← Chapters

လျှို့ဝှက်ပညာရပ်များကို အမွေခံယူခြင်း

Vol. 23 Ch. 336

လျှို့ဝှက်ပညာရပ်များကို အမွေခံယူခြင်း

Vol. 23 Ch. 336

မိုစိတ်ဝိညာဉ်ပန်းပဲရုံ..

ဂိုဏ်းပေါင်းစုံပြိုင်ပွဲတွင် အုတ်အော်သောင်းနင်းများစွာ ဖြစ်ပျက်ခဲ့သော်လည်း.. ဆန်းကြယ်တောင်ထွတ်က အကြီးမားဆုံး အနိုင်ရရှိသူများ ဖြစ်ခဲ့လေသည်။

ကျိရွှေမြစ်ဘေး ခြံဝင်းငယ်လေးထဲတွင် ဆန်းကြယ်တောင်ထွတ်မှလူများ၊ နန်းကြည်နှင့် ရှောင်းနင်တို့သည် စိတ်ပါလက်ပါ အောင်ပွဲခံနေကြ၏။

သို့သော်လည်း လူတိုင်း၏ သူတို့ကိုယ်ပိုင်ပြဿနာများတော့ အသီးသီးရှိနေကြ၏။

ညနက်ပိုင်းတွင်..

လူစုခွဲ၍ အိပ်ယာဝင်ကုန်ကြ၏။ မှုန်ရီမှုန်ဝါးနှင့် အေးစက်သည့်လရောင်အောက်၌ အစိမ်းရောင်ကျင့်ကြံသူတစ်ယောက်က ကျိရွှေမြစ်ဘေးတွင် တစ်ဦးတည်ထိုင်ကာ တဖျတ်ဖျတ်လက်စီးဆင်းနေသော မြစ်ရေပြင်ကို ငေးမောကြည့်နေ၏။

သူ့ဘေးတွင် နက်မှောင်ပြီး ကြော့ရှင်းသည့် တောကောင်တစ်ကောင်က ဝပ်တွားနေ၏။

ညဝိညာဉ်သည် ကြီးပြင်းလာပြီးနောက် အတော်လေးအဟန့်ကောင်းလာကာ ခြေလက်များကလည်း အတော်လေးရှည်လျားလာ၏။ သူ၏ ကြွက်သားတစ်ခုချင်းက ရုန်းကန်ပေါက်ကွဲခွန်အားများကို ပိုင်ဆိုင်ထားကာ လက်ချောင်းများကြား ဝှက်ထားသော လက်သည်းများက ထူးထူးခြားခြား ထက်ရှနေ၏။ သူ၏ ဦးခေါင်းက ဝံပုလွေနှင့်တူပြီး ကိုက်ဖြတ်အားသည် တုန်လှုပ်ဖွယ်ကောင်းလောက်အောင် သန်မာ၏။

သူ့ခန္ဓာကိုယ်က ပကတိသတ်ဖြတ်ဖို့အတွက် မွေးဖွားလာသလိုပင်။

ဆူဇီမို၏ အနောက်ဘက်မှ လျှောက်လှမ်းလာသာခြေသံ ထွက်ပေါ်လာ၏။

“ဇီမို”

ရွှမ်ယီ၏ အသံက ထွက်ပေါ်လာ၏။

ဆူဇီမိုက ထတော့မည်ပြုစဉ်မှာပင် ရွှမ်ယီက သူ့ပုခုံးကို ဖိကိုင်ပြီး ထိုင်ချလိုက်၏။

“ငါမင်းကို မနက်ဖြန်ကျရင် ဆန်းကြယ်တောင်ထွတ်ရဲ့ နောက်ထပ်လျှို့ဝှက်ပညာရပ်နှစ်ခု သင်ပေးမလို့.. ရှေးဟောင်းတိုက်ပွဲမြေကို မဝင်ရောက်ခင် မင်းကို အဲ့ဒါကို ကျွမ်းကျင်တတ်မြောက်စေချင်တယ်”

“အဲ့ဒါက မသင့်လျော်ဘူးလို့ ကျတော်ထင်တယ်” ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

ဆန်းကြယ်တောင်ထွတ်၏ လျှို့ဝှက်ပညာရပ်သုံးမျိုးက ပေါ့ပေါ့တန်တန် ဆုံးဖြတ်လို့ရသောကိစ္စမျိုး မဟုတ်ပေ။ ဂိုဏ်းချုပ်၏ ခွင့်ပြုချက်မရဘဲနှင့် တစ်ယောက်ယောက်က အဲ့ဒါကို နှစ်ကိုယ်ကြား သင်ကြားပေးမည်ဆိုလျှင် ဂိုဏ်းစည်းကမ်းကို ဖောက်ဖျက်ရာ ကျလေသည်။

“အဲ့ဒါက အဆင်ပြေပါတယ်”

ရွှမ်ယီက ပြန်ဖြေလိုက်၏။

“ဂိုဏ်းပေါင်းစုံပြိုင်ပွဲနဲ့ ပတ်သတ်ပြီး ငါဂိုဏ်းကို သတင်းစကားပါးလိုက်ပြီးပြီ.. ဂိုဏ်းက အဲ့သတင်းကို ကြားပြီးရင် ငါဆုံးဖြတ်ခဲ့တာကို သဘောတူလိမ့်မယ်ဆိုတာ ငါသေချာပြောရဲတယ်”

ခဏမျှ ရပ်နားပြီးနောက် ရွှမ်ယီက ဆက်ပြောလိုက်၏။

“နောက်ပြီး အဲ့ဒါက ဝမ်ရွှမ်းရဲ့ မပြည့်ဝသေးတဲ့ဆန္ဒတစ်ခုပဲ.. သူ့ကိုယ်စား ငါဖြည့်ဆည်းပေးရလိမ့်မယ်”

ဆူဇီမိုက ဆက်လက်မငြင်းဆိုတော့ဘဲ ခေါင်းညိတ်လိုက်၏။

နောက်ထပ်လျှို့ဝှက်ပညာရပ်နှစ်မျိုးဖြစ်သော ဆန်းကြယ်တောင်ပံနှင့် ဆန်းကြယ်ဓါးသိုင်းက သူ၏ တိုက်ခိုက်ရည်စွမ်းအားကို သိသိသာသာ မြင့်တက်စေမည်မှာ သိသာထင်ရှားလေသည်။

. . .

နောက်ဆယ်ရက်အတွင်း.. ဆူဇီမိုသည် သူ၏ အချိန်အများစုကို လျှို့ဝှက်ပညာရပ်နှစ်မျိုးကို လေ့ကျင့်ခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့၏။

မလောက်ငှသောအချိန်ကြောင့် သူသည် ဆန်းကြယ်ဓါးသိုင်း၏ အဆင့်၁ဖြစ်သော အရိပ်အဆင့်ကိုပင် အခုထိ မတတ်မြောက်သေးပေ။

သို့သော်လည်း ဆူဇီမိုသည် ဆန်းကြယ်တောင်ပံကိုတော့ လျှင်မြန်စွာ နားလည်သဘောပေါက်သွားပြီး အလွယ်တကူ အသုံးပြုနိုင်နေပြီဖြစ်၏။

ဆန်းကြယ်တောင်ပံများနှင့်ဆိုပါက.. ဆူဇီမိုသည် ရွှေအမြုတေများကဲ့သို့ မည်သည့်အထောက်အပံ့ပစ္စည်းမှ မပါဘဲ လေထဲတွင် ပျံသန်းနိုင်မည် ဖြစ်လေသည်။ ဒါ့အပြင် အဲ့ဒါက သူ၏ ပေါ့ပါးဖျတ်လတ်မှုနှင့် လေထဲမှာ လှုပ်ရှားနိုင်စွမ်းတို့ကိုလည်း များစွာအဆင့်မြှင့်တင်နိုင်မည် ဖြစ်လေသည်။

လျှို့ဝှက်ပညာရပ်တစ်ခု၏ ရှုထောင့်ကနေ ကြည့်မည်ဆိုလျှင်.. ဆန်းကြယ်တောင်ပံသည် အခြားပညာရပ်နှစ်ခုထက် များစွာပို၍ အသုံးတည့်လေသည်။

အဲ့ဒါကို အရေးပေါ် အသက်ကယ်ရာမှာ သုံးနိုင်ရုံသာမက.. ၎င်း၏ ပေါ့ပါးဖျတ်လတ်မှုနှင့် အတုံ့အလှည့်များစွာ ပြုလုပ်နိုင်မှုကြောင့် တိုက်ခိုက်ရာမှာလည်း အသုံးချနိုင်လေသည်။ ရွှေအမြုတေများအတွက်တောင်မှ.. ဆန်းကြယ်တောင်ပံများက အလွန်တရာ အသုံးတည့်လေသည်။

ရှေးဟောင်းတိုက်ပွဲမြေတွင် ဆေးလုံးများနှင့် စိတ်ဝိညာဉ်လက်နက်များ ရှိရုံသာမဟုတ်.. အဲ့ဒီမှာ လျှို့ဝှက်ပညာရပ်များနှင့် စွမ်းအားကြီးသောဂိုဏ်းများ၏ အမွေအနှစ်များလည်း ရှိလေသည်။

ပြောကြသည်မှာ ဆန်းကြယ်တောင်ပံသည် အတိတ်ကာလတုန်းက ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ခဲ့သော ဆန်းကြယ်တောင်ထွတ်၏ တပည့်တစ်ယောက်က ရရှိလာခဲ့ခြင်းဖြစ်သည်ဟုပင်။

ဤနေ့တွင် နန်းတော်မှ လူများစေလွှတ်၍ အဆင့်သတ်မှတ်စာရင်းလေးခုတွင် ဝင်ရောက်ခဲ့သော ကျင့်ကြံသူများကို ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ရန် ကြိုတင်ပြင်ဆင်ဖို့ အခေါ်ပါးလိုက်ကြ၏။

သူတို့မထွက်ခွာခင် ရွှမ်ယီက မှာကြားစရာရှိသည်များကို မှာကြားခဲ့၏။

“ရှေးဟောင်းတိုက်ပွဲမြေကိုရောက်ရင် မင်းတို့ရဲ့ ဂိုဏ်းတံဆိပ်ပြားတွေကို ဖြုတ်ထားပြီး နှိမ့်နှိမ့်ချချနဲ့ နိုးနိုးကြားကြားနေကြ.. နမော်နမဲ့ မနေကြနဲ့.. မင်းတို့အားလုံးမှာ ထိပ်တန်းအဆင့် လက်နက်တွေရှိကြတယ်.. သေရေးရှင်ရေး တိုက်ပွဲမှ မဟုတ်ရင် အဲ့ဒါတွေကို ထုတ်မသုံးကြနဲ့”

“ထျန်ဟွမ်ပြည်မကြီးမှာ မဟာကျိုးအင်ပါယာထက် ပိုပြီးအင်အားတောင့်တင်းတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိတယ်.. ထျန်ဟွမ်မြောက်ပိုင်းဒေသမှာတောင် မဟာကျိုးအင်ပါယာရဲ့ အင်အားက နိမ့်ကျသေးတယ်လို့ ပြောလို့ရတယ်.. ငါတို့ဆီက ဂိုဏ်းတွေရဲ့အထက်မှာ ထိပ်တန်းအဆင့်ဂိုဏ်းတွေရှိပြီးတော့ အဲ့အထက်မှာ ဒဏ္ဍာရီလာအင်မော်တယ်ဂိုဏ်းတွေရှိတယ်...”

ထိုစကားကိုကြားရချိန်တွင် ဆူဇီမိုသည် ရင်ထိတ်သွား၏။

ထျန်ဟွမ်ပြည်မကြီးတွင် မတူညီသော အဖွဲ့အစည်းကိုးခုရှိကြောင်း သည့်အရင်က နတ်ဆိုးမကျိပြောတာကို သူကြားဖူးလေသည်။

ထိုအဖွဲ့အစည်းကိုးခုက မတူညီသောဂိုဏ်းကိုးဂိုဏ်းကို ရည်ညွှန်းခြင်းမဟုတ်ပေ။ ဆယ်ခုဝန်းကျင်ရှိသော ဂိုဏ်းများနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုချင်းကို ဆိုလိုလေသည်။

ဥပမာပြောရလျှင် အင်မော်တယ်ဂိုဏ်းများဟူသော အဖွဲ့အစည်းတွင် အဓိကအင်မော်တယ်ဂိုဏ်းကိုးဂိုဏ်း ပါဝင်လေသည်။

မိစ္ဆာဂိုဏ်းများဟူသော အဖွဲ့အစည်းတွင် မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းပါဝင်ပြီး နတ်ဆိုးမကျိ၏ စင်ကြယ်အပျိုစင်ဂိုဏ်းက ထိုအထဲမှ တစ်ခု ဖြစ်လေသည်။

ပြောရမည်ဆိုလျှင် ဆန်းကြယ်တောင်ထွတ်ကို အသာထား.. ထိုအဖွဲ့အစည်းများ၊ ဂိုဏ်းများနှင့် နှိုင်းယှဉ်လျှင် မဟာကျိုးအင်ပါယာတောင်မှ ဘာဆိုဘာမှကို မဟုတ်ပေ။

“ဇီမို.. အထူးသဖြင့် မင်း”

ရွှမ်ယီက သတိပေးလိုက်၏။

“မင်းဆီမှာ ထိပ်တန်းအဆင့် လက်နက်တွေအများကြီးရှိတယ်.. ပကတိအဆင့်လက်နက်တစ်ခုတောင် ပါသေး.. မြို့တော်ထဲမှာသာ မင်းကို ဘယ်သူမှ မကောင်းမကြံရဲရှိမယ်.. ရှေးဟောင်းတိုက်ပွဲမြေကို ရောက်တာနဲ့ မင်းသတိကြီးကြီးထားဖို့ လိုပြီ”

“ရှေးဟောင်းတိုက်ပွဲမြေကို မင်းနဲ့အတူ ဝင်ရောက်ကြမယ့် ရောင်းရင်းတွေကိုတောင် ယုံစားလို့ မရဘူး” လျှိုဟွေ့က ထပ်ပြောလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ပကတိစိတ်ဝိညာဉ်လက်နက်တစ်ခုက ရွှေအမြုတေများအကြားမှာပင် သွေးလွှမ်းတိုက်ပွဲတစ်ခုဖြစ်လာစေဖို့ လုံလောက်လေသည်။

သူက ပကတိစိတ်ဝိညာဉ်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားသည်ဆိုသော သတင်းသာ ရှေးဟောင်းတိုက်ပွဲမြေတွင် ပေါက်ကြားသွားလျှင် ဘာတွေဖြစ်လာမလဲ ခန့်မှန်းကြည့်နိုင်လေသည်။

“သွားကြတော့”

ရွှမ်ယီက လက်ဝေ့ရမ်းပြလိုက်၏။

“အဲ့တစ်နှစ်အတွင်းမှာ.. မဟာကျိုးအင်ပါယာနဲ့ ထျန်ဟွမ်မြောက်ပိုင်းဒေသကနေ ထွက်ခွာနို်ငမယ့် လမ်းကြောင်းတစ်ခုကို မင်းတို့ရှာတွေ့နိုင်ရင် အကောင်းဆုံးပေါ့...”

ထိုစကားကိုကြားသောအခါ ဆူဇီမိုနှင့် အခြားသူများသည် တုန်လှုပ်သွားကြ၏။

ရွှမ်ယီက သေသေချာချာ အသေးစိတ် မပြောသော်လည်း သူ၏ ဆိုလိုရင်းက ရှင်းလေသည်။

ဆူဇီမိုနှင့်အခြားသူများသည် မိုစိတ်ဝိညာဉ်ပန်းပဲရုံကနေ ထွက်ခွာလိုက်ကြပြီး သိပ်မကြာမီ နန်းတော်ထဲသို့ ရောက်ရှိသွားကြကာ မြို့တော်အစောင့်တစ်ယောက်က သူတို့ကို ဦးဆောင်ခေါ်သွား၏။

အထဲတွင် အလွန်ကြီးမားပြီး ခမ်းနားထည်ဝါသည့် နန်းတော်ကြီးက ငွားငွားစွင့်စွင့် ရပ်တည်နေ၏။ သူတို့အထဲသို့ ဝင်လိုက်ကြသောအခါ အဆင့်သတ်မှတ်စာရင်းရှိ အခြားသော ကျင့်ကြံသူများ ရောက်ရှိနေကြပြီကို သူတို့ တွေ့လိုက်ကြရ၏။

သူတို့အယောက်လေးဆယ်အပြင်.. အဲ့ဒီမှာ နောက်ထပ်ဆယ်ဦးရှိနေကြပြီး ထိုအထဲတွင် ကျိယောင်ရွှယ်လည်း ပါဝင်လေသည်။

ဆူဇီမိုနှင့် အခြားသူများ ဝင်ရောက်လာသည်ကို မြင်သောအခါ ကျိယောင်ရွှယ်က ပြုံးပြီး ခေါင်းညိတ်ပြ နှုတ်ဆက်လိုက်၏။

မဟာကျိုးအင်ပါယာ၏ ခွန်အားအရ.. သူတို့သည် ရှေးဟောင်းတိုက်ပွဲမြေသို့ ဟင်းလင်းပြင်ကူးပြောင်းခြင်းနှင့် လူငါးဆယ်ပို့နိုင်စွမ်းလေသည်။

အဆင့်သတ်မှတ်စာရင်းမှ လူလေးဆယ်အပြင် မဟာကျိုးအင်ပါယာက နောက်ထပ်ကျင့်ကြံသူဆယ်ဦးကို ရွေးချယ်၍ ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်စေမည် ဖြစ်လေသည်။

ကျိယောင်ရွှယ်အပြင် နောက်ထပ်ကိုးဦးကို သေချာဂရုတစိုက် ရွေးချယ်ထားပြီး သူတို့က အလွန်တရာ သန်မာကြလေသည်။ သူတို့၏ တာဝန်က တတိယမင်းသမီးကို ကာကွယ်စောင့်ရှောက်ဖို့ပင် ဖြစ်လေသည်။

ခန်းမ၏ အလယ်တွင် ရှေးကျသော ကျောက်တုံးအစီအရင်ဝင်္ကပါတစ်ခု ရှိနေ၏။

အစီအရင်အတွက် ရွေးချယ်ထားသော ရှည်လျားကြီးမားသည့် ကျောက်တုံးများက လူ့ခါးလောက်မြင့်ပြီး သူတို့အပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သည့် အစီအရင်အင်းကွက်များကို ခပ်နှိပ်ပုံဖော်ထားလေသည်။

ကျောက်တုံးအစီအရင်၏ ပတ်ပတ်လည်တွင် ကျောက်တိုင်ငါးတိုင်ကို စိုက်ထူထား၏။

ကျောက်တိုင်တစ်တိုင်စီ၏ ထိပ်ဖျားတွင် ကျင့်ကြံသူတစ်ယောက်စီ ရှိနေကြ၏။ သူတို့က ချုပ်ထိန်းထားသောကြောင့် သူတို့၏ အော်ရာများက တည်ငြိမ်နေ၏။ သူတို့၏ ကျင့်ကြံမှုအဆင့်များကို မဖတ်နို်ငသော်လည်း သူတို့က အနည်းဆုံး နိုးထဝိညာဉ်အဆင့်.. ဒါမှမဟုတ် မူလနတ္ထိအဆင့်များတောင် ဖြစ်နိုင်လေသည်။

“အားလုံးပဲ”

ထိုအချိန်မှာပင် ဧကရာဇ်က လူတိုင်းကို အကဲခတ်ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ရှေးဟောင်းတိုက်ပွဲမြေက သိပ်ပြီး ဖော်ရွေတဲ့နေရာတစ်ခုတော့ မဟုတ်ဘူး.. အဲ့ဒီမှာ ရှေးဟောင်းခေတ်က သက်ရှိအချို့တောင်ရှိတယ်.. သူတို့က ရှေးဦးအဆက်နွယ်သားရဲတွေနဲ့ မူလသွေးမျိုးဆက်သားရဲတွေထက်တောင် ပိုပြီးကြမ်းကြုတ်ရက်စက်သေးတယ်.. ရှေးဟောင်းတိုက်ပွဲမြေမှာ ခြေလှမ်းတိုင်းက သတ်ဖြတ်လိုစိတ်တွေ၊ အန္တရာယ်တွေ အပြည့်နဲ့ပဲ.. ဒါပေမယ့်လို့ အဲ့ဒီအန္တရာယ်တွေ ကြားထဲမှာပဲ မဟာအခွင့်အလမ်းတွေက စောင့်ကြိုနေတတ်တယ်”

“တချို့ဆို ရှေးဟောင်းတိုက်ပွဲမြေကနေ ပြန်လာပြီးတာနဲ့ ကမ္ဘာတစ်ဝှမ်း နာမည်ကြီးကျော်ကြားခဲ့ကြတယ်.. တချို့ကတော့ သူတို့ဂိုဏ်းတွေနဲ့ မိသားစုကလန်တွေကို အဆင့်မြှင့်တင်ပြီး လွှမ်းမိုးနိုင်စွမ်း မြင့်မားစေခဲ့ကြတယ်.. ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့လိုမျိုးပြန်လာနိုင်ခဲ့တဲ့လူတွေထက် သေသွားခဲ့တဲ့လူတွေကတော့ ပိုများတာပေါ့”

“အဲ့ဒါက စမ်းသပ်ချက်တစ်ခုပဲ.. တစ်နှစ်အတွင်းမှာ မင်းရှင်သန်အောင် နေနိုင်မယ်ဆိုရင် မင်းက အသစ်တစ်ဖန်မွေးဖွားလာပြီး မင်းရဲ့အခြေခံအုတ်မြစ်ကို အခိုင်အမာ တည်ဆောက်နိုင်လိမ့်မယ်.. မင်းသေသွားမယ်ဆိုရင်တော့ မင်းဟာမင်း ပါရမီရှင်ဖြစ်ဖြစ်၊ မွန်းစတားဖြစ်ဖြစ် အချိန်တန်ရင် မင်းကို လူတို်ငးက မေ့သွားကြမှာပဲ”

ထိုစကားကိုကြားသောအခါ ဆူဇီမိုသည် တူညီစွာခံစားခဲ့ဖူးသည်ကို ပြန်လည်အမှတ်ရလာ၏။

တစ်ချိန်က တျဲယွဲ့သည် ထိုကဲ့သို့သောစကားမျိုးကိုပင် ပြောပြီး သူ့ကို ကန်းလန်ရိုးမမှာ တစ်ယောက်တည်း ပစ်ထားခဲ့၏။

အဲ့ဒါက အမှန်ပင်.. ဆူဇီမိုသည် ထိုနှစ်က သွေးလွှမ်းတိုက်ပွဲများဆင်နွဲ၊ သေရေးရှင်ရေး အတွေ့အကြုံများ ခံစားပြီးနောက် သူသည် သူ့ကျင့်ကြံရေးလမ်းကြောင်းတွင် ဖျက်ဆီးလို့မရအောင် ခိုင်မာ‌သော အခြေံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့၏။

All Chapters