညာဉ်လက်နက်တစ်ခုကို ပြန်လည်ပြင်ဆင်ဖို့အတွက်နှင့် မည်သည့်နတ်ပန်းပဲဆရာကမျှ အသက်ကိုလောင်းကြေးထပ်၍ စွန့်စားလိုကြမည် မဟုတ်ပေ။

သို့သော်လည်း ထိုသို့ခက်ခဲ၍ အန္တရာယ်များသည့်အပိုင်းများက ဆူဇီမိုအတွက်တော့ ရိုးရှင်းသည့်အရာများ ဖြစ်လာ၏။

ထျန်ဟွမ်ကမ္ဘာမှာ မူလစိတ်ဝိညာဉ်လက်နက်တစ်ခုကို ပြန်လည်ပြင်ဆင်နိုင်သည့် ပုဂ္ဂိုလ်တစ်ယောက်ပေါ်လာမည်ဆိုလျှင် အဲ့ဒါက ဆူဇီမိုသာလျှင် ဖြစ်ရပေမည်။

တစ်ကယ်တော့ ထိုဖော်ပြထားသော လက်နက်သွန်းလုပ်ခြင်းနည်းစနစ်က ဖြစ်နိုင်ခြေတစ်ခုမျှသာ ဖြစ်လေသည်။ အဲ့ဒါကို ကြိုးပမ်းဖူးသည့်သူ မည်သူမျှ မရှိသေးသောကြောင့် အောင်မြင်ပါမည်ဟု မည်သူမျှ အာမမခံနိုင်ကြပေ။

ဆူဇီမိုကလည်း အဲ့ဒါကို လုံးဝယုံမှတ်၍ အသည်းအသန်ဖြစ်နေသည်တော့ မဟုတ်ပေ။ သူက ထိုလက်နက်သွန်းလုပ်ခြင်းနည်းစနစ်ကို အလွတ်ကျက် မှတ်သား၍ အခွင့်ပေါ်လာသည့်အခါ စမ်းကြည့်ဖို့သာ ဖြစ်လေသည်။

လျှို့ဝှက်ကျမ်းစာတိုက်ထဲမှာ သူတို့နှစ်ယောက် စောင့်ဆိုင်းနေလို့ သိပ်မကြာမီ.. အဆောင်လက်ဖွဲ့ခန်းမထဲမှ လမ့်ရိုက လျှောက်လှမ်းထွက်လာ၏။ သူမ၏ အမူအယာက အေးတိအေးစက် ဖြစ်နေပြီး သူမ၏ စိတ်ခံစားချက်ကို မည်သူမျှ မဖတ်နိုင်ကြပေ။

“အစ်မလမ့်ရို ဘယ်နှယ့်လဲ.. တော်တော်မှ သဘောတွေ့ခဲ့ရဲ့လား” ဖက်တီးလေးက စောင်းငဲ့၍ စပ်ဖြီးဖြီးပြုံးကာ ပြောလိုက်၏။

“အင်း”

လမ့်ရိုက ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ အကြည့်က ရွေ့လျားသွားကာ ဆူဇီမိုဆီသို့ အမှုအမှတ်မဲ့ပုံစံနှင့် ရောက်သွား၏။

တိုက်တိုက်ဆိုင်ဆိုင်ပင်.. ဆူဇီမိုကလည်း ဖျတ်ကနဲ လှမ်းကြည့်လိုက်၏။ သူက ပြုံးပြီးပြောလိုက်၏။

“စီနီယာအစ်မလမ့်.. ကျုပ်က အရင်ထဲက အစ်မအတွက် စိတ်ဝိညာဉ်လက်နက်တစ်ခု သွန်းလုပ်ပေးချင်ခဲ့တာ.. အဲ့တုန်းက ကျုပ်က ပညာရည်မပြည့်ဝသေးတော့ လုပ်နိုင်စွမ်း မရှိခဲ့ဘူးလေ”

“ဒီဓါးပျံက အစ်မအတွက်ပါ.. အဆင်ပြေရဲ့လား ကြည့်လိုက်ပါဦး”

ဆူဇီမိုသည် သူ့သိုလှောင်အိတ်ထဲကနေ ဓါးပျံတစ်လက်ကို ထုတ်ယူလိုက်ပြီး လမ့်ရိုကို ကမ်းပေးလိုက်၏။

သူမသည် အဲ့ဒါကို လက်ခံယူပြီး အထဲသို့ စိတ်ဝိညာဉ်ချီကို ထိုးသွင်းလိုက်၏။ ချက်ချင်းပင် ဓါးသွားပေါ်တွင် စိတ်ဝိညာဉ်အလင်းလေးခုက ပေါ်လာ၏။

အဲ့ဒါက ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်ပင်..

“အာ”

လမ့်ရိုသည် အံ့အားတသင့်ရေရွတ်လိုက်ပြီး ဣန္ဒြေပျက်ယွင်းသွား၏။

ဟိုအရင်တုန်းက သူမသည် အဆင့်-၂ အဆောင်နှစ်ခုကို ဆူဇီမိုအတွက် အထူးတလည် ပြုလုပ်၍ ပေးအပ်ခဲ့ဖူး၏။

ထိုအချိန်တုန်းက သူသည် ဘာမှမပြောခဲ့သော်လည်း အဲ့ဒါကို စိတ်ထဲမှာ အမြဲတမ်း မှတ်ထားလေသည်။

ဆူဇီမိုက ဆက်ပြောလိုက်၏။

“အဲ့ဒါက အဆင်မပြေဘူးဆိုရင်.. ကျုပ်ဆီမှာ တခြားဟာတွေ ရှိသေးတယ်.. အစ်မကိုယ်တိုင် ထိပ်တန်းအဆင့်လက်နက်တစ်ခု စိတ်တိုင်းကျ ထပ်မှာမယ်ဆိုလဲရတယ်.. အစ်မရဲ့ကိုက်ညီမယ့် လိုအပ်ချက်တွေ ပြောပြလေ”

လမ်ရိုက အလောတကြီး ပြန်ဖြေလိုက်၏။

“အာ ရတယ်.. ဒီလက်နက်က တော်တော်ကောင်းနေပါပြီ.. နောက်ပြီး ဒါက အရမ်းတန်ဖိုးကြီးတာပဲ”

ဆူဇီမိုက သာမန်ကာလျှံကာပုံစံနှင့်ပင် ပြန်ပြောလိုက်၏။

“အဲ့ဒါကအဆင်ပြေပါတယ်.. အဲ့ဒါတွေက ကျုပ်မှာရှိသမျှထဲ အပေါဆုံးအရာတွေပဲလေ”

“. . .”

ဖက်တီးလေးသည် ကြောင်အသွားပြီး သူ့ဟာသူ တွေးလိုက်၏။

“နောင်ကြီးရဲ့ အကွက်တွေက မိုက်လိုက်တာ.. နောက်ကျရင် ငါ သူ့ဆီက သင်ယူရဦးမယ်...”

All Chapters