← Chapters

တားမြစ်နယ်မြေကိုးခု

Vol. 23 Ch. 335

တားမြစ်နယ်မြေကိုးခု

Vol. 23 Ch. 335

ဖက်တီးလေးပြောပုံအရ.. ပြီးခဲ့သည့်သုံးနှစ် တန်လင်းတောင်ကြားတိုက်ပွဲပြီးနောက် မျောက်သည် သွေးရူးသွေးတန်းအခြေအနေသို့ ကျရောက်ကာ စိတ်လွတ်လုနီးပါး ဖြစ်သွားပြီး ဂိုဏ်းသားများကို အန္တရာယ်အကြီးအကျယ် ဖြစ်စေတော့မည်ကဲ့သို့ ဖြစ်သွား၏။ ကံကောင်းထောက်မစွာနှင့် သူ့ကို စီနီယာကြိုးကြာက ကာကွယ်ပေးခဲ့၏။

သို့သော်လည်း မျောက်သည် စိတ်ဓါတ်ပျက်ပြားသွားပြီး ဆန်းကြယ်တောင်ထွတ်ကနေ ထွက်ခွာသွား၏။ စိတ်ဝိညာဉ်ကျားကလည်း သူ့နောက်ကနေ လိုက်ပါသွား၏။

ထိုအချိန်တုန်းက ကြိုးကြာလေး၊ မျောက်နှင့် စိတ်ဝိညာဉ်ကျားတို့သည် အလွန်တရာဆက်ဆံရေး ကောင်းခဲ့ကြ၏။ စီနီယာကြိုးကြာ၏ ဝင်ရောက်ဟန့်တားမှုကြောင့်သာ မဟုတ်လျှင် ကြိုးကြာလေးသည်လည်း သူတို့နှင့်အတူ လိုက်ပါထွက်ခွာသွားမည် ဖြစ်လေသည်။

ဆူဇီမို၏ အမြင်အရတော့.. ဆန်းကြယ်တောင်ထွတ်ကနေ မျောက်တို့ထွက်သွားခြင်းမှာ ဆိုးသောအရာ‌တော့ မဟုတ်ပေ။

မျောက်က မောက်မာခက်ထန်သော စိတ်နေစရိုက်ရှိပြီး ချုပ်ချယ်ထားတာကို မနှစ်သက်ပေ။ သူသာ အနားမှာမရှိလျှင် ထိုသတ္တဝါက ပြဿနာများစွာ ရှာလိမ့်မည်ဖြစ်သောကြောင့် တောတောင်ထဲသို့ ပြန်သွားသည်ကသာ ၎င်းအတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

မျောက်၏ နဂိုကတည်းက ထက်မြက်သည့်အပြင် စိတ်ဝိညာဉ်ကျားကလည်း သူနှင့်အတူ ရှိနေမည်ဖြစ်သောကြောင့် သူတို့က တော်တန်ရုံနှင့် အန္တရာယ်ကြုံတွေ့ရမည် မဟုတ်ပေ။

ဆူဇီမို၊ ရှောင်းနင်၊ ဖက်တီးလေး၊ လမ့်ရိုနှင့် ကျိချန်းရှန်တို့က နန်းတော်ထဲကနေ ထွက်ခွာတော့မည့်ဆဲဆဲမှာပင် နန်းတော်ဝင်းတံခါးနား၌ မျက်နှာဖုံးတပ်ထားသော ပန်းရောင်ဝတ်မိန်းကလေးတစ်ယောက် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရ၏။ သူမ၏ပုံစံက တစ်ယောက်ယောက်ကို စောင့်ဆိုင်းနေသလိုပင်။

ဖက်တီးလေးနှင့် အခြားသူများသည် ထိုပန်းရောင်ဝတ်မိန်းကလေးအပေါ် အထင်ကြီးမှုအချို့ရှိ၏။ သူမသည် ဂိုဏ်းပေါင်းစုံပြိုင်ပွဲကို ဘဏ္ဍာစိုးခေါင်းဆောင်ဂူရှီနှင့်အတူ လိုက်ပါကြည့်ရှုခဲ့သောကြောင့် သူမ၏ နောက်ခံက အတော်လေး အထင်ကြီးစရာ ကောင်းပေလိမ့်မည်။

“နောင်ကြီး သူက ခင်ဗျားကို လာစောင့်နေတာ ထင်တယ်နော်.. ဟုတ်တယ်မလား” ဖက်တီးလေးက အနားကပ်၍ တိုးတိုးမေးလိုက်၏။

ဂိုဏ်းပေါင်းစုံပြိုင်ပွဲက အဆုံးမသတ်သေးခင်မှာပင်.. သွေးကျီးကန်းဘုရင်က ပြဿနာရှာခဲ့၏။ မဟာကျိုးဧကရာဇ်တောင်မှ ဆိတ်ဆိတ်နေလက်ရှောင်ရသော အခြေအနေတွင် ဂူရှီက ရှေ့ထွက်၍ ဆူဇီမိုကို ကာကွယ်ပေးခဲ့၏။

ပန်းရောင်ဝတ်မိန်းကလေးက နတ်ဆိုးမကျိဖြစ်ကြောင်း ဆူဇီမို သိထားလေသည်။ သို့သော်လည်း သူက အဲ့ဒါကို ထုတ်ရှင်းပြမနေပေ။

နတ်ဆိုးမကျိအနားကို ရောက်လာပြီး.. ဆူဇီမိုသည် ဣန္ဒြေရရ လက်သီးဆုပ်ပြကာ ပြောလိုက်၏။

“ကျုပ်အသက်ကို ကယ်တင်ပေးခဲ့တဲအတွက် စီနီယာဂူကို ကျေးဇူးတင်ကြောင်း ပြောပေးပါဦး”

“ဟမ့်”

နတ်ဆိုးမကျိက နှာတစ်ချက်ရှုံ့၍ ဆူဇီမိုကို မျက်လုံးလှန်ကြည့်ကာ စိတ်ဆိုးချင်ဟန်ဆောင်လိုက်၏။

“ရှင်ကျေးဇူးတင်သင့်တာက ကျမလေ.. ကျမသာ အသနားခံ မတောင်းဆိုဘူးဆိုလျှင် ဒေါ်လေးဂူက ရှင့်ကို အရေးလုပ်မယ် ထင်လို့လား”

ဆူဇီမိုနှင့် နတ်ဆိုးမကျိတို့အကြားက ထူးဆန်းသည့် အမူအယာများကို ဖက်တီးလေးနှင့် အခြားသူများသည် ငေးကြည့်နေကြ၏။

နတ်ဆိုးမကျိ၏ လေသံက သူ့ကို အပြစ်နေသည်နှင့် မတူပေ.. ထို့အစား သူမက နားပူနားဆာလုပ် ကပ်ချွဲနှပ်ချွဲလုပ်နေသလို ထင်ရ၏။

နောက်ပြီး သူမပြောပုံအရ သူတို့နှစ်ယောက်အကြား ဆက်ဆံရေးက ရိုးရှင်းပုံ မရပေ။

လမ့်ရိုက ဘာမှမပြောသော်လည်း မျက်မှောင်နည်းနည်းကုတ်ထား၏။

“ကျေးဇူးတင်ပါတယ် နတ်ဆ.. အစ်မကျိ” ဆူဇီမိုက စကားမှားတော့မလို့ ဖြစ်သွားပြီး ကပျာကယာ ပြန်ထိန်းလိုက်ရ၏။

သူမက တခစ်ခစ်ရယ်ပြီး ခဏကြာ ချင့်ချိန်စဉ်းစားလိုက်၏။

“ကျမ ရှင့်ကို ပြောစရာ ရှိသေးတယ်.. အဲ့ဒီသွေးကျီးကန်းနန်းတော်က လူက ရှင်တို့ဆန်းကြယ်တောင်ထွတ်က အာခံဖို့ မတတ်နို်ငတဲ့ ပုဂ္ဂိုလ်မျိုးပဲ.. ရှင် ရှေးဟောင်းတိုက်ပွဲမြေကို ရောက်ပြီးရင် မဟာကျိုးကို ပြန်မလာတော့တာ ပိုကောင်းလိမ့်မယ်.. ထျန်ဟွမ်မြောက်ပိုင်းဒေသကို လုံးလုံးပြန်မလာတော့ရင် အကောင်းဆုံးပဲ”

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

နတ်ဆိုးမကျိက သတိပေးလိုက်၏။

“ဒီကနေ့ ဧကရာဇ်၏ အနေအထားကိုပဲ ရှင်စဉ်းစားကြည့်လိုက်.. အတန်အသင့်တော့ ရှင်သဘောပေါက်နားလည်လိမ့်မယ် ထင်ပါတယ်”

မဟာကျိုးဧကရာဇ်တောင်မှ သွေးကျီးကန်းနန်းတော်ကို မဆန့်ကျင်လိုရဲဟု သူမက သွယ်ဝိုက်ပြီး ပြောနေခြင်း ဖြစ်လေသည်။ ထို့ကြောင့် ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ရမည့် အခွင့်အရေးကို အသုံးချပြီး ဆူဇီမိုက ထျန်ဟွမ်မြောက်ပိုင်ဒေသကနေ ထွက်ခွာသွားသင့်လေသည်။

“သွေးကျီးကန်းနန်းတော်ရဲ့ နောက်ခံက ဘာလဲ” ဆူဇီမိုက မနေနိုင်ဘဲ မေးလိုက်၏။

နတ်ဆိုးမကျိက ပြန်ဖြေလိုက်၏။

“ထျန်ဟွမ်ကမ္ဘာမှာ စုစုပေါင်းတားမြစ်နယ်မြေကိုးခုရှိတယ်.. လူသားပဲဖြစ်ဖြစ်၊ သားရဲပဲဖြစ်ဖြစ်.. အဲ့ဒီတားမြစ်နယ်မြေတွေထဲကို ရောက်သွားရင် သေချာပေါက် သေမှာပဲ.. အဲ့ထဲက နယ်မြေနှစ်ခုက ထျန်ဟွမ်မြောက်ပိုင်းဒေသမှာ ရှိတယ်.. သွေးကျီးကန်းနန်းတော်ကို တည်ထောင်သူက အဲ့နယ်မြေနှစ်ခုရဲ့ တစ်ခုခုက လာတာ ဖြစ်လိမ့်မယ်”

တားမြစ်နယ်မြေကိုးခု..

ဆူဇီမိုနှင့် အခြားသူများ တုန်လှုပ်သွားကြ၏။ ထိုဝေါဟာရကို သူတို့ ပထမဆုံး စကြားဖူးခြင်း ဖြစ်သော်လည်း သူတို့အားလုံး ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားကြ၏။

တားမြစ်နယ်မြေကိုးခုမှလာသော သူတစ်ယောက်ကိုတောင် မဟာကျိုးအင်ပါယာတစ်ခုလုံးက ကြောက်ရွံ့နေရသည်ဆိုတော့.. ထိုတားမြစ်နယ်မြေများဆိုလျှင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ။

“ပြောစရာတော့ကုန်ပြီ”

နတ်ဆိုးမကျိက ဆူဇီမိုဘေးကနေ ပွတ်တိုက်ဖြတ်လျှောက်လိုက်ရာကနေ ခဏရပ်ကာ မနောဆက်သွယ်ချက်တစ်ခု ပို့လွှတ်လိုက်၏။

“ရှင် အဲ့အခွင့်အရေး အသုံးချပြီး မိစ္ဆာဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းကို ဝင်ရောက်မယ်ဆိုရင်.. အဲ့ကပ်ဘေးကို ရှောင်ရှားနိုင်လိမ့်မယ်”

ထိုသို့ပြောပြီးသည်နှင့် နတ်ဆိုးမကျိက ထွက်ခွာသွားလေသည်။

ကျိချန်းရှန်နှင့် အခြားသူများသည် မျက်နှာပျက်နေကြပြီး အတွေးနက်ကာ မျက်မှောင်ကြုတ်လိုက်ကြ၏။

သူတို့သည် အရူးမဟုတ်ကြပေ။ နတ်ဆိုးမကျိက ဘာမှပြောမပြဘူးဆိုလျှင်တောင် သွေးကျီးကန်းနန်းတော်၏ နောက်ခံက မရိုးရှင်းကြောင်း သူတို့ပြောနိုင်လေသည်။

ဂိုဏ်းသို့ ဝင်ရောက်သည်မှာ မကြာလှသေးသော ဆူဇီမို၊ ဖက်တီးလေးနှင့် အခြားသူများသည် ဆန်းကြယ်တောင်ထွတ်အပေါ် ခံစားချက် အရမ်းအလေးအနက် မရှိကြသေးပေ။ ဆန်းကြယ်တောင်ထွတ်က ချေမှုန်းခံရတော့မည်ဆိုတာသိနေလျက်နှင့် သူတို့က ဆက်လက်နေစရာလိုမည် မဟုတ်ပေ။

“နောင်ကြီး ခင်ဗျား ဘယ်လိုစဉ်းစားထားလဲ”

အပြန်လမ်းတွင် ဖက်တီးလေးက မနေနိုင်စွာ မေးလိုက်၏။

ဆူဇီမိုက ဘာမှ ပြန်မပြောပေ။

တစ်ယောက်ယောက်အနေနှင့် ထျန်ဟွမ်မြောက်ပိုင်းဒေသ သို့မဟုတ် မဟာကျိုးအင်ပါယာကနေ ထွက်ခွာသွားချင်သည်ဆိုလျှင် ရှေးဟောင်းတိုက်ပွဲမြေက အကောင်းဆုံး အခွင့်အရေးပင် ဖြစ်လေသည်။

အချိန်ကျလျှင်.. ထျန်ဟွမ်ကမ္ဘာရှိ အမျိုးမျိုးသော အဖွဲ့အစည်းများနှင့် ဂိုဏ်းများမှ ပညာရှင်များက သူတို့၏ အန္တိမဓမ္မစွမ်းအားများကို အသုံးချကာ ရှေးဟောင်းတိုက်ပွဲမြေသို့ သွားရောက်ရာလမ်းကြောင်းများကို ဖွင့်လှစ်မည် ဖြစ်လေသည်။

ရှေးဟောင်းတိုက်ပွဲမြေတွင် နေရမည့် တစ်နှစ်အတွင်း ဆူဇီမိုနှင့် အခြားသူများသည် အခြားဒေသများမှ လမ်းကြောင်းများကို ရှာတွေ့၍ ထွက်ခွာမည်ဆိုလျှင် သူတို့သည် မဟာကျိုးအင်ပါယာမဟုတ်သည့် အခြားဒေသများသို့ ရောက်ရှိသွားပေလိမ့်မည်။ ပြောရလျှင် သူတို့သည် တောင်ပိုင်းဒေသ၊ အနောက်ပိုင်းဒေသ သို့မဟုတ် အလယ်ပိုင်းတိုက်ကြီး၏ တစ်နေရာရာသို့ပင် ရောက်ရှိသွားနိုင်လေသည်။

သို့သော်လည်း ဆူဇီမိုသည် ဝေခွဲမရ ဖြစ်နေ၏။

သူက အခြားသူများနှင့် မတူပေ။

အဲ့ဒါက သူသည် ဆန်းကြယ်တောင်ထွတ်ကို သံယောဇဉ်အရမ်းတွယ်နေသောကြောင့် မဟုတ်ပေ။ သူသည် ယန်တိုင်းပြည်ရှိ သူ့အစ်ကိုကြီး ဆူဟုန်ကို စိုးရိမ်နေသောကြောင့် ဖြစ်လေသည်။

မဟာကျိုးအင်ပါယာကတောင် သွေးကျီးကန်းနန်းတော်ကို မဆန့်ကျင်ရဲမှတော့ ဧကရာဇ်အမိန့်ပြန်တမ်းက ဆူဟုန်ကို ကာကွယ်ပေးနိုင်တော့မည် မဟုတ်ပေ။

သွေးကျီးကန်းနန်းတော်က သတ်ဖြတ်ပစ်ချင်နေသောသူမှာ သူဖြစ်လေသည်။

သွေးကျီးနန်းတော်မှသူများသည် ဆိုးယုတ်ကြပြီး သူတို့က မြို့ထဲရှိ သက်ရှိများအားလုံးကိုပင် သတ်ဖြတ်ခဲ့ဖူးကြ၏။

သူတို့သည် သူ့ကိုရှာမတွေ့လျှင် သွေးကျီးကန်းနန်းတော်သည် ရရာသဲလွန်စကိုလိုက်၍ ဆူဟုန်ထံသို့ ရောက်သွားပြီး ဆူဇီမိုသည် မလိုလားသည်များ ဖြစ်ပျက်သွားနိုင်၏။

သိပ်မကြာမီ ဆူဇီမိုနှင့် အခြားသူများသည် မိုစိတ်ဝိညာဉ်ပန်းပဲရုံသို့ ပြန်လည်ရောက်ရှိလာကြ၏။

ခြံဝင်းတံခါးနားသို့ သူတို့ရောက်သောအခါ.. အံ့အားသင့်ဖွယ်ရာ တစ်စုံတစ်ယောက်ကို သူတို့ တွေ့လိုက်ရ၏။

ထိုသူက ရှန်မန်းကီပင် ဖြစ်လေသည်။

သူမက ဘာကြောင့်ရောက်လာသလဲ မသိရဘဲ ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။

“ကိုလေး.. သူ့ကို အရေးလုပ်မနေနဲ့”

ဆူရှောင်းနင်သည် ပင်ယန်မြို့တွင် ဖြစ်ပျက်ခဲ့သည်များကို သိထားသောကြောင့် သူမသည် ရှန်မန်းကီအပေါ် သိပ်မကြည်ပေ။

“ဇီမို”

ဆူဇီမိုနှင့် အခြားသူများက သူမကို ကျော်လျှောက်သွားတော့မည်ကို မြင်သောအခါ.. ရှန်မန်းကီက စခေါ်ပြော၍ ရှေ့ကို ထွက်ရပ်လိုက်၏။ သူမက မသက်မသာပုံစံနှင့် အပြုံးတစ်ခုကို ထုတ်ပြကာ ခေါ်လိုက်၏။

“အင်း ဘာလဲ”

ဆူဇီမိုက တည်ငြိမ်စွာ မေးလိုက်၏။

“ဇီမို.. အဲ့ဒါက.. ဟိုဟာလေ...”

သူမသည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ ဆက်ပြောလိုက်၏။

“နင်က နတ်ပန်းပဲမှာရော၊ စိတ်ဝိညာဉ်မှာရော နှစ်နေရာရခဲ့တယ်မလား.. အဲ့တော့လေ နင့်မှာ တစ်နေရာစာ ပိုနေမှာပေါ့...”

ရှန်မန်းကီက ဆက်မပြောတော့ဘဲ.. ဆူဇီမိုကို မျှော်လင့်တောင့်တသောပုံစံနှင့် ကြည့်လိုက်၏။

သူက သာမန်ကာလျှံကာပင် ပြန်ဖြေလိုက်၏။

“အဲ့နေရာအတွက် ငါတစ်ယောက်ကို ရွေးပြီးသွားပြီ”

“အာ”

သူမ၏ မျက်လုံးများက စိတ်ပျက်လက်ပျက်မှုဖြင့် အရောင်မှိန်သွား၏။ သူမက ကြိုးစားပြုံးပြီး မေးလိုက်၏။

“အဲ့တစ်ယောက်က ဘယ်သူလဲ ငါသိလို့ရမလား”

“ငါ့ရဲ့ စိတ်ဝိညာဉ်တောကောင်”

ဆူဇီမိုက ဘာမှဖုံးကွယ်မနေဘဲ ပြောပြလိုက်၏။

သူသည် ညဝိညာဉ်ကို ခေါ်ဆောင်သွားဖို့ ဆုံးဖြတ်ထားလေသည်။

သူသည် နန်းကြည်ကို မရွေးချယ်ခဲ့ပေ။

နန်းကြည်သည် ဆူဇီမိုဘေးတွင် နေလာခဲ့သည်မှာ သုံးနှစ်ကြာခဲ့ပြီဖြစ်သော်လည်း နှိုင်းယှဉ်ရမည်ဆိုလျှင် ညဝိညာဉ်နှင့်သူက ပိုမိုလေးနက်သော ဆက်ဆံရေးရှိလေသည်။ သူက စိတ်ဝိညာဉ်တောကောင်တစ်ကောင်ဖြစ်သည် ဆိုလျှင်တောင်မှပေါ့။

နောက်ပြီး နန်းကြည်၏ လက်ရှိကျင့်ကြံမှုအဆင့်က သိပ်ပြီးမမြင့်မားသေးပေ။ သူမသည် နောက်ပိုင်း-အခြေတည်အဆင့်မှာသာ ရှိနေသေး၏။ ထိုအခြေအနေနှင့် သူမကို ရှေးဟောင်းတိုက်ပွဲမြေသို့ ခေါ်ဆောင်သွားဖို့က မသင့်လျော်ပေ။

ထိုစကားကိုကြားသောအခါ ရှန်မန်းကီသည် မချင့်မရဲ ဒေါသထွက်ကာ ပြောလိုက်၏။

“ဆူဇီမို.. နင်ငါ့ကို အဲ့နေရာ မပေးချင်ရင်တောင် အခုလို အရှက်ခွဲစရာ မလိုပါဘူး”

“ငါက နင့်ကို အရှက်ခွဲတယ် ဟုတ်လား” ရှန်မန်းကီ ရုတ်တရတ် ဒေါသထွက်ပေါက်ကွဲလာသည်ကို ဆူဇီမိုသည် နားမလည်နိုင်ပေ။

သူမက မေးခွန်းထုတ်လိုက်၏။

“ငါ့ထက် စိတ်ဝိညာဉ်တောကောင်တစ်ကောင်ကို ရွေးလိုက်တယ်ဆိုတာ အဲ့ဒါ ငါ့ကို အရှက်ခွဲတာ မဟုတ်လို့ဘာလဲ”

“ဟဟ..”

သူက ခေါင်းခါပြီး အေးစက်စက် သရော်လိုက်၏။

“ညဝိညာဉ်က ငါ့အသက်ကို ကယ်ဖူးတယ်.. ငါသူ့ကို ရွေးတာ ဘာဖြစ်လဲ.. နောက်ပြီး ငါက ဘာအတွက်နဲ့ နင့်ကို ရွေးရမှာလဲ”

ရှန်မန်းကီသည် သူမ၏ ပါးစပ်ကိုဟ၍ တစ်ခုခုပြောဖို့ ဟန်ပြင်လိုက်၏။ သို့သော်လည်း သူမ၏ ပါးစပ်မှ ဘာစကားမှ ထွက်မလာဘဲ နေရာမှာပင် ကြောင်အမ်းအမ်းနှင့် ငူငူကြီး ရပ်နေမိ၏။

ဆူဇီမိုက သူ့ဝတ်ရုံစကို လှုပ်ခါ၍ ထွက်ခွာသွားလေပြီ။

All Chapters